Mon, 24 Nov 2025
ဘားအံခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မြန်မာစစ်တပ်မှ တာကရယ်မြို့ နယ်တွင်ဒရုန်းဖြင့်တိုက်ခိုက်၍ ကျောင်းသားတစ်ဦးနှင့်ဆရာ၊ ဆရာမနှစ်ဦး ဒဏ်ရာရရှိပြီး စာသင်ကျောင်းအဆောက်အဦးထိခိုက်ပျက်စီးခြင်း (၂၀၂၅ ခုနှစ်၊ စက်တင် ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့ နယ်တွင်ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် နေ့၌ မြန်မာစစ်တပ်သည် တာကရယ်မြို့နယ်၊ ပိတခကျေးရွာအုပ်စု၊ အအ--- ကျေးရွာရှိ အလယ်တန်းကျောင်းကို ကာမီ ကာဇေဒရုန်းတစ်စီးဖြင့်တိုက်ခိုက်၍ အသက် (၁၅)နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့်ဆရာ၊ ဆရာမနှစ်ဦးထိမှန်ဒဏ်ရာ ရရှိပြီး ကျောင်းရုံးခန်းလည်းပျက်စီးသွားခဲ့သည်။ ဒဏ်ရာရရှိသည့်ကျောင်းသားနှင့်ဆရာ၊ ဆရာမတို့သည် ပိတခကျေးရွာ အုပ်စုရှိ ဆေးပေးခန်းတစ်လုံးတွင် ဆေးကုသမှုခံယူခဲ့ရသည်။ အဆိုပါဒရုန်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွာသားများ သည် ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ကြောက်ရွံ့၍ စာသင်ကျောင်းကို ပိတ်ပင်ခဲ့ရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(စာသင်ကျောင်းအား) ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဘားအံခရိုင်၊ တာကရယ်မြို့နယ်၊ ပိတခကျေးရွာအုပ်စု၊ အအ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

နော်ဘ---

စောဆ---

အသက်

၃၃ နှစ်

၂၇ နှစ်

၁၅ နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

ရှိ

-

အလုပ်အကိုင်

ကျောင်းဆရာ

ကျောင်းဆရာမ

ကျောင်းသား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ခရစ်ယာန်

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

တာကရယ်မြို့နယ်၊ ပိတခကျေးရွာအုပ်စု၊ အဘ--- ကျေးရွာ

တာကရယ်မြို့နယ်၊ ပိတခကျေးရွာအုပ်စု၊ အဘ--- ကျေးရွာ

တာကရယ်မြို့နယ်၊ ပိတခကျေးရွာ အုပ်စု၊ အအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

လေယာဥ်အမျိုးအစား

ပင်မတပ်

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

ကာမီကာဇေဒရုန်း

မြန်မာစစ်တပ်

ဘားအံခရိုင်၊ တနေးဆါး (နဘူး) မြို့နယ်၊ သာ မညမြို့

-

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

(KHRG သတင်းမှတ်တမ်းပြုစုသည်တစ်ဦးသည်) တာကရယ်မြို့နယ်ရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) တာဝန်ရှိ သူများအားဆက်သွယ်ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသည့်ကျောင်းဆရာတစ်ဦးကိုဆက်သွယ်၍ မှတ်တမ်းရယူခဲ့သည်။ (KHRG သတင်းမှတ်တမ်းပြုစုသူသည် ထိခိုက်ဒဏ်ရာရရှိသူသုံးဦးစလုံးကို အင်တာဗျူးခဲ့ပါသည်။) 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ကျွန်တော်သည် (KHRG သတင်းမှတ်တမ်းပြုစုသူ) KECD (ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန) စီမံခန့်ခွဲသော အအ--- စာသင်ကျောင်းသို့သွားရောက်၍ ပျက်စီးသွားသည့်ကျောင်းအဆောက်အဦးနှင့်ဒဏ်ရာရရှိသူများကို ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ယူပြီး မှတ်တမ်းပြုစုခဲ့သည်။ ထို့အပြင် ဒဏ်ရာရရှိသူများကိုလည်း အင်တာဗျူးခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မြန်မာစစ်တပ်သည် ဘားအံခရိုင်၊ တာကရယ်မြို့နယ်၊ ပိတခကျေးရွာအုပ်စု၊ အအ--- ကျေးရွာရှိ KECD အလယ်တန်း ကျောင်းကို ကာမီကာဇေဒရုန်းတစ်စီးဖြင့်တိုက်ခိုက်ခဲ့သည်။ အဆိုပါဒရုန်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် ထိုဒေသ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိခဲ့ပါ။ အခင်းဖြစ်သည့်အချိန်တွင် ရွာသားများသည် ကျေးရွာထဲတွင် ရှိနေခဲ့ပါသည်။ (ထိုဒရုန်းတစ်စီးသည် သာမညမြို့မှလာသည်ဟု ရွာသားများက ယူဆကြသည်။ အကြောင်းမှာ ဒရုန်း သည် သာမညမြို့ဖက်ခြမ်းမှပျံသန်းလာသည်ကို ၎င်းတို့တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။)

