Thu, 31 Jul 2025
ဘားအံခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - SAC ဒရုန်းတိုက်ခိုက်မှုနှင့် လက် နက်ကြီးပစ်ခတ်မှုကြောင့်တနေးဆားမြို့နယ်မှ ရွာသားလေးဦးဒဏ်ရာရရှိ၍လူနေ အိမ်များနှင့်စာသင်ကျောင်းလည်းပျက်စီး (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လအတွင်း ဘားအံခရိုင်၊ တနေးဆားမြို့ နယ်တွင်ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၃ ရက်နေ့တွင် လှိုင်ဝအမြောက်တပ်စခန်းတွင်အခြေစိုက်သော SAC စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၁၂) သည် ဒရုန်းတစ်စီးကိုအသုံးပြု၍ ယောကူကျေးရွာအုပ်စု၊ အအ---ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင် ကျောင်းတစ်ကျောင်းနှင့်လူနေအိမ်တစ်လုံးထိမှန်ပြီး ပျက်စီးသွားခဲ့သည်။ အလားတူစွာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ လှိုင်ဝအမြောက်တပ်စခန်းတွင် အခြေစိုက်သော SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၇) သည် ဒရုန်းကို အသုံးပြု၍ အအ--- ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်လေးလုံးထိမှန်ပျက်စီးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် SAC စစ်သားများသည် အအ--- ကျေးရွာအတွင်းသို့ လက်နက်ကြီး (၁၂၀) မမများ ပစ်ခတ်ခဲ့သဖြင့် ရွာသားသုံးဦးထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးတစ်လုံးပေါက်ကွဲမှုတွင် ဟင်းသီးဟင်းရွက်များ လိုက်လံခူးယူ နေသော ရွာသားတစ်ဦးကိုထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အခြားရွာသားနှစ်ဦးက ဒဏ်ရာရရှိသည့်ရွာသား တစ်ဦးအား သွားရောက်ကူညီမည့်အချိန်တွင် အခြားလက်နက်ကြီးတစ်လုံးထပ်မံပေါက်ကွဲသွား၍ အဆိုပါရွာသားနှစ်ဦး အား ထိမှန်ကာ ဒဏ်ရာများရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် SAC စကခ (၁၂) သည် ယောကူကျေးရွာ အုပ်စု၊ အဘ--- ကျေးရွာတွင်းသို့ (၁၂၀) မမ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့သဖြင့် အဖွားအိုတစ်ဦးအား ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် သူမ၏နေအိမ်ပျက်စီးသွားသည့်အပြင် ဝက်တစ်ကောင်ကိုလည်း ထိမှန်သေဆုံးခဲ့သည်။ [1]

 

 

 

ဖေဖော်ဝါရီလ ၃ရက်နှင့် ၁၂ရက်နေ့ - ယောကူကျေးရွာအုပ်စုအတွင်း ဒရုန်းတိုက်ခိုက်မှု

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ (၃) နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကဲအခြေ စိုက် (စကခ) အမှတ် (၁၂) သည် ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ယောကူကျေးရွာအုပ်စု၊ အအ--- ကျေးရွာကို ဒရုန်း ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ (ဗုံးဘယ်နှစ်လုံးကြဲချခဲ့သည်ကို မသိရှိရပါ။) ကျေးရွာတွင်းရှိ စာသင်ကျောင်းအနီးနားတွင် ဗုံးကျရောက်ပေါက်ကွဲသွား၍ အပေါက်ကြီးနှစ်ပေါက်ဖြစ်သွားခဲ့သည်။ ဗုံးအစအနများသည် ကျောင်းအဆောက်အဦးကို ထိမှန်၍ တော်တော်များများပျက်စီးသွားခဲ့သည်။ (ယခင်က ဤကျောင်းသည် မြန်မာအစိုးရမှ စီမံခန့်ခွဲသောကျောင်း ဖြစ်ပြီး အခင်းဖြစ်ပွားသည့်အချိန်ကာလအတွင်း ထိုကျောင်းသည် ပိတ်ပင်ခဲ့ရပြီးဖြစ်သည်။) SAC စကခ (၁၂) သည် ဘားအံခရိုင်၊ ကော်တရီမြို့နယ်၊ ကော်တရီမြို့အနီးရှိ လှိုင်ဝဒေသတွင် တည်ရှိသော လှိုင်ဝအမြောက်တပ်စခန်းတွင် အခြေစိုက်သည်။

