Mon, 31 Mar 2025
တပါးသူအား ထိခိုက်နာကျင်အောင် အတင်းအကြပ်ခိုင်းစေခံရခြင်း - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏အတင်းအဓမ္မစစ်မှုထမ်း ခိုင်းခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှု (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ )

   

 

၁။ နိဒါန်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွား မှုများ အရှိန်မြင့်တက်လာခဲ့သည်။ SAC သည် စစ်သားသစ်စုဆောင်းရေးစီမံကိန်းကို တောရောမြို့ပါမကျန်လိုက် လံစုဆောင်းမှုများပြုလုပ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုပြဌာန်းခဲ့သည်။ ဤဥပဒေကြောင့် စစ်မှုထမ်းခြင်းကို ရှောင်ကြဉ်ရန်လူငယ်များစွာ အခြားသောနေရာကိုရွှေ့ပြောင်းမှုများလုပ်ခဲ့ကြ သည်။ မြန်မာတပ်မတော်သည်[1] ဆယ်စုနှစ်များစွာကြာ မြန်မာပြည်အရှေ့တောင်ပိုင်းရှိလူများအပေါ် လူ့အခွင့်အ ရေးချိုးဖောက်မှုများအား ကျူးလွန်လျှက်ရှိပြီး ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်တွင် ချိုးဖောက်မှုများ ပိုမိုများပြား လာကာ အကျိုးဆက်အနေဖြင့် စစ်မှုထမ်းရသူများသည် မိမိတို့၏မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် တစ်ရွာတည်း နေသူများအပေါ် ချိုးဖောက်မှုများလုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခံရသောကြောင့်ကာ စိတ်ထိခိုက်ခြင်းများကို ဖြစ်ပေါ်စေပါသည်။  ၂၀၂၄ ခုနှစ်တွင် SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသူရွာသားများအား အဓိကထား ပစ်မှတ်ထားကာ အာဏာရှင်ဆန်စွာဖမ်းဆီးခြင်း၊ ထင်ထင်ပေါ်ပေါ်ခြိမ်းခြောက်မှုများပြုလုပ်ခြင်း၊ အကြောင်းမဲ့ဖမ်း ဆီးခြင်း၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် အတင်းအကျပ်ဖမ်းဆီးကာ ပျောက်ဆုံးသွားခြင်းစသည့်ချိုးဖောက်မှု များကြောင့် ပြည်သူလူထု၏အသက်မွေးဝမ်းကြောင်းများနှင့်လုံခြုံမှုများအပေါ်များစွာ ထိခိုက်မှုများဖြစ်ပေါ်စေခဲ့ သည်။

ဤအနှစ်ချုပ်စာတမ်းသည် ၂၀၂၄ ခုနှစ်၊  ဇန်နဝါရီလမှစ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ခြင်းအပါအဝင် စစ်ကောင်စီအစိုးရ၏ အဓမ္မစစ်သားသစ်စုဆောင်းမှုကြောင့် ဒေသခံများသတ်မှတ်ထားသော ကရင် ပြည်နယ်ရှိ[2] ရွာသူရွာသားများရင်ဆိုင်ရသော အကျိုးသက်ရောက်မှုနှင့်စိန်ခေါ်မှုများကို တင်ပြထားသည်။ ဤအနှစ် ချုပ်စာတမ်း၏ပထမအပိုင်းသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးအခြေအနေနှင့် မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေများ၏အကြောင်းကို  အကျဉ်းချုပ်ခြုံငုံသုံးသပ်ထားသည်။ ဒုတိယအပိုင်းတွင် SAC အစိုးရမှ ရွာသူ ရွာသားများကို အဓမ္မစစ်သားသစ်စုဆောင်းခြင်းနှင့်ပက်သက်သည့်နည်းလမ်းနှင့်သက်သေအထောက်အထားများ၊ ဒေသခံများအပေါ်အကျိုးသက်ရောက်မှုများနှင့် ၎င်းတို့ကြုံတွေ့ရသောစိန်ခေါ်မှုများ၊ SAC မှ စစ်မှုထမ်းရန် ငြင်းဆန် သူများ လက်တုန့်ပြန်သည့်လုပ်ရပ်များ၊ စစ်မှုထမ်းခြင်းအား ရှောင်လွဲရန်အတွက် ရွာသူရွာသားများ နေရပ်မှ ရွှေ့ ပြောင်းခြင်းများနှင့် ရွာသူရွာသားများ၏စားဝတ်နေရေး၊ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာအပေါ်ဆိုးရွားစွာ သက်ရောက်မှု များကို တင်ပြထားပါသည်။ အနှစ်ချုပ်စာတမ်း၏တတိယအပိုင်းတွင် လုံခြုံရေး၊ ဥပဒေရေးရာနှင့်ပက်သက်သည့် စီစစ်တွေ့ရှိချက်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရှိ ပါဝင်လုပ်ဆောင်သူများအား မူဝါဒရေးရာများနှင့် ပက်သက် သည့်အကြံပြုချက်များကို ထည့်သွင်းဖော်ပြထားပါသည်။

၂။ အခြေအနေခြုံငုံသုံးသပ်ချက် - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ချိုးဖောက်မှုများနှင့် အဓမ္မစစ်သားစုဆောင်းခြင်း

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လက်နက်ကိုင်ပဋိပက္ခ၏နောက်ခံသမိုင်းကြောင်း

မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှစ၍ မြန်မာ့တပ်မတော်သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသူရွာ သားများ၏အခွင့်အရေးများအား ချိုးဖောက်ခြင်းနှင့် အရပ်သားပြည်သူများအား ဖိနှိပ်ချုပ်ချယ်ခြင်းများအား ထပ်တ လဲလဲလုပ်ဆောင်လာခဲ့သည်။[3] ကရင်အမျိုးသားအစည်းအရုံး၏လက်နက်ကိုင်တပ်ဖြစ်သော ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်နှင့်အခြားသောဒေသခံလက်နက်ကိုင်တပ်ဖွဲ့များသည် မြန်မာ့တပ်မတော်အား ၁၉၄၉ ခုနှစ် မှစတင်ကာ ယနေ့အထိ လက်နက်ကိုင်ကာ တိုက်ခိုက်လာခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှ ရွာသူရွာသားများ၏ထောက်ပံ့မှုကို မရှိစေနိုင်ရန်အတွက် မြန်မာ့တပ်မတော်မှ ဖြတ်လေးဖြစ်စနစ်ကို ၁၉၅၀ ခုနှစ် များနှင့် ၁၉၆၀ ခုနှစ်များတွင် စတင်အသုံးပြုလာခဲ့ပြီး ထိုဖြတ်လေးဖြတ်စနစ်တွင် ရွာများအားမီးတင်ရှို့ခြင်း၊ စားနပ် ရိက္ခာများ၊ ဆေးဝါးများနှင့်အခြားသောပိုင်ဆိုင်မှုများဖျက်ဆီးခြင်း၊ အဓမ္မရွှေ့ပြောင်းစေခြင်းများသည် လူ့အခွင့် အရေးနှင့်လူသားချင်းစာနာထောက်ထားမှုဥပဒေကို ထင်ထင်ပေါ်ပေါ်ချိုးဖောက်ခြင်းများဖြစ်သည်။ ၁၉၇၀ခုနှစ် များစတင်ကာ ၂၀၀၀ ခုနှစ်ကျော်အထိ ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်မှ လုပ်ဆောင်ခဲ့သည့် သောင်း ကျန်းသူတိုက်ဖျက်ရေးနည်းလမ်းများတွင် အရပ်သားများအား တိုက်ခိုက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း(ရွာသူရွာသားများအားမိုင်းရှင်းလင်းရေးလုပ်သားများကဲ့အသုံးပြုခြင်းနှင့်လူသားဒိုင်းအဖြစ်အသုံးပြုခြင်း)၊ နေရပ်မှ အဓမ္မရွှေ့ပြောင်းစေခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းစသည့်တို့ သည် စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့်အမှုများကို ကျူးလွန်ရာရောက်သည်။[4] ပဏာမအပစ် အခတ်ရပ်စဲရေးကို ၂၀၁၂ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် နောက်တစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း မြန်မာပြည် အရှေ့တောင်ပိုင်းတွင် ဥပဒေမဲ့သတ်ဖြတ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းစသည့်ချိုးဖောက်မှုများနှင့်ပက်သက်သည့် အစီရင်ခံတင်ပြချက်များကို ဆက်လက်တွေ့ရှိနေရသည်။[5]

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလတွင် ထွက်ပေါ်ခဲ့သော ဒီမိုကရေစီရွေးကောက်ပွဲရလဒ်အား ငြင်းပယ်ကာ မြန်မာ့တပ်မတော် သည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းကာ မိမိကိုယ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် ကြေငြာခဲ့သည်။ ထိုအချိန်မှစ၍ SAC သည် ဖြတ်လေးဖြတ်စနစ်အားပြန်လည်ကျင့်သုံးကာ ရွာသူရွာသားများနှင့် ၎င်းတို့၏အိမ်များတိုက်ခိုက်ခြင်းများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့်တိုက်ခိုက်မှုများ၊ အိမ်များကို မီးတင်ရှို့ခြင်း၊ ရွာသူရွာသားများအား ပစ်ခတ်သတ်ဖြတ်ခြင်းများ၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် အကြောင်းမဲ့ဖမ်းဆီး ခြင်းများကြောင့် ဒေသခံမှ သတ်မှတ်ထားသော ကရင်ပြည်နယ်တွင် လူပေါင်းများစွာကို နေရပ်စွန့်ခွာခြင်းနှင့် ကြောက်ရွံ့ထိတ်လန့်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။[6] 