 

အဆိုပါစာသင်ကျောင်းတွင် အဆောက်အဦးသုံးလုံးရှိသည်။ ပထမအဆောက်အဦးတစ်လုံးတွင် ပထမတန်းမှ ပဉ္စမတန်း အထိ အခန်းများခွဲ၍ထားရှိထားပါသည်။ ဒုတိယအဆောက်အဦးတစ်လုံးတွင် ဆဋ္ဌမတန်းမှ နဝမတန်းအထိ အခန်းများ ခွဲ၍အသုံးပြုကြသည်။ တတိယအဆောက်အဦးတစ်လုံးကို ကျောင်းရုံးခန်းနှင့်စာအုပ်စင်များအတွက်အသုံးပြုကြသည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် ကျောင်းဆရာ၊ ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသားများသည် ပထမနှင့်ဒုတိယ အဆောက်အဦးများတွင် သီချင်းသင်ကြားပေး၍ လေ့ကျင့်သီဆိုနေကြသည်။ အဆိုပါဒရုန်းသည် ဆရာ၊ ဆရာမများနား နေဆောင်ရုံးခန်းအား ထိမှန်၍ ရုံးခန်းတွင်းရှိပစ္စည်းများ မီးလောင်ပျက်စီးသွားခဲ့သည်။ ဒရုန်းပေါက်ကွဲမှုတွင် ဆရာ၊ ဆရာမနှစ်ဦးနှင့်ကျောင်းသားတစ်ဦးသည် ဒရုန်းစများထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

 

ပိတခကျေးရွာအုပ်စု၊ အဘ--- ကျေးရွာမှ အသက် (၃၃) နှစ်အရွယ် ကျောင်းဆရာဖြစ်သူ စောအ--- သည် ၎င်း၏ဦး ခေါင်းနှင့်ခါးတွင် ဒရုန်းစများထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ စောအ--- သည် KHRG အား ယခု လိုပြောပြသည်။ “စာသင်ခန်းထဲမှာ ကျွန်တော်စာသင်ပေးနေတယ်။ ကျွန်တော်လည်းသတိမထားမိဘူး။ ပုံမှန်ပဲထင်ပြီး စာသင်နေကြတယ်။ စာသင်တဲ့အချိန်မှာ အဲဒီလက်နက်က ‘ရွှီး’ဆိုတဲ့အသံ (ဒရုန်း၏အသံ) ကျလာပြီး မြေပြင်မှာ ‘ဂါး’ ဆိုပြီးပေါက်ကွဲသွားတယ်။ ဘာတွေဖြစ်သွားလဲဆိုတာ ကျွန်တော်လည်းမသိဘူး။ ကျွန်တော့်ခေါင်းမှာဒဏ်ရာရသွား တယ်။ အစပိုင်းတော့ နာတယ်လို့မခံစားရဘူး။ ကျွန်တော့်ရဲ့ကျောမှာလည်း ဒဏ်ရာရတယ်။ ကျွန်တော်ထင်တာက ခဲသေးသေးလေးတစ်လုံးက ကျွန်တော့်ကိုလာထိသွားတာပေါ့။ ကျွန်တော့်ခေါင်းကိုကိုင်ကြည့်လိုက်တော့ သွေးတွေ ထွက်နေတယ်။ ကျွန်တော့်ရဲ့ကျောကုန်းလည်း သွေးတွေထွက်တယ်။ (…) ဒရုန်းက ကျောင်းခြံဝင်းရဲ့အလယ်မှာရှိတဲ့ အဆောက်အဦးဆီကိုထိုးကျသွားတယ်။ ကံကောင်းတယ်လို့ပြောရမယ်။ အဲဒီအဆောက်အဦးမှာ ဘယ်သူရှိမနေဘူး။ အဲဒီအဆောက်အဦးထဲမှာ လူတွေသာရှိရင် သေကုန်ပြီးလေ။ ကလေးတွေလည်း ပြေးတဲ့သူကပြေး၊ ငိုတဲ့သူကငို၊ အော် တဲ့သူကအော်နဲ့။ သူတို့ရဲ့လွယ်အိတ်နဲ့ခြေညပ်ဖိနပ်တွေကိုတောင် မယူသွားနိုင်ဘူး။”

