Wed, 10 Jul 2024
အကြမ်းဖက်တိုက်ခိုက်ခံရသော စာသင်ကျောင်းများ ၊ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ကြုံတွေ့ရသော ပညာရေးဆိုင်ရာစိန်ခေါ်မှုများ (၂၀၂၃ ခုနှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ)

   

 

(၁) နိဒါန်း

ကရင်ယဉ်ကျေးမှုနှင့်ပညာရေးကို မြန်မာစစ်တပ်နှင့် နိုင်ငံတော်အစိုးရတို့မှ ဖိနှိပ်ချုပ်ချယ်ခဲ့သည့်အတွက် ကြောင့်  မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီ စာပေပညာသင်ကြားခွင့်နှင့် လေ့လာဆည်းပူးခွင့်ရရှိရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဤအခြေအနေသည် ပို၍ဆိုးရွားလာပြီး မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် ပညာရေးဆိုင်ရာအကြပ်အတည်းများနှင့် ကြုံတွေ့နေရသည်။ ကလေးသူငယ်များ၏ အခွင့် အရေးများ ချိုးဖောက်ခံရခြင်း၊ စာသင်ကျောင်းများ လုံခြုံမှုမရှိခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို ကျူးလွန်သည့်လုပ်ရပ်များ ပို၍များပြားလာခြင်းစသည့် အခြေ အနေများသည် ရွာသားများ၏နေ့စဉ်ဘဝကို ထိခိုက်နစ်နာစေပါသည်။ ဒေသတွင်းသတ်မှတ်ထားသည့် ကရင် ပြည်နယ်ရှိ ကလေးများသည် အရည်အသွေးရှိသော ပညာရေးနှင့် လုံခြုံစိတ်ချစွာ ပညာသင်ယူနိုင်ခွင့်ရရှိရန် လိုအပ်ပါသည်။ မိဘပြည်သူများသည်လည်း ၎င်းတို့သားသမီးများ၏ကျောင်းပညာရေးကို ပံ့ပိုးနိုင်ရန်အတွက် ကူညီထောက်ပံ့မှုများလိုအပ်ပါသည်။ ဒေသခံလူမှုအသိုင်းအဝန်းများနှင့် ဒေသခံခေါင်းဆောင်များအနေဖြင့် ကလေးများလုံခြုံစွာပညာသင်ယူနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီများလိုအပ်ပါသည်။

ဤအနှစ်ချုပ်စာတမ်းမှာ ပညာရေးအခြေအနေနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလပညာသင်နှစ်အတွင်း လက်ခံရရှိထားသော သက်သေအချက်အလက်များကို စုစည်းတင်ပြထားပြီး မြန်မာပြည်အရှေ့တောင်ပိုင်း၌ လက်ရှိဖြစ်ပေါ်နေသည့်ပဋိပက္ခများကြားတွင် ရွာသားများကြုံတွေ့နေရသည့်အခက်အခဲစိန်ခေါ်မှုများနှင့် ကလေးများ၏ပညာရေးအပေါ် ထိခိုက်စေသော သက်ရောက်မှုများကို မီးမောင်းထိုးဖော်ပြထားသည်။ ဤအနှစ်ချုပ်စာတမ်း၏ပထမအခန်းတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမဖြစ်ပွားမီ ဒေသအတွင်း ပညာသင်ကြားခွင့် ဆိုင်ရာအခြေအနေနှင့် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပညာသင်ကြားခွင့်ချိုးဖောက်ခံရ မှုများ တိုးမြင့်လာသည့်အခြေအနေကို အကျဉ်းချုပ်ရှင်းပြထားပါသည်။ ဒုတိယအခန်းတွင် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ပိတ်ပင်တားဆီးခံရမှုအပေါ် ရွာသားများမှ တင်ပြထားသော သက်သေအချက်အလက်များ နှင့် ရွာသားများအနေဖြင့် ၎င်းတို့၏ရပ်ရွာဒေသအတွင်း ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးရာတွင် ကြုံတွေ့ရသောအခက်အခဲ စိန်ခေါ်မှုများကို ရေးသားဖော်ပြထားသည်။ တတိယအခန်းတွင် လုံခြုံရေးနှင့် ဥပဒေရေးရာလေ့လာသုံးသပ်ချက်များအပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာသက်ဆိုင်ရာတာဝန်ရှိသူများအတွက် မူဝါဒအကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

( ၂ ) ခြုံငုံသုံးသပ်ချက်
နောက်ခံသမိုင်း - မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေ

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ၁၉၆၀ ခုနှစ်ကျော် အစောပိုင်းကာလအတွင်း မြန်မာစစ်တပ်မှ ပြဌာန်းခဲ့သော မူဝါဒများနှင့်တိုက်ရိုက်ဆက်စပ်မှုများရှိနေပါသည်။ အဆိုပါမူဝါဒများထဲတွင် “ဖြတ်လေးဖြတ်” မဟာဗျူဟာလည်းပါဝင်ပါသည်။ “ဖြတ်လေးဖြတ်” မဟာဗျူဟာ ၏အဓိကရည်ရွယ်ချက်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ၊ ၎င်းတို့မိသားစုဝင်များနှင့် ဒေသခံရွာသား များအကြားတွင်ရှိသော ဆက်သွယ်ချိတ်ဆက်မှုကို ဖျက်ဆီးရန်ဖြစ်သည်။[1] ထိုဆက်သွယ်ချိတ်ဆက်မှုကို ဖျက်ဆီးရာတွင် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များအတွက် စာနပ်ရိက္ခာများ၊ ငွေကြေးထောက်ပံ့မှုများ၊ သတင်းအချက်အလက်များနှင့် တပ်သားစုဆောင်းမှုများ ဖြတ်ထောက်ရန်ဖြစ်သည်။ ဤမဟာဗျူဟာကိုအသုံး ပြု၍ မြန်မာစစ်တပ်သည် ကရင်ပြည်နယ်ရှိ ရွာသားများကိုဆန့်ကျင်၍ ပြင်းထန်သောလူ့အခွင့်အရေးချိုး ဖောက်မှုများကို ဆယ်စုနှစ်များစွာကျူးလွန်ခဲ့ပြီး ယခုအချိန်ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေဆဲဖြစ်ပါသည်။ ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုများမှာ ရွာသားများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များရမ်းသမ်းပစ်ခတ် ခြင်း၊ လူနေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများနှင့် အခြားပိုင်ဆိုင်မှုဥစ္စာများ ဖျက်ဆီးခြင်း၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ပိတ်ပင်ကန့်သတ်ထားခြင်းနှင့် အရပ်သားပြည်သူများအား နေရပ်မှ အဓမ္မရွှေ့ပြောင်းခိုင်းစေခြင်း စသည်တို့ဖြစ်သည်။ ဤကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများသည် စစ်ရာ ဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ပါသည်။

၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တစ်ချို့သောနေရာဒေသများတွင် လူ့အခွင့်အရေးနှင့် စီးပွားရေးအခြေအနေ များ တိုးတက်လာမှုရှိခဲ့ပါသည်။ ထိုအရာများမှာ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာအခွင့်အလမ်းများ၊ ဘေးကင်းလုံခြုံမှုပို၍ခံစားလာရခြင်း၊ ပညာရေးအခွင့်အလမ်းများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စသည့်အခြေအနေများ အတိုင်းအတာတစ်ခုထိ တိုးတက်ကောင်းမွန်လာခဲ့သည်။ သို့သော်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင်နေထိုင်ကြသော ရွာသားအများစုသည် ခရီးသွားလာရေးပိတ်ပင်ကန့်သတ်မှုများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စေမှုများနှင့် မြေမြှုပ်မိုင်းအန္တရာယ်များရှိသည့်အခြေအနေများကို ဆက်လက်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။[2] တစ်ချို့နေရာဒေသတွင် အခြေအနေတိုးတက်မှုများရှိခဲ့သော် လည်း ကရင်ရွာသားအများစုက ဤအခြေအနေသည် ဗမာလူမျိုးကြီးဝါဒ၏ လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။ ဥပမာဆိုရလျှင် ရောနှောအုပ်ချုပ်သည့်နယ်မြေများတွင် စာသင်ကျောင်းများ ပို၍တည်ဆောက်လာခဲ့သော်လည်း ထိုစာသင်ကျောင်းများတွင်သင်ကြားပေးနေသည့် သင်ရိုးညွှန်းတမ်းများတွင် ကရင်စာပေ သို့မ ဟုတ် ကရင်ယဉ်ကျေးမှုပညာရေးအား ထည့်သွင်းသင်ပြထားခြင်းမရှိခဲ့ပေ။ ၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံ တစ်ဝှမ်းရှိစာသင်ကျောင်းများတွင် တိုင်းရင်းသားလူနည်းစုများ၏မိခင်ဘာသာစကားအား သင်ကြားပေးခြင်းကိုတားမြစ်ထားပါသည်။ ဆိုလိုသည်မှာ မြန်မာအစိုးရအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပညာရေးကိုခုတုံးလုပ်၍ အဓိကပစ်မှတ်တစ်ခုအဖြစ် ကျင့်သုံးနေကြောင်း ထင်ရှားနေပါသည်။[3]

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ကျင့်သုံးနေသည့်ပညာရေးစနစ်များ

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီအချိန်ကာလ၌ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အဓိကအားဖြင့် ပညာ ရေးစနစ် (၂) မျိုးရှိခဲ့သည်။ ထိုပညာရေးစနစ် (၂) မျိုးမှာ မြန်မာအစိုးရမှ ချမှတ်ထားသောပညာရေးစနစ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံဖြစ်သော ကရင့်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှဦးစီး၍ချမှတ်ထားသော ပညာရေးစနစ်ဖြစ်သည်။ ယခင်က မြန်မာစစ်တပ်သည် ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးခဲ့သည့်အတွက်ကြောင့် ကရင်လူမျိုးများ၏ဝိသေသလက္ခဏာများနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့် ရှောက်ရန်ရည်ရွယ်ချက်ဖြင့်  KECD ကို ၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။[4] KECD မှချမှတ်ထားသော သင်ရိုးညွှန်းတမ်း၏အဓိကရည်ရွယ်ချက်မှာ ကရင်စာပေ၊ ကရင်ယဉ်ကျေးမှု၊ ကရင့်သမိုင်းနှင့်ကရင်ရိုးရာဓလေ့ ကို မြင့်တင်ပေးရန်ဖြစ်သည်။[5]

၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးသည့်နှစ်နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီး ပထမနှစ်ကြားကာလအတွင်း ဒေသအတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်တွင် စာသင်ကျောင်းအမျိုးအစား (၅) ခုရှိခဲ့သည်။ ၎င်းတို့မှာ (၁) KECD စာသင်ကျောင်း၊ (၂) မြန်မာအစိုးရကျောင်း၊ (၃) ကိုယ်ထူကိုယ်ထဖြင့် ဖွင့်လှစ်ထား သောကျောင်း၊ (၄) ဘာသာရေးကျောင်းနှင့် (၅) မြန်မာအစိုးရနှင့် ဒေသခံ KNU အာဏာပိုင်များတို့မှ ပူးတွဲဖွင့်လှစ်၍ သင်ရိုးညွှန်တမ်းနှစ်ခုဖြင့် သင်ကြားပေးနေသော ကျောင်းများဖြစ်ကြသည်။ နောက်ပိုင်းတွင် စာသင်ကျောင်းများကိုစီမံခန့်ခွဲ၍ တာဝန်ယူရသောအခန်းကဏ္ဍများတွင် မြန်မာအစိုးရကျောင်းဆရာ၊ ဆရာများကို အစားထိုးခန့်အပ်ပြီး ကရင်စာပေနှင့် ကရင်သမိုင်းအား သင်ကြားခွင့်များကို ပိတ်ပင်ကန့်သတ်ခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပညာသင်ကြားခွင့်အခြေအနေ

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အား စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ကရင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးများလာသောကြောင့် အရပ်သား ပြည်သူများ၏လူမှုဘဝအား များစွာထိခိုက်ခဲ့သည်။ ထိုအခြေအနေသည် ရွာသားများအတွက် ပညာသင်ကြား ခွင့်ရရှိရန် အခက်အခဲစိန်ခေါ်မှုများရှိလာခဲ့သည်။ ၂၀၁၉ ကိုဗစ်ရောဂါကူးစက်မှုကြောင့် စာသင်ကျောင်းအများ အပြား ပိတ်ပင်မှုခံခဲ့ရပြီးဖြစ်သည်။[6] ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စာသင်ကျောင်းများစဉ်ဆက် မပြတ်တိုက်ခိုက်ခံခဲ့ရသည်။ ထို့ကြောင့် စာသင်ကျောင်းအများအပြားမှာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ် ပင်ခဲ့ရသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အကျိုးဆက်အနေဖြင့် စာသင်ကျောင်းများသည် တိုက်ခိုက်ခံရခြင်းနှင့် ဖျက်ဆီးခံရမည့်အခြေအနေအောက်တွင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ထို့အပြင် ၂၀၁၀ ခုနှစ် စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လည်အတည်ပြုပြဌာန်းလိုက်သည့်အတွက်ကြောင့် ကရင်ပြည်နယ်ရှိ ရာနှင့်ချီသောလူငယ် လူရွယ်များသည် အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေမည့် အခြေအနေအောက်မှလွတ်မြောက်ရန် ၎င်းတို့ရပ်ရွာဒေ သမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဤသို့သောအခြေအနေသည် လူငယ်များ၏ကျောင်းပညာရေးအားများစွာထိခိုက်စေပါသည်။[7]

