Mon, 06 Apr 2026
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူးမြို့နယ်တွင် မြန်မာစစ်တပ် လက်နက်ကြီးပစ်ခတ်၍ ရွာသားတစ်ဦးထိမှန်ဒဏ်ရာရရှိမှု (၂၀၂၅ ခုနှစ်၊ ဒီဇင် ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်တွင်ဖြစ်ပွားခဲ့သော လက် နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် မြန်မာစစ်တပ်သည် မူးအထူးဒေသရှိ အအ---ကျေးရွာကို လက်နက်ကြီးပစ်ခတ်၍ မောင်အ---ဆိုသည့်ရွာသားတစ်ဦးအား ထိမှန်၍ ၎င်း၏ ပေါင်မှာ ဒဏ်ရာရရှိခဲ့သည်။ မောင်အ---သည် ၎င်း၏စိုက်ပျိုးခြံထဲတွင် အလုပ်လုပ်နေစဉ် လက်နက်ကြီးထိမှန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ဆေးကုသမှုပေးရန်အတွက် အဘ--- ဆေးခန်းသို့ပို့ဆောင်ခဲ့သည်။ မောင်အ---သည် ဤသို့ဒဏ်ရာရ ရှိပြီးနောက်တွင် ၎င်း၏မိသားစုအနေဖြင့် ငွေကြေးအခက်အခဲများရှိလာခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ရွာသားများ သည် ကျေးရွာတွင်ဆက်လက်နေထိုင်ရန် ကြောက်ရွံ့လာကြပြီး တစ်ချို့ရွာသားများလည်း ရွာအပြင်သို့ထွက်၍နေထိုင် ကြသည်။ တစ်ချို့လည်း ကျေးရွာတွင် ကတုတ်ကျင်းများတူး၍ နေထိုင်ကြရသည်။ [1]

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးပစ်ခတ်မှုနှင့် ဒဏ်ရာရရှိမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မူးအထူးဒေသ၊ အအ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မောင်အ---

အသက်

၃၈ နှစ်

ကျား/မ

ကျား

လူမျိုး

ဗမာ

အိမ်ထောင် ရှိ/မရှိ   

ရှိ

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မူးအထူးဒေသ၊ အအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

မသိရှိရ (မြန်မာစစ်တပ်)

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နံ့သာကွင်းမြို့၊ နံ့သာကွင်းစခန်း

မင်းအောင်လှိုင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းစုဆောင်းသူသည် ဤသတင်းဖြစ်စဉ်ကို မူးမြို့နယ်သတင်းဌာန၏လူမှုကွန်ယက်စာမျက်နှာတွင် တွေ့ရှိခဲ့ ပြီးနောက် ဒေသခံအာဏာပိုင်တစ်ဦးကို (ကျေးရွာလက်ထောက်ညွှန်ကြားရေးမှူး) ဆက်သွယ်မေးမြန်းခဲ့သည်။ KHRG သတင်းစုဆောင်းသူသည် ကျေးရွာလက်ထောက်ညွှန်ကြားရေးမှူးထံမှ သတင်းအသေးစိတ်ကို သိရှိရပြီးနောက်တွင် အခင်းဖြစ်ပွားသည့်နေရာကို သွားရောက်ကြည့်ရှု၍ မှတ်တမ်းပြုစုခဲ့သည်။ (ထိုမှတဆင့် လက်နက်ကြီးထိမှန်ဒဏ်ရာရရှိ သည့်ရွာသားကို အင်တာဗျူးခဲ့ပါသည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG သတင်းစုဆောင်းသူသည် လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သူ မောင်အ---ကို အင်တာဗျူးခဲ့သည့်အပြင် အခင်း ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သော ဒေသခံအာဏာပိုင်များနှင့်ရွာသားများကိုလည်း မေးမြန်းခဲ့သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာအုပ်စုတွင် အခြေစိုက်သည့် မြန်မာစစ်တပ်သည် လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့သည်။ အဆိုပါလက်နက်ကြီးနှစ်လုံးသည် မူးမြို့နယ်၊ မူးအထူးဒေသ၊ အအ---ကျေးရွာအနီးရှိ မောင်အ---ပိုင်ဆိုင်သောစိုက်ပျိုးခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ (လက်နက်ကြီးပစ်ခတ် သည့်နေ့တွင် ထိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ပါ။)

 

လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် မောင်အ---သည် ၎င်း၏စိုက်ပျိုးခြံထဲရှိ အပင်များကို ရေလောင်းရန်အတွက် သွား လာနေခဲ့သည်။ ၎င်းသည် (စိုက်ပျိုးပင်များကိုရေလောင်းရန်အတွက်) ရေစုပ်စက်ကို ဖွင့်လိုက်သည့်အချိန်တွင် လက် နက်ကြီးများသည် ၎င်းအနားတွင် ကျရောက်ပေါက်ကွဲ၍ ၎င်း၏ဘယ်ဖက်ပေါင်တွင် ထိမှန်ဒဏ်ရာရရှိခဲ့သည်။ သူသည် ဒဏ်ရာကြောင့် အလွန်နာကျင်စွာခံစားရသည့်အတွက် လမ်းမလျှောက်နိုင်တော့ပဲ အခင်းဖြစ်သည့်နေရာတွင်ပင် ဆက် လက်နေခဲ့သည်။ (မောင်အ---၏စိုက်ပျိုးခြံလည်း လက်နက်ကြီးကြောင့် ပျက်စီးသွားခဲ့သည်။) ဤအကြောင်းကို မောင် အ---က အင်တာဗျူးတွင် ယခုလိုပြောပြသည်။ “ကျွန်တော်ဒဏ်ရာရတဲ့အချိန်မှာ မတ်တပ်ရပ်လို့မရဘူး။ လမ်းလည်း မလျှောက်နိုင်တော့ဘူး။ ကျွန်တော်အရမ်းခံစားရတယ်။ ကျွန်တော်က တော်လှန်ရေးကိုတစ်ခါမှမလုပ်ချင်ဘူး။ အဲဒါ ကြောင့် ရွာမှာရှိတဲ့စိုက်ပျိုးခြံထဲမှာပဲ အလုပ်လုပ်နေခဲ့တာ။ ဒါပေမဲ့ ဒီအခြေအနေကို (လက်နက်ကြီးပစ်ခတ်မှု) ကြုံတွေ့ ခဲ့ရတယ်။ ဒီလိုလက်နက်ကြီးပစ်ခတ်မှုကို ကြုံတွေ့ရမယ့်ကံတရားရှိနေတာလား ဒါမှမဟုတ် ကျွန်တော်ကပဲ ကံမ ကောင်းတာလား မသိတော့ဘူး။”

 

လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် (၁၅) မိနစ်၊ (၂၀) မိနစ်ခန့်အကြာတွင် မောင်အ---၏အိမ်နီးချင်းရွာသားများက ၎င်းအား (အခင်းဖြစ်ပွားသည့်နေရာတွင် လဲနေသည်ကို) တွေ့ရှိခဲ့သည်။ အိမ်နီးချင်းရွာသားများက ၎င်းဒဏ်ရာရရှိနေ သည်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ၎င်းအား အအ---ကျေးရွာတွင် နေထိုင်သည့်ဆရာဝန်ဆီသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါဆရာဝန်သည် (အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) CDM ဆရာဝန်တစ်ဦးဖြစ်သည်။ ထိုမှတဆင့် မောင်အ---အား လိုအပ်သည့်ဆေးကုသမှုပေးရန်အတွက် မူးမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ အဘ---ကျေးရွာရှိ ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) စီမံခန့်ခွဲသော ဆေးခန်းသို့ပို့ဆောင်ခဲ့သည်။ (မောင်အ---အနေဖြင့် ဆေးကုသမှုစရိတ်အတွက် ငွေမည်မျှပေးဆောင်ခဲ့ရကြောင်း မသိရှိရပါ။ သို့သော်လည်း KDHW ဆေးခန်းများသည် ပုံမှန် အားဖြင့် အခမဲ့ဆေးကုသပေးမှုများရှိသည်။)

 

 

ဤဖြစ်စဉ်နှင့်ပတ်သက်၍ မောင်အ--- သည် ၎င်းစိုးရိမ်ပူပန်ရသည့်အကြောင်းကို အင်တာဗျူးတွင် ယခုလိုပြောပြသည်။ “ကျွန်တော့်မှာ ကလေးသုံးယောက်ရှိတယ်။ ကလေးနှစ်ယောက်က စတုတ္ထတန်းမှာ ပညာသင်ယူနေပြီး နောက်တစ် ယောက်က မူကြိုကျောင်းမှာတက်နေတယ်။ ကျွန်တော့်ဇနီးလည်း ကိုယ်ဝန်နဲ့။ (သူဒဏ်ရာမရခင်တွင်) အခက်အခဲတွေ ရှိတဲ့ကြားက ကျွန်တော့်မိသားစုရဲ့စားဝတ်နေရေးအတွက် လုပ်ကိုင်ကျွေးမွေးရတယ်။ (သူဒဏ်ရာရပြီးနောက်တွင်) အဆင်မပြေမှုတွေအများကြီးပဲ။ အဲဒါကြောင့် ကျွန်တော်ဝမ်းနည်းတယ်။ ကျွန်တော်ဒဏ်ရာရတော့ အခုချိန်မှာ မိသားစု ကို ဘယ်လိုထောက်ပံ့ရမလဲဆိုတာ တွေးပြီးပူပန်နေမိတယ်။ ကျွန်တော်အရမ်းခံစားရတယ်။” မောင်အ---က ဆက် လက်၍ဤသို့ပြောပြသည်။ “ကျွန်တော်တို့က လယ်ယာလုပ်ကြတယ်။ တစ်နေ့တစ်နေ့ ထမင်းစားရဖို့အတွက် နေ့တိုင်း အလုပ်လုပ်ရတယ်။ စားစရာရဖို့အတွက် ငါးတွေ၊ ဖားတွေလည်း ရှာရတယ်။ ဒါက ကျွန်တော်တို့ရဲ့စားဝတ်နေရေးအ ခြေအနေတွေပဲ။ အဲဒါကြောင့် လက်နက်ကြီးဖြစ်တဲ့အချိန်မှာ ထွက်ပြေးတိမ်းရှောင်ရတယ်။ ဒါပေမဲ့ ရွာကနေထွက်ပြီး အဝေးမှာသွားနေဖို့အတွက်လည်း ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူး။ တစ်နေ့တစ်နေ့ ထမင်းနပ်မှန်အောင် မနည်းရုန်း ကန်နေရတယ်။ ကျွန်တော်တို့က ရွာထဲမှာပဲနေတယ်။ (ဘာဖြစ်လို့လဲဆိုတော့ အသက်ရှင်ဖို့အခြားနည်းလမ်းမရှိတော့ ဘူး။) သေမယ်ဆိုရင်လည်း သေပေါ့။ ရွာထဲမှာပဲနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စားဝတ်နေရေးအခက်အခဲရှိတယ် လေ။ (အခြားနေရာမှာရွှေ့ပြောင်းနေထိုင်ရန် ငွေကြေးမတတ်နိုင်ခြင်းကြောင့်ဖြစ်သည်။) ရွာထဲမှာနေလည်း အကြောက် တရားနဲ့နေရတယ်။”      