မြန်မာပြည်တွင်းရှိ အဓမ္မစစ်သားစုဆောင်းခြင်းနှင့်စစ်မှုမထမ်းမနေရဥပဒေ

မြန်မာပြည်၏စစ်မှုမထမ်းမနေရဥပဒေခေါ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၁၉၅၅ ခုနှစ်တွင် မူကြမ်းရေးဆွဲခဲ့သည်။[7] သို့သော် ဘယ်သောအခါမှ တရားဝင်သက်ရောက်မှုမရှိခဲ့ပေ။ သို့ဖြစ်စေကာမူ  အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂမှ ၁၉၉၈ ခုနှစ်တွင် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် တရားဝင်စစ်မှုထမ်းဥပဒေတွင် ထည့်သွင်းပြဌာန်းထား ခြင်းမရှိသော်လည်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် အဓမ္မစစ်သားစုဆောင်းမှုများအား (အသက်မပြည့်သည့်သူများ အပါ အဝင်) မြန်မာ့တပ်မတော်နှင့်အခြားသော ပြည်သူ့စစ်အဖွဲ့များမှ လုပ်ဆောင်နေသည်ကို စုံစမ်းတွေ့ရှိရသည်။[8] ဤကဲ့သို့ အဓမ္မစစ်သားစုဆောင်းမှုများကို ဒီမိုကရေစီအရေးတောင်းဆိုသည့် ရှစ်လေးလုံးလှုပ်ရှားမှုပေါ်ပေါက်ခဲ့ သည့် ၁၉၈၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။[9]

ပြည်သူ့စစ်မှုထမ်းဥပဒေအား နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) မှ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ တွင်အဆိုပြုခဲ့သော်လည်း ထိုအချိန်တွင် အတည်ပြုခြင်းမရှိခဲ့ပါ။ ထိုဥပဒေတွင် အမျိုးသား (၁၈)နှစ်မှ (၃၅)နှစ်ကြား၊ အမျိုးသမီး (၁၈)နှစ် မှ (၂၇)နှစ်ကြားတို့သည် မြန်မာ့တပ်မတော်တွင် (၂၄)လကြာ တာဝန်ထမ်းဆောင်ရမည်ဟု ဆိုထားသည်။ ထိုဥပဒေတွင် ပညာရှင်များဖြစ်ကြသည့် ဆရာဝန်နှင့်အင်ဂျင်နီယာကဲ့သော အမျိုးသား (၄၅)နှစ်အထိ နှင့်အမျိုးသမီး (၃၅)နှစ်အထိတို့၏စစ်မှုထမ်းသက်တမ်းကို (၃၆) လအထိထမ်းဆောင်ရမည်ဟု သတ်မှတ်ထား သည်။ စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရသောသူများမှာ သာသနာ့ဝန်ထမ်းများ (ဥမမာ-ဘုန်းကြီး၊ သီလရှင်နှင့် ခရစ်ယာန်ဘုန်းတော်ကြီးများ)၊ အိမ်ထောင်ရှင်အမျိုးသမီးများ၊ နာတာရှည်‌မသန်စွမ်းသူများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့မှ ကင်းလွတ်ခွင့်ပေးထားသူများပါဝင်သည်။ ဥပဒေ၏အဆိုအရ ကျောင်းသူကျောင်းသားများ၊ နိုင်ငံ့ဝန်ထမ်း များ၊ သတ်မှတ်ထားသည့်ကြံ့ခိုင်မှုဆေးစစ်ချက်ကိုမပြည့်မှီသူများနှင့် သက်ကြီးရွယ်အိုမိဘများအား ကြည့်ရှုစောင့် ရှောက်ရသူများသည် ဥပဒေရေးဆွဲသည့်အဖွဲ့ထံသို့ စစ်မှုထမ်းခြင်းအား ယာယီရွှေ့ဆိုင်းရန် အယူခံဝင်ခွင့်ရှိသည်။  ဥပဒေကို မလိုက်နာသည့်သူများသည် ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် (၅)နှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ်  ပြစ်ဒဏ်နှစ်ခုစလုံး ကျခံရမည်ဖြစ်သည်။ ငွေဒဏ်ပမာဏအား အသေးစိတ်ဖော်ပြထားခြင်းမရှိပါ။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်း အဓမ္မစစ်သားသစ်စုဆောင်းခြင်း

၂၀၂၁ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် SAC သည် ၎င်းတို့၏ထိန်းချုပ်နယ်မြေဆုံရှုံးမှုများကိုမြန်မာနိုင်ငံအနှံ့ တွင် ကြုံတွေ့ခဲ့ရသည်။[10] Commission of Inquiry from the International Labour Organization (ILO) အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ၏စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ၂၀၂၃ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင် ခံစာတွင် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင်  မြန်မာ့တပ်မတော်သည် အဓမ္မပေါ်တာထမ်းခိုင်းခြင်း သို့မ ဟုတ် လူသားဒိုင်းအဖြစ်အသုံးပြုခြင်းကဲ့သို့ စစ်ဘက်ရေးရာနှင့်ပက်သက်သည့်အရာများကို အရပ်သားများအား အဓမ္မလုပ်ဆောင်စေခဲ့သည့်သက်သေအထောက်အထားများအား တွေ့ရှိခဲ့ရသည်။[11] ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကရင်လူ့အခွင့်အရေးအဖွဲ့မှ လက်ခံရရှိသောအစီရင်ခံစာများတွင် SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသူရွာသားများအား အဓမ္မစစ်သားစုဆောင်းမှုများ လုပ်ဆောင်ခဲ့ကြောင်းဖော်ပြထားသည်။[12] ဤကဲ့သို့သော SAC ၏လုပ်ရပ်များသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေခြင်းဖြစ်သည်။

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် SAC သည် ၂၀၁၀ခုနှစ်တွင် ရေးဆွဲခဲ့သော မြန်မာနိုင်ငံ၏ပြည်သူ့စစ်မှု ထမ်းဥပဒေကို လက်တွေ့ဥပဒေပြုအကောင်အထည်ဖော်မည်ဟု ကြေညာခဲ့သည်။ ထိုနောက်ပိုင်းရက်များတွင် ပြည်သူလူထု၏တုန့်ပြန်မှုများကြောင့်[13] ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ရက်မှ ၁၆ရက်နေ့အထိ ကျင်းပသော နှစ်သစ်ကူး (သင်္ကြန်ပွဲတော်)ပြီးမှသာ ထိုဥပဒေသည် အသက်ဝင်မည်ဖြစ်ကြောင်း ပြန်လည်ကြေညာခဲ့သည်။ တရားဝင်အရေ အတွက်ကို အတည်ပြုရန်ခက်ခဲသော်လည်း SAC မှ စစ်မှုထမ်းတစ်ပတ်စဉ်လျှင် လူဉီးရေ (၅၀၀၀) ခန့် စုဆောင်း သည်ဟု အစီရင်ခံစာများတွင် ဖော်ပြကြပြီး အပတ်စဉ် (၉) ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် စတင်ခဲ့သည်။[14] ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်မှစ၍ ဆန့်ကျင်တိုက်ခိုက်ခံရခြင်း၊ လူထုထောက်ခံမှုမရှိခြင်းနှင့်စစ်တပ်ထိန်းချုပ် နယ်မြေများကို ဆုံးရှုံးခြင်းများကြောင့် SAC မှ စစ်မှုထမ်းဥပဒေကို အတည်ပြုရန် တရားဝင်အာဏာရှိမရှိနှင့်ပက် သက်၍ နိုင်ငံတကာအခွင့်အရေးနှင့်ပက်သက်သည့် အာဏာရှိသည့်အဖွဲ့အစည်းများ အပါအဝင် လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြပြောဆိုမှုများရှိခဲ့သည်။[15]

SAC မှ စစ်ရေးနှင့်ဆိုင်သောဆုံးရှုံးမှုများကြုံတွေ့ရပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်မှုထမ်းရန် အရည် အချင်းပြည့်မီသူများကို ပို၍တင်းကျပ်သော ဥပဒေစည်းမျဉ်းများ ချမှတ်ထားရှိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[16] ယခုအချိန်တွင် စစ်မှုထမ်းရန် နာမည်စာရင်းတွင်ပါရှိသည့်သူများသည် နိုင်ငံပြင်ပသို့ ခရီးသွားခွင့်မရှိတော့သည့် အပြင် စစ်မှုထမ်းဟောင်းဖြစ်သည့်သူများလည်း နောက်တဖန်စစ်မှုထမ်းရန်အတွက် ပြန်လည်ခေါ်ယူနိုင်ချေရှိ ကြောင်းသိရှိရသည်။  SAC စစ်အစိုးရသည် နိုင်ငံရပ်ခြားတွင်နေထိုင်သော နိုင်ငံသားများကို စစ်မှုထမ်းရန်အတွက် မှတ်ပုံတင်ရန်လိုအပ်ပြီး အကယ်၍ မှတ်ပုံတင်ရန်ပျက်ကွက်ပါက အကျိုး၊အကြောင်းဖြင့်ရှင်းပြထားသော “ခိုင်လုံ သည့်အထောက်အထား” ကိုသာ လက်ခံမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။[17] မကြာမီက KHRG မှ လက်ခံရရှိသည့်အစီရင်ခံစာများအရ SAC သည် စစ်မှုထမ်းရန်အရည်အချင်းပြည့်မီသည့်အမျိုးသမီးများကိုလည်း နာမည်စာရင်းပြုစု၍ ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ ဤအခြေအနေသည် အမျိုးသမီးများအနေဖြင့် အမျိုး သားများကဲ့သို့ စစ်မှုထမ်းနှင့်ပတ်သက်သော ခြိမ်းခြောက်မှုများ ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း တင်ပြကြသည်။[18]

