Wed, 27 Aug 2025
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်နှင့် ဒေါ်ဖား ခိုမြို့နယ်တွင် SAC စစ်သားများမှ ရွာသားတစ်ဦးကိုပစ်ခတ်၍ ဒဏ်ရာရရှိခြင်းနှင့် SAC လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အိုးအိမ်နှင့်စိုက် ပျိုးပင်များ ပျက်စီးခြင်း (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအချိန်ကာလအတွင်း တောအူး(တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်နှင့် ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ထောတထူမြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင် ရွာသားတစ်ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ထိုရွာသားသည် ထွက်ပြေးရန်ကြိုးစားသည့်အချိန်မှာ SAC စစ်သားများက ၎င်းအား သေနတ်ဖြင့်ပစ်ခတ်သော ကြောင့် ၎င်း၏ညာဖက်လက်တွင် ကျည်ဆံထိမှန်၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် နေ့၌ ဒေးလိုကျေးရွာအုပ်စု၊ (၄) မိုင်ကျေးရွာရှိ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉) တပ်စခန်းတွင် အခြေစိုက်သော SAC စစ်သားများသည် ဒေးလိုကျေးရွာအုပ်စု၊ ဘဘ--- ကျေးရွာသို့ လက်နက်ကြီးတစ်လုံးပစ်ခတ်၍ ရွာသားများ၏ စိုက်ပျိုးပင်များ ထိမှန်ပျက်စီးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့၌ (၁၃) မိုင်မြို့တွင်အခြေစိုက်သော SAC စစ်သား များသည် ဒေါ်ဖားခိုမြို့နယ်၊ ပဆောလိုကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး (၆) လုံးပစ်ခတ်ခဲ့၍ လူနေအိမ်တစ်လုံး၊ ဆိုင်တစ်ဆိုင်နှင့် ဘုရားကျောင်းအပါအဝင် ရွာသားများ၏ပိုင်ဆိုင်မှုပစ္စည်း များလည်း ပျက်စီးခဲ့ရသည်။ မတ်လ ၁၃ ရက် နေ့တွင်လည်း SAC လေယာဉ်တစ်စီးသည် ပဆောလိုကျေးရွာအုပ်စုအတွင်းသို့ ဗုံးနှစ်လုံးပစ်ချ၍ ရွာသားများပိုင်ဆိုင် သည့်ရော်ဘာခြံများ ပျက်စီးခဲ့သည်။ [1]

 