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ကျောင်းအမျိုးအစား (၄)မျိုး သာကျန်ရှိခဲ့ပြီး မတူညီသည့်သင်ရိုးညွှန်းတမ်း (၂) မျိုးကိုအသုံးပြု၍ ကလေးများအား စာသင်ပေးကြသည်။ ထိုကျောင်း အမျိုးအစား (၄) မျိုးမှာ (၁) KECD မှ ဖွင့်လှစ်ထားသောစာသင်ကျောင်းများ၊ (၂) SAC မှ ဖွင့်လှစ် ထားသောစာသင်ကျောင်းများ၊ (၃) ကိုယ်ထူကိုယ်ထဖြင့်ဖွင့်လှစ်ထားသော စာသင်ကျောင်းများနှင့် (၄) ဘာသာရေးအဖွဲ့အစည်းမှ ဖွင့်လှစ်ထားသောစာသင်ကျောင်းများဖြစ်ကြပါသည်။ မြန်မာအစိုးရနှင့် KECD တို့မှ ပူးတွဲဖွင့်လှစ်ထားသော စာသင်ကျောင်းများမရှိတော့ပါ။ KECD ကျောင်း၊ ကိုယ်ထူကိုယ်ထဖြင့်ဖွင့်လှစ်ထား သောကျောင်းနှင့် ဘာသာရေးအဖွဲ့အစည်းမှ ဖွင့်လှစ်ထားသောကျောင်းများသည် KNU ၏အုပ်ချုပ်မှုနယ်မြေ များတွင်တည်ရှိနေပြီး KNU မှ အသိအမှတ်ပြု၍ခွင့်ပြုထားသော KECD ၏သင်ရိုးညွှန်းတမ်းဖြင့်သာ ကလေး များအား စာသင်ပေးကြသည်။ ထိုကျောင်းများကို SAC မှ အသိအမှတ်ပြုခြင်းမရှိပါ။ SAC မှ ဖွင့်လှစ်ထား သောစာသင်ကျောင်းများသည် SAC ၏အုပ်ချုပ်နယ်မြေနှင့် ရောယှက်အုပ်ချုပ်နယ်မြေများ (အများအားဖြင့် မြို့များ) တွင် တည်ရှိနေပြီး SAC ချမှတ်ထားသော သင်ရိုးညွှန်းတမ်းကိုသာ အသုံးပြု၍စာသင်ပေးကြသည်။ SAC မှ ဖွင့်လှစ်ထားသောကျောင်းများသည် အခြားသောကျောင်းများနှင့် ပူးတွဲဆောင်ရွက်ခြင်းများမရှိပါ။

(၃) ဖြစ်စဉ်များအကျဉ်းချုပ် - ကရင်ပြည်နယ်တွင် ကြုံတွေ့ရသော ပညာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ဒေသခံ လူထု၏တုန့်ပြန်လုပ်ဆောင်မှုများ

“ယခုအခြေအနေကိုကြည့်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ကလေးတွေ စာသင်လို့မရအောင် ဒီလိုလုပ်ရပ်တွေ ကို လုပ်တာပဲလို့ (ကျောင်းများကိုတိုက်ခိုက်ခြင်း) ကျွန်မတို့က ယူဆတယ်။ အဲဒါကြောင့် ကျောင်းသားတွေကို ပညာရေးရရှိဖို့အတွက် အကောင်းဆုံးကြိုးစားရမယ်လို့ ကျွန်မတို့ပြောပြတယ်။ (ကျောင်းမတက်ရတဲ့အတွက် အနာဂတ်မှာ) အခက်အခဲတွေနဲ့မကြုံရအောင် မိမိကိုယ်ကိုပြင်ဆင်ထားဖို့လိုတယ်လို့ ကျောင်းသားတွေကို ပြောပြတယ်။”
ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ ဆအ---ကျေးရွာရှိ ကိုယ်ထူကိုယ်ထဖြင့်ဖွင့်လှစ်ထားသောကျောင်းတွင် ဒုကျောင်းအုပ်အဖြစ်တာဝန်ယူသော နော်အ--- ၏ ပြော ပြချက်

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ပညာရေးအခန်းကဏ္ဍတွင် ကြီးမားသောစိန်ခေါ်မှုပြဿနာများ ကြုံတွေ့ရပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျောင်းသူ၊ကျောင်းသားများ၏ ပညာသင်ယူခွင့်ကို ဆိုးရွားစွာထိခိုက်စေခဲ့သည်။ ဤအခန်းတွင် ဒေသခံပြည်သူလူထုအနေဖြင့် ပညာသင်ကြားခွင့်နှင့်ပတ်သတ်၍ ကြုံတွေ့ရသော အဓိကစိန်ခေါ်မှုများနှင့် ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ရွာသားများ၏ကြိုးပမ်းအားထုတ်မှုများ ကို ရေးသားတင်ဆက်ထားသည်။ ဤအခြေအနေနှင့်ပတ်သက်သော သတင်းအချက်အလက်များကို (၂၀၂၃ ခုနှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း) KHRG မှ မှတ်တမ်းပြုစုခဲ့သည်။ သတင်းမှတ်တမ်းပြုစု သည့်ကာလအတွင်း ကရင်ပြည်နယ်ရှိ ခရိုင်အားလုံး (၇) ခုတွင် နေထိုင်ကြသောရွာသားများအနေဖြင့် ၎င်းတို့ ကြုံတွေ့ရသော ပညာရေးအခက်အခဲများနှင့်ပတ်သက်၍ မြေပြင်အစီရင်ခံစာ (၆၄) စောင်ကို KHRG မှ လက်ခံရရှိခဲ့သည်။[8] KHRG မှ လက်ခံရရှိသည့် မြေပြင်အစီရင်ခံစာများအရ စာသင်ကျောင်းများ အနည်းဆုံး (၉ )ကြိမ်တိုက်ခိုက်ခံခဲ့ရ၍ ကျောင်းသူ၊ ကျောင်းသား (၂၂) ဦးနှင့် ကျောင်းဆရာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသား (၃) ဦးသေဆုံးခဲ့သည်။[9] KECD ၏သတင်းဖော်ပြချက်အရ ၂၀၂၃ ခုနှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် KECD မှ ဖွင့်လှစ်သောစာသင်ကျောင်း (၇) ကျောင်းသည် ပျက်စီးသွားခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား (၁၃) ဦး နှင့် ကျောင်းဆရာ (၃) ဦးဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား (၅) ဦးနှင့် ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။[10] 

ရွာသားများ၏တင်ပြထားချက်အရ ပညာရေးဆိုင်ရာ အခက်အခဲစိန်ခေါ်မှုများမှာ (၁) ကျောင်းများတွင်ဘေး ကင်းလုံခြုံမှုမရှိခြင်း၊ ကျောင်းသူ၊ကျောင်းသားများ ဒဏ်ရာရသေဆုံးမှုများရှိခြင်းနှင့် ကျောင်းအဆောက်အဦးများဖျက်ဆီးခံရခြင်း၊ (၂) SAC မှ အစိုးရကျောင်းများတွင် ဝင်ရောက်ထိန်းချုပ်ပြီးနောက် အငြင်းပွားမှုဖြစ်စေသောပညာရေးစနစ်အား ဖြစ်ပေါ်စေခြင်း၊ (၃) မိဘအုပ်ထိန်းသူများအား အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် မိသားစုစားဝတ်နေရေးအခက်အခဲများနှင့် (၄) ရွာသားများအနေဖြင့် ကာလရှည်ကြာထွက်ပြေးတိမ်းရှောင်ရ ခြင်းတို့ဖြစ်သည်။ ပညာရေးအခက်အခဲစိန်ခေါ်မှုများရှိသော်လည်း ဒေသခံရွာသားများနှင့် ကျောင်းသားမိဘ များသည် ၎င်းတို့သားသမီး၏ကျောင်းပညာရေးအတွက် အကောင်းဆုံးပံ့ပိုးကူညီပေးပြီး နည်းလမ်းများရှာဖွေ ၍ ပညာရေးဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်ခဲ့သည်။

     က) စာသင်ကျောင်းများတွင် လုံခြုံမှုမရှိခြင်း

ကလေးများသည် အများအားဖြင့် စာသင်ကျောင်းတွင်သာအချိန်ကုန်ဆုံးလေ့ရှိသည်။[11] စာသင်ကျောင်းဆိုသည်မှာ ကျောင်းသားများအတွက် ဘေးကင်းလုံခြုံမှုရှိသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်သင့်သည်။ ကလေးများစာသင်ယူနိုင်ရန်နှင့် ကျောင်းဆရာ၊ဆရာမများ စာသင်ကြားနိုင်ရန်အတွက် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိခြင်းသည် အခြေခံကျသော လိုအပ်ချက်များဖြစ်သည်။ သို့သော်လည်း သတင်းမှတ်တမ်းပြုစုသည့် အချိန်ကာလတစ်လျှောက်တွင် SAC မှ ကျေးရွာများအားတိုက်ခိုက်ခြင်းကြောင့် ကျောင်းအဆောက်အဦးများ ပျက်စီးခြင်းနှင့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ဆရာမများ ဒဏ်ရာရသေဆုံးခြင်းတို့ကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျောင်းသူ၊ ကျောင်းသားများသည် အကြောက်တရားများကြားတွင် ကျောင်းတက်နေရပါသည်။ ထို့ကြောင့် ကျောင်းသားမိဘများသည် ၎င်းတို့သားသမီးများကို ကျောင်းမထားပေးကြတော့ပါ။ အချို့ရွာသားများသည် တောထဲတွင်ဖြစ်စေ၊ တိရိစ္ဆာန်မွေးမြူရေး ခြံထဲတွင်ဖြစ်စေ၊  ဘာသာရေး အဆောက်အဦးထဲဖြစ်စေ သို့မဟုတ် လူနေအိမ်များတွင်ဖြစ်စေ ဘေးကင်းလုံခြုံမှုရှိသည့် နေရာတစ်ခုကိုရွေးချယ်ပြီး ကလေးများအား သင့်တော်သလို စာသင်ကြားပေးခဲ့သည်။ ဒွယ်လိုးမြို့နယ်ရှိဒေသခံတစ်ဦးမှ “မူတြော်(ခရိုင်) မှာရှိတဲ့ ကျောင်းအများစုကို တောထဲမှာပဲ ဆောက်ကြတယ်။ လေကြောင်းတိုက်ခိုက်မှုကို ရွာသားတွေက ကြောက်လို့လေ။ ကျောင်းသားတော်တော်များများက ကျောင်းထွက်ခဲ့ရတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာ ဒွယ်လိုးမြို့နယ်မှာရှိတဲ့ ကျောင်းသားတွေက တောထဲမှာစာသင်ယူနေရတယ်။ ဒီအခြေအနေကို ကျွန်တော့် မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာ။ တောထဲမှာ စာသင်ရတာက စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေကို ကြောက်နေရလို့ပဲဖြစ်တယ်။ စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်တာတွေကိုကြောက်လို့ တစ်ချို့ကျောင်းသားတွေ ကျောင်းမဆက်တက်ကြတော့ဘူး။” ဟုပြောပြခဲ့ပါသည်။

ကျောင်း၏လည်ပတ်မှုသည် အမြဲတမ်းပြောင်းလဲနေသောပဋိပက္ခပေါ်တွင် မူတည်ပါသည်။ အထူးသဖြင့် KNU အုပ်ချုပ်နယ်မြေများရှိ တစ်ချို့သောစာသင်ကျောင်းများသည် လုံခြုံမှုပို၍ရှိသည့်အခြေအနေတွင်သာ ဖွင့်လှစ် ပေးပြီး SAC စစ်သားများမှ ကျေးရွာထဲသို့ဝင်ရောက်လာသည်ကို ရွာသားများသိရှိပါက ကျောင်းများကိုချက်ချင်းပိတ်ခဲ့ရသည်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားသည့်အချိန်မှစ၍ စာသင်ကျောင်းတော်တော်များများသည် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပေ။ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး (မုန်း)မြို့နယ်၊ ငါးတိုခင် ကျေးရွာအုပ်စု၊ ဆဟ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ နော်ဂ---သည် သူမ၏ဒေသတွင် ကျောင်းများပိတ်ခဲ့ရပြီး သူမ၏သားသမီးများ ပညာဆက်လက်ဆည်းပူးရန် အခက်အခဲများရှိသည့်အကြောင်းကို ဤသို့ရှင်းပြခဲ့သည်။ 