ဗုံးတစ်လုံးသည် ကျေးရွာတွင်းရှိ ဦးအ--- ၏နေအိမ်အနားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ဦးအ---၏အိမ်သည် စာသင် ကျောင်းနှင့်လည်း နီးသည်။ အဆိုပါအိမ်အဆောက်အဦးနှင့်အိမ်ထဲရှိ ဗီဒိုနှစ်လုံးထဲတွင်ထားရှိသော  ခေါင်းအုံး၊ စောင်၊ အိုးခွက်ပန်ကန်များ ထိမှန်ပျက်စီးသွားခဲ့သည်။ ငွေ၊ တန်ဖိုးရှိသောအရာများ သို့မဟုတ် ဆန်စပါးများ ထိခိုက်ပျက်စီးမှု မရှိခဲ့ပါ။ ယခင်က ထိုနယ်မြေတွင် စစ်ပဋိပက္ခများဖြစ်ပွားခဲ့သောကြောင့် ဦးအ--- သည် ၎င်း၏အိမ်တွင်မနေရဲဘဲ ပုန်း ရှောင်ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တွင် အခြားဒရုန်းတစ်စီးသည် အအ--- ကျေးရွာကို ဗုံးကြဲခဲ့သည်။ အဆိုပါဒရုန်းတစ်စီးသည် လှိုင်ဝအမြောက်တပ်စခန်းတွင်အခြေစိုက်သော မြန်မာစစ်တပ် ခြေလျင်တပ် ရင်း (ခလရ) အမှတ် (၉၇) လွှတ်တင်လိုက်သောဒရုန်းဖြစ်သည်ဟု ရွာသားများက တင်ပြခဲ့သည်။ ညနေ (၅း၁၅) မိနစ် တွင် ဒရုန်းမှကြဲချသည့်ဗုံးတစ်လုံးသည် အသက်(၆၄)နှစ်အရွယ် ဦးဘ---၏နေအိမ်အနားတွင် ကျရောက်ပေါက်ကွဲခဲ့ သည်။ ဗုံးအစအနများသည် အိမ်နံရံနှင့်ဘုရားစင်အား ထိမှန်ပျက်စီးခဲ့သည်။ အဆိုပါဒရုန်းသည် ဗုံးနှစ်လုံးဆက်တိုက်ကြဲ ချခဲ့သည်ဟု ဦးဘ---က KHRG ကိုပြောပြခဲ့သည်။

ညနေ (၅း၂၀) မိနစ်ဝန်းကျင်တွင် ဒရုန်းတစ်စီးသည် ကျေးရွာကို နောက်တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးသည် ဒေါ်စ---၏နေအိမ်အနားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ဗုံးအစများသည် အိမ်နံရံ၊ ဘုရားစင်နှင့်ပြတင်းပေါက်များကို ထိမှန်ပျက်စီးခဲ့သည်။ ဒေါ်စ---၏နေအိမ်အနားရှိ ဦးဒ---နှင့်ဦးဃ---တို့၏အိမ်တွေလည်း ပျက်စီးသွားခဲ့သည်။ ဗုံးအစများ သည် ဦးဒ---၏နေအိမ်ပြတင်းပေါက်မှန်နှင့်ဘုရားစင်ကို ထိမှန်ပျက်စီးခဲ့ပြီး ဦးဃ---၏နေအိမ်မီးဖိုချောင်ခေါင်မိုးကို ထိမှန်၍ပျက်စီးခဲ့သည်။ ဤတစ်ကြိမ်တွင် ထိုဒရုန်းတစ်စီးသည် ဗုံးနှစ်လုံး ဆက်တိုက်ကြဲချခဲ့သည်။ အဆိုပါဒရုန်းသည် ဗုံးကြဲချခြင်းမပြုလုပ်မီ ကျေးရွာပေါ်တွင် အကြာကြီးပျံဝဲလာပြီး အခြေအနေစောင့်ကြည့်ခဲ့ကြောင်း ဒေသခံရွာသားဖြစ် သူ ဦးဒ--- က ရှင်းပြခဲ့သည်။

အအ--- ကျေးရွာသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အခြေစိုက်သည့်နေရာအနီးနားတွင် တည်ရှိသည်။ ထို့အပြင် ဤကျေးရွာသည် စစ်ပဋိပက္ခဖြစ်ပွားသည့်နေရာနှင့်လည်းနီးသည်။ ထို့ကြောင့် ရွာသားများ သည် အမြဲတမ်းသတိထား၍နေထိုင်ကြရသည်။ ရွာသားများသည် ဒရုန်းပျံဝဲလာသည့်အသံကိုကြားရသည့်အချိန်တိုင်း ဗုံးခိုကျင်းထဲသို့ဝင်ရောက်ပုန်းရှောင်လေ့ရှိသည်။ ထိုရွာရှိ အိမ်ထောင်စုတိုင်းတွင် ဗုံးခိုကျင်းများရှိကြသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ရက်နှင့်၂၇ရက်နေ့ - ယောကူကျေးရွာအုပ်စုအတွင်း လက်နက်ကြီးပစ်ခတ်မှု

၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တွင် မြန်မာစစ်တပ် (SAC) သည် ယောကူကျေးရွာအုပ်စု၊ အအ--- ကျေးရွာအတွင်းသို့ (၁၂) မမလက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုမဖြစ်ပွားမီတွင် SAC စကခ (၁၂) သည် ကျေးရွာပေါ်သို့ ဒရုန်းများလွှတ်တင်၍ ဝေဟင်မှ ကင်းထောက်လှမ်းမှုပြုလုပ်ခဲ့သည်။ SAC အနေဖြင့် ဒရုန်းမှတစ်ဆင့် ပစ္စည်းများအပြည့်တင်ဆောင်လာသော ကားတစ်စီးကိုတွေ့၍ ကရင်စစ်သားများ (KNLA) ၏ကားဖြစ် ရမည်ဟုထင်မြင်ခဲ့ကြောင်း ရွာသားများက ယူဆကြသည်။ ထို့ကြောင့် အဆိုပါဒရုန်းတစ်စီးသည်  နောက်ပြန်လှည့်သွား ပြီးနောက် လှိုင်ဝအမြောက်တပ်စခန်းတွင် အခြေစိုက်သည့် စကခ (၁၂) မှ SAC စစ်သားများသည် ကျေးရွာသို့ (၁၂၀) မမ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် အဆိုပါကားတစ်စီးရပ်နားခဲ့သည့်နေရာတွင် ကျ ရောက်ပေါက်ကွဲခဲ့သည်။ သို့သော်လည်း လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် ထိုကားတစ်စီးသည် တနေးဆားမြို့ နယ်၊ နို့ကေးကျေးရွာအုပ်စု၊ အစ---ကျေးရွာသို့ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ အမှန်တကယ်တွင် ထိုကားသည် စစ်သား ကားမဟုတ်ပါ။ ရွာသားတစ်ဦး၏ ကားတစ်စီးသာဖြစ်သည်။ ထိုကားသည် အအ--- ကျေးရွာမှစ၍ အခြားနေရာသို့ ကုန်ပစ္စည်းများတင်ဆောင်၍ သယ်ယူပို့ဆောင်ခြင်းဖြစ်သည်။

ညနေ (၅း၄၅) မိနစ်တွင် အအ---ကျေးရွာအတွင်း (၁၂၀) မမ အခြားလက်နက်ကြီးတစ်လုံးထပ်မံကျရောက်ပေါက်ကွဲခဲ့ သဖြင့် အသက် (၆၂) နှစ်အရွယ် စောဖ---ကို ထိမှန်၍ သူ၏ဘယ်ဖက်ခြေသလုံးဒဏ်ရာရရှိခဲ့သည်။ စောဖ--- သည် ဒန့်သလွန်သီးများ ခူးယူနေသည့်အချိန်အတွင်းတွင် လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးသည် ဒန့်သ လွန်ပင်အနားတွင် ကျရောက်ပေါက်ကွဲပြီး ဗုံးအစသည် သစ်ပင်အောက်မှာရှိနေသော စောဖ---၏ခြေသလုံးကို ထိမှန်၍ ချက်ချင်းမြေပြင်ပေါ်သို့လှဲကျသွားခဲ့သည်။ ထို့နောက် အခြားရွာသားနှစ်ဦးဖြစ်သော စောဂ---နှင့်စောဟ---တို့သည် ကားဖြင့်စီးလာပြီး စောဖ---ကို လာရောက်ကူညီရန်သွားခဲ့သည်။ ထိုအချိန်တွင် အခြားလက်နက်ကြီးတစ်လုံးသည် ကျ ရောက်ပေါက်ကွဲပြီး စောဂ---နှင့်စောဟ---ကို ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ စောဂ--- သည် သူ၏ကျောကုန်းညာဖက်တွင် ဒဏ်ရာရခဲ့သည်။ စောဟ---သည် သူ၏ညာဖက်ပေါင်တွင် ဒဏ်ရာရခဲ့သည်။ ကျေးရွာခေါင်းဆောင်များက ၎င်းတို့သုံးဦး ကို (စောဖ---၊ စောဂ---နှင့်စော---ဟ) နို့ကေးကျေးရွာအုပ်စု၊ အဒ--- ကျေးရွာရှိ ဆေးခန်းသို့ပို့ဆောင်ခဲ့သည်။ ထိုဆေးခန်း သည် ကရင်အမျိုးသားအစည်းအရုံး (KNU) စီမံခန့်ခွဲသောဆေးခန်းဖြစ်သည်။ ၎င်းတို့သုံးဦးသည် ညနေ (၆)နာရီဝန်း ကျင်တွင် ဆေးခန်းသို့ရောက်ရှိလာပြီးနောက် ကျန်းမာရေးလုပ်သားများသည် ၎င်းတို့ဒဏ်ရာများကို ဆေးကြောပေးခဲ့ သည်။

