ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်တွင် ဖြစ်ပွားခဲ့သောလက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၉) သည် ကျွန်းပင်ဆိပ်ကျေးရွာ အုပ်စု၊ ဇယ--- ကျေးရွာတွင်းသို့ လက်နက်ကြီး (၁၂၀) မမ နှစ်လုံးပစ်ခတ်ခဲ့သည်။ ပထမလက်နက်ကြီးတစ်လုံးပစ်ခတ် ရာတွင် (၈)နှစ်သား အရွယ် ကလေးတစ်ဦးအပါအဝင် ရွာသား (၃) ဦးအား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဒုတိယ လက်နက်ကြီးတစ်လုံး ပစ်ခတ်ရာတွင်လည်း အမျိုးသမီးတစ်ဦးအပါအဝင် ရွာသား (၃) ဦးအား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်မဖြစ်ပွားမီ ယခင်လများတွင် SAC သည် ကျေးရွာအတွင်းသို့ နှစ်ပတ်တစ်ကြိမ် ပုံမှန် ပစ်ခတ်လေ့ရှိကြောင်း သိရှိရသည်။ SAC စစ်သားများသည် ကျေးရွာတွင်းသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားများအနေဖြင့် လုံခြုံမှုမရှိတော့ကြောင်း ခံစားရသည်။ လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် တစ်ချို့ရွာသား များသည် ဗုံးခိုကျင်းတူး၍ ပြင်ဆင်ခဲ့သည်။ တစ်ချို့ရွာသားများလည်း ၎င်းတို့လုံခြုံစိတ်ချမှုရှိသောနေရာများသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာ သား (၆) ဦးအား ထိမှန်ဒဏ်ရာရရှိမှု |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ဇယ--- ကျေးရွာ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||||
|
အမည် |
မန--- |
မောင်သ--- |
ဦးထ--- |
မဘ--- |
မောင်ည--- |
ဦးတ--- |
|
အသက် |
၈ နှစ် |
၃၇ နှစ် |
၄၉ နှစ် |
၃၀ နှစ် |
၂၄ နှစ် |
၅၈ နှစ် |
|
ကျား/မ |
မ |
ကျား |
ကျား |
မ |
ကျား |
ကျား |
|
လူမျိုး |
ဗမာ |
ဗမာ |
ဗမာ |
ဗမာ |
ဗမာ |
ဗမာ |
|
အိမ်ထောင် ရှိ/မရှိ |
- |
မသိရှိရ |
ရှိ |
ရှိ |
မရှိ |
မရှိ |
|
အလုပ်အကိုင် |
ကျောင်းသား |
နေ့စား |
နေ့စား |
နေ့စား |
နေ့စား |
နေ့စား |
|
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
|
ရာထူးအဆင့် |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
|
နေရပ် ရွာအမည် |
ကျွန်းပင်ဆိပ် အုပ်စု၊ ဇယ--- ကျေးရွာ |
ကျွန်းပင်ဆိပ် အုပ်စု၊ ဇယ--- ကျေးရွာ |
ကျွန်းပင်ဆိပ် အုပ်စု၊ ဇယ--- ကျေးရွာ |
ကျွန်းပင်ဆိပ် အုပ်စု၊ ဇယ--- ကျေးရွာ |
ကျွန်းပင်ဆိပ် အုပ်စု၊ ဇယ--- ကျေးရွာ |
ကျွန်းပင်ဆိပ် အုပ်စု၊ ဇယ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာဒေသ |
အထက်အရာရှိ အမည် |
|
မသိရှိရ (SAC စစ်သားများ) |