 

ပိတခကျေးရွာအုပ်စု၊ အဘ--- ကျေးရွာမှ အသက် (၂၇) နှစ်အရွယ် ကျောင်းဆရာမဖြစ်သူ နော်ဘ--- သည် သူမ၏ ရင်ဘတ်နှင့်ဝမ်းဗိုက်တွင် ဒရုန်းစများထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ နော်ဘ--- က KHRG အား ဤသို့ပြောပြသည်။ “လောလောဆယ်တော့ အများကြီးလှုပ်ရှားလို့မရဘူး။ ကျွန်မရဲ့ကလေးကို နို့တိုက်လို့အဆင်မပြေ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ရင်သားမှာ ဒဏ်ရာရသွားခဲ့တယ်လေ။ အဲဒါကြောင့် ဆေးသောက်နေရတယ်။ ကျွန်မရဲ့ကလေးက အသက် (၄)လပဲရှိသေးတယ်။ နောက်တစ်ခါဆေးခန်းကိုသွားရရင် ကားတစ်စီးဌားဖို့လိုလာပြီး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာသွားဖို့လာဖို့ကားတစ်စီးမှမရှိဘူးလေ။ ကျောင်းကိုလည်းပိတ်လိုက်ရတယ်။ ဒါပေမဲ့ ဘယ်အချိန်ထိပိတ်ထားရမလဲဆိုတာတော့ မသိသေးဘူး။”

 

ပိတခကျေးရွာအုပ်စု၊ အအ--- ကျေးရွာမှ အသက် (၁၅) နှစ်အရွယ် ကျောင်းသားဖြစ်သူ စောဆ--- သည် သူဘယ်ဖက် လက်တွင် ဒရုန်းစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်သူသုံးဦးစလုံးသည် အအ--- ဆေးပေးခန်းတွင် ဆေးကု သမှုခံယူခဲ့သည်။ ထိုဆေးခန်းသည် ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) မှ စီမံခန့်ခွဲသောဆေးခန်းဖြစ်ပြီး လူနာများကို အခဲမဲ့ဆေးကုသပေးနေပါသည်။

 

အအ--- စာသင်ကျောင်းကို မည်သည့်အတွက်ကြောင့် ဒရုန်းဖြင့်တိုက်ခိုက်ရသည့်အကြောင်းရင်းကို မသိရှိရပါ။ အခင်း ဖြစ်ပွားပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်မိဘပြည်သူများသည် ကျောင်းကိုဖွင့်လှစ်ရန် ကြောက်ရွံ့နေကြသည်။ ထို့ကြောင့် ကျောင်းကိုပိတ်ပင်ခဲ့ရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဒရုန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့်သူအားလုံးသည် ဤသတင်းအကြောင်းအရာများနှင့်ဓာတ်ပုံများကို လိုအပ်သ လိုအသုံးပြုရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Mon, 24 Nov 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဘားအံခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၃) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏ စာအမှတ်မှာ #25-344-I1၊ #25-323-A1-I1 နှင့် #25-323-A2-I1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်