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် SAC ဒုတိယဝန်ကြီးချုပ်နှင့်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သော ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် SAC အနေဖြင့် ပြည်သူလူထုကို စစ်မှုထမ်းရန် အတွက် အတင်းအကြပ်ဆင့်ခေါ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း SAC မှ ရွာသားများကို အတင်းအကြပ်စစ်မှုထမ်းခိုင်းစေသည့်အခြေအနေနှင့်ပတ်သက်၍ အစီရင်ခံစာမြောက်မြားစွာကို KHRG က လက်ခံ ရရှိခဲ့သည်။[19]   

၃။ ဖြစ်စဉ်များအကျဉ်းချုပ် - SAC အဓမ္မစစ်မှုထမ်းခိုင်းစေမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများ ကြုံတွေ့ရသော စိန်ခေါ်မှုများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် SAC သည် ၎င်းတို့၏စစ်အင်အားတိုးချဲ့ရန်ရည်ရွယ်ချက်ဖြင့် စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် SAC သည် အရပ်သားများနှင့်ရွာသားများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း နှင့်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းအစရှိသော အကြမ်းဖက်မှုများကိုအသုံးပြု၍ ၎င်းတို့ဆန္ဒမပါဘဲ အဓမ္မစစ်မှုထမ်း ခိုင်းစေခဲ့သည်။ SAC ၏အဓမ္မစစ်သားစုဆောင်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံအသိုင်းအဝန်း များကြားတွင် စိုးရိမ်ကြောက်ရွံ့မှုများဖြစ်ပေါ်စေပြီး ရွာသားအများအပြားသည် နေရပ်မှစွန့်ခွာ၍ ပုန်းရှောင်ကြရ သည်။ ထို့အပြင် SAC ၏စစ်မှုထမ်းလုပ်ရပ်တွင် ရွာသားများကို အလွန်ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှု များအား ကျူးလွန်ရန် အဓမ္မစေခိုင်းခြင်းလည်းရှိသည်။ ဤအခြေအနေသည် ရွာသားများအား ထိခိုက်နာကျင်စေ ပြီး ၎င်းတို့၏လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ခရိုင်ခုနှစ်ခုစလုံးတွင် SAC ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်နှင့် မြန်မာစစ်တပ်နှင့် SAC လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်သားသစ်စုဆောင်းမှုနှင့်ပတ်သက်၍ ရွာသားများကြုံတွေ့ရသော စိန်ခေါ်မှုများအခြေအနေကို KHRG က အစီ ရင်ခံစာ (၃၇) စောင်လက်ခံရရှိခဲ့သည်။ ဤအစီရင်ခံစာ (၃၇) စောင်တွင် အဓမ္မစစ်သားစုဆောင်းမှုဖြစ်စဉ် (၃၀) ခုပါ ဝင်သည်။ ထိုအထဲမှ SAC ၏အဓမ္မစစ်သားစုဆောင်းမှုဖြစ်စဉ်သုံးခုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း SAC စစ်မှုထမ်းဥပဒေအား ပြဌာန်းခြင်းမတိုင်မီတွင် ဖြစ်ပွားခဲ့သည်။ ထိုအထဲတွင် SAC လက်အောက်ခံ နယ်ခြားစောင့် တပ် (BGF) ၏အဓမ္မတပ်သားသစ်စုဆောင်းမှုဖြစ်စဉ်တစ်ခုပါဝင်ပြီး SAC လက်အောက်ခံဖြစ်သော ပြည်သူ့စစ်အဖွဲ့ မှ အဓမ္မစစ်သားစုဆောင်းခြင်းဖြစ်စဉ်နှစ်ခုလည်းပါဝင်သည်။ KHRG လက်ခံရရှိသည့်အစီရင်ခံစာများအရ အနည်း ဆုံးရွာသားများ (၂၁၄) ဦးသည် ၎င်းတို့ဆန္ဒမပါဘဲ အဓမ္မခိုင်းစေခံရ၍ SAC စစ်သားများအဖြစ် စစ်မှုထမ်းခဲ့ရသည်။ KHRG အစီရင်ခံစာများတွင် အသက် (၁၈) နှစ်နှင့် (၅၀) နှစ်ကြားတွင်ရှိသော အမျိုးသားများသာ အဓမ္မခိုင်းစေခံရ၍ စစ်မှုထမ်းခဲ့ရကြောင်း တွေ့ရှိရသည်။ ဒေသအတွင်း သတ်မှတ်ထားသော ကရင်ပြည်နယ်ရှိ ခရိုင် (၇) ခုနှစ်စလုံးတွင် SAC မှ အဓမ္မစစ်သားစုဆောင်းမှုပြုလုပ်ကြပြီး အထူးသဖြင့် တောအူး (တောင်ငူ) ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်နှင့် ဒူးပ လာယာခရိုင်တို့တွင် အဓမ္မစစ်သားစုဆောင်းမှုအများဆုံးပြုလုပ်ကြသည်။

ဤအခန်းတွင် SAC မှ စစ်မှုထမ်းဥပဒေအား ထုတ်ပြန်ကြေညာပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC အဓမ္မစစ်သားစုဆောင်းမှု၏ဆိုးကျိုးသက်ရောက်မှုများနှင့်ရွာသားများကြုံတွေ့ရသောစိန်ခေါ်မှုများကို ဖော်ပြထား သည်။ ထိုအထဲတွင် (၃.၁) SAC စစ်သားစုဆောင်းမှုနှင့်ဖမ်းဆီးမှုကိုကြောက်ရွံ့၍ နေရပ်မှတိမ်းရှောင်ရခြင်း၊ (၃.၂) စစ်မှုထမ်းအမိန့်ကို လိုက်နာဆောင်ရွက်ရန် ငြင်းဆိုသည့်ရွာသားများအား SAC မှ အပြစ်ပေး၍ ပြန်လည်တုန့်ပြန် ခြင်း၊ (၃.၂) ရွာသားများ၏စားဝတ်နေရေးအပေါ် သက်ရောက်မှုရှိခြင်းနှင့် (၃.၄) ရွာသားများ၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအား ထိခိုက်ခြင်းစသည့်အပိုင်းငယ်များဖြင့် ခေါင်းစဉ်ခွဲ၍ ရေးသားဖော်ပြထားသည်။ ဖော်ပြထားသော အကြောင်းအရာများထဲတွင် SAC ၏အဓမ္မစစ်သားစုဆောင်းမှုကို ရွာသားများက ပြန်လည်တုန့်ပြန်၍ အသုံးပြုသော နည်းလမ်းဗျူဟာများကိုလည်း ထည့်သွင်းရေးသားထားပါသည်။

၃.၁။ စစ်မှုထမ်းမှ လွတ်မြောက်ရန်အတွက် နေရပ်မှတိမ်းရှောင်ရခြင်း

အစီရင်ခံစာကာလအတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ဖြစ်စေ၊ ပြဌာန်း ခြင်းမတိုင်မီတွင်ဖြစ်စေ ရွာသားများသည် SAC ၏အဓမ္မစစ်သားစုဆောင်းမှုကို ရှောင်ရှားရန်အတွက်အကြောက် တရားနှင့်အတူ ထွက်ပြေးတိမ်းရှောင်ရသောအခြေအနေနှင့်ပတ်သက်သည့်အစီရင်ခံစာ အနည်းဆုံး (၁၅) စောင်ကို KHRG မှ လက်ခံရရှိခဲ့သည်။ SAC မှ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြဌာန်းပြီးနောက်တွင် မြန်မာပြည် အရှေ့တောင်ပိုင်းရှိမြို့ပြဒေသများနှင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသောရွာသားများအမြောက်အများ သည် ၎င်းတို့နေရပ်ဒေသမှ ထွက်ပြေးတိမ်းရှောင်ရကြောင်း မကြာခဏတွေ့ရှိရသည်။ ရွာသားတော်တော်များ များသည် ၎င်းတို့မိသားစုဝင်များ၏လုံခြုံရေးအတွက် စိုးရိမ်ကြောက်ရွံ့ပြီး SAC ၏အကြမ်းဖက်ပြန်လည်တုန့်ပြန် မှုကို ရှောင်ရှားရန်အတွက် ၎င်းတို့သားသမီးများနှင့်မိဘများနှင့်အတူ ထွက်ပြေးတိမ်းရှောင်ရသည့်အခြေအနေ လည်းရှိသည်။ ရွာသားများသည် စစ်မှုထမ်းအမိန့်ကို လိုက်နာဆောင်ရွက်ရန်ငြင်းဆိုပါက SAC သည် ၎င်းတို့နှင့် ၎င်းတို့မိသားစုဝင်များကို ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာအပြစ်ပေးခြင်း၊ အဓမ္မဖမ်းဆီးခြင်းနှင့်ငွေညှစ်တောင်းယူ ခြင်းနှင့်ခြိမ်းခြောက်ခြင်းအစရှိသောလုပ်ရပ်များကို မကြာခဏ ကျူးလွန်လေ့ရှိသည်။