 

ဒေသခံရွာသားများအနေဖြင့် မြန်မာစစ်တပ်က ကျေးရွာထဲကိုဘာကြောင့်လက်နက်ကြီးပစ်ခတ်ခဲ့သည်ကို မသိရှိပါ။ သို့ သော်လည်း မြန်မာစစ်တပ်က ကျေးရွာတွင်းသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု တစ်ချို့ ရွာသားများက ယူဆ ကြသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာစစ်တပ်က ရွာသားများကို ၎င်းတို့၏ရန်သူသဖွယ်သဘောထား၍ ရွာသား များအား ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ (မြန်မာစစ်တပ်သည် ရွာသားများအား ရန်သူစစ်သားသဖွယ် ပြုမူဆက်ဆံ ခြင်းဖြစ်သည်ဟု တစ်ချို့ရွာသားများက ထင်မြင်ယူဆသည်။) ထို့ကြောင့် လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီး နောက်တွင် ရွာသားများသည် ကျေးရွာတွင် ဆက်လက်နေထိုင်ရန် ကြောက်ရွံ့မှုများရှိလာသည်။ (ထို့အပြင် တစ်ချို့ရွာ သားများလည်း ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။) ဤလက်နက်ကြီးဖြစ်စဉ်ဖြစ်ပွားချိန်မှစ၍ ရွာသားများသည် စားဝတ်နေရေးအတွက် (စိုက်ပျိုးခြံထဲတွင်) အလုပ်လုပ်နေစဉ်ဖြစ်စေ၊ ခရီးသွားလာနေစဉ်ဖြစ်စေ အမြဲတမ်းသတိထား သွားလာနေထိုင်ခဲ့ရသည်။ လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်ကြောင့် ရွာသားများအနေဖြင့် ကျေးရွာတွင်နေထိုင်ရာတွင် စိုးရိမ်ကြောက်ရွံ့မှုများပို၍ရှိလာပြီး ၎င်းတို့စားဝတ်နေရေးနှင့်လုံခြုံရေးကိုများစွာ ထိခိုက်စေပါသည်။

 

ဤသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် အကျိုးဆက်အနေဖြင့် ရွာသားများသည် ကျေးရွာထဲတွင် ကတုတ်ကျင်းများပို၍ ဆောက်လုပ်ခဲ့ကြသည်။ ဤအခြေအနေကို မောင်အ--- က ယခုလိုပြောပြသည်။ “နောက်တစ်ခါလက်နက်ကြီး ဘယ် အချိန်ပစ်မှာကို ကျွန်တော်တို့တွေစိုးရိမ်ကြောက်ရွံ့နေရတယ်။ (လက်နက်ကြီးရန်မှ) လုံခြုံမှုအတွက် ပြေးနေရတဲ့အခြေ အနေမှာ ကျွန်တော်တို့တွေ ကောင်းကောင်းအိပ်မပျော်ကြဘူး။ ကျွန်တော်တို့မိသားစုတွေအားလုံးလည်း ကတုတ်ကျင်း ထဲကိုဝင်ပုန်းပြီးအိပ်ခဲ့ရတယ်။”

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

လက်နက်ကြီးထိမှန်ဒဏ်ရာရသူ မောင်အ--- သည် ဤသတင်းအကြောင်းအရာများကို လိုအပ်သလိုအသုံးပြုရန်အ တွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Mon, 06 Apr 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် မြေ ပြင်တွင် လက်ခံရရှိသော အစီရင်ခံစာ (၂) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-16-I1 နှင့် #26-16-A1-I1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်