မသိရှိရ |
ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၉) |
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မူးအထူးဒေသ၊ တုံးတောကျေးရွာ |
မသိရှိရ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် KHRG မှတ်တမ်းပြုစုသူတစ်ဦးသည် (ကရင်အမျိုးသားအစည်းအရုံး - KNU အုပ်ချုပ်သော) မူးမြို့နယ်၊ နို့ညာလားကျေးရွာအုပ်စုမှ ဒေသခံခေါင်းဆောင်တစ်ဦးအား (လုံခြုံရေးကြောင့် ရာထူး အသေးစိတ်မဖော်ပြပါ) သွားရောက်တွေ့ဆုံ၍ နယ်မြေအခြေအနေကို မေးမြန်းစုံစမ်းခဲ့သည်။ ယမန်နေ့တွင် (၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်) (မူးအထူးဒေသရှိ) တုံးတောကျေးရွာမှာအခြေစိုက်သော မြန်မာစစ်တပ် ခမရ (၅၉၉) စစ်သားများ သည် ဇယ--- ကျေးရွာတွင်းသို့ လက်နက်ကြီး (၂) လုံးပစ်ခတ်၍ ရွာသားများထိမှန်ဒဏ်ရာရရှိသည့်ဖြစ်စဉ်ကို အဆိုပါဒေသခံခေါင်း ဆောင်က KHRG မှတ်တမ်းပြုစုသူအား ပြောပြခဲ့သည်။ ထို့ကြောင့် KHRG မှတ်တမ်းပြုစုသူသည် ကျွန်းပင်ဆိပ်ကျေးရွာအုပ်စုမှ ဒေသခံခေါင်းဆောင်တစ်ဦးအား (လုံခြုံရေးကြောင့် ရာထူးအသေးစိတ်မဖော်ပြပါ) သွားရောက်တွေ့ဆုံ၍ စုံစမ်းခဲ့ပြန်သည်။ ထို့နောက် ဒေသခံ KNU ခေါင်းဆောင်သည် ရွာသားများကိုအကြောင်းကြား၍ ထိုမှတဆင့် KHRG မှတ်တမ်းပြုစုသူသည် ထိုရွာသားများအား အင်တာဗျူးခဲ့ပါသည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ဤဖြစ်စဉ်အကြောင်းအရာနှင့်ပတ်သက်၍ ဦးထ--- နှင့်မဘ--- အပါအဝင် ဒဏ်ရာရရှိခဲ့သော (၈)နှစ်အရွယ် ကလေး၏ မိခင် ဒေါ်ဧ--- တို့သည် KHRG မှတ်တမ်းပြုစုသူအား မျှဝေပြောပြခဲ့သည်။ ဦးထ--- နှင့်မဘ--- သည် လက်နက်ကြီး ထိမှန်၍ ဒဏ်ရာရရှိခဲ့သူများဖြစ်သည်။ ဒေါ်ဧ--- သည်လည်း အခင်းဖြစ်ပွားသည့်အချိန်တွင် ရှိနေပြီး မျက်မြင်ကိုယ်တွေ့ ခဲ့သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဤသတင်းအကြောင်းအရာများသည် မှန်ကန်ကြောင်းဆိုနိုင်ပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ညနေပိုင်း (၃း၃၀) မိနစ်နှင့် (၃း၃၅) မိနစ်ကြားတွင် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ မူးအ ထူးဒေသရှိ တုံးတောကျေးရွာတွင် အခြေစိုက်သော မြန်မာစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၉၉) သည် မူးမြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာအုပ်စုရှိ ဇယ--- ကျေးရွာတွင်းသို့ လက်နက်ကြီး (၁၂၀) မမ နှစ်လုံးရမ်းသမ်းပစ်ခတ် ခဲ့သည်။ တုံးတောကျေးရွာတွင် တည်ရှိသည့် ခမရ (၅၉၉) တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်သံကြားခဲ့ရကြောင်း ရွာသားများက ပြောပြသည်။ ခမရ (၅၉၉) တပ်စခန်းမှ ဇယ--- ကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားလျှင် မိနစ် (၂၀) ကြာ သည့်အကွာအဝေးသာရှိသည်။