ရွာသားများထွက်ပြေးတိမ်းရှောင်ရသည့်အခြေအနေသည် မတူကွဲပြားမှုများရှိကြောင်း တွေ့ရှိရသည်။ တစ်ချို့ရွာ သားများသည် စစ်မှုထမ်းဥပဒေထုတ်ပြန်ကြေညာချက်ကို ကြားသိရှိရပြီးနောက် သို့မဟုတ် ၎င်းတို့နာမည်ကို စစ်မှု ထမ်းဆင့်ခေါ်စာတွင် သိရှိရပြီးနောက် ထွက်ပြေးကြသည်။ တစ်ချို့လည်း ၎င်းတို့ရပ်ရွာလူကြီးများမှတစ်ဆင့် SAC စစ်သားစုဆောင်းမှုအကြောင်းကို သိရှိရပြီးနောက် သို့မဟုတ် SAC စစ်သားများမှ ပြည်သူကို စစ်မှုထမ်းစေရန် လိုက်လံဖမ်းဆီးနေခြင်းကို ကြားသိရှိရပြီးနောက် ထွက်ပြေးကြသည်။ ရွာသားများ၏သက်သေခံပြောပြချက်များ အရ ထွက်ပြေးတိမ်းရှောင်သောရွာသားအများစုသည် အထူးသဖြင့်လူငယ်များသည် SAC စစ်သားများနှင့်ဝေးသော KNU အုပ်ချုပ်နယ်မြေဒေသများ သို့မဟုတ် ထိုင်းနိုင်ငံသို့ ထွက်ပြေတိမ်းရှောင်ကြသည်။

(က) SAC ၏စစ်သားစုဆောင်းမှုကို ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်ခြင်း

KHRG လက်ခံရရှိသည့်အစီရင်ခံစာများအရ အနည်းဆုံးရွာသားများ (၇၈) ဦးသည် SAC စစ်သားစုဆောင်းခံရမည် ကို ကြောက်ရွံ့သောကြောင့် ၎င်းတို့အိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ မြေပြင်အခြေအနေတွင် ထွက်ပြေးတိမ်း ရှောင်ရသည့်ရွာသားများ၏အရေအတွက်သည် ပို၍များပါသည်။ သို့သော်လည်း ရွာသားများသည် အရေးပေါ်ထွက် ပြေးတိမ်းရှောင်ရသည့်အတွက်ကြောင့် KHRG အနေဖြင့် တိကျမှန်ကန်သည့်အရေအတွက်ကို သိရှိရန် အလွန်ခက် ခဲပါသည်။ SAC စစ်သားများသည် မတူညီသည့်နည်းလမ်းစနစ်များအားအသုံးပြု၍ ရွာသားများကို စစ်မှုထမ်းခိုင်း စေခဲ့သည်။ စစ်မှုထမ်းခိုင်းစေရာတွင် SAC အသုံးပြုသည့်နည်းလမ်းများမှာ စစ်သားစုဆောင်းမှုအတွက် ဒေသခံ ခေါင်းဆောင်များအား အမိန့်ပေးခိုင်းစေခြင်း၊ ရွာသားများအား အဓမ္မဖမ်းဆီး၍ စစ်မှုထမ်းခိုင်းစေခြင်း၊  ရွာသားများ အား မဲနှိုက်ခိုင်းပြီး စစ်သားစုဆောင်းခြင်းနှင့် ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိပဲ ရွာသားများ၏နာမည် များကို စာရင်းပြု၍ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းတို့ဖြစ်သည်။

SAC အုပ်ချုပ်သည့်နယ်မြေဒေသများတွင်ဖြစ်စေ၊ ရောယှက်အုပ်ချုပ်သည့်နယ်မြေဒေသတွင်ဖြစ်စေ SAC အနေ ဖြင့် ရွာသားများအား စစ်သားစုဆောင်းရန်အတွက် ဒေသခံအာဏာပိုင်များကို အမိန့်ပေးခိုင်းစေခြင်းသည် ၎င်းတို့ အသုံးများသောနည်းလမ်းတစ်ခုဖြစ်သည်။ SAC မှ ဒေသခံရပ်ရွာအာဏာပိုင်များအား ဆင့်ခေါ်၍ စစ်သားစုဆောင်း မှုအတွက် လုပ်ဆောင်ပေးရန် အမိန့်ပေးခိုင်းစေသည့်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး KHRG မှ အစီရင်ခံစာအများ အပြားလက်ခံရရှိခဲ့သည်။ SAC သည် ရွာသားများကို မြန်မာစစ်တပ်ထံတွင် စစ်မှုထမ်းစေရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား (အများစုမှာ SAC ခန့်အပ်သော အုပ်ချုပ်ရေးမှူးများ ဖြစ်သည်) တိုက်ရိုက်အမိန့်ပေးခိုင်းစေခြင်းနှင့်ပတ်သက်သောအစီရင်ခံစာ (၈) စောင်ကို KHRG မှ လက်ခံရရှိခဲ့ သည်။ ဤအခြေအနေကြောင့် ရွာသားများသည် မြန်မာစစ်တပ်တွင် အဓမ္မစစ်သားစု ဆောင်းခံရမည်ကို ကြောက်ရွံ့ သောကြောင့် ရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၀ရက်နေ့၌ လှိုင်းဘွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် SAC ရဲအာဏာပိုင်များသည် ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်၊ ဖ---ကျေးရွာအုပ်စု၊ အတ---ကျေးရွာသို့ရောက်ရှိလာပြီး ရပ်ရွာလူကြီးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအားဆင့်ခေါ်၍ စစ်မှုထမ်းကိစ္စအတွက် အစည်းအဝေးပြုလုပ်ခဲ့သည်။ အတ---ကျေးရွာ သည် SAC ၊ KNU ၊ BGF နှင့် KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) ရောယှက်ထိန်းချုပ်သောနယ်မြေအတွင်းတွင် တည်ရှိသည်။  ထိုအစည်းအဝေးတွင်   လှိုင်းဘွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ SAC စစ်မှုထမ်းဥပဒေပြဌာန်း ချက်အရ ရွာသားများအနေဖြင့် စစ်မှုထမ်းရမည်ဟုဆို၍ စစ်မှုထမ်းစစ်တမ်းကောက်ယူပေးရန် ရပ်ရွာအာဏာ ပိုင်များကို အမိန့်ပေးခိုင်းစေခဲ့သည်။ အကယ်၍ ရွာသားများသည် စစ်မှုထမ်းခြင်းမှ ထွက်ပြေးရန်ကြိုးစားပါက ဒဏ်ငွေပေးဆောင်ရန် သို့မဟုတ် မိသားစုဝင်ကိုယ်စား လူစားထိုး၍ လာရောက်စစ်မှုထမ်းရမည်ဟုဆို၍ လှိုင်းဘွဲမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထို့အတွက်ကြောင့် ဖ---ကျေးရွာအုပ်စုမှ ရပ်ရွာလူ ကြီးများ၊ မိဘပြည်သူများနှင့်လူငယ်များသည် စိုးရိမ်မှုများရှိခဲ့သည်။

SAC သည် အတ--- ကျေးရွာတွင် အစည်းအဝေးပြုလုပ်ပြီးနောက် တစ်ပတ်ကျော်အကြာတွင် SAC အဖွဲ့ဝင်များ သည် ကျေးရွာသို့တဖန်ပြန်လာပြီး စစ်သားစုဆောင်းမှုအတွက် ရွာသားများ၏နာမည်စာရင်းပြုစုရန်အတွက် ဒေသ ခံအာဏာပိုင်များကို ခိုင်းစေခဲ့သည်။ သို့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာအုပ်စုအုပ်ချုပ်မှူးများ သည် SAC ခိုင်းစေသည့်အတိုင်း ရွာသားများ၏နာမည်များကို စာရင်းပြုစုခြင်းမလုပ်ခဲ့ပေ။ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အတ--- ကျေးရွာအုပ်စုမှ ကျေးရွာအာဏာပိုင်များသည် KNU တာကရယ်မြို့နယ်ဥက္ကဌကို သွားရောက် တွေ့ဆုံ၍ SAC ၏စစ်မှုထမ်းအမိန့်ကို ရှောင်ရှားနိုင်ရန်အတွက် အကူအညီတောင်းဆိုခဲ့သည်။ ထို့နောက် KNU သည် ထိုဒေသအတွင်းရှိ ကျေးရွာလူကြီးများအား SAC အတွက် မည်သည့်ရွာသားကိုမှ စစ်သားစုဆောင်းခြင်း သို့မဟုတ် ငွေကြေးတောင်းခံခြင်းကို မပြုလုပ်ကြရန် စာပို့၍အကြောင်းကြားခဲ့သည်။ SAC သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြဌာန်းပြီးနောက် အတ--- ကျေးရွာမှ လူငယ်အများစုအပါအဝင် ဖ--- ကျေးရွာအုပ်စုမှ လူငယ်များသည် စစ်မှုထမ်းမှ လွတ်မြောက်ရန်အတွက် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ တွင် ဖ--- ကျေးရွာအုပ်စုရှိ မည်သည့်ရွာသားများမှ SAC စစ်သားများအဖြစ် စစ်မှုထမ်းရခြင်းမရှိခဲ့ပေ။