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ - SAC စစ်သားများသည် ဒေးလိုကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင် ရွာသားတစ်ဦးကို ဖမ်းဆီးပြီး သေနတ်ဖြင့်ပစ်ခတ်၍ ဒဏ်ရာပြင်းထန်စွာရရှိခြင်း 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တပ်ရင်းအမှတ်မသိရသော တပ်ရင်းတစ်ရင်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) စစ်သားများသည် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ အအ--- ကျေးရွာဒေသတွင် လာရောက်၍ စစ်ကြောင်းထိုးခဲ့သည်။ (SAC စစ်သားများသည် နယ်မြေရှင်းလင်းရန် လာရောက်စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်သည်။) မနက် (ရး၃၀) မိနစ်ဝန်းကျင်တွင် ရွာသားတစ်ဦးဖြစ်သူ အ--- သည် ဆိုင်ကယ်စီးကာ ခရီးသွားလာနေပြီး အအ--- ကျေးရွာအလယ်တွင်းရှိ ဦးဘ---၏အိမ်ရှေ့သို့ရောက်ရှိသည့်အခါတွင် SAC စစ်သားတစ်ဦးသည် ၎င်းအား သေနတ်ဖြင့်ချိန်ရွယ်၍ ရပ်ခိုင်းစေခဲ့သည်။ အ--- သည် ဆိုင်ကယ်ရပ်လိုက်သည့်အချိန်တွင် SAC စစ်သားများသည် ၎င်းကို စစ်ဆေးမေးမြန်းပြီး သူ၏ဆိုင်ကယ်နှင့်ဖုန်းကို သိမ်းဆည်းခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ၎င်းကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့အထဲမှ SAC စစ်သားတစ်ချို့သည် အ--- ကို ကျေးရွာအပြင်ဘက်ရှိ တောထဲသို့ခေါ်ဆောင်သွား ခဲ့သည်။ SAC စစ်သားများသည် အ---၏ဖိနပ်နှင့်ဦးထုပ်ကို ချွတ်ခိုင်းစေခဲ့သည်။ ထို့နောက် SAC စစ်သားတစ်ဦးသည် အခြားဖက်သို့လှည့်၍ ဖုန်းပြောနေသည့်အချိန်တွင် အ--- သည် ထွက်ပြေးခဲ့သည်။ ထွက်ပြေးနေသည့်အချိန်တွင် SAC စစ်သားများသည် အ--- ကို သေနတ်ဖြင့် လေး၊ ငါးချက်ပစ်ခတ်ခဲ့သည်။ ကျည်ဆံတစ်လုံးသည် သူ၏ညာဖက်လက်ကို ထိမှန်၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ဒဏ်ရာကြောင့် သွေးများထွက်နေသည်။ သို့သော်လည်း သူသည် ဆက်လက် ထွက်ပြေးလာပြီးနောက် (အ--- ကျေးရွာရှိ) သူ၏နေအိမ်သို့ ပြန်သွားခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ အ--- သည် KHRG အား ယခုလိုရှင်းပြသည်။ “သူတို့က ကျွန်တော့်ကို တောထဲမှာခေါ်သွားပြီးနောက်မှာ သူတို့က ကျွန်တော့်ကို ဖိနပ်နဲ့ဦးထုပ်ချွတ်ခိုင်းတယ်။ ပြီးတော့ သူတို့က ကျွန်တော့်ကိုဒီလိုပြောတယ်။ ‘ဒီနေရာမှာ မင်းအနားယူရမယ်။ မင်းတစ် သက်လုံးအနားယူရတော့မယ်’တဲ့။ သူတို့ပြောတဲ့စကားအရ သူတို့က ကျွန်တော့်ကို သေချာပေါက်သတ်လိမ့်မယ်ထင် တယ်။ အဲဒါကြောင့် ကျွန်တော်လည်း သေရင်သေသွားပါစေဆိုပြီး ထွက်ပြေးဖို့ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်ထွက် ပြေးတဲ့အချိန်မှာ သူတို့က ကျွန်တော့်ကို သေနတ်နဲ့ပစ်တယ်။ ကျွန်တော့်ကို ကျည်ဆံမှန်ပြီး ဒဏ်ရာရသွားတာပဲ။”

သူသည် ၎င်းအိမ်သို့ရောက်ရှိသောအခါ သူ၏မိသားစုက သူ့ဒဏ်ရာကြောင့်သွေးထွက်နေသည်ကိုတွေ့ရှိပြီးနောက် ချက် ချင်းပဲ ကျေးရွာက ဘုရားကျောင်းကားကိုခေါ်ပြီး သူ့ကို တောင်ငူမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါ ဆေးရုံသည် SAC စီမံအုပ်ချုပ်သောဆေးရုံဖြစ်သည်။ သေနတ်ဒဏ်ရာကြောင့် သူ၏ညာဖက် လက်မောင်းရိုးကျိုးသွားခဲ့ သည့်အတွက် ခွဲစိတ်မှုလုပ်ပြီးနောက်မှာ စတီးရိုးထည့်ပြီး ဆေးကုသမှုခံယူခဲ့သည်။ အခင်းဖြစ်ပွားသည့်နေ့ သူအဖမ်း မခံရမီအချိန်တွင် သူသည် နေအိမ်ကနေ ခြံထဲသို့သွားခဲ့သည်။ အခင်းမဖြစ်ပွားမီ တပ်ရင်းအမှတ်မသိရသော တပ်ရင်း တစ်ရင်းမှ SAC စစ်သားများသည် ဒေးလိုကျေးရွာအုပ်စု၊ (၄) မိုင်ကျေးရွာရှိ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉) တပ်စခန်းတွင်အခြေစိုက်သော SAC စစ်သားများနှင့်လာရောက်ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။