လက်နက်ကြီးများသည် ကျေးရွာအလယ်ရှိ လူနေအိမ်ဘေးနားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ဇယ--- ကျေးရွာမှ ရွာသား (၆) ဦးသည် လက်နက်ကြီးအစများထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။
ညနေပိုင်း (၃း၃၀) မိနစ်တွင် SAC သည် ပထမလက်နက်ကြီးတစ်လုံးကို ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးသည် ဇယ--- ကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ရွာသား (၃) ဦးအား ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ ဦးထ--- သည် (၄၉ နှစ်) သူ၏ ပုခုံးတွင် ဒဏ်ရာရရှိခဲ့သည်။ မောင်သ--- သည် (၃၇ နှစ်) သူ၏ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့သည်။ အသက် (၈) နှစ်အ ရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်သူ မန--- သည်လည်း လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ မန--- လက်နက်ကြီး အစထိမှန်သည့်အချိန်တွင် သူမသည် ဦးထ---နှင့်မောင်သ---တို့နှင့် ခြေလှမ်းအလှမ်း (၁၀၀) ခန့်အကွာတွင် ရှိနေခဲ့သည်။ သူမ၏နားနှင့်ဦးခေါင်းအနောက်ဖက်ခြမ်းတွင် ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် KNU အာဏာပိုင်များမှ စေလွှတ်လိုက်သော ဒေသခံကျန်းမာရေးလုပ်သားတစ်ဦးနှင့်သူမ၏ဖခင်သည် သူမအား မူးမြို့နယ်၊ ဝင်းရွှေကျေးရွာ အုပ်စု၊ သထ--- ကျေးရွာတွင်းရှိ သထ--- ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သထ--- ဆေးရုံသည် ကရင်ကျန်းမာရေးနှင့် လူမှုဖူလှုံရေးဌာန (KDHW) မှ စီမံခန့်ခွဲသော ဆေးရုံဖြစ်သည်။ ဇယ--- ကျေးရွာမှ သထ--- ဆေးရုံသို့ ဆိုင်ကယ်ဖြင့်သွား လျှင် (၅) မိနစ်၊ (၆) မိနစ်ခန့်ကြာမြင့်သည်။ မန--- သည် ဆေးရုံတွင် သုံးလေးရက်ကြာဆေးကုသမှုခံယူခဲ့သည်။ သူမ၏ဒဏ်ရာကို (၁၃) ချက်ချုပ်ခဲ့ရသည်။ (ရွာသားများသည် ဆေးကုသမှုစရိတ်ကိုပေးဆောင်ခဲ့ရသည်။ သို့သော်လည်း KHRG အနေဖြင့် ဆေးကုသမှုကုန်ကျစရိတ်အတိအကျကို မသိရှိရပါ။)