တောအူးခရိုင်မှ ဒေသခံအာဏာပိုင်များသည် SAC ၏စစ်မှုထမ်းအမိန့်ကို လိုက်နာဆောင်ရွက်လိုခြင်းမရှိဟု KHRG အား မကြာခဏတင်ပြခဲ့သည်။ အကြောင်းမှာ ၎င်းတို့အနေဖြင့် အကယ်၍ရွာသားများသည် မြန်မာစစ်တပ်အတွက် စစ်မှုထမ်းရမည်ဆိုလျှင် အသက်အန္တရာယ်ရှိကြောင်း စိုးရိမ်သောကြောင့်ဖြစ်သည်။ ရောယှက်အုပ်ချုပ်သည့်နယ် မြေဒေသများတွင်ရှိသော ဒေသခံခေါင်းဆောင်များသည် အကယ်၍ SAC ၏စစ်မှုထမ်းအမိန့်ကို လိုက်နာဆောင် ရွက်မည်ဆိုလျှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်သားများမှ ၎င်းတို့အား ပစ်မှတ်ထားတိုက်ခိုက်မည်ကို စိုးရိမ်ရသည့်အခြေအနေလည်းရှိသည်။ ထိုအစား ဒေသခံခေါင်းဆောင်များသည် စစ်မှုထမ်းမခံရအောင် SAC စစ် သားများကို ရှောင်ရှား၍ သတိထားနေထိုင်သွားလာကြရန် ရွာသားများအား အသိပေးအကြောင်းကြားခဲ့သည်။ ဥပမာတစ်ခုမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၌ တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ သံတောင်ကြီးမြို့ရှိ သံ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးရုံးမှ အထွေထွေအုပ်ချုပ်ရေးမှူးသည် ဒေါ်ဖားခိုမြို့နယ်၊ ပဆောလိုကျေးရွာအုပ်စု၊ ထ---ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအ---ကို သံတောင်ကြီးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးရုံးတွင် အစည်းအဝေးလာတက်ရောက်ရန်အတွက် ဖုန်းဖြင့်ဆင့်ခေါ်ခဲ့သည်။ အထွေထွေအုပ်ချုပ်ရေးရုံးသည် သံတောင်ကြီး မြို့နယ်အတွင်းရှိ စစ်မှုထမ်းဥပဒေပြဌာန်းချက်ကို အကောင်အထည်ဖော်ဆောင်ရန်အပါအဝင် မည်သည့်ကိစ္စမဆို ကြီးကြပ်စီမံကွပ်ကဲသည်။ ထိုအစည်းအဝေးတွင် အထွေထွေအုပ်ချုပ်ရေးမှူးမှ ပဆောလိုကျေးရွာအုပ်စုရှိ ရွာသား (၅)ဦးကို SAC စစ်သားများအဖြစ် စစ်မှု ထမ်းခိုင်းစေရန် ဦးအ---အား အမိန့်ပေးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းတွင် ဦးအ---သည် အထွေထွေအုပ်ချုပ်ရေးမှူးမှ ၎င်းအား အမိန့်ပေးခဲ့သည့်အကြောင်းကို ဒေသ ခံရွာသားများအား ရှင်းပြခဲ့သည်။ ထို့ကြောင့် ရွာသားများအနေဖြင့် သတိထားသွားလာကြပါဟု ဦးအ---က ပြောခဲ့ သည်။

SAC မှ ပြည်သူလူထုကို အသိပေးအကြောင်းကြားခြင်းမရှိခြင်း သို့မဟုတ် စစ်မှုထမ်းအမိန့်ကို အယူခံဝင်ရန်အတွက် အချိန်မပေးဘဲ ၎င်းတို့နာမည်များကို ကြိုတင်စာရင်းပြုစု၍ SAC စစ်သားများအဖြစ်စစ်မှုထမ်းရန် ဆင့်ခေါ်ခံရ ကြောင်း  ရွာသားများက တင်ပြကြသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် တောအူးခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေးရုံးမှ SAC အာဏာပိုင်များသည် ဆိတ်ဖူးတောင်အုပ်ချုပ်ရေးရုံးကို တပ်သားသစ်စုဆောင်းရန်အတွက် တာဝန်ခန့်အပ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ဆိတ်ဖူးတောင်အုပ်ချုပ်ရေးရုံးမှ ရုံးစာရင်းကိုင်တစ်ဦး ဖြစ်သူ ဇော်မင်းသက်သည် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ ည---ကျေး ရွာ၏အုပ်ချုပ်ရေး မှူးဖြစ်သူ ကိုဘ---အား တပ်သားသစ်စုဆောင်းရန်အတွက် ၎င်းရွာမှ ရွာသား (၁၆) ဦးကို ဆက်သွယ်အကြောင်း ကြားပေးရမည်ဟု အမိန့်ပေးခိုင်းစေခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးရုံးမှ စာရင်းပြုစုထားသည့်ရွာ သား (၁၆) ဦး၏ နာမည်စာရင်းကို ကိုဘ---အား ထုတ်ပြ၍ပေးခဲ့သည်။ ထို့နောက် ကိုဘ---သည် ထိုရွာသား (၁၆) ဦး၏နာမည် စာရင်းကိုကြည့်၍ စာရင်းကို မိတ္တူကူးခဲ့သည်။ (အဆိုပါရွာသားများသည် အသက် (၁၈) နှစ်နှင့် (၂၂) နှစ်ကြားတွင် ရှိသည်။)  ၂၀၂၄ ခုနှစ်၊ မတ်လမတိုင်မီတွင် ည---ကျေးရွာမှ ရွာသားအများစုသည် တိုက်ပွဲပဋိပက္ခကြောင့် ၎င်းတို့ ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကိုဘ---သည် စစ်ပြေးရှောင်ရွာသားများကို ဖုန်းဖြင့်ဆက် သွယ်၍ ရွာထဲမှာနေသည်ဖြစ်စေ၊ ခရီးသွားလာသည်ဖြစ်စေ သတိထားနေထိုင်ကြရန် အကြောင်းကြားခဲ့သည်။ စစ်မှု ထမ်းရန် နာမည်စာရင်းပါသည့်အဆိုပါရွာသား (၁၆) ဦး၏မိဘများသည် ၎င်းတို့သားသမီးများအနေဖြင့် အကယ်၍ စစ်မှုထမ်းရမည်ဆိုပါက တိုက်ပွဲထဲတွင် သေဆုံးရခြင်း သို့မဟုတ် မိမိကရင်ကျေးရွာများကို ပြန်လည်တိုက်ခိုက်ရန် ဖိအားပေးခံရမည်စိုး၍ လွန်စွာစိတ်ပူပန်ခဲ့ရသည်။ အကြောင်းမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် SAC သည် ည---ကျေးရွာတွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်အခြေအနေကို ရွာသားများကြုံတွေ့ခံစားခဲ့ရပြီးဖြစ်သည်။ ထို့ ကြောင့် စစ်မှုထမ်းမှ လွတ်မြောက်ရန်အတွက် မိဘများက ၎င်းတို့သားသမီးများအား သွားရောက်ပုန်း‌ရှောင်ရမည့် နေရာကိုညွှန်ကြား၍ သတိပေးခဲ့သည်။

အစည်းအဝေးပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းတွင် SAC စစ်သားများသည် ည---ကျေးရွာသို့သွား ရောက်၍ ကျေးရွာတွင်ကျန်ရှိသော သယ်ကြီးရွယ်အိုအမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်မသန်စွမ်း သူများဖြစ်သည့်ရွာသားအချို့ကို တွေ့ရှိခဲ့သည်။ SAC စစ်သားများသည် စစ်မှုထမ်းအတွက် နာမည်ပါရှိသည့်ရွာ သားများကို မည်သည့်အချိန်၊ မည်သည့်နေရာမဆို တွေ့ရှိလျှင်ဖမ်းဆီးမည်ဖြစ်ကြောင်း ရွာထဲတွင်ကျန်ရှိသော အဆိုပါရွာသားအချို့အား ပြောကြားခဲ့သည်။ ဤကဲ့သို့ပြောကြားပြီးနောက်တွင် ဒေသခံရွာသားများသည် SAC စစ်သားများနှင့်တွေ့ဆုံလျှင် ၎င်းတို့နာမည်များနှင့်ရပ်ရွာအမည်ကို ပြောပြရန်ကြောက်ရွံ့ကြသည်။ အကြောင်းမှာ စစ်မှုထမ်းခိုင်းစေခံရမည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့်ဖြစ်သည်။