အ--- သည် အအ--- ကျေးရွာတွင် နေထိုင်ပါသည်။ သူသည် အသက် (၄၈)နှစ်ရှိပြီး ကလေးလေးဦး၏ဖခင်လည်းဖြစ် သည်။ သူ၏မိသားစုတွင် လူခြောက်ဦးရှိပါသည်။ သူ၏ဇနီးသည် နော်စ--- ဖြစ်ပြီး အသက် (၄၂)နှစ်ရှိပြီးဖြစ်သည်။ သူ၏ အကြီးဆုံးသားသည် စောဒ--- ဖြစ်ပြီး အသက် (၂၂)နှစ်ရှိသည်။ သူ၏သမီးကြီးသည် နော်ဃ--- ဖြစ်ပြီး အသက် (၁၉) နှစ် ရှိသည်။ သူ၏သားလတ်ဖြစ်သူသည် စောဖ--- ဖြစ်ပြီး အသက် (၁၅) နှစ်ရှိသည်။ သူ၏အငယ်ဆုံးသားသည် စောဂ--- ဖြစ်ပြီး အသက် (၁၂) နှစ်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ - SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေးလိုကျေးရွာအုပ်စု၊ ဘဘ--- ကျေးရွာရှိ စိုက်ပျိုးခြံ များ ပျက်စီးခြင်း

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက် (၁၁း၅၇) မိနစ်တွင် SAC စစ်သားများသည် တောအူးခရိုင်၊ ထောတထူ မြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ ဘဘ--- ကျေးရွာတွင်းသို့ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့သည်။ အဆိုပါ SAC စစ်သား များသည် ထောတထူမြို့နယ်၊ သံတောင်ကြီးလမ်း၊ (၄) မိုင်ကျေးရွာရှိ ခလရ (၃၉) တပ်စခန်းတွင် အခြေစိုက်သည်။ လက်နက်ကြီးသည် ကျေးရွာရှိ ရွာသားတစ်ဦးဖြစ်သူ ဦးဟ--- ၏မရမ်းသီးခြံထဲတွင် ကျရောက်ပေါက်ကွဲ၍ မရမ်းပင်များ တစ်ချို့ပျက်စီးခဲ့သည်။ လက်နက်ကြီးအစမျးသည် ဦးဧ---၏နေအိမ်ထဲရှိ ဝါးပင်တစ်ချို့ကိုလည်း ထိမှန်၍ ပျက်စီးခဲ့ သည်။ ဦးဧ---၏နေအိမ်ခြံသည် ဦးဟ---၏မရမ်းသီးခြံနှင့်ကပ်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ မတ်လ - SAC လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါ်ဖားခိုမြို့နယ်၊ ပဆောလို ကျေးရွာအုပ်စုရှိ ရွာသားများ၏အိုးအိမ်ပိုင်ဆိုင်မှုများ ပျက်စီးခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ ည (၉း၁၇) မိနစ်တွင် SAC စစ်သားများသည် တောအူခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ပဆော လိုကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးသုံးလုံးရမ်းသမ်းပစ်ခတ်ခဲ့သည်။ အဆိုပါ SAC စစ်သားများသည် ဒေါ်ဖားခို မြို့နယ်၊ (၁၃) မိုင်မြို့ရှိ တပ်စခန်းတစ်ခုတွင် အခြေစိုက်သည်။ လက်နက်ကြီးပစ်ခတ်ပြီး မိနစ်အနည်းငယ်ကြာပြီး နောက် SAC လေယာဉ်တစ်စီးသည် ပဆောလိုကျေးရွာအုပ်စု၊ ဒဒ--- ကျေးရွာအနီးရှိ ရော်ဘာခြံထဲတွင် ဗုံးနှစ်လုံးပစ်ချ ခဲ့သည်။ ဗုံးနှစ်လုံးပစ်ချပြီး မိနစ်အနည်းအကြာတွင် (၁၃) မိုင်မြို့တွင် အခြေစိုက်သော SAC စစ်သားများသည် ပဆောလို ကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးသုံးလုံးထပ်မံပစ်ခတ်ပြန်သည်။ ထိုနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ SAC သည် အရပ်သားဒေသတွင် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