“အကယ်၍ သူမ (နော်ဂ---၏ သမီးအကြီး) ကျောင်းဆက်တက်ချင်တယ်ဆိုရင်တော့ ဒီမှာတော့ (ထိုဒေသအ နီးနားတွင်) သူမအတွက် ကျောင်းဆက်တက်ဖို့ (အထက်တန်းကျောင်း) အတန်းမရှိတော့ဘူး။ ကျွန်မရဲ့သား သမီးအငယ်နှစ်ယောက်ကလည်း ကျောင်းဖွင့်ရင် သူတို့ကျောင်းသွားတက်လို့ရတယ်။ ဒါပေမဲ့ကျောင်းကိုပိတ် ရတယ်လေ။ အဲဒါကြောင့် ကျွန်မလည်း ဘာမှမလုပ်တတ်တော့ဘူး။”

အလွန်ဆိုးရွားပြီး မှန်းဆ၍မရနိုင်သော SAC ၏အကြမ်းဖက်တိုက်ခိုက်မှုသည် ကလေးများအပါအဝင် ရွာသား များ၏စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေခဲ့သည်။ လူသောမြို့နယ်၊ ပေကေကျေးရွာအုပ်စု၊ ဆဒ--- ကျေးရွာကို SAC မှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်အခြေအနေကို မျက်မြင်တွေ့ခဲ့သော မိခင်တစ်ဦးဖြစ်သူ နော်ဒ--- မှ ဤ သို့ရှင်းပြခဲ့သည်။

“ကျွန်မက လယ်ယာထဲကို သွားတဲ့အချိန်မှာပဲ အဲဒါ (လေကြောင်းတိုက်ခိုက်မှု) ဖြစ်ပွားခဲ့ တယ်။ ပုံမှန်ဆိုရင် အဲဒီအချိန်က အိမ်ထဲမှာကျန်ခဲ့တဲ့လူတွေက အမျိုးသမီးတွေနဲ့ သူတို့ကလေးငယ်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြားလူတွေက သူတို့ရဲ့လယ်ယာတွေမှာ၊ စိုက်ပျိုးခြံတွေမှာ အလုပ်သွားလုပ်နေရ တယ်လေ။ အဲဒါကြောင့် လေကြောင်းတိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ ကတုတ်ကျင်းထဲကိုဝင်ပုန်းနေတဲ့သူတွေက လည်း အမျိုးသမီးတွေနဲ့ သူတို့ကလေးငယ်တွေပဲရှိတယ်။ ဗုံးတွေဟာ ကတုတ်ကျင်းကို ထိဖို့နည်းနည်းပဲလို တယ်။ (ကတုတ်ကျင်းထဲမှာ) ပုန်းနေတဲ့ကလေးတွေနဲ့ အမျိုးသမီးတွေက အပြင်ထွက်ခဲ့ရတယ်။ ကလေးတစ် ယောက်ဆိုရင် သုံးရက်တောင်စကားမပြောနိုင်တော့ဘူး။ သူ့ရဲ့အမေလည်း နားတစ်ဖက်ကန်းသွားတယ်။ (…) လေကြောင်းတိုက်ခိုက်မှုပြီးသွားတဲ့နောက်မှာ ကျောင်းသားတွေလည်း ကျောင်းကိုသွားတက်ဖို့ လုံခြုံမှုရှိတယ် လို့မခံစားရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်ကနေပစ်ချလိုက်တဲ့ဗုံးတွေက ကျောင်းနားမှာပဲကျ သွားတယ်လေ။”

SAC ၏လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်တွင် စစ်ရေးလှုပ်ရှားမှု များ ပို၍တိုးမြင့်လာသည့်အတွက်ကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသလူမှုအသိုင်းအဝန်းများက လုံခြုံရေးနှင့်ပတ်သက်၍ ၎င်းတို့၏စိုးရိမ်ပူပင်မှုများကို တင်ပြခဲ့ကြသည်။ ကရင်ပြည်နယ်ရှိ ခရိုင် (၇) ခုတွင် တည်ရှိသော အထူးသဖြင့် KECD မှဖွင့်လှစ်ထားသော စာသင်ကျောင်းအများစုသည် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် တစ်လကြိုတင်ပိတ်ထားခဲ့ရပါသည်။

     ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာများ ဒဏ်ရာရသေဆုံးမှု

သတင်းမှတ်တမ်းပြုစုသည့်အချိန်ကာလအတွင်း (၂၀၂၃ ခုနှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ) SAC မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာများနှင့် စာသင်ကျောင်းများကို လက်နက်ကြီးဖြင့်ဖြစ်စေ၊ လေကြောင်းဖြင့်ဖြစ်စေ တိုက်ခိုက်သည့်လုပ်ရပ်များ ပို၍များပြားလာခဲ့သဖြင့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ဆရာမများ ဒဏ်ရာရသေဆုံးမှုဖြစ်စေခဲ့သည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် SAC သည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်)မြို့နယ်ရှိ ဆဧ--- ကျေးရွာအထက်တန်း ကျောင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် အမျိုးသမီးဘော်ဒါဆောင် အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုလက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျောင်းဘော်ဒါဆောင်တွင်နေ ထိုင်ပြီး မတူညီသည့်ရွာ (၃) ရွာမှ ရောက်ရှိလာသည့် ကျောင်းသူလေး (၃) ဦးကိုထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ထိုကျောင်းသူ (၃) ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သော နော်ဧ--- (၁၆ နှစ်)၊ နဖူးတွင် ဒဏ်ရာရရှိခဲ့သော နော်သ--- (၁၄ နှစ်)နှင့် ဘယ်ဖက်လက်ကောက်ဝတ်တွင် ဒဏ်ရာရခဲ့သော နော်က--- (၁၅ နှစ်) တို့ဖြစ်ကြသည်။ ဒဏ် ရာရရှိသည့်ကျောင်းသူ (၃) ဦးအား ဆေးကုသမှုပေးရန်အတွက် ဆဧ---ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုဆေး ခန်းတွင် ဆေးဝါးကိရိယာများ မလုံလောက်သည့်အတွက်ကြောင့် တောအူးမြို့မှ ဆေးဝါးကိရိယာများကို မှာ ယူဝယ်ခဲ့ရသည်။ 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် SAC စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၁၂) လက်အောက်ခံဖြစ်သော ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၃၀)၊ (၂၃၁) နှင့် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၇) တို့သည် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်၊ တတံကူးကျေးရွာအုပ်စု၊ ဆဧ---ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် စာသင်ကျောင်းထဲတွင် ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးအစအနများသည် ကျောင်းသူ (၁) ဦးအားထိမှန်၍သေဆုံးခဲ့ပြီး အခြား ကျောင်းသူ (၃) ဦးကိုလည်း ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသည့်ကျောင်းသူ (၁) ဦးသည် နော်လ---ဖြစ်ပြီး အသက် (၆) နှစ်သာရှိသေးသည်။ ဒဏ်ရာရရှိသည့်ကျောင်းသူ (၃) ဦးမှာ နော်မ--- (၁၂) နှစ်၊ နော်န--- (၁၆) နှစ် နှင့် မဝ--- (၆) နှစ် တို့ဖြစ်ကြသည်။ အလားတူစွာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၌ SAC သည် ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာရီ) မြို့နယ်ရှိ ဆက---ကျေးရွာအနီးဝန်းကျင်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် စာသင်ကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုလက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အဦးများနှင့် ရွာသားအိမ်များ ထိခိုက်ပျက် စီးသွားပြီး ကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်ပ--- (၄၀ နှစ်)ကို ထိမှန်၍ သူမ၏လက်တွင် ဒဏ်ရာရရှိခဲ့သည်။ ဒူးသထူ (သထုံ) ခရိုင်၊ ဘားအံမြို့နယ်၊ ဟောင်သရောကျေးရွာအုပ်စု၊ ဆဧ---ကျေးရွာတွင် လက်နက် ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် (၁၅) နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ စောခ--- ကိုထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်။ စောခ---သည် ၎င်း၏ခံစားချက်ကို KHRG အား ဤသို့ပြောပြခဲ့သည်။ 

“သူတို့က (သူငယ်ချင်းနှင့် ကျောင်းဆရာ၊ဆရာမ) သားတို့အတွက် စိတ်ပူကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ (သားရဲ့ဒဏ်ရာကြောင့်) သား အနေနဲ့မသွားနိုင်တော့ဘူး။ (သားဒဏ်ရာကို ဆေးကုပေးတဲ့အချိန်မှာ) သားတို့တွေ မတွေ့ကြရတော့ဘူး။ (…) (ဒဏ်ရာရသွားတာကြောင့်) သားအရမ်းစိတ်ထိခိုက်တယ်။ (…) အနာဂတ်မှာ သားတို့တွေ (လက်နက်ကြီး ကြောင့်) ထိခိုက်ဒဏ်ရာရနေအုန်းမယ်ဆိုရင် သားတို့အနေနဲ့ ဘာမှတတ်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့တွေ (စစ်ကောင်စီ) နောက်တစ်ခါ (သားတို့ရွာထဲကို) မလာပါစေနဲ့ဗျာ။”[12] 

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် SAC မှ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးကျေးရွာအုပ်စု၊ ဆဃ--- ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။ SAC မှ ဤလေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံး (၁၁) လုံးကြဲချခဲ့သည်။ အချို့ဗုံးများသည် ကျေးရွာအတွင်းရှိ KECD စာသင်ကျောင်းထဲတွင် ကျရောက်ပေါက်ကွဲ၍ ကျောင်းသားများ၊ ရွာသားများနှင့် ကျောင်းဆရာများအား ထိမှန်၍ဒဏ်ရာရသေဆုံးမှုများရှိခဲ့ပြီး ကျောင်း အဆောက်အဦးများလည်း ထိမှန်ပျက်စီးခဲ့သည်။ ကျောင်းအုပ်ကြီး စောဃ---မှ ၎င်း၏စိုးရိမ်ပူပန်မှုများကို ဤသို့ ဖော်ပြခဲ့သည်။ 

“(လေကြောင်းတိုက်ခိုက်မှုမှာ) တစ်ချို့ကျောင်းသားတွေနဲ့ ကျောင်းဆရာတစ်ဦးဒဏ်ရာရရှိခဲ့ တယ်။ (…) ကျောင်းသား (၂) ဦးက သေသွားတယ်။ ကျောင်းသား (၆) ဦးက ဒဏ်ရာရသွားတယ်။ စုစုပေါင်း (၁၀) ယောက်ဒဏ်ရာရခဲ့တယ်။ (ကျောင်းအုပ်တစ်ယောက်အနေနဲ့) ကျွန်တော်အရမ်းစိုးရိမ်မိတယ်။ ဘာဖြစ် လို့လဲဆိုတော့ လူတွေက (ရွာသားများ) ကျွန်တော်တို့ (ကျောင်း)ကို ယုံကြည်လို့ သူတို့သားသမီးတွေကို ဒီကျောင်းမှာပညာသင်ဖို့ လာထားကြတယ်။ အခုလိုအခြေအနေတွေဖြစ်သွားတယ်ဆိုတော့ ဒီလိုဆိုးရွားတဲ့အ ဖြစ်အပျက်တွေကိုကြုံတွေ့ခဲ့ပြီး ကျွန်တော်စိတ်ဓာတ်တွေ အရမ်းကျနေတယ်။ အရမ်းပူဆွေးနေတယ်။ အခု ချိန်မှာ ကျွန်တော်ဘာမှမလုပ်တတ်တော့ဘူး။ (စိတ်ကျန်းမာရေးအတွက်) ကိုယ့်ကိုကိုယ်ကြိုးစားပြီး အားပေး နှစ်သိမ့်တယ်။ ဒါပေမဲ့ ဒီအခင်းဖြစ်ပွားတဲ့နေရာကို ဖြတ်လျှောက်မိတိုင်း ကျွန်တော့်မျက်ရည်တွေကျလာ တယ်။ ဒီအဖြစ်အပျက်ကို ကျွန်တော်တစ်ရက်မှ မေ့မရဘူး။”

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒွယ်လိုးမြို့နယ်၊ နားကိုခီးကျေးရွာအုပ်စု၊ ဆမ---ကျေးရွာမှ သေဆုံးသွားသော ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ စောရ--- မှ ဤသို့သက်သေထွက်ဆိုခဲ့သည်။ 