စစ်မှုထမ်းခိုင်းစေရန်အတွက် SAC စစ်သားများ၏ဖမ်းဆီးခြင်းကို ကြုံတွေ့ရနိုင်သည့်အခြေအနေရှိသည့်အတွက် ကြောင့် ရွာသားများသည် အထူးသဖြင့် မြို့ထဲသို့ဖြစ်စေ၊ SAC စစ်ဆေးရေးဂိတ်သို့ဖြစ်စေ ဖြတ်၍ခရီးသွားလာ ရမည်ကို ကြောက်ရွံ့ကြသည်။ မြို့များတွင်နေထိုင်ကြသော ရွာသားတော်တော်များများသည်လည်း SAC ၏စစ် မှုထမ်းကို ရှောင်ရှားရန်အတွက် ထွက်ပြေးတိမ်းရှောင်ရခြင်းလည်းရှိသည်။ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တောင်တီကျေးရွာအုပ်စု၊ ယ---ကျေးရွာရှိ ရွာသားတစ်ဦးဖြစ်သူ ဦးဆ---မှ KNU အုပ်ချုပ်နယ်မြေဒေသတွင် နေထိုင် ကြသောရွာသားများအနေဖြင့် SAC စစ်မှုထမ်းခြင်းမှ ကာကွယ်မှုရရှိသည့်အခြေအနေကို ယခုလိုရှင်းပြသည်။ “ကျွန်တော်တို့ရွာမှာ ဘယ်သူမှ (ထိုင်းနိုင်ငံနှင့်အခြားဒေသို့) မထွက်ပြေးကြဘူး။ (…) ကျွန်တော်တို့ရွာမှာ စစ်မှု ထမ်းနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူး။ ဘာဖြစ်လို့ဆိုတော့ စစ်မှုထမ်းဥပဒေက ကျွန်တော်တို့ရွာမှာ သက်ရောက် မှုမရှိဘူးလေ။ KNU က ကျွန်တော်တို့မှာရှိနေတယ်လေ။ သူတို့က ကျွန်တော်တို့ရွာရဲ့လုံခြုံရေးအတွက် အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးတယ်။ (…) ကျွန်တော့်အမြင်မှာ ဒီစစ်မှုထမ်းဥပဒေက တောင်တီဒေသဖက်မှာ အကျုံး မဝင်ဘူး။” ယ--- ကျေးရွာမှ အာဏာဖီဆန်ရေးအကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) တွင်ပါဝင်သော အသက် (၂၄) နှစ်ရွယ် တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ စောဒ---ကလည်း ဤသို့ပြောပြသည်။ “ကျွန်တော်တို့ဒေ သမှာ (တောင်တီကျေးရွာအုပ်စု) ရှိတဲ့လူငယ်တွေက (ကျေးရွာအုပ်စုအပြင်ဖက်မှာ) အဖမ်းခံရမှာကြောက်တယ်။ စစ်မှုထမ်းဥပဒေကြေညာပြဌာန်းပြီးနောက်မှာ လူငယ်တွေလည်း မြို့ထဲကို မသွားရဲတော့ဘူး။ မြို့ထဲမှာသွားရင် အဖမ်းခံရမယ်ဆိုတာ သူတို့သိတယ်လေ။” စောဒ---က ဆက်လက်၍ပြောပြသည်။ “ကျွန်တော်သိရသ လောက်တော့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် နှစ်ရက်အကြာမှာ ကျွန်တော်တို့ဒေသမှာရှိတဲ့လမ်းမကြီးပေါ်မှာ လူငယ်တွေ နေ့တိုင်းခရီးသွားလာတာကို တွေ့တယ်။ တစ်ရက်ဆိုရင် အဲဒီလမ်းမကြီးမှာ လူငယ်တွေအပြည့်ပါလာ တဲ့အနည်းဆုံးကားအစီးတစ်ဆယ်၊ နှစ်ဆယ်ဖြတ်သွားလာတာကိုတွေ့ရတယ်။ အဲဒီလူငယ်တွေက (အဓမ္မ စစ်မှု ထမ်းခံရမှာကိုစိုး၍) ထိုင်းနိုင်ငံကို သွားတာပဲဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ်ရင် သူတို့က ကျွန်တော်တို့ဒေသမှာ (KNU အုပ်ချုပ်နယ်မြေတွင်) လာရောက်ပုန်းရှောင်တာပဲဖြစ်မယ်။ (…) အဲဒီလူငယ်အများစုက မော်လမြိုင်၊ မုဒုံ အစရှိတဲ့မြို့ထဲကလာတာဖြစ်မယ်။”  

(ခ) ထွက်ပြေးတိမ်းရှောင်နေရသည့် အတောအတွင်း မိသားစုအတွက် လုံခြုံရေးစိုးရိမ်စရာများ

SAC ၏အဓမ္မစစ်သားစုဆောင်းမှုကို ရှောင်ရှားနေသော ရွာသားများသည် သတ်မှတ်ထားသည့်အတိုင်း လူသစ်မစု ဆောင်းနိုင်ပါက ၎င်းတို့၏ မိသားစုဝင်များအား ပစ်မှတ်ထားပြီး တိုက်ခိုက်လာမည်ကို စိုးရိမ်ကြောင်း တင်ပြပါ သည်။ ၂၀၂၄ ခုနှစ်၊ မတ်လတွင် တောအူးခရိုင်၊ တောင်ငူမြို့မှ စစ်မှုထမ်းရမည်ကို စိုးရိမ်ကြောက်ရွံ့မှုကြောင့် ထွက် ပြေးလာသူ အသက် (၂၆) နှစ်အရွယ် ရွာသား စောဃ---မှ ဤကဲ့သို့တင်ပြခဲ့ပါသည်။ “[အတင်းအဓမ္မစစ်မှုထမ်း ရမှာ] စိုးရိမ်ရတယ်။ ကျွန်တော်က ဘေးကင်းရာကို ထွက်ပြေးလာပေမယ့် မိသားစုဝင်တွေက မြို့ထဲမှာပဲ ရှိနေသေး တယ်။ သူတို့ [SAC] က ဥပ‌ဒေကို ပြောင်းချင်သလိုပြောင်းလို့ရနေတော့ [တောင်ငူမြို့မှာရှိတဲ့] ကျွန်တော့်ရဲ့မိသားစု ဝင်တွေအတွက်စိုးရိမ်ရတယ်။ ဥပမာ ကျွန်တော်က တခြားနိုင်ငံကို အလုပ်သွားလုပ်တယ်လို့ သူတို့ [SAC] ကိုပြော ရင် သူတို့က အထောက်အထားတွေ သက်သေပြခိုင်းတယ်။ ကျွန်တော် တခြားနိုင်ငံမှာ သွားအလုပ်လုပ်တယ်ဆို တာ သက်သေပြဖို့အတွက် စာရွက်စာတမ်းတွေ ပြခိုင်းတယ်။ သူတို့ (SAC) က ကျွန်တော့်ကို စစ်သားအဖြစ် မစုဆောင်းနိုင်ရင် ကျွန်တော့်မိသားစုကို ပိုက်ဆံပေးဖို့ အတင်းအကြပ်လုပ်မယ် မဟုတ်ရင် သူတို့ (SAC) က ကျွန်တော့်မိသားစုကို နာကျင်အောင်လုပ်လာမှာကို စိုးရိမ်မိတယ်။” မိသားစုဝင်များအတွက် စိုးရိမ်မှုများကြောင့် အချို့ရွာသားများသည် ၎င်းတို့၏သားသမီးများ၊ မိဘများနှင့်အတူထွက်ပြေးရန် ရွေးချယ်ခဲ့ကြသည်။ ညောင်လေး ပင် (ခလယ်လွီထူ) ခရိုင်၊ ဒိုက်ဦးမြို့နယ်၊  အအ---ကျေးရွာမှ အသက် (၆၁)နှစ်အရွယ် ရွာသား စောဂ---မှ ဤကဲ့သို့ တင်ပြခဲ့ပါသည်။ “ကျနော်တို့ကလေးတွေလည်း စစ်မှုထမ်းရမယ့်အရွယ်ရောက်နေပြီဆိုတော့ သူများ [SAC] တွေ က စစ်သားထပ်စုဆောင်းမယ်လို့ ကြားရတဲ့အခါမှာ ကျွန်တော်တို့ထွက်ပြေးလာတယ်။ ကလေးတွေပဲ ထွက်ပြေး လာရင် မိဘတွေအတွက် ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ကျွန်တော့်ရဲ့မိသားစုဝင် ၅ ယောက်စလုံးနဲ့ထွက် ပြေးလာတယ်။”

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် SAC မှ ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြင်ဆင်၍ ထုတ်ပြန်ကြေညာခဲ့ပြီး ဥပဒေအတွင်း ပြည်ပတွင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေလျက်ရှိသော မြန်မာနိုင်ငံသားများသည် စစ်မှုထမ်းရန် အတွက် ပြည်တွင်းသို့ပြန်လာရန်နှင့် ပြန်မလာပါက ၎င်းတို့၏မိသားစုဝင်များအား ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ကဲ့သို့သောပြစ်ဒဏ်များ ချမှတ်ခံရမည်ဟု ဖော်ပြထားပါသည်။[20] SAC ၏အဓမ္မလူသစ်စုဆောင်းခံရမည်ကိုစိုးရိမ် သောကြောင့် ဒူးပလာယာခရိုင်သို့ ထွက်ပြေးလာသည့် အသက် ၂၇ နှစ်အရွယ် ရွာသား စောဟ--- မှဤကဲ့သို့ ဆိုခဲ့ပါသည်။ “သူတို့ [SAC] က အခြားနိုင်ငံတွေမှာ ဆွေမျိုးတွေရှိတဲ့မိသားစုတွေဆိုရင် သူတို့ရဲ့မိသားစုဝင်တွေကို ပြန်လာဖို့အတွက် အကြောင်းကြားဖို့ အမိန့်ပေးထားပြီး မပြန်လာဘူးဆိုရင် [စောဟ--- ကယုံကြည်သည်မှာ] သူတို့ မိသားစုဝင်တွေကို ဖမ်းဆီးနှိပ်စက်မယ်။”