စောဖ---ခြေသလုံးအသားများသည် ပြဲထွက်သွား၍  ဒဏ်ရာပြင်းထန်ခဲ့သည်။ စောဟ---၏ပေါင်အသားထဲတွင် ဗုံးအစ စိုက်ဝင်သည့်အတွက် ဒဏ်ရာပြင်းထန်သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် အဒ--- ကျေးရွာရှိ ဆေးခန်းတွင် ပဏာမဆေးကုသမှုရရှိပြီးနောက် ၎င်းတို့ကို KNU ခရိုင်ဆေးခန်းသို့ လွှဲပြောင်း၍ပို့ဆောင်ခဲ့သည်။ (လုံခြုံရေးကြောင့် ထိုဆေးခန်း၏တည်နေရာကို ဖော်ပြ၍မရပါ။) စောဖ---နှင့်စောဟ---တို့နှစ်ဦးသည် ၎င်းတို့ကိုပို့ ဆောင်မည့်ကားကို စောင့်ရသည့်အတွက် ည (၈) နာရီဝန်းကျင်မှသာ ခရိုင်ဆေးခန်းသို့ရောက်ရှိလာခဲ့သည်။ ဆေးခန်းသို့ရောက်ရှိပြီး သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ခွဲစိတ်ခန်းသို့ပို့ဆောင်ခဲ့သည်။ ကျန်းမာရေးလုပ်သားများသည် ၎င်းတို့နှစ်ဦးကို ဒဏ်ရာ ပျောက်ကင်းသည့်အထိ ဆေးခန်းတွင်နေထိုင်ရန် ပြောကြားခဲ့သည်။ (စောဖ---နှင့်စောဟ---တို့သည် ထိုဆေးခန်းတွင် အခမဲ့ဆေးကုသမှုရရှိခဲ့သည်။)

စောဂ---အနေဖြင့် ဗုံးအစသည် သူ၏ကျောကုန်းကို စိုက်ဝင်ခြင်းမရှိ၍ ဒဏ်ရာမပြင်းထန်သည့်အတွက်ကြောင့် အဒ--- ကျေးရွာရှိ ဆေးခန်းတွင်သာ ဆေးကုသမှုခံယူခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ မနက် (၈း၀၃) မိနစ်တွင် SAC စကခ (၁၂) သည် ယောကူကျေးရွာအုပ်စု၊ အဘ--- ကျေး ရွာတွင်းသို့ (၁၂၀) မမ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ပြီး ဦးဧ---၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ လက် နက်ကြီးပစ်ခတ်သည့်အချိန်တွင် ဦးဧ---၏မိသားစုဝင်များအားလုံးသည် အိမ်ထဲတွင်ရှိနေခဲ့သည်။ သို့သော်လည်း ၎င်းတို့ အားလုံးသည် အိမ်ထဲတွင် တစ်ယောက်တစ်နေရာဆီတွင်နေပြီး သူတို့အလုပ်ကို လုပ်နေကြသည်။ လက်နက်ကြီးသည် အိမ်၏နောက်ဖေးခေါင်မိုးပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ခေါင်မိုးသည် ဖက်ရွက်ဖြင့်ဆောက်လုပ်ထားသည့်အ တွက် လက်နက်ကြီးပေါက်ကွဲ၍ မီးစွဲလောင်သွားခဲ့သည်။ ထို့အပြင် အသက် (၁၀၅)နှစ်အရွယ် အဖွားအိုဖြစ်သူ ဒေါ်သ---သည် အိမ်ထဲတွင်ရှိနေ၍ သူမ၏ဦးခေါင်းညာဖက်ခြမ်းကိုထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အဖွားအိုကို အဒ--- ကျေးရွာရှိဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ဝက်တစ်ကောင်သည်လည်း လက်နက်ကြီးအစထိမှန်၍သေဆုံးသွားခဲ့သည်။    

Thu, 31 Jul 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဘားအံခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်းသတင်းတို သည် လက်ခံရရှိသော မြေပြင်အစီရင်ခံစာ (၄) ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 25-49-D1၊ 25-80-D1၊ 25-100-D1 နှင့် 25-107-D1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်