လူနေအိမ်သုံးလေးလုံးသည်လည်း လက်နက်ကြီးအစများထိမှန်ခဲ့သည်။ အိမ်ခေါင်မိုး၊ အိမ်နံရံနှင့် သစ်အိမ်တိုင်များ လက်နက်ကြီးအစမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ မန--- ၏မိခင်ဖြစ်သူ ဒေါ်ဧ--- မှ (၃၅ နှစ်) ဤသို့အသေးစိတ်ရှင်းပြခဲ့သည်။ “အဲဒီနေ့မှာ (၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်) ကျွန်မနဲ့ကျွန်မသမီးတို့က ဆိုင်မှာဈေးသွားဝယ်ထွက်တယ်။ ဈေးဝယ်ပြီးရင် အိမ်ပြန်လာ မယ်ပေါ့။ ကျွန်မတို့ဆိုင်ကို မသွားခင်မှာ ကျွန်မရဲ့အမေအိမ်ကို သွားလည်ခဲ့တယ်။ ကျွန်မအမေက ကျွန်မအိမ်မှာ ဓာတ် မီးအားသွင်းခဲ့တယ်။ အဲဒါနဲ့ အမေက သူရဲ့မြေးမလေးကို (မန---) ဓာတ်မီး သွားယူခိုင်းတယ်။ အဲဒါကြောင့် ကျွန်မက သမီးကိုဓာတ်မီးသွားယူဖို့ပြန်လွတ်လိုက်တယ်။ အဲဒီအချိန်မှာ သမီးက လမ်းမကိုအသုံးပြုပြီး ပြန်လာတာမဟုတ်ဘူး။ အဲဒီအစား သမီးက ခြံစည်းရုံးအပေါက်ကိုတိုးပြီး သူ့အဖွားအိမ်ခြံထဲကိုဝင်လာတယ်။ အဲ့ချိန်မှာ ကလေးတစ်ယောက်နဲ့ ကျွန်မတို့က ဒန့်သလွန်သီးခူးနေတယ်။ အသီးခူးတဲ့နေရာက ကျွန်မသမီးလက်နက်ကြီးအစထိမှန်တဲ့နေရာလေ။ ဟိုကလေးက ဒန့်သလွန်အပင်ပေါ်မှာရှိနေတယ်။ ကျွန်မသမီးက အခြားခြံကနေကတိုးဝင်ပြီး ကျွန်မဆီကိုလာတယ်။ သမီးက ကျွန်မဆီကိုလာတဲ့အချိန်မှာ လက်နက်ကြီးကကျလာပြီး ‘ဒုန်း’ ဆိုပြီးအသံမြည်သွားတယ်။ သမီးက ရေခဲမုန့် ခွက်ကိုကိုင်ထားပြီး မတ်တပ်ရပ်နေတယ်။ သမီးက လက်နက်ကြီးအစထိမှန်ပြီး မြေကြီးပေါ်မှာလှဲကျသွားတယ်။ သမီးက တွားသွားရင်းငိုယိုနေတယ်။ (…) ပြီးတော့ ကျွန်မက သမီးခေါ်တယ်။ ‘သမီး… ဒီကိုလာ၊ အမေ့ဆီကိုလာပါ’ ပေါ့။ ဒါပေမဲ့ သမီးက မလာဘူး။ အဲဒါနဲ့ သမီးကို ကျွန်မမေးတယ်။ ‘ဘယ်လိုဖြစ်တာလဲ’။ သမီးက ကျွန်မကို မပြန် ဖြေဘူး။ ငိုပဲငိုနေတယ်။ အဲဒါကြောင့် ကျွန်မထင်တာက သမီးရဲ့နားစည်ကွဲသွားတာပေါ့။ (…) သမီးကို ကျွန်မက ချက် ချင်းပဲအိမ်ထဲကိုခေါ်သွားပြီး သမီးအဖေ့လုံချည်စကိုယူပြီး သမီးဒဏ်ရာကိုသွေးတိတ်အောင်လုပ်ပေးခဲ့တယ်။ လက်နက် ကြီးနောက်တစ်လုံးက ကျွန်မထိုင်ပြီးသမီးဒဏ်ရာကို သွေးတိတ်အောင်လုပ်ပေးတဲ့အချိန်မှာ ကျလာတယ်။ ကျွန်မသမီး ကငိုပြီး ကျွန်မကိုဒီလိုပြောတယ်။ ‘အမေ… သမီးခေါင်းမူးတယ်။ သမီးအိပ်ချင်တယ်’တဲ့။” ဒေါ်ဧ--- က ဆက်လက်ပြီး ဤသို့ပြောပြသည်။ “အဲဒီအချိန်မှာ (အခင်းဖြစ်ပွားတဲ့အချိန်မှာ) တိုက်ပွဲလည်းဖြစ်တယ်။ (တစ်ယောက်ယောက်က သေနတ်သံကိုကြားခဲ့သည်။) အဲဒါကြောင့် ကျွန်မလည်း ကျန်းမာရေးတာဝန်ရှိသူတွေကို သွားမခေါ်နိုင်ခဲ့ဘူး။ (…) အခြေအနေငြိမ်သွားတဲ့အချိန်မှာ သူက (ကျန်းမာရေးလုပ်သား) ဆိုင်ကယ်နဲ့ရောက်လာတယ်။ အဲဒါနဲ့ သူနဲ့သမီးအဖေ တို့က သမီးကို ကားပေါ်တင်ပြီး သထ--- ကျေးရွာမှာရှိတဲ့ ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်။”