၂၀၂၅ ခုနှစ်တွင် SAC မှ အမျိုးသမီးများအား စစ်မှုထမ်းရန် စတင်ခေါ်ယူမည်ကို ရွာသားများမှ စိုးရိမ်ကြသည်။ ဥပမာ အားဖြင့်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလို (ဒိုးသောင်း) ကျေးရွာအုပ်စု အတွင်း SAC ထိန်းချုပ်နယ်မြေအတွင်းရှိ အဘ---ရွာတွင်နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် ရွာသားတစ်ဦးမှ ဤကဲ့သို့ပြောကြားခဲ့ပါသည်။ “ကျွန်မတို့ရွာက အမျိုးသမီး ၁၂ ယောက်ကို SAC က ခေါ်မယ်လို့ [အခြားရွာသား များမှ ကြားသိရသော SAC ခန့်အပ်ထားသော ဒိုးသောင်းကျေးရွာအုပ်ချုပ်မှူး၏ပြောပြချက်] ကြားတယ်။ ကျွန်မသမီးတွေက အခု ဘန်ကောက်[ထိုင်းနိုင်ငံ] မှာ အလုပ်လုပ်နေတော့ သူတို့အတွက် စိတ်မပူပါဘူး။ ဒါပေမဲ့ ရွာက တခြားအမျိုးသမီးငယ်တွေအတွက်တော့ စိတ်ပူတယ်။”

၃.၂။ SAC မှ ရွာသားများအပေါ် လက်တုံ့ပြန်ခြင်း

SAC ၏စစ်မှုထမ်းအမိန့် သို့မဟုတ် တောင်းဆိုမှုကို လိုက်နာဆောင်ရွက်ခြင်းမရှိသော သို့မဟုတ် ငြင်းဆန်သော ရွာသားများသည် SAC ၏အကြမ်းဖက်လက်တုန့်ပြန်မှုကို မကြာခဏကြုံတွေ့ရလေ့ရှိသည်။ SAC ၏လက်တုန့်ပြန် မှုများထဲတွင် SAC စစ်သားများမှ ရွာသားများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ နေရပ်မှနှင်ထုတ်ခြင်းနှင့် အဓမ္မပျောက်ဆုံးစေခြင်းတို့ပါဝင်ပါ သည်။ အစီရင်ခံစာကာလအတွင်း (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ) SAC စစ်သား များသည် ရွာသားသုံးဦးကို ရိုက်နက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး အခြားရွာသားများကိုလည်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ခြိမ်းခြောက်ခဲ့သည်။ ရွာသားတော်တော်များများသည် SAC ၏စစ်မှုထမ်းအမိန့်ကို ငြင်းဆန် သည့်အတွက် SAC ၏အကြမ်းဖက်လက်တုန့်ပြန်မှုကို ကြောက်ရွံ့နေရကြောင်း တင်ပြကြသည်။

ဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေတွင်အခြေစိုက်သော SAC စစ်သားများသည် ဦးဧ---ကို အကယ်၍ ၎င်းအနေဖြင့် စစ်မှုထမ်းမည်ဆိုပါက ငွေကျပ် (၃)သိန်းနှင့် ဆန်တစ် အိတ်ပေးမည်ဖြစ်ကြောင်း ၎င်းအား စည်းရုံးခဲ့သည်။ ဦးဧ---သည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေး (ပိတောက်ကုန်း) ကျေးရွာအုပ်စုတွင်နေထိုင်သော ရွာသားတစ်ဦးဖြစ်သည်။ ဦးဧ---သည် စစ်မှုထမ်းဆောင်လိုစိတ် မရှိကြောင်း ငြင်းဆိုလိုက်သည်။ ထိုသို့ငြင်းဆိုလိုက်သောကြောင့် SAC စစ်သားတစ်ဦးသည် ဦးဧ---၏ဦးခေါင်းကို သစ်သားပျဉ်ပြားတစ်ချောင်းနှင့်ရိုက်နှက်လိုက်သည်။ ထို့နောက် SAC စစ်သားသည် သေနတ်မောင်းတင်ပြီး ဦးဧ---ကို ချိန်ရွယ်လိုက်သည်။ ဦးဧ---သည် သေနတ်ကို ဘေးသို့ရိုက်ချ၍ ထွက်ပြေးခဲ့သည်။ SAC စစ်သားများသည် ၎င်းအား သေနတ်လေးချက်ပစ်ခတ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဦးဧ---သည် သေနတ်ကျည်ဆံထိမှန်ခြင်း မရှိခဲ့ပေ။ ဦးဧ---သည် ထွက်ပြေး လွတ်မြောက်ပြီးနောက် သူနေထိုင်ရာ ထီးဒေးကျေးရွာအုပ်စုသို့ ပြန်လာခဲ့သည်။ ဤဖြစ်စဉ်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။ ဤဖြစ်စဉ်မဖြစ် ပွားမီတွင် ဦးဧ---သည် လယ်ဝေးမြို့နယ်တွင် စက်ရုံအလုပ်သမားအဖြစ် အလုပ်သွားလုပ်ခဲ့သည်။ သို့သော် လည်း ဤဖြစ်စဉ်ကိုကြုံတွေ့ရပြီးနောက် ဦးဧ---သည် SAC မှ အဓမ္မစစ်သားစုဆောင်းခံမည်ကို ကြောက်ရွံ့သည့်အတွက် ကြောင့် လယ်ဝေးမြို့နယ်သို့ အလုပ်သွားလုပ်ခြင်းမရှိတော့ပေ။ ထို့ကြောင့် ဦးဧ---သည် စားဝတ်နေရေး အခက်အခဲ များနှင့်ကြုံတွေ့နေရသည်။ ဦးဧ---သည် SAC စစ်သားတစ်ဦးမဖြစ်ချင်ကြောင်း KHRG အားရှင်းပြသည်။ အကြောင်း မှာ SAC သည် ရွာသားများနှင့်ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဖိနှိပ်အကြမ်းဖက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရွာသားများ၏ ပိုင်ဆိုင်မှုများကို လုယက်ခြင်း၊ ရွာများကိုမီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် တိုက်ခိုက်ခြင်းစသည့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်းဖြစ်သည်။ သူ့အနေဖြင့် SAC စစ်သားအဖြစ် စစ်မှုထမ်း ရမည်ဆိုပါက ပြည်သူတွေအပေါ် မတရားနှိပ်စက်၊ သတ်ဖြတ်ခိုင်းမည်ကို မလိုလား၍ စိုးရိမ်နေရသည်။

အလားတူဖြစ်စဉ်တစ်ခုလည်း SAC မှ စစ်မှုထမ်းဥပဒေပြဌာန်းခြင်း မတိုင်ခင်တွင် ဖြစ်ပွားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၅၁) နှင့် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၆၀) တို့မှ SAC စစ်သားများသည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ တုံးကြီးကျေးရွာအုပ်စု၊ အဆ---ကျေးရွာမှ အသက် (၃၅) နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ ကိုသ---ကို ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်စေရန် ၎င်းအား အဓမ္မဖမ်းဆီးခဲ့သည်။ SAC စစ်သားများသည် ကိုသ---ကို အဆ---ကျေးရွာရှိ လမ်းတစ်ခုပေါ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့မတိုင်မီတွင် SAC စစ်သားများသည် တုံးကြီးကျေးရွာအုပ်စုရှိ အဆ---ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဒ---ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို စစ်မှုထမ်းအမိန့်စာပေးပို့ခဲ့ကြောင်းသိရှိရသည်။ ကိုသ---သည် ဤသို့ဖမ်းဆီးခံရသော်လည်း ထွက်ပြေးရန်ကြိုးစားခဲ့သည်။ ကိုသ---ထွက်ပြေးနေသည့်အချိန်တွင် SAC စစ်သား များသည် ၎င်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး သူ၏ပေါင်တစ်ဖက်တွင် ကျည်ဆံထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ သို့သော် လည်း ကိုသ---သည် ဒဏ်ရာရသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ဒေသခံရွာသားများသည် ဒဏ်ရာရရှိ သည့်ကိုသ---အား တောအူးခရိုင်ရှိ တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ဤဖြစ်စဉ်ကြောင့် တုံးကြီးကျေးရွာ အုပ်စုရှိ ရွာသားတော်တော်များများသည် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သောကြောင့် ၎င်းစိုက် ပျိုးခြံများ၊ လယ်ယာခြံများနှင့်တောထဲသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ တစ်ချို့ရွာသားများသည် ထိုင်းနိုင်ငံသို့ ပုန်းရှောင်ခဲ့သည်။  

SAC မှ ရွာသားများအား ၎င်းတို့၏ စစ်မှုမထမ်းမနေရအမိန့်ကို မလိုက်နာပါက ဖမ်းဆီးသတ်ဖြတ်မည်ဟု ခြိမ်း ခြောက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် SAC မှ ပြည်သူ့စစ်ဥပဒေမပြဋ္ဌာန်းမီကပင် ပြည်ထဲရေးဝန်ကြီးဌာနမှ အာဏာပိုင်များသည် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ‌ဒေလိုကျေးရွာအုပ်စုနှင့်အခြားကျေးရွာအုပ်စုများမှ အာ ဏာပိုင်များနှင့် SAC မှ ခန့်အပ်ထားသော အာဏာပိုင်များနှင့် တွေ့ဆုံခဲ့ပါသည်။ SAC အာဏာပိုင်များမှ ရွာလူကြီး များအား ၎င်းတို့၏ရွာများတွင် စစ်သားသစ်များစုဆောင်းရန် အမိန့်ပေးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ တွင် သေနတ်ကိုင်ဆောင်ထားသော SAC စစ်သားများသည် ဒေးလိုကျေးရွာအုပ်စုအတွင်းရှိ အဃ--, အဗ---, အဘ--- နှင့်အဂ--- ကျေးရွာများမှ ရွာသူရွာသားများအား စစ်သားအဖြစ် အတင်းအကြပ်စုဆောင်းရန်အတွက် မဲနှိုက်စေ ခဲ့ပါသည်။ SAC ၏လူသစ်စုဆောင်းခြင်းဆိုင်ရာသတင်းများကို ကြားသိရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် နေ့မတိုင်မီ သားသမီးများအား လွတ်ရာထွက်ပြေးတိမ်းရှောင်စေခဲ့သော မိဘများသည် ၎င်းတို့၏သားသမီးများ ကိုယ်စား မဲနှိုက်ခဲ့ကြရသည်။ လူသစ်စုဆောင်းရေးတွင် မဲပေါက်ခဲ့သောရွာသားများသည် အနီးနားရှိ SAC စစ်ကား အနားတွင် ထိုင်စောင့်ရန် SAC မှ ညွှန်ကြားခဲ့သည်။ ရလဒ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လအတွင်း ဒေးလိုကျေးရွာအုပ်စုမှ ရွာသားအနည်းဆုံး ၄၆ ဦးသည် အဓမ္မစစ်သားစုဆောင်းခြင်းခံခဲ့ရသည်။