“ဗုံးအစအနတွေက ကျွန်တော့်သားကို ထိမှန်ပြီးနောက်မှာ KECD (မြို့နယ်တာဝန်ခံ) က သားကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုအ ကြောင်းကြားခဲ့တယ်။ ပြီးတော့ ကျွန်တော်က ဒဏ်ရာရနေတဲ့သားကို ချက်ချင်းပဲသွားတွေ့ခဲ့တယ်။ ကျွန်တော် သူနဲ့စကားပြောခဲ့တယ်။ သူက ကျွန်တော့်ကိုပြောတယ်။ ‘အဖေ…လေယာဉ်လာပစ်လို့သားကို ထိသွားတယ်။ သားသေတော့မယ်ထင်တယ်။’ ကျွန်တော်သူ့ကိုပြန်ပြောခဲ့တယ်။ ‘သားသေသွားမှာမဟုတ်ဘူး။ စိတ်ကိုခိုင်ခိုင် ထားလေ။’ ကျွန်တော်တို့ရွာမှာ ကျန်းမာရေးလုပ်သားတွေ တစ်ယောက်မှမရှိဘူး။ ကျွန်တော်တို့က တောကျတဲ့ နေရာမှာနေတာလေ။ အဲဒါကြောင့် ဒီမှာဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ မလွယ်ဘူး။ ကျွန်တော်တို့တွေ သူ့ကိုပုခတ်ထဲမှာထည့်ပြီး ဆေးခန်းကိုသယ်သွားတဲ့အချိန် လမ်းမှာပဲသေဆုံးသွားခဲ့တယ်။ (…) ဒီလိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်မှာ အဖေဖြစ်သူတွေ၊ အမေဖြစ်သူတွေ၊ သားသမီးတွေ ငိုးကြွေးနေရတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ငိုခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကြောင့် ကျွန်တော်အရမ်းဝမ်းနည်းပြီး စိတ်ထိခိုက်ခဲ့ တယ်။ ကျွန်တော်တို့တွေ ပိုပြီးသတိထား နေထိုင်ရမယ်။”

     စာသင်ကျောင်းများ ဖျက်ဆီးခံရခြင်း

ကျောင်းအဆောက်အဦးများ၊ သင်ထောက်ကူကိရိယာပစ္စည်းများ၊ ဘော်ဒါဆောင်အဆောက်အဦးများ၊ကျောင်း အတွက်ရေသိုလှောင်ထားနေရာများနှင့် အခြားလိုအပ်သောပစ္စည်းများအားလုံးသည် စာသင်ကျောင်း၏ပိုင်ဆိုင်မှုဟူ၍ သတ်မှတ်နိုင်သည်။ စာသင်ကျောင်း၏ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်းသည် ကျောင်းသားများ၏ အမူအကျင့်များ၊ စာသင်ယူရန်စိတ်အားထက်သန်မှုများနှင့် ၎င်းတို့ပညာရေးအားထိခိုက်စေသော အခြားအကြောင်းအရာများ တစ်ခုဖြစ်သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း[13] SAC မှ စာသင်ကျောင်းများကို တပ်စခန်း အဖြစ်သဘောထား၍ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကျောင်းများတည်ရှိသော နေရာဒေသများတွင် လက်နက် ကြီးများပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်းအစရှိသော အကြမ်းဖက်တိုက်ခိုက်မှုများသည် စာသင်ကျောင်းများအား ထိမှန်ပျက်စီးခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ည (၁၀) နာရီခန့်တွင် SAC သည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ခေါဖိုးပလဲ့ကျေးရွာ အုပ်စု၊ ဆန---ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရွာသားများသည် တောထဲသို့ ပုန်းရှောင်နေသည့်အချိန်တွင် SAC မှ ၎င်းတို့ရွာကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ SAC လေယာဉ် နှစ်စီးသည် အဆိုပါကျေးရွာရှိ KECD ကျောင်းဝင်းထဲတွင်ဖြစ်စေ၊ ထိုကျေးရွာတွင်ဖြစ်စေ ဗုံး (၁၂) လုံးခန့်ပစ်ချခဲ့သည်။ ပစ်ချလိုက်သည့်ဗုံး (၂) လုံးသည် မပေါက်ကွဲဘဲတည်ရှိနေသည့်အတွက်ကြောင့် ထိုဒေသအတွင်းတွင် မပေါက်ကွဲသေးသောလက်နက်များ (UXO) ပို၍များပြားလာပါသည်။ ပေါက်ကွဲသွားသည့်ဗုံးများကြောင့် ရွာ သားများ၏အိမ် (၇)လုံး၊ ကျေးရွာစာသင်ကျောင်းအဆောက်အဦး (၄) လုံးနှင့် ဘုန်းကြီးကျောင်းအဆောက်အ ဦးများကိုထိမှန်၍ ပျက်စီးသွားခဲ့သည်။ 

စာသင်ကျောင်းအဆောက်အဦးများ ပျက်စီးသွားခြင်းကြောင့် ကျောင်းသားမိဘများ၊ ကျောင်းဆရာများနှင့် ဒေ သခံခေါင်းဆောင်များသည် ကလေးများပညာရေးအတွက် အလွန်တရာစိုးရိမ်ပူပင်ခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ပျက်စီးသွားသောကျောင်းအဆောက်အဦးများကို လာမည့်ပညာသင်နှစ်တွင် ပြန်လည်တည်ဆောက်ရန် လိုအပ်သောကြောင့်ဖြစ်သည်။ ဆန---ကျေးရွာမှ KECD ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူရသော နော်တ---သည် သူမ၏အတွေ့အကြုံကို ပြန်လည်မျှဝေပြောပြခဲ့သည်။ 

“ကျောင်းဝင်းထဲမှာ ကျသွားတဲ့ဗုံးသုံးလုံးကို ကျွန်မမြင်ခဲ့တယ်။ (…) လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းအဆောက်အဦးအားလုံး (၄) လုံး ပျက်စီးသွားခဲ့တယ်။ (…) ကျွန်မရဲ့ကျောင်းပျက်စီးသွားတာကိုမြင်တော့ ကျွန်မအရမ်းဝမ်းနည်းမိတယ်။ က လေးတွေ ကျောင်းတက်လို့မရတော့မှာကို ကျွန်မတွေးပူမိခဲ့တယ်။ (…) ကျွန်မဘယ်လောက်ထိကြောက်သွား လဲဆိုတာ ဘယ်လိုပြောပြရမလဲတောင် မသိတော့ဘူး။ ပျက်စီးသွားတဲ့ကျောင်းကိုမြင်တော့ ကျွန်မရဲ့နှလုံးသား တစ်ခုလုံး နာကျင်ခံစားရတယ်။ အခုချိန်မှာ ကျွန်မဘာမှမလုပ်တတ်တော့ဘူး။ (…) ကျောင်းအဆောက်အဦး တွေက အရေးကြီးတယ်။ ကျောင်းဆောက်လုပ်ရေးအတွက် ဈေးအရမ်းကြီးတယ်။ ကျောင်းဝင်းထဲမှာရှိတဲ့ အပျက်အစီးတွေကို ပြန်ရှင်းရအုန်းမယ်။ ကျွန်မတို့အတွက် ဘယ်သူတွေက ကျောင်းပြန်ဆောက်ပေးနိုင်မလဲ မသိတော့ပါဘူး။”

နားကိုခီးကျေးရွာအုပ်စု၊ ဆဃ---ကျေးရွာကို SAC မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားရသည့် အသက် (၁၄) နှစ်အရွယ် ကျောင်းသားတစ်ဦး၏ဖခင်ဖြစ်သူ စောရ---သည် သူ၏ထင်မြင်ချက်ကို ယခုလိုပြော ပြခဲ့သည်။

“နောက်အပတ်ကျရင် ကျောင်းသားတွေပုန်းရှောင်ဖို့အတွက် နေရာထိုင်ခင်းတွေ၊ အမိုးအကာတွေ ကို ကျွန်တော်တို့တွေဆောက်လုပ်ပေးရမယ်။ အဲဒီနေရာမှာဆိုရင် သူတို့တွေ စာသင်ယူလို့အဆင်ပြေမယ်။ မင်း အောင်လှိုင် (စစ်ကောင်စီ) ရဲ့အကြမ်းဖက်တိုက်ခိုက်တဲ့ အန္တရာယ်ကနေလွတ်မြောက်အောင် ကလေးတွေကို ကျွန်တော်တို့ ကာကွယ်ပေးသွားမယ်။ ကျောင်းကော်မတီအဖွဲ့ဝင်တွေကတော့ ကျောင်းအတွက် နေရာရှာပေး ပြီးပြီ။ ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေအတွက်လည်း နေရာထိုင်ခင်းတွေ လုပ်ပေးရအုန်းမယ်။”

     (ခ) အငြင်းပွားမှုဖြစ်စေသောပညာရေးစနစ်များနှင့် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM)

၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် သတင်းမှတ်တမ်းပြုစုနေစဉ်ကာလအတွင်း မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ SAC ထိန်းချုပ်ထားသော မြန်မာအစိုးရကျောင်းတော်တော်များများသည် KNU နယ်မြေဒေသနှင့် ရောယှက်အုပ်ချုပ်သည့်နယ်မြေဒေသများတွင် ဆက်လက်ဖွင့်လှစ်နိုင်ခြင်းမရှိတော့ပါ။ အကြောင်းမှာ ကျောင်း သားအများစုသည် SAC အုပ်ချုပ်သောစာသင်ကျောင်းများတွင် ကျောင်းတက်ရန်ဆန္ဒမရှိခြင်းနှင့် ကျောင်းသား မိဘများကလည်း ၎င်းတို့သားသမီးအား ထိုကျောင်းများတွင်မထားစေချင်တော့ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ထို့အပြင် SAC မှ ပြည်လူထုအပေါ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း စသည့်လုပ်ရပ်များ ကျူးလွန်သော်လည်း ကျောင်းဆရာ၊ ဆရာမတော်တော်များများသည် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခဲ့သည်။ 

ဥပမာအားဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကော ကျေးရွာအုပ်စု၊ ဆအ---ကျေးရွာတွင်နေထိုင်ကြသော ကျောင်းသားမိဘများသည် ၎င်းတို့သားသမီးများကို SAC အုပ်ချုပ်သော စာသင်ကျောင်းများတွင် ကျောင်းမလာအပ်ကြတော့ပေ။ ထို့နောက် ဆအ---ကျေးရွာစာသင် ကျောင်းကိုလည်း ကိုယ်ထူကိုယ်ထစာသင်ကျောင်းအဖြစ်သို့ ပြောင်းလဲခဲ့ရသည်။ ၂၀၂၃ ခုနှစ်တွင် SAC ခြေမြန် တပ်မ (တပ်မ) အမှတ် (၂၂) နှင့် ခမရ (၅၅၇)တို့သည် ဆအ--- ကျေးရွာတွင် သုံးကြိမ်တိုင်တိုင်ဝင်ရောက်လာပြီး ကျေးရွာအထက်တန်းကျောင်းနှင့် ၎င်းတို့စာသင်ကျောင်းအဆောက်အဦးများကို ဖွင့်လှစ်ပေးရန်အတွက် ရွာ သားများအား အမိန့်ပေးခဲ့သည်။ SAC စစ်သားများကလည်း ကျောင်းသားမှတ်ပုံတင်အချက်အလက်များကို ၎င်းတို့ကိုပေးရန် ရွာသားများအားပြောကြားခဲ့သည်။ ထိုကျေးရွာစာသင်ကျောင်းတွင် ရွာသားများအနေဖြင့် လာရောက်စာသင်ကြားခြင်းမရှိပါက SAC သည် ဆအ---ကျေးရွာတွင် စာသင်ကျောင်းမရှိကြောင်း သတ်မှတ် သွားမည်ဟု SAC စစ်သားများနှင့် SAC လက်အောက်ခံတွင်အလုပ်လုပ်နေသော ကျောင်းဆရာများက အဆိုပါ ရွာသားများအား ပြောကြားခဲ့သည်။ ထို့အပြင် ရွာသားများသည် စာသင်ကျောင်းထဲရှိ အဖြူရောင်ကျောက်သင် ပုန်းပေါ်တွင်ရေးသားခဲ့သော စာတန်းတစ်ခုကို မြင်တွေ့ခဲ့သည်။ ထိုစာတန်းမှာ “PDF နဲ့ KNU တွေကို အားကိုး နေတဲ့လူအားလုံးကို ငါတို့တိုက်ခိုက်သွားမယ်” ဟုရေးသားထားသည်။ SAC စစ်သားများမှ ထိုစာတန်းကိုရေး သားခဲ့သည်ဟု ရွာသားများက ယူဆကြသည်။ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် SAC လက်အောက်တွင် အလုပ်လုပ်နေသည့် အချို့သောကျောင်းဆရာ၊ ဆရာမများသည်လည်း SAC အုပ်ချုပ်သည့်စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ဆအ---ကျေးရွာသို့ ရောက်ရှိလာပြီး ကျောင်းသင်ရိုးညွှန်းတမ်းတစ်ခုလုံးကို (၃) လ အတွင်းသင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုကျောင်းဆရာ၊ ဆရာမများသည် ကျေးရွာတွင်နေထိုင် ရန်တောင်းဆိုခဲ့သည်။ သို့သော်လည်း ၎င်းတို့၏လုံခြုံရေးအတွက် တာဝန်မယူနိုင်ကြောင်း ရွာသားများက သတိပေးခဲ့သည်။ ဒေသခံခေါင်းဆောင်များက ထိုကျောင်းဆရာ၊ ဆရာမများကို ကျောင်းပြန်ဖွင့်ရန် ခွင့်ပြု ပေးခဲ့သည်။ သို့သော် ကျောင်းသားများနှင့် ကျောင်းသားမိဘများက ထိုကျောင်းတွင် ကျောင်းမလာအပ်ကြပေ။ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ရွာသားများသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် လူနေအိမ်များအောက် တွင် စာသင်ခန်းများဖွင့်၍ ကျောင်းသားအယောက် (၂၀၀)ကျော် ကို စာသင်ပေးနေကြသည်။ ကိုယ်ထူကိုယ် ထကျောင်းတစ်ကျောင်း၏ ဒုကျောင်းအုပ်အဖြစ်တာဝန်ယူရသော နော်အ--- မှ ဤသို့ပြောပြခဲ့သည်။ “ကျွန်မတို့ အနေနဲ့ စစ်ကောင်စီအုပ်ချုပ်တဲ့ကျောင်းတွေမှာ စာသွားသင်မှာမဟုတ်ဘူး။ စစ်ကောင်စီဖက်က (ပြည်သူတွေ ကို) အာဏာပြန်မပေးမချင်း သူတို့ကျောင်းကိုစာမသွားသင်ဘူး။”