လက်နက်ကြီးတစ်လုံးသည် ပဆောလိုကျေးရွာအုပ်စု၊ ဒဒ--- ကျေးရွာ၊ စစ--- ရပ်ကွက်ရှိ ရွာသားတစ်ဦး၏နေအိမ်ပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးပေါက်ကွဲ၍ အဆိုပါနေအိမ်နှင့်အိမ်တွင်းရှိပစ္စည်းအားလုံးနီးပါး ပျက်စီး သွားခဲ့သည်။ ၎င်းအိမ်သည် နော်သ--- (၅၂နှစ်) ၏အိမ်ဖြစ်သည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် နော်သ--- အပါအဝင် သူမ၏အမျိုးသားနှင့်မြေးဖြစ်သူများသည် အိမ်ထဲတွင်ရှိနေခဲ့သည်။ ၎င်းတို့သည် လက်နက်ကြီးအသံကို ကြားရသည့် အချိန်တွင် မီးဖိုချောင်ထဲသို့ ပြေးဝင်ပုန်းရှောင်ခဲ့သည်။ မီးဖိုချောင်သည် အိမ်နှင့်မလှမ်းမကမ်းအနီးနားတွင် တည်ရှိ သည်။ (အခင်းဖြစ်ပွားသည့်အချိန်တွင် မီးဖိုချောင်နေရာသည် ထိုရွာသားများအတွက် အနီးဆုံးပုန်းရှောင်ရန်နေရာဖြစ် သည်။) ထို့ကြောင့် လက်နက်ကြီးသည် အိမ်ပေါ်သို့ကျရောက်ပေါက်ကွဲသည့်အချိန်တွင် ထိုရွာသားများသည် ထိခိုက် ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။      

အခြားလက်နက်ကြီးတစ်လုံးသည် ဒဒ--- ကျေးရွာ၊ စစ--- ရပ်ကွက်ရှိ စောက---၏နေအိမ်ခြံဝန်းထဲမှာရှိသော သရက်ပင် ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးအစများသည် အနီးနားရှိ ဘွဲမိုးပွာနှစ်ခြင်းဘုရားကျောင်းကို ထိမှန် ပျက်စီးခဲ့သည်။ ဘုရားကျောင်း၏သွပ်မိုးနှင့်နံရံများ အနည်းငယ်ပျက်စီးခဲ့သည်။ အနီးနားရှိ အခြားအိမ်များ၊ တစ်ချို့သစ် ပင်များလည်း လက်နက်ကြီးအစများထိမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်။ သို့သော်လည်း မည်သည့်ရွာသားမှ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။

နောက်ဆုံးလက်နက်ကြီးတစ်လုံးသည် ဒဒ--- ကျေးရွာ၊ ဃဃ--- ရပ်ကွက်ထဲရှိ ကားလမ်းမဘေးနား သစ်ငုတ်တိုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးအစများသည် ကားလမ်းမနှင့်ဝါယာကြိုးများကို ထိမှန်၍ ပျက်စီးသွားခဲ့ သည်။ ကားလမ်းမဘေးရှိ ရွာသားတစ်ဦးဖြစ်သူ လ---၏ဆိုင်တစ်ဆိုင်ကိုလည်း လက်နက်ကြီးအစထိမှန်ခဲ့သည်။ ဆိုင်၏သွပ် မိုး၊ တံခါးရွက်မှန်နှင့်ပဲရည်ပုလင်းများ ပျက်စီးသွားခဲ့သည်။ ဃဃ--- ရပ်ကွက်ရှိ ရွာသားတစ်ဦးဖြစ်သူ မ---၏ဆောက်လုပ်နေဆဲအိမ်၊ ခြံစည်းရိုးနှင့် ဂိုဒေါင်လည်း လက်နက်ကြီးအစထိမှန်ခဲ့သည်။ အိမ်တိုင်၊ ခြံစည်းရိုးအုတ်တိုင် နှင့် ဂိုဒေါင် သွပ်မိုးများ အနည်းငယ်ပျက်စီးသွားခဲ့သည်။ သို့သော်လည်း မည်သူမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ပါ။