ဇယ--- ကျေးရွာတွင်နေထိုင်သည့် လက်နက်ကြီးထိမှန်ပြီးဒဏ်ရာရရှိခဲ့သော အသက် (၄၉) နှစ်အရွယ် ဦးထ--- သည် လည်း ယခုလိုပြောပြသည်။ “ရွာထဲမှာ စစ်ကောင်စီလက်နက်ကြီးပစ်တာနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်မှာဆိုရင် သူတို့က (SAC စစ်သားများ) ရွာထဲမှာ သူတို့ရဲ့ရန်သူတွေ (လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ) ရှိနေတယ်လို့ ထင်နေကြတယ်။ အဲဒါကြောင့် သူတို့က ရွာကိုပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ပစ်တာပဲ။ ဒါပေမဲ့ အမှန်တကယ်တော့ ရွာထဲမှာ ပြည်သူတွေပဲရှိတယ်။ သူတို့ရန်သူတွေ ရွာထဲမှာ တစ်ယောက်မှမရှိဘူး။ (…) ရွာထဲမှာ စစ်ကောင်စီတွေ လက်နက်ကြီးပစ်ခတ်တဲ့အတွက်ကြောင့် တစ်ချို့ရွာသားတွေ ထွက်ပြေးပုန်းရှောင်ခဲ့ရတယ်။ တစ်ချို့လည်း ရွာထဲမှာရှိ နေတုန်းပဲ။ အမှန်ပြောရရင် အဲဒီအချိန်မှာ (လက်နက်ကြီးပစ်ခတ်သည့်အချိန်အတွင်း) ကျွန်တော်လည်း မထွက်ပြေးနိုင် ခဲ့ဘူး။ ပြေးလည်းမပြေးချင်ဘူး။ (ယခုလက်ရှိမြန်မာပြည်အခြေအနေမှာ) ကျွန်တော်တို့တွေသေသွားလည်း ဘာမှမထူး ဘူး။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။ သူတို့က (SAC) ကျွန်တော့်ကိုသတ်ချင်တယ်ဆိုရင် ‘လာပြီးသတ်လိုက်လေ’။ ကျွန်တော်ကတော့ ဘာမှပြန်လုပ်မှာမဟုတ်ဘူး။”
SAC သည် ပထမအကြိမ်လက်နက်ကြီးပစ်ခတ်ပြီးနောက် (၅) မိနစ်အကြာ ညနေ (၃း၃၅) မိနစ်မှာ ဒုတိယအကြိမ် လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ပြန်သည်။ ဒုတိယလက်နက်ကြီးတစ်လုံးသည် ဇယ---ကျေးရွာတွင်းမှာ ကျရောက်ပေါက် ကွဲပြီး မိသားစုဝင်ရွာသားသုံးဦးအား ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ (ဒုတိယလက်နက်ကြီးကျသည့်နေရာသည် ပထမလက်နက်ကြီးကျသည့်နေရာနှင့် ခန့်မှန်းခြေ ပေ (၂၀) ခန့်သာ ကွာဝေးသည်။) ဒဏ်ရာရရှိခဲ့သော ရွာသားသုံးဦးမှာ ဦးတ--- (၅၈ နှစ်)၊ မောင်ည--- (၂၄ နှစ်) နှင့် မဘ--- (၃၀ နှစ်) တို့ဖြစ် ကြသည်။ မောင်ည--- သည် ဦးတ---၏သားတစ်ဦးဖြစ်ပြီး မဘ--- သည် ဦးတ---၏သမီးတစ်ဦးဖြစ်သည်။ လက်နက်ကြီးအစများသည် ဦးတ---၏ညာဖက် ဒူးခေါင်းဘေးနားနှင့် ညာဖက်တင်ပါးကို ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ မောင်ည---မှာ သူ၏ညာဖက်ပေါင်ကိုထိမှန် ဒဏ်ရာရရှိပြီး သူ၏ညာဖက်ပေါင်ရိုးကျိုးသွားခဲ့သည်။ ထို့အပြင် သူ၏ညာဖက်ဒူးခေါင်းအောက်ပိုင်းတွင် လက်နက်ကြီး အစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ မတ--- မှာ သူမ၏ဘယ်ဖက်ခြေထောက်ကိုထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အချိန်မှာ အဆိုပါမိသားစုဝင်သုံးဦးသည် ၎င်းတို့အိမ်ထဲတွင်ရှိနေခဲ့သည်။ အခင်း ဖြစ်ပွားသည့်အချိန်တွင် သူတို့သုံးဦးကလွဲပြီး အိမ်ထဲတွင် အခြားမိသားစုဝင်များတစ်ဦးမှမရှိခဲ့ပေ။ ထို့ကြောင့် သူတို့သုံး ဦးသာ တစ်ချိန်ထဲတွင် လက်နက်ကြီးအစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ သို့သော် လည်း မောင်ည--- နှင့်သူ၏ဖခင် (ဦးတ---) တို့သည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ဦးကို မူးမြို့နယ်၊ ပနါဝါးပလောကျေးရွာအုပ်စု၊ ယဖ--- ကျေးရွာတွင်ရှိသော ယာယီဆောက်လုပ်ထားသည့်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါဆေးရုံသည် KDHW စီမံခန့်ခွဲ သော ဆေးရုံဖြစ်သည်။ မဘ--- ၏ဒဏ်ရာသည် မပြင်းထန်သောကြောင့် သူမကို ဇယ--- ဆေးရုံသို့သာ ပို့ဆောင်ခဲ့သည်။ (ဒဏ်ရာရရှိသောရွာသားများသည် ၎င်းတို့ဆွေမျိုးများဆီမှ ကူညီထောက်ပံ့မှုဖြင့် ဆေးကုသမှုစရိတ်ကို ပေးဆောင်ခဲ့ သည်။)
ဇယ--- ကျေးရွာတွင်နေထိုင်သည့် လက်နက်ကြီးထိမှန်ပြီးဒဏ်ရာရရှိခဲ့သော အသက် (၃၀) နှစ်အရွယ် မဘ--- သည် သူမ၏ခံစားချက်ကို ယခုလိုပြောပြသည်။ “(လက်နက်ကြီးသံကြားတော့) ကျွန်မအရမ်းကြောက်လန့်ပြီးတုန်နေတယ်။ ‘တိုက်ပွဲတွေမပြီးတော့ဘူးလား’ဆိုပြီး ကျွန်မရေရွတ်နေခဲ့တယ်။ ကျွန်မသေမှာကို အရမ်းကြောက်တယ်။ ကျွန်မရဲ့မိ သားစုတွေ၊ ရွာသားတွေ၊ ပြည်သူတွေအနေနဲ့ ထိခိုက်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ မကြုံပါရစေနဲ့လို့ဆုတောင်းတယ်။ လူတိုင်းကတော့ သေမှာကိုကြောက်ကြတာပဲလေ။ ဒီလိုအဖြစ်မျိုး နောက်မဖြစ်ပါစေနဲ့လို့ဆုတောင်းတယ်။”
SAC စစ်သားများသည် လက်နက်ကြီးများပစ်ခတ်သောကြောင့် ဇယ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားများသည် ဒဏ်ရာရရှိပြီး လုံခြုံရေးအတွက် စိုးရိမ်ပူပင်ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် တစ်ချို့ရွာသားများ သည် ၎င်းတို့ဘဝအား ထိခိုက်မှုနှင့်ခြိမ်းခြောက်မှုဖြစ်စေသည့်အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ သည်။ ၎င်းတို့သည် ကျေးရွာထဲတွင် ဆက်လက်၍နေထိုင်ရဲခြင်းမရှိတော့ပေ။ (အကယ်၍ ဆက်လက်နေထိုင်မည်ဆိုပါ က) ၎င်းတို့အနေဖြင့် အမြဲတမ်းစိုးရိမ်ထိတ်လန့်နေရမည်သာဖြစ်သည်။ တစ်ချို့ရွာသားများလည်း (လက်နက်ကြီးပစ် ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုရန်မှ ကာကွယ်ရန်) ဗုံးခိုကျင်းများ တူး၍ဆောက်လုပ်ကြသည်။ ရွာသားများသည် အခြေအနေပေါ်မူတည်၍ သတိထားနေထိုင်ပြီး အလုပ်လုပ်ကြရသည်။ နယ်မြေအခြေအနေအရ ရွာသားများသည် လက်နက်ကြီးသံကိုကြားသည့်အချိန်တိုင်း သတိထားပြီး ခရီးသွားလာကြရသည်။