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်း မြန်မာအစိုးရဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် SAC အတွက်အလုပ်လုပ်ပေးခြင်းမှရပ်တန့်၍ တာဝန်မှထွက်ခွာပေးရန် မူတြော်ခရိုင်ရှိ KNU အုပ်ချုပ်ရေးတာဝန်ရှိသူများမှ မကြာခဏသတိပေးခဲ့သည်။[14] ထို့အပြင် ကျောင်းသားများ၊ ကျောင်းသား မိဘများနှင့် ကျောင်းဆရာများသည်လည်း SAC အုပ်ချုပ်သည့်ကျောင်းများတွင် ကျောင်းလာအပ်ခြင်းမရှိသည့် အတွက် SAC အနေဖြင့် ဘူးသိုမြို့နယ်အတွင်း ပညာရေးနှင့်ပတ်သက်သော ၎င်းတို့၏လုပ်ဆောင်မှုများအား လုံးကို လုံးဝရပ်တန့်ခဲ့ရသည်။ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွင်း တစ်ချို့ကျောင်းများတွင် KECD ပညာ ရေးသင်ရိုးညွှန်းတမ်းကို စတင်ကျင့်သုံးနေပြီးဖြစ်သည်။ ဖာပွန်မြို့တွင် KECD မှ ဖွင့်လှစ်ထားသောကျောင်းများ နှင့် ကိုယ်ထူကိုယ်ထကျောင်း (၂) ကျောင်းသာရှိတော့သည်။ ထိုကျောင်းများအားလုံးတွင် KECD သင်ရိုးညွှန်း တမ်းကိုသာအသုံးပြု၍ ကလေးများကို စာသင်ပေးကြသည်။ အချို့ကျောင်းများတွင် KECD သင်ရိုးညွှန်းတမ်း နှင့် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရမှ ချမှတ်ထားသောသင်ရိုးညွှန်းတမ်း (၂) ခုစလုံးကို ကျင့်သုံးကြသည်။ အကြောင်းမှာ ထိုစာသင်ကျောင်းတွင်စာသင်ပေးနေသည့် CDM ဆရာ၊ ဆရာမတော်တော် များများသည် KECD သင်ရိုးညွှန်းတမ်းကို ရင်းနှီးသိရှိထားခြင်းမရှိသေးသောကြောင့်ဖြစ်သည်။ 

အခြားခရိုင်များတွင်လည်း အလားတူအခြေအနေများရှိကြသည်။ ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်ရှိ KECD တာဝန်ခံတစ်ဦးဖြစ်သူ စောဘ---မှ ဤသို့ရှင်းပြခဲ့သည်။ “၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာ (KECD ကျောင်း များတွင်) ကျောင်းသားဦးရေတွေ အများကြီးတိုးလာတယ်။ ဥပမာပြောရရင် ၂၀၂၂ - ၂၀၂၃ ခုနှစ်မှာ (အထက်တန်းကျောင်းတစ်ကျောင်းတွင်) ကျောင်းသားဦးရေ (၁၆၀) ခန့်ရှိခဲ့တယ်။ ဒီနှစ်မှာဆိုရင် (၂၀၂၃ - ၂၀၂၄) ကျောင်းသားဦးရေ (၂၅၀) ခန့်ရှိလာတယ်။ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်တိုက်ပွဲနဲ့ နိုင်ငံရေးအ ခြေအနေကြောင့် ဒီဖက်မှာကျောင်းသားဦးရေတွေ များလာတာပဲ။ (ဧရာဝတီ) မြစ်ဝကျွန်းပေါ်ကလူတွေနဲ့ အ ခြားခရိုင်ကပြည်သူတွေလည်း စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာမနေချင်တော့ဘူး။[15] လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ခလယ်လွီထူခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်မှရွာသားများနှင့် ဒေသခံခေါင်းဆောင်များသည် SAC အုပ်ချုပ်မှုနယ်မြေနှင့်ဝေးသောတောထဲတွင် ယာယီစာသင်ကျောင်းများ တည်ဆောက်ခဲ့သည်။ ထို့ကြောင့် ကျောင်းသားအများစုသည် ပညာရေးကို ဆက်လက်ဆည်းပူးလေ့လာနိုင်ခဲ့သည်။ ထိုယာယီကျောင်းများတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအကုန်တွင် ပညာသင်နှစ်တစ်နှစ် ပြီးဆုံးအောင် စာသင်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

     (ဂ) ပြုစုစောင့်ရှောက်ပေးသူများကို တိုက်ခိုက်ခြင်းနှင့် မိသားစုစီးပွားရေးအကျပ်အတည်းများ

မိဘအုပ်ထိန်းသူများ၏ ဒဏ်ရာရရှိမှု သို့မဟုတ် သေဆုံးမှုတို့သည် ကလေးများ ပညာဆည်းပူးသင်ယူနိုင်ရန် အတွက် သက်ရောက်မှုအလွန်တရာဖြစ်စေပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်တပ်မှ ရွာသားများအပေါ် ဆန့်ကျင်တိုက်ခိုက်မှုများကဲ့သို့သော လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်းနှင့် အဓမ္မအစဖျောက် ပစ်ခြင်းစသည်တို့ကို ပြုလုပ်ခြင်းတို့ကြောင့် ကလေးများစွာ ကျောင်းထွက်ခဲ့ကြရပါသည်။ ဤကဲ့သို့သောတိုက် ခိုက်မှုများသည် မိဘများ ၎င်းတို့၏ မိသားစုအတွက် ပံ့ပိုးမှုစွမ်းရည်ကို သက်ရောက်မှုဖြစ်စေပါသည်။ မိဘများသေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရသည့်အချိန်တွင် ကလေးများသည် မကြာခဏဆိုသ ကဲ့သို့ မိသားစုကို အသက်မွေးဝမ်းကျောင်းပြုရန်အတွက် ကျောင်းထွက်ခဲ့ကြရပါသည်။
ဥပမာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် SAC မှ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ တနေးကျေးရွာအုပ်စု၊ ဆဘ--- ကျေးရွာ ရှိ မိသားစုကို အဓိကရှာဖွေကျွေးမွေးသောသူတစ်ဦးကို အဓမ္မအစဖျောက်ပစ်ခြင်းကြောင့် ပြစ်မှုကျူးလွန်ခြင်း ခံရသူ၏ကလေးအချို့ ကျောင်းမှထွက်ခဲ့ကြရပါသည်။ အဓမ္မအစဖျောက်ပစ်ခြင်းခံရသူ၏ ယောက္ခထီးဖြစ်ပြီး အဓမ္မအစဖျောက်ပစ်ခြင်း ခံခဲ့ရဖူးသူတစ်ဦးလည်းဖြစ်သည့် ဦးဆ--- သည် KHRG အားဤကဲ့သို့ ပြောပြခဲ့သည်။

“ကျွန်တော့်သမက် ပျောက်သွားခဲ့တယ်။ ဗမာ [SAC] စစ်သားတွေရဲ့ဖမ်းဆီးခြင်းခံရတာ ပြန်ရောက်မလာသေးဘူး။ သူ့မှာအလုပ် မလုပ်နိုင်သေးတဲ့ ကလေးတွေရှိတယ်။ ကျွန်တော်လည်း အသက်တွေကြီးလာပြီး မကျန်းမာတာနဲ့ အလုပ် ကောင်းကောင်းမလုပ်နိုင်ဘူး။ […] ကျွန်တော်အဖမ်းခံရတဲ့မတိုင်ခင်က သူအဖမ်းခံခဲ့ရတာ။ […] သူအဖမ်း ခံရတာ ၄ လဝန်းကျင် လောက်တော့ရှိနေပြီး။ […] ဦးရဲ့သမီးက အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်။ ဝင်‌ငွေမလုံလောက်တဲ့အတွက် သူရဲ့ကလေးတွေကို ကျောင်းမထားပေးနိုင်ဘူး။ သူအနေနဲ့ အရမ်းကြိုးစားလို့ ဒီနှစ်တော့ သူ့ကလေးလေးယောက်ကို ကျောင်းထားပေးနိုင်ပြီး။ ဒါပေမဲ့ ကျွန် တော်ထင်တာ နောက်နှစ်တော့ ကလေးတွေကို ကျောင်းဆက်ထားနိုင်မယ်မထင်ဘူး။ နောက်နှစ်ကျရင် လေး တန်းတက်နေတဲ့ သူ့ရဲ့ကလေးနှစ်ယောက်ကို ကျောင်းထုတ်မယ်လို့ပြောတယ်။ သူ့ရဲ့ယောကျ်ားအတွက် အမြဲတမ်းဖယောင်းတိုင်မီးထွန်ပေးမဲ့ သူ့ယောကျ်ားပြန်မရောက်လာသေးဘူး။” 

ဤကဲ့သို့‌သောတိုက်ခိုက်မှုများနှင့်ရင်ဆိုင်ကြရသော်လည်း မိဘများ သို့မဟုတ် အုပ်ထိန်းသူများအနေဖြင့် ၎င်း တို့၏ကလေးများ ပညာသင်ကြားခွင့်ရရှိနိုင်ရန်အတွက် အဓိကအခန်းကဏ္ဍနှင့် တာဝန်များကိုဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။ ဥပမာ မိဘများနှင့် အုပ်ထိန်းသူများသည် ကျောင်းသင်ခန်းစာသင်ယူရန် ဘေးကင်းလုံခြုံသည့်နေရာရှာဖွေရေး အခန်းကဏ္ဍတွင်ပါဝင်ခြင်း၊ ကျောင်းအဆောက်အဦးများဆောက်လုပ်ပေး ခြင်း၊ ရွာထဲရှိဆရာ၊ဆရာမ များအားခန့်အပ်ခြင်း၊ ဆရာ၊ဆရာမများကို (ငွေကြေး၊ ကောက်ပဲသီးနှံ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်) ထောက်ပံ့မှုပေးခြင်း၊ ကျောင်းအသုံးအဆောင်များဝယ်ယူခြင်းနှင့် ၎င်းတို့၏သားသမီးများကို စာသင်ကျောင်းသို့ပို့ဆောင်ခြင်းတို့ကို ပြုလုပ်ကြရပါသည်။

ဥပမာ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေကေးကျေးရွာအုပ်စုအတွင်း KECD ကျောင်းရှိသည့် ပဋိပက္ခဖြစ်ပွား သည့် ဆဒ--- ကျေးရွာတွင်နေထိုင်သော နော်ဒ--- မှ ဤကဲ့သို့ ပြောပြခဲ့သည်။ 

“စပါးရိတ်သိမ်းချိန်ဖြစ်လို့လေယာဥ်လာပစ်ရင်တောင် ကျွန်မတို့ထွက်ပြေးတိမ်းရှောင်ဖို့အတွက် ခက်ခဲတယ်။ ကျွန်မတို့တွေ အင်ဖက်တွေကို လိုက်စုပြီး ကျောင်းခေါင်မိုးမိုးဖို့အတွက် ဖက်ထိုးကြတယ်။ ကျောင်းအတွက် အားလုံးကျွန်မတို့ ကိုယ့်ဘာသာ ကိုယ်လုပ်ရတယ်။ မနှစ်က လက်နက်ကိုင်ပဋိပက္ခကြောင့် ကျောင်းပိတ်လိုက်ရတယ်။အဲ့ဒါကြောင့် ကျွန်မရဲ့အ ငယ်ဆုံးကလေး နှစ်ကုန်စာမေးပွဲကိုမဖြေလိုက်ရဘူး။ […] အခုလောလောဆယ်တော့ အတန်းတွေကိုရပ်နား ထားရမယ်။ စပါးရိတ်သိမ်းချိန်ပြီးတာနဲ့ ကျောင်းကိုပြန်စရမယ်လို့ကျွန်မထင်တယ်။ ကျွန်မတို့ ကျောင်းပြန်ဖွင့် နိုင်ဖို့အတွက် ကြိုးစားရမယ်။” 