ထိုနေ့တွင် SAC လေယာဉ်ပစ်ချလိုက်သော ဗုံးနှစ်လုံးအနက် တစ်လုံးသည် ရွာသားနှစ်ဦး၏ရော်ဘာခြံနှစ်ခြံကြားရှိ မြောင်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ရော်ဘာခြံပိုင်ရှင်များမှာ ဒေါ်န---နှင့်ဝ---ဖြစ်ကြသည်။ ဗုံးကျရောက်ပေါက် ကွဲသည့်နေရာသည် ဒဒ--- ကျေးရွာအနီးရှိ ပသိရေလှောင်တမံအနီးနားတွင် တည်ရှိသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဒေါ်န---နှင့်ဝ--- ပိုင်ဆိုင်သော ရော်ဘာပင်တစ်ချို့အား ထိမှန်၍ပျက်စီးသွားခဲ့သည်။ ဒေါ်န--- သည် ပဆောလိုကျေးရွာအုပ်စု၊ ဖဖ--- ကျေးရွာတွင် နေထိုင်သောရွာသားတစ်ဦးဖြစ်သည်။ ဝ--- သည် ဒဒ--- ကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦး ဖြစ်သည်။ အခြားဗုံးတစ်လုံးသည် ဝ--- ၏ရော်ဘာခြံထဲတွင် ကျရောက်သွားသော်လည်း မပေါက်ကွဲခဲ့ပါ။ သို့သော်လည်း ထိုဗုံးသည် မြေကြီးထဲတွင် (၈) ပေဝန်းကျင် လောက် စိုက်ဝင်ပြီး စိုက်ဝင်သည့်အပေါက်ဝသည် တစ်ပေခွဲပတ်လည် အဝိုင်းရှိသည်။ ထိုဗုံးနှစ်လုံးသည် ပေါင် (၅၀၀) ဗုံးဖြစ်ကြောင်း ဒေသခံရွာသားများက ယူဆကြသည်။

ဤဖြစ်စဉ်ကိုမြင်တွေ့ခဲ့သော ဒေသခံရွာသားများ၏ပြောပြချက်အရ အဆိုပါဗုံးများသည် ရွာထဲတွင်သာ ကျသွားလျှင် အိမ်ထဲတွင်နေသည်ဖြစ်စေ၊ ဗုံးခိုကျင်းထဲတွင်နေသည်ဖြစ်စေ မည်သူမှလွတ်မည်မဟုတ်ကြောင်း၊ အားလုံးသေသွားနိုင် မည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဤဖြစ်စဉ်ကြောင့် ရွာသားများသည် အလွန်ကြောက်ရွံ့ခဲ့ကြသည်။

SAC ပစ်ခတ်လိုက်သော လက်နက်ကြီး (၆) လုံးထဲမှ ကျန်ရှိသောလက်နက်ကြီးသုံးလုံးသည် ဖဖ--- ကျေးရွာအနောက် ဘက်ရှိ တောထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ သို့သော်လည်း ထိခိုက်ပျက်စီးမှုများမရှိခဲ့ပေ။  

Wed, 27 Aug 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လအတွင်းတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေး အဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်း သတင်းတိုသည် လက်ခံရရှိသောမြေပြင်အစီရင်ခံစာ (၂) ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 25-43-P1 နှင့် 25-103-D1 တို့ဖြစ်သည်။ 

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်