ဤဖြစ်စဉ်မဖြစ်ပွားမီတွင် SAC သည် ကျေးရွာထဲတွင် လက်နက်ကြီးများ နှစ်ပတ်တစ်ကြိမ်ပုံမှန်ပစ်ခတ်လေ့ရှိကြောင်း ရွာသားများက တင်ပြခဲ့သည်။ တစ်ချို့ရွာသားများလည်း အခင်းမဖြစ်ပွားမီတွင် ကြိုတင်၍ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အခင်းဖြစ်ပွားပြီးနောက်တွင် ကျေးရွာသို့ ပြန်လာနေထိုင်၍ အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်လုပ်ရသည့်အခြေ အနေတွင်ရှိသည်။ ရွာသားအများစုသည် အသက်မွေးဝမ်းကြောင်းအတွက် နေ့စားအလုပ်ကိုလုပ်ကြပြီး ရံဖန်ရံခါတွင် ငါးရှာထွက်လေ့ရှိသည်။ အခင်းဖြစ်ပွားပြီးနောက် တစ်ချို့ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ရပြီးနောက်တွင် နေ့ စားအလုပ်မလုပ်နိုင်တော့သည့်အပြင် ငါးလည်းရှာထွက်၍မရတော့ပေ။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
KHRG မှ အင်တာဗျူးခဲ့သော ဒဏ်ရာရရှိခဲ့သည့် ဦးထ--- နှင့်မဘ--- အပါအဝင် ဒဏ်ရာရရှိခဲ့သည့်ကလေးတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ဧ--- တို့သည် ဤသတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေး ထားပါသည်။ ဒဏ်ရာရရှိသူများသည် မြန်မာစစ်တပ်မှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကမ္ဘာသိ အောင် ဖြစ်စေချင်ကြောင်း ပြောပြခဲ့သည်။ ရွာသားများအနေဖြင့် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့်လုပ်ရပ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့အား အပြစ်ပေးစေချင်လိုကြောင်း တင်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုရှိ စေရန်အတွက် နိုင်ငံတကာတာဝန်ရှိသူများသည် မြန်မာစစ်တပ်အား လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်ခါတလဲလဲ မကျူးလွန်မိစေရန် ဖိအားပေးရမည်ဖြစ်သည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံအဖွဲ့ဝင်တွေမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် လက်ခံရရှိသောမြေပြင်အစီရင်ခံစာ (၇) ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 25-92-I1 ၊ 25-92-D1 ၊ 25-92-A1-I1 ၊ 25-92-A2-I2 ၊ 25-87-P1 ၊ 25-87-D1 နှင့် 25-87-A1-I1 တို့ဖြစ်သည်။