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုးခီးကျေးရွာအုပ်စုအတွင်း ပဋိပက္ခဖြစ်ပွားသည့်နေရာတစ်ခုဖြစ်သည့် ဆဃ--- ကျေးရွာရှိ KECD ၏ထောက်ပံ့ပေးမှုအချို့လက်ခံရရှိသော လူမှုအသိုက်အဝန်းကျောင်းတစ်ကျောင်း၏ကျောင်းအုပ်ကြီးတစ်ဦးဖြစ်သော စောဃ--- မှ ဤကဲ့သို့ ပြောပြခဲ့ပါသည်။ 

“ကျွန်တော်တို့က ဘေးကင်းလုံခြုံမှု ရှိတဲ့နေရာတွေကို ရှာဖွေဖို့အတွက် အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ရတယ်။ မိုးရာသီမှာစာသင်ကျောင်း ဆောက်ဖို့အတွက် ဘာပစ္စည်းမှမရှိဘူး။ ကလေးတွေလည်း ကြောက်ပြီးနေနေရတယ်။ အရာအားလုံးက စိန် ခေါ်မှုတွေကြီးပဲ။ […] ကျွန်တော်တို့က ကျောင်းသားတွေအတွက် ကျောင်းမှာကျင်းတစ်ကျင်းတူးထားတယ်။ ဒါပေမဲ့ အဲ့ဒီ SAC ဗုံးတွေကအတော်တော်ကြီးတယ်။ ဒါကြောင့် ဗုံးခိုကျင်းလည်း မကာကွယ်ပေးနိုင်ပါဘူး။ ကျွန်တော့်ရဲ့အငယ်ဆုံးမောင်နှမ [ကျောင်းသားတစ်ဦး] ဆိုရင် ဗုံးခိုကျင်းထဲမှာပဲ သေသွားတယ်။ […] ကျွန်တော်က မြို့နယ် KECD ဝန်ထမ်းတွေ ဒေသခံလူမှုထောက်ပံ့ရေးအဖွဲ့အစည်းတွေနဲ့ ကျေးရွာအုပ်စုခေါင်းဆောင်တွေနဲ့တွေ့ပြီး ကျောင်းပြောင်းရွေ့ဖို့အတွက် ပိုပြီးတော့လုံခြုံမှုရှိတဲ့နေရာတစ်နေရာကို စီစဥ်ပေးဖို့ရည်ရွယ်ထားတယ်။ ဒါပေမဲ့ ဒါကိုစီစဥ်ဖို့အတွက်က အချိန်ယူရလိမ့်မယ်။ […] ကျွန်တော်တို့တွေ KECD ဆီကနေ ကျောင်းအသုံးအဆောင်တချို့ရရှိပေမဲ့ မလောက်ဘူး။” 

     (ဃ) ထွက်ပြေးတိမ်းရှောင်သည့်နေရာများရှိ ပညာ‌ရေးအခြေအနေ

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်နောက် လက်နက် ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ ကျေးရွာများအနီးတိုက်ပွဲဖြစ်ပွားခြင်း၊ မြေမြှုပ်မိုင်းများပြားစွာအသုံးပြုခြင်း၊ အရပ်သားများအားတိုက်ခိုက်ခြင်း၊ အိမ်မီးရှို့ခြင်း၊ လက်နက်ကိုင်များကျေးရွာများတွင်ရှိနေခြင်းနှင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူမှုအသိုက် အဝန်းအပေါ် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်ခြင်းအပါအဝင် SAC ၏ တိုက်ခိုက်မှုများပိုမိုများပြားလာခြင်း တို့ကြောင့် နေရပ်ရွေ့ပြောင်းနေထိုင်ရမှု ပို၍တိုးများလာခဲ့ပါသည်။[16] ထွက်ပြေးတိမ်းရှောင်သည့်နေရာဒေသ များအနီးတွင် ကျောင်းများမရှိသောကြောင့် နေရပ်‌ရွေ့ပြောင်းနေထိုင်ရမှုသည် ကလေးများနှင့် လူငယ်များ ပညာရေးသင်ယူရရှိနိုင်ရန်အတွက် အဓိကအတားအဆီးဖြစ်စေပါသည်။ ထို့အပြင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများ နေရာဒေသအသီးသီးသို့ ထွက်ပြေးတိမ်ရှောင်နေရသောကြောင့် ထွက်ပြေးတိမ်း ရှောင်နေကြရသည့်မိဘအချို့သည့် ၎င်းတို့၏ကလေးများအတွက် ဆရာ၊ရာမများ မရှာဖွေနိုင်ကြပါ။

အချို့သောနေရပ်ရွေ့ပြောင်းနေထိုင်ရမှုသည် ရွာသားများအနေဖြင့် ၎င်းတို့၏ကျေးရွာများ တိုက်ခိုက်ခံရခြင်း ကို ကြုံတွေ့ရပြီးသည့်နောက် ဖြစ်ပေါ်လာခဲ့ပါသည်။ ထိုကဲ့သို့သောတိုက်ခိုက်မှုများတွင် ရွာသားများသည် ၎င်းတို့အသက်ရှင်လွတ်မြောက်ရန်အတွက် ကြိမ်ဖန်များစွာ ထွက်ပြေးခဲ့ကြရပါသည်။ ရွာသားများထွက်ပြေးတိမ်းရှောင်နေရစဥ်တွင် စာသင်ကျောင်းအ‌ဆောက်အဦးများကိုပိတ်ထားရပြီး အခြေအနေကောင်းမွန်လာသည့် အချိန်မှသာ ပြန်ဖွင့်ပါသည်။ အစီရင်ခံစာပြုစုရေးသားချိန်အတွင်း အချို့သောကျောင်းများသည် SAC ၏ ဆက်လက်တိုက်ခိုက်မှုများကဲ့သို့သော လက်နက်ကြီးပစ်ခတ်ခြင်း သို့မဟုတ် ဆက်တိုက်ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများ၏ ခြိမ်းခြောက်မှုများကြောင့် ပြန်လည်ဖွင့်နိုင်ခြင်းမရှိခဲ့ပါ။ ဒူးသထူခရိုင်၊ သထူ (သထုံ) မြို့ နယ်၊ ကော်လယ်ကျေးရွာအုပ်စု၊ ဆဝ--- ကျေးရွာမှ ကျေးရွာခေါင်းဆောင်တစ်ဦးဖြစ်သည့် စောယ--- မှ “၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျောင်းသားတွေက မတူညီတဲ့နေရာတွေကို ထွက်ပြေးရလို့ ကျောင်းလုံးဝဆက်မတက် နိုင်တော့ဘူး။ ရွာထဲမှာနေဖို့ ဘယ်ရွာသားကမှ လုံခြုံတယ်လို့မခံစားရဘူး။ ဒါကြောင့် ကလေးတွေကျောင်း ဘယ်လိုတက်နိုင်မှာလဲ။” ဟုပြောပြခဲ့ပါသည်။ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တော်ပလာကျေးရွာအုပ်စု၊ ဆပ--- ကျေးရွာရှိ အခြားရွာသားတစ်ဦးဖြစ်သော နော်ဖ--- မှ “သူတို့တွေ ဘယ်အချိန်မှာ ကျောင်းပြန်ဖွင့်မယ်ဆို တာကို ရွာသားတွေ မခန့်မှန်းနိုင်ဘူး။ ရှေ့ဆက်လက်နက်ကိုင်ပဋိပက္ခတွေ ရှိကောင်းရှိနိုင်တယ်လို ကျွန်မတို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ SAC နောက်တစ်ခေါက် ထပ်လာမယ်ဆိုတဲ့ သတင်းကို ကျွန်မတို့လက်ခံရရှိ လို့ပဲ။” ဟု KHRG ကိုပြောပြခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် SAC မှ ဆပ--- ကျေးရွာသို့လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် နော်ဖ--- ၏ လူမှုအသိုက်အဝန်းတွင်နေထိုင်သူများ ထွက်‌ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ 

ဒေသခံရွာသားများနှင့် လူမှုအသိုက်အဝန်းခေါင်းဆောင်များသည် ထွက်ပြေးတိမ်းရှောင်နေရသည့်ကာလကြာမြင့်မှုအတွင်း ၎င်းတို့၏ကလေးများနှင့် လူငယ်များပညာရေးဆည်းပူးရရှိနိုင်ရန်အတွက် အကောင်းဆုံးကြိုးစားကြပါသည်။ အချို့ရွာသားများသည် တောထဲ၊ လယ်တဲ၊ နွားတင်းကုတ်နှင့် ဆရာ၊ဆရာမ နှင့် ကျောင်းသားများထွက်ပြေးတိမ်း‌ရှောင်သည့် မည်သည့်နေရာမဆိုတွင် ယာယီသင်ကြားမှုနေရာများဆောက်လုပ်ကြပါသည်။ သို့သော်လည်း နေရာဒေသအများအပြားတွင်ရှိသော ရွာသားများသည် ထိုကဲ့သို့သောနေရာများကို မပြုလုပ်နိုင်ကြပါ။ ဥပမာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် SAC ၏ အမြောက်တပ် အမှတ် (၄၀၁) နှင့် ခလရ အမှတ် (၄၀၄) နှင့် အမှတ် (၄၁၀) တို့မှ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတဲတီ၊ ထီးသဘလုထနှင့် မထော ကျေးရွာအုပ်စုများသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပါသည်။ ထို့ကြောင့် ဤကျေးရွာအုပ်စုများရှိ ရွာသားအများအပြားသည် ၎င်းတို့၏လယ်ယာများ၊ စိုက်ခင်းများ၊ သို့မဟုတ် တောတောင်များသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး ထွက်ပြေးတိမ်းရှောင်သည့်နေရာများတွင် ၎င်းတို့၏ကလေးများ ကျောင်းသင်ခန်းစာ တက်ရောက်သင်ယူနိုင်ရန်အတွက် ကျောင်းများတည်ဆောက်ခဲ့ကြပါသည်။ မထောကျေးရွာအုပ်စုရှိ ဆခ--- ရွာသားတစ်ဦးဖြစ်သော စောဈ--- မှ

“မူတြော်ခရိုင်မှာရှိတဲ့ကျွန်တော့်ရွာဆိုရင် လက်နက်ကိုင် ပဋိပက္ခကြောင့် ကျောင်းသားတွေ စာသင်ကျောင်းမှာစာသင်လို့မရဘူး။ ဒါကြောင့် သူတို့တွေက တောထဲနဲ့ ဗုံးခိုကျင်းတွေထဲမှာ စာသင်ရတယ်။ ဒါမှမဟုတ် SAC လေယာဥ်လာတဲ့အချိန်ဆိုရင် သူတို့က ကျောင်းကနေပြီး ဗုံးခိုကျင်း ထဲကိုပြေး သွားရတယ်။ ဆိုရှယ်မီဒီယာမှာလည်း သင်တွေ့ရင်တွေ့ဖူးလိမ့်မယ်။ ကျွန်တော်ကတော့ ဒီအခြေအနေကို ၂၀၂၃ ခုနှစ်ထဲမှာ မျက်မြင်ကြုံရပြီးပြီ။” 

ဟု ရှင်းပြခဲ့ပါသည်။ 

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပလောဒေသတွင်တည်ရှိသည် နေရပ်ရွှေ့ပြောင်းနေထိုင်သည့်နေရာသုံးနေရာတွင် လယ်မူလားမြို့နယ်ရှိ ကျေးရွာ ၄၅ ရွာမှ ပြည်တွင်းနေရပ်စွန့်ခွါရသူ (IDPs) ၂,၆၉၁ ဦးခန့်ရှိပါသည်။ အဆိုပါရွာသားများသည် ၎င်းတို့လူမှုအသိုက်အဝန်းတွင် ဖြစ်ပွား သောတိုက်ပွဲဆက်လက်ဖြစ်ပွားမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် SAC လေကြောင်းတိုက်ခိုက်မှု၊ အိမ်မီးရှို့မှုနှင့် မြေမြှုပ်မိုင်းအများအပြားထောင်ထားမှုတို့ကြောင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရပါသည်။ လူမှုအသိုက်အဝန်းမှ နေရပ်ပြောင်းရွှေ့နေထိုင်သည့်နေရာများတွင် ကျောင်း များတည်ဆောက်ခြင်း၊ လူထုအခြေပြုအဖွဲ့အစည်းများ (CBOs) နှင့် ဒေသခံအစိုးရမဟုတ်သောအဖွဲ့အစည်း များ (NGOs) ၏ထောက်ပံ့ပေးမှုအချို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အချိန်အတွင်း ပြည်တွင်းနေ ရပ်စွန့်ခွါရသည့်ကလေးများ မူလတန်းပညာရေးသင်ကြားခွင့်ရရှိကြပါသည်။ သို့သော်လည်း တောထဲ သို့မ ဟုတ် လူမှုအသိုက်အဝန်းနှင့်ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော မိသားစုဝင်များမှကလေးများသည်မသေချာမရေရာခြင်းနှင့် အရင်းအမြစ်အနည်းငယ်သာရှိခြင်းတို့ကြောင့် ပညာရေးသင်ယူခွင့်ရရှိနိုင်ရန် အခက်အခဲကြီးမားစွာရင်ဆိုင်ကြရပါသည်။

အချို့သောကလေးများနှင့် လူငယ်များသည် ‌ပညာသင်ကြားခွင့်ရရှိနိုင်ရန်အတွက် ပဋိပက္ခဖြစ်ပွားမှုမရှိသော အခြားနေရာသို့ထွက်ပြေးခဲ့ကြပြီး ၎င်းတို့ထဲမှအချို့သည် နယ်စပ်ဒေသတစ်လျှောက်ရှိ ရွှေ့ပြောင်းကျောင်းများတွင် ပညာရှာဖွေဆည်းပူးရန်အတွက် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြပါသည်။ ဒူးပလာယာခရိုင်၊ ကော်တရီမြို့ နယ်၊ ကောနွဲ့ကျေးရွာအုပ်စု၊ ဆစ--- ကျေးရွာရှိ ထွက်ပြေးတိမ်း‌ရှောင်နေရသည့် အသက် (၁၅) နှစ်အရွယ်ကျောင်း သူတစ်ဦးဖြစ်သည့် နော်ထ--- မှ “ကျွန်မ နောက်မှာကျန်ခဲ့မယ်ဆိုရင်တော့ ကျွန်မရဲ့ပန်းတိုင်ကိုရောက်မှာမ ဟုတ်ဘူး။ ကျွန်မဦးလေး‌နဲ့ ထိုင်း-မြန်မာနယ်စပ်ကို လိုက်သွားမယ်ဆိုရင်တော့ အလုပ်ရပြီး ပိုက်ဆံစုနိုင်မယ်။ နောက်ဆုံးတော့ ကျောင်းနောက်တစ်ခါပြန်တက်နိုင်မယ်။ ထိုင်းနိုင်ငံကိုထွက်ပြေးတဲ့ ကျွန်မရဲ့မျှော်လင့်ချက် ကဒါပါပဲ။” ဟုပြောပြခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မေလတွင် သူမသည် ဒေသခံလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခု ၏ထောက်ပံ့မှုဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင်တည်ရှိသော ရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ် သည့် ဆထ--- ကျောင်းတွင် အောင်မြင်စွာကျောင်းအပ်နိုင်ခဲ့ပါသည်။ 

ထို့နည်းတူ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ခေါ်ဖိုးပလယ်ကျေးရွာအုပ်စုရှိ ဆန--- ကျောင်းအုပ်ကြီးဖြစ်သော နော်တ--- မှ “ကျွန်မတို့ကျောင်းကနေ ဆယ်တန်းပြီးတဲ့ကျောင်းသားတွေဆိုရင် မဲဆောက်၊ မယ်လစခန်း (ထိုင်း နိုင်ငံ) ဒါမဟုတ် အခြားရွာတွေမှာရှိတဲ့ ဆတ----၊ ဆယ---၊ နှင့် ဆဖ--- ကျောင်းတွေမှာ ကျောင်းဆက်တက်ကြတယ်။ အချို့ကျောင်းသားတွေဆိုရင် မိသားစုရဲ့အသက်မွေးဝမ်းကျောင်းအတွက် မိဘတွေကို အလုပ်ဝိုင်းကူလုပ်ပေးကြတယ်။” ဟုပြောပြခဲ့ပါသည်။ 

(၄) ခြုံငုံသုံးသပ်လေ့လာခြင်း - လုံခြုံရေးနှင့် SAC ၏ ပညာရေးတိုက်ခိုက်မှုအပေါ် ဥပဒေဆိုင်ရာသက်ရောက်မှုများ

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ပညာသင်ကြားခွင့်ရရှိရန် ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများသည် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုမတိုင်မီ ကြာမြင့်စွာကတည်းက စိုးရိမ်ပူပန်မှုများကို ဖြစ်စေခဲ့ပါသည်။ ရွာသားများသည် ဆယ်စုနှစ်များကြာစွာ ဗမာလူမျိုးကြီးဝါဒ၏ စနစ်တစ်ခုကိုခံစားလာခဲ့ရပါသည်။ ဗမာအစိုးရကျောင်းများ၏သင်ရိုးညွှန်းတမ်းများတွင် တိုင်းရင်သားလူနည်းစုများကို သွေဖယ်ထားပြီး ၎င်းတို့၏‌ ဒေသခံဘာသာစကားကို မျက်ကွယ်ပြုထားခြင်းဖြင့် ဗမာလူမျိုးကြီးဝါဒကိုပြဌာန်းကျင့်သုံးလာခဲ့ကြပါသည်။ ၂၀၂၀ ခုနှစ်တွင် COVID-19 ကြောင့်ကျောင်းများကို အကန့်အသတ်မရှိ မကြာခဏပိတ်ထားခဲ့ရပါသည်။ ယနေ့တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်အချိန်မှစ၍ SAC အနေဖြင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ အဓမ္မဖမ်းဆီးခြင်း၊ အဓမ္မအစဖျောက်ပစ်ခြင်း၊ အဓမ္မခိုင်းစေခြင်းနှင့် ညှဥ်းပမ်းနှိပ်စက်ခြင်းစသည်တို့ကို ရွာသားများအပေါ်ဆက်တိုက်ကျူးလွန်လာခဲ့ပြီး ထိုကဲ့သို့သောကျူးလွန်မှုများမှ ရွာသားများ၏အသက်ဆုံးရှုံးရခြင်း၊ ရွာသားများနှင့် ၎င်းတို့၏ကလေးများ အလွန်အမင်းကြောက်ရွံ့ခြင်းနှင့် အဓမ္မနေရပ်ရွှေ့ပြောင်းနေထိုင်နေရ ခြင်း ပိုမိုများပြားလာခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ အစီရင်ခံစာကာလအတွင်း စစ်တပ်တိုးများလာမှု၊ စစ်တပ်မှကျောင်းများအားတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဗုံးကျဲချခြင်း၊ ပြုစုစောင့်ရှောက်သူများအားတိုက်ခိုက်ခြင်း၊ မိသားစုစီပွားရေးဆိုင်ရာရုန်းကန်နေရခြင်းနှင့် အာဏာဖီဆန်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သူများကို တိုက်ခိုက်ခြင်းအပါဝင် SAC ၏ ဤကဲ့သို့သောလုပ်ရပ်ကြောင့် ပညာရေးအပေါ် စိန်ခေါ်မှုအဖက်ဖက်ဖြစ်စေသည့် အကြောင်းအရာများကို မှတ်တမ်းပြုစုထားပါသည်။ ရွာသားများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရစဥ်တွင် ၎င်းတို့၏ကလေးများ အနှောက်အယှက်မရှိ ပညာသင်ကြားနိုင်ရန်နှင့် ကျောင်းသင်ခန်းစာများအတွက်စီစဥ်ရန် အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြရပါသည်။ 

ရွာသားများသည် အသက်အန္တရာယ် အဆက်မပြတ်ရှိသည့်ကြား၌ပင် ၎င်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာကို ထိန်းသိမ်းမြှင့်တင်ပေးသည့် အရည်အသွေးရှိပညာရေးကို ကလေးများသင်ကြားခွင့်ရရှိရန် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြပါသည်။ ကျောင်းသားများ၊ မိဘများ၊ ဒေသခံခေါင်းဆောင်များနှင့် အဖွဲ့အစည်းများအပါအဝင် ရွာသားများသည် ပညာရေးသင်ကြားခွင့်ရရှိရန် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လုပ် ဆောင်ခဲ့ကြပါသည်။ ၎င်းတို့အနေဖြင့် ကျောင်းပညာသင်ကြားနိုင်ရန်အတွက် ဘေးကင်းလုံခြုံသောနေရာများ ကိုရှာတွေ့ပြီး ထွက်ပြေးတိမ်းရှောင်သည့်နေရာများတွင် ကျောင်းများတည်ဆောက်ခြင်း၊ ပျက်စီးသွားသည့် ကျောင်းများကို ပြန်လည်တည်ဆောက်ခြင်း၊ တိုင်းရင်းသားသင်ရိုးညွှန်းတမ်းများကို သင်ကြားပို့ချရန် ဆရာ၊ဆ ရာမများကိုခန့်အပ်ခြင်းနှင့် ၎င်းတို့အားထောက်ပံ့ပေးခြင်း၊ ကျောင်းအသုံးအဆောင်များရှာတွေ့ပြီး ထိုင်းနိုင်ငံ အပါအဝင် ဘေးကင်းလုံခြုံသည့်နေရာများတွင် ကျောင်းသားများကျောင်းတက်နိုင်ရန် စီစဥ်ပေးခြင်းတို့ကို ကြိုးစားဆောင်ရွက်ကြပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် ဆိုးရွားသည့်အခြေအနေ များကြား၌ပင် မျိုးဆက်သစ်များ အာမခံချက်ရှိသော အနာဂတ်ပညာသင်ကြားခွင့်အတွက် ကြိုးပမ်းအားထုတ်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ 

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ၏ အပိုဒ် (၂၆) အပါအဝင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) ၏ အပိုဒ် (၂၈) ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေး များဆိုင်ရာနိုင်ငံတကာပဋိညာဉ် (ICESCR) ၏ အပိုဒ် (၁၃) အသီးသီးရှိသည့် လူ့အခွင့်အရေးဆိုင်ရာသဘော တူစာချုပ်များစွာတွင် ပညာသင်ကြားခွင့်ကို ပြဌာန်းထားပါသည်။ မြန်မာနိုင်ငံသည် CRC နှင့် ICESCR နှစ်ခုလုံးကို အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ICESCR ၏ အပိုဒ် (၁၃)၊ အထွေထွေ မှတ်ချက် (၁၃) တွင် ပညာ သင်ကြားခွင့်၏အရေးပါမှုကို ‘လူ့အခွင့်အရေးကိုယ်၌နှင့် အခြားလူ့အခွင့်အရေးများကို သိရှိနားလည်ခြင်း၏ မရှိမဖြစ်လိုအပ်သောနည်းလမ်း’ အဖြစ် အလေးပေးဖော်ပြထားသည်။ နိုင်ငံများအနေဖြင့် ပညာသင်ကြားခွင့် ကိုလေးစားကြောင်း သေချာစေရန် နှင့် ကလေးများအားထောက်ပံ့မှုပေးနေသော မိဘများ သို့မဟုတ် ပြုစု စောင့်‌ရှောက်သူများ၏ အခွင့်အရေးများ၊ တာဝန်နှင့် ဝတ္တရားများကိုလေးစားရန်မှာ ၎င်း၏တာဝန်ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင်ပါရှိသည့် SAC မှကျောင်းများအား အဆက်မပြတ်တိုက်ခိုက်ကျူးလွန်မှုများသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပညာရေးအခွင့်အရေးကို စနစ်တကျထင်ရှားစွာ ကျူးလွန်ရာရောက်ပါသည်။

ပညာသင်ကြားခွင့်သည် ခွဲခြားဆက်ဆံခံရခြင်းမှ ကင်းလွတ်ခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများ အပါအဝင် အခြားသောလူ့အခွင့်အရေးများနှင့် ဆက်စပ်နေသည်။ CRC မှ ‘ကလေးများ၏ပညာရေးသည် […] ကလေးများ၏မိဘများ၊ ယဉ်ကျေးမှုဆိုင်ရာဝိသေသလက္ခဏာများ၊ ဘာသာစကားနှင့် စံတန်ဖိုးများအားလေး စားမှုပြသခြင်းအပေါ်တွင် မှုတည်ပါသည်။’ အထူးသဖြင့် လူနည်းစုများ၏ နယ်မြေဒေသများအတွင်း တည်ရှိ နေသေးသော ၎င်းတို့၏ ‘သမိုင်း၊ ဓလေ့ရိုးရာ၊ ဘာသာစကားနှင့် ယဥ်ကျေးမှုစသည့်အသိပညာများကို လေ့လာသင်ယူနိုင်ရန် နိုင်ငံများအနေဖြင့် လူနည်းစုများ မိခင်ဘာသာစကားကို သင်ယူရန် သို့မဟုတ် ၎င်းတို့၏ မိခင် ဘာသာစကားအတွက် ညွှန်ကြားမှုပေးရန်နှင့် ပညာရေးနယ်ပယ်တွင် တိုင်းထွာမှုပြုလုပ်ရန်’ အတွက်လုံ လောက်သည့်အခွင့်အရေးကို ပေးရမည့်တာဝန်ရှိပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးအချိန်မှစ၍ SAC သည် ကျောင်းသားများအား ခွဲခြားဆက်ဆံခြင်းမပြုသည့်မူကို ချိုးဖောက်ကာ SAC အုပ်ချုပ်ခွင့်ရကျောင်းများ တွင်တက်ရောက်ရန် ဖိအားပေးခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်အမှတ် (၂၆၀၁) ကို အတည်ပြုခဲ့ပြီး နိုင်ငံများ အနေဖြင့် ‘လက်နက်ကိုင်ပဋိပက္ခများအပါအဝင် ပညာရေးဆိုင်ရာအခွင့်အရေးများကို စောင့်ရှောက်၊ ကာကွယ်၊ လေးစားရန်နှင့် မြှင့်တင်ပေးရန် တောင်းဆိုခဲ့ပါသည်။ ၎င်းမှ ‘ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအောင်မြင် မှုအတွက် ၎င်း၏ပံ့ပိုးကူညီမှု’ ကိုထပ်မံအတည်ပြုခြင်းနှင့် ‘လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းအတွက် ပညာ ရေးတွင် တန်ဖိုးမဖြတ်နိုင်သောအခန်းကဏ္ဍ’ ကို အလေးပေးဖော်ပြခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက် အမှတ် (၂၆၀၁) မှ ‘အရပ်သားများနှင့်ဆက်စပ်နေသောကျောင်းများအား ဆက်လက်ခြိမ်းခြောက်တိုက်ခိုက်ခြင်းနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေချိုးဖောက်ကျူးလွန်မှုကို’ ပြင်းထန်ရွာရှုတ်ချထားပါသည်။  ထို့အပြင် လက်နက်ကိုင်ပဋိပက္ခများရှိ အဖွဲ့အစည်းများအားလုံးကို ‘ဤကဲ့သို့သောတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ပညာရေးသင်ကြားခွင့်ကို အဟန့်အတားဖြစ်စေသောလုပ်ရပ်များကို ရှောင်ကျဥ်ရန်’ တိုက်တွန်းလိုပါသည်။ ကရင်ပြည်နယ်အတွင်းရှိကျောင်းများ ပိတ်ထားခံရခြင်း၊ ပစ်မှတ်ထားခံရခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းတို့ကြောင့် သုံးနှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ်ရှိ ပညာရေးအခြေအနေကို ဆိုးရွားစွာထိ ခိုက်စေခဲ့ပါသည်။ 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ၏ ခွဲခြမ်းစိတ်ဖြာခြင်းမူ အရ ပဋိပက္ခ အတွင်း အရပ်သားများနှင့်အရပ်သားများ၏ အရာဝတ္တုများဖြစ်သည့် စာသင်ကျောင်းအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို အတိအလင်းရှုတ်ချထားပါသည်။  စာသင်ကျောင်းများသည် ကလေးများ၏လို အပ်ရာများကို လိုက်လျောညီထွေစွာဆောင်ရွက်နေသော အခြေခံအုတ်မြစ်အဖြစ် အသိအမှတ်ပြုခံရကြပါသည်။ စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းသည် နိုင်ငံတကာမှုဥပဒေအောက် အထူးရိုသေလေးစားမှုနှင့် ကာကွယ်မှုရသင့်ရထိုက်သော ကလေးများအပေါ် သက်ရောက်မှုကို ဆိုးရွားစွာဖြစ်ပေါ်စေပါသည်။ စာသင်ကျောင်းများကို အရပ်သားပစ္စည်းများသဖွယ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ကလေးများအပါအဝင် အရပ်သား များကို အကာအကွယ်‌‌ပေးရန်ပျက်ကွက်ခြင်းဖြင့် ဤအစီရင်ခံစာတွင် ဖော်ပြထားသော အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ရှင်းလင်းစွာချိုးဖောက်နေကြောင်း ဖော်ပြနေပါသည်။ 

အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုဥပဒေ (ICL) အရ နိုင်ငံတကာမဟုတ်သော လက်နက်ကိုင်ပဋိပက္ခတစ်ခုအတွင်း အကာ အကွယ်ပေးထားသည့် ကျောင်းများကဲ့သို့သော အရာဝတ္ထုများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းသည် ရောမဥပဒေပါ အပိုဒ် ၈ (၂) (င) (၄) အောက် စစ်ရာဇဝတ်မှုမြောက်ပါသည်။ ဤအစီရင်ခံစာအရ SAC မှ စာသင်ကျောင်းများ၊ ကလေးများ၊ ဆရာ၊ဆရာမများနှင့် လူမှုအသိုက်အဝန်းများကိုတိုက်ခိုက်ခြင်းသည် အရပ်သားများ၏ပစ္စည်းဥစ္စာများ၊ အရပ်သားများနှင့် ကလေးများ၏အခွင့်အရေးများကို စနစ်တကျနှင့်ထင်ရှားသိသာစွာလျစ်လျူရှုနေကြောင်းပြသနေပြီး စစ်ရာဇဝတ်မှုကျူးလွန်နိုင်သည့် အတိုင်းအတာထိဖြစ်စေပါသည်။ 

(၅) အကြံပြုချက်များ

ဒေသဆိုင်ရာနှင့် နိုင်ငံရပ်ခြားအစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် လူထုအခြေပြုအဖွဲ့အစည်းများ 

  • စစ်အာဏာရှင်သည် လက်ရှိဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ၏အကြောင်းအရင်းဖြစ်ကြောင်းကို အသိအမှတ်ပြုရန်နှင့် စစ်အာဏာရှင်နှင့်သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းနှင့် ထောက်ခံချက်ပေးခြင်းများအပါအဝင် ၎င်းတို့အား တရားဝင်အသိအမှတ်ပြုခြင်းကို ရှောင်ကျဥ်ရန်။
  • ကရင်လူမျိုးများကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြည်ပြည်ဆိုင်ရာစုံ စမ်းစစ်ဆေးမှုများအား ပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်နှင့် SAC ခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဥ်များမှတဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အပါ အဝင် အပြည်ပြည်ဆိုင်ရာတရားရုံးများတွင် စစ်ဆေးအရေးယူခြင်းဖြင့် ဗမာပြည်တွင်း အရပ်သားများ အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်။ 
  • အာဏာသိမ်းစစ်တပ်၏ စစ်ဆင်ရေးများနှင့် အရပ်သားများအပေါ်တိုက်ခိုက်မှု အားနည်းစေရန်အတွက် SAC အရာရှိများ၊ လောင်စာဆီရောင်းချသူများနှင့် လက်နက်ရောင်းဝယ်သူများအပေါ် ပစ်မှတ် ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ပိုမိုတိုးမြင့်လုပ်ဆောင်ရန်။ 
  • မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျောင်းသားများနှင့် ဆရာ၊ဆရာမများအတွက် ပညာရေးဆိုင်ရာအထောက်အပံ့များ၊ ယာယီသင်ကြားရေးနေရာများနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ‌ထောက်အပံ့များပေးရန်။ ဤကူညီ ထောက်ပံ့ပေးမှုများကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ (CSO/ CBOs) နှင့် တိုင်းရင်းသားရေးရာဝန်ဆောင်မှုပေးသူများမှတစ်ဆင့်ပေးပို့ရန်။
     
Wed, 10 Jul 2024

Footnotes: 

[1] KHRG မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “Undeniable: War crimes, crimes against humanity and 30 years of villagers’ testimonies in rural Southeast Burma” တွင်ကြည့်ပါ။

[2] KHRG မှ ၂၀၁၉ ခုနှစ်၊ မေလတွင် ထုတ်ဝေသော “Dreaming of Home, Hoping for Peace: Protracted Displacement in Southeast Myanmar” တွင်ကြည့်ပါ။

[3] KHRG မှ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေသော “Beyond the Horizon: Local Perspectives on Peace, Justice and Accountability in Southeast Myanmar” တွင်ကြည့်ပါ။

[4] ဤသတင်းအကြောင်းအရာကို KECD ၏ဝက်ဆိုဒ်တွင်ရှိသော https://kecdktl.org/about-kecd/ “About KECD” ကို ကောက်နှုတ်ယူထားပါသည်။

[5] ဤသတင်းအကြောင်းအရာကို ၂၀၂၄ခုနှစ်၊ မေလတွင် KECD ဝန်ထမ်းတစ်ဦးအား တွေ့ဆုံမေးမြန်းခဲ့သော မဖြန့်ဝေရသေးသည့် အင်တာဗျူး တစ်ခုမှ ကောက်နှုတ်ထားသည်။

[6] KHRG မှ ၂၀၂၂ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေသော “Denied and Deprived: Local communities confronting the humanitarian crisis and protection challenges in Southeast Burma” ၏စာမျက်နှာ (၃၈) မှ (၄၁)တွင် ကြည့်ပါ။

[7] KHRG မှ ၂၀၂၄ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “Statement of condemnation of the enactment of conscription law by the military junta in Burma/Myanmar” တွင် ကြည့်ပါ။ BBC မှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “Myanmar: Young people attempt to flee ahead of conscription order” တွင် ကြည့်ပါ။ ဧရာဝတီသတင်းဌာနမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော , “Conscription Law Adds to Concerns Over Forced Migration From Myanmar to Thailand” တွင် ကြည့်ပါ။ 

[8] ဤဖြစ်စဉ်များအကျဉ်းချုပ်အခန်းတွင် ရေးသားထားသော အချက်အလက်အားလုံးသည် KHRG မှ မထုတ်ဝေရသေးသော အစီရင်ခံစာများမှ ကောက်နှုတ်ထားသည်။ KHRG ထုတ်ဝေထားသော အစီရင်ခံစာများကို ဤနေရာတွင် လင့်ချထားပါသည်။\

[9] ကမ္ဘာ့ကုလသမဂ္ဂဒေသအလိုက် သတင်းအချက်အလက်များစင်တာ (UNRIC) မှ ထုတ်ပြန်ထားသော “The right to education” ကို https://unric.org/en/the-right-to-education/ တွင် ကြည့်ပါ။

[10] KHRG မှ ၂၀၂၄ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “Doo Tha Htoo District Situation Update: SAC shelling into villages in Tha Htoo Township, causing injuries and destruction (September 2022 to February 2023)” တွင် ကြည့်ပါ။ ဤသို့လုပ်ရပ်ကြောင့် ကလေးများ ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကို ထိခိုက်စေပြီး ကျောင်းတွင်စာသင်ယူရန်စိတ်အားထက်သန်မှုအား အနှောက်အယှက်ဖြစ်စေပါသည်။

[11] KHRG မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော “Kler Lwee Htoo District Incident Report: Villagers arrested as human shields, and shelling and looting by the SAC in Moo Township, March 2023” တွင် ကြည့်ပါ။

[12] KHRG မှ ၂၀၂၄ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “Doo Tha Htoo District Situation Update: SAC shelling into villages in Tha Htoo Township, causing injuries and destruction (September 2022 to February 2023)” တွင် ကြည့်ပါ။ ဤသို့လုပ်ရပ်ကြောင့် ကလေးများ ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကို ထိခိုက်စေပြီး ကျောင်းတွင်စာသင်ယူရန်စိတ်အားထက်သန်မှုအား အနှောက်အယှက်ဖြစ်စေပါသည်။ 

[13] KHRG မှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော “Kler Lwee Htoo District Incident Report: Villagers arrested as human shields, and shelling and looting by the SAC in Moo Township, March 2023” တွင် ကြည့်ပါ။

[14] KIC သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “နယ်မြေအတွင်းရှိ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ထွက်ခွာပေးရန် နောက်ဆုံးသတိပေးချက် KNU တပ်မဟာ (၅) ထုတ်ပြန်” တွင် ကြည့်ပါ။

[15] ၂၀၂၄ ခုနှစ်၊ မေလတွင် KECD ဝန်ထမ်းတစ်ဦးအား တွေ့ဆုံမေးမြန်းခဲ့ပြီး မထုတ်ဝေရသေးသော အင်တာဗျူးမှ ကောက်နုတ်ထားသည်။

[16] အထက်ပါ KHRG ထုတ်ဝေသော ငြင်းပယ်ခံပြည်သူများ၏ဘဝများ တွင်ကြည့်ပါ။ KHRG မှ ၂၀၂၃ ခုနှစ် ဇွန်လတွင်ထုတ်ဝေသော “ကျွန်တော်တို့ကိုဘာကြောင့်ပစ်မှတ်ထားရတာလဲ - မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအပေါ် ပစ်မှတ်ထားအကြမ်း ဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း” တွင်ကြည့်ပါ။ 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်