စစ်မှုထမ်းရခြင်းကို မဲနှိုက်၍မပေါက်သောသူများသည် တစ်လလျှင် ငွေကျပ် ၅၀,၀၀၀ ပေးဆောင်ရမည်ကို ဖော်ပြ ထားသည်။ ရွာသားအများအပြားကြောက်ရွံ့သဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တောအူးခရိုင်ရှိ အခြားကျေး ရွာများ သို့မဟုတ် တောတောင်ထဲ့သို့ ထွက်ပြေးခဲ့ကြပြီး အချို့မှာ အခြားခရိုင်များသို့ ထွက်ပြေးခဲ့ကြသည်။ ဒေလို ကျေးရွာအုပ်စုမှ ဒေသခံရွာသားတစ်ဦး၏ပြောကြားချက်အရ SAC စစ်သားများသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် ရွာသားအချို့အား နှုတ်ဖြင့်ခြိမ်းခြောက်ပြောဆိုခဲ့ပြီး “ရွာသားတွေကို စစ်သားစုဆောင်းဖို့ မပေးဘူးဆိုရင် ရွာသားတွေကိုဖမ်းမယ်။ ရွာသားတွေကိုမဖမ်းနိုင်ရင် ရွာသားတွေကိုပစ်သတ်မယ်” ဟုဆိုခဲ့ပါသည်။[21] SAC တပ်ဖွဲ့ ဝင်များသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဒေးလိုကျေးရွာအုပ်စုရှိ ရွာ (၅) ရွာအတွင်းသို့ လက်နက်ကြီးရမ်းသန်း ပစ်ခတ်ခြင်းနှင့် နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သောကြောင့် ရွာသားများသည် ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး SAC ၏တိုက်ခိုက်မှုခံရမည်စိုးရိမ်မှုများနှင့် နေထိုင်ကြရသည်။

၎င်းတို့၏စစ်သားစုဆောင်းရေးတွင် မပါဝင်ပါက နှင်ထုတ်မည်ဟုလည်း SAC မှ ရွာသားများအား ခြိမ်းခြောက်ခဲ့ သည်။ ဥပမာအားဖြင့်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ SAC စစ်သားများနှင့် မြိတ်-ထားဝယ်ခရိုင်၊ လယ်က ဆောမြို့နယ်၊ မနိုးရိုကျေးရွာအုပ်စု၊ အသ--- ကျေးရွာပြည်သူ့စစ်များသည် တစ်ပတ်လျှင် ရွာသား (၇) ဦးကို အတင်း အဓမ္မစုဆောင်းခဲ့ပါသည်။ ရွာသားများသည် ပြည်သူ့စစ်တွင် ပါဝင်ရန် ငြင်းဆိုပါက ရွာမှ နှင်ထုတ်ခံရမည်ဟု ခြိမ်း ခြောက်ခံရပါသည်။ ထို့အပြင် SAC နှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့သည် အသ--- ရွာရှိ SAC စစ်တပ်အခြေစိုက်စခန်း စစ်ဆေးရေးဂိတ်တွင် ရွာသား (၇) ဦးကို အပတ်စဉ် စောင့်ကြည့်ခိုင်းစေခဲ့ပါသည်။ ဤအခြေအနေသည် ရွာသူရွာ သားများ၏ဘေးကင်းလုံခြုံမှုနှင့် လုံခြုံရေးအပေါ် ဆိုးရွားသည့်စိုးရိမ်မှုများဖြစ်စေပြီး ရွာသားအများအပြားသည် ထွက်ပြေးခဲ့ရသည်။[22]

SAC သည် ရွာသားများကို အဓမ္မဖမ်းဆီးပြီး အဓမ္မပျောက်ဆုံးစေကာ SAC သည် ထိုဖမ်းဆီးခံရွာသားများအား စစ်သားအဖြစ် အတင်းအကြပ်စုဆောင်းနေသည်ဟု ရွာသားများမှ ယုံကြည်ကြသည်။ SAC ၏ အဓမ္မစစ်သားစု ဆောင်းမှုခံရမည်ကို ကြောက်ရွံ့သောကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ အုပ်မျိုးမြို့မှ ရွာသားတစ်ဦးဖြစ်သူ  က---မှ ဤကဲ့သိုတင်ပြခဲ့ပါသည်။ “သူတို့ [SAC စစ်သား] က ညဘက် အပြင်ထွက်တဲ့သူတွေကို စစ်သားအဖြစ် စုဆောင်းဖို့ ဖမ်းတယ်။ သူတို့တွေက အသက် ၄၅ နှစ်နဲ့ ၅၀ ဝန်းကျင်လောက်ရှိတယ်။ [ဖမ်းဆီးခံရပြီးကတည်းက] သူတို့အကြောင်း ဘာမှမကြားရပေမယ့် သူတို့ [SAC] က တစ်ယောက်ကိုတော့ လွတ်ပေးတယ်၊ သူကကျွန်တော်နဲ့ တစ်ရပ်ကွက်ထဲပဲနေတယ်။ ညဘက်အပြင်ထွက်တဲ့ အတွက် SAC က သူ့ကိုဖမ်းတယ်။ သူ့ကို ၂ ရက် ၃ ရက်လောက် ထိန်းသိမ်းထားတယ်။ အဲဒီနောက် သူ့ကို လွှတ်ပေး လိုက်တယ်။ သူ့ကိုဖမ်းထားတဲ့အချိန်မှာ ရိုက်နှက်ပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်။ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ရခဲ့တယ်။ ညှဉ်းပန်းနှိပ်စက်ခံရလို့ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေပြည့်နေတယ်။ အဲဒီဒဏ်ရာတွေက ညိုမည်း လာတယ်။” ဤရွာသားသည် ပိန်ညောင်၍ စစ်သားဖြစ်ရန် အလွန်အားနည်းပုံရသောကြောင့် လွတ်မြောက်လာ သည်ဟု က---မှ ယုံကြည်သည်။ ရွာသား (၁) ဦး လွတ်မြောက်လာသော်လည်း အဖမ်းခံရသည့် အခြားရွာသားများ အား စစ်သင်တန်းတက်ရန် ခေါ်ဆောင်သွားကြောင်း အဆိုပါဒေသရှိ ရွာသားများမှဆိုပါသည်။ အလားတူစွာပင် တောအူးခရိုင်၊ ထောတထူမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ စောလ---သည်လည်းဤကဲ့သို့ဆိုခဲ့ပါသည်။

“[SAC မှ ဖမ်းဆီးထားသည့်] အဖမ်းခံရတဲ့သူတချို့က နောက်ပိုင်းပျောက်သွားပြီး သူတို့ဘာဖြစ်သွားမှန်း ဘယ်သူမှမသိရဘူး။”

၃.၃။ စားဝတ်နေရေးအပေါ် SAC ၏ အတင်းအကြပ် စစ်မှုထမ်းစေခြင်းဆိုင်ရာ သက်ရောက်မှုများ

SAC ၏အဓမ္မစစ်မှုထမ်းစေခြင်းသည် ရွာသားများ၏ အသက်မွေးဝမ်းကြောင်းကိုလည်း ထိခိုက်စေပါသည်။ SAC စစ်မှုထမ်းဥပဒေသည် ရွာသားများ၏လွတ်လပ်စွာ ခရီးသွားလာခွင့်ကို အဓိကထိခိုက်စေသောကြောင့် ၎င်းတို့၏ အလုပ်အကိုင်ရရှိရေးကို ထိခိုက်စေကြောင်း အစီရင်ခံသည့်ကာလအတွင်း KHRG မှ အစီရင်ခံစာများ လက်ခံရရှိခဲ့ ပါသည်။ အချို့သော အချိန်များတွင် ရွာသားများသည် အဓမ္မစစ်မှုထမ်းရခြင်းမှ ရှောင်ရှားရန် SAC အာဏာပိုင်များ အား ငွေပေးခဲ့သောကြောင့် စားဝတ်နေရေးအကြပ်အတည်းများ ထပ်မံဖြစ်ပေါ်စေသည်။

(က) SAC စစ်သားများကို ရှောင်ရှားသွားလာရသောကြောင့် ရင်ဆိုင်ရသော ခရီးသွားလာမှု ကန့်သတ်ချက်

ရွာသားများသည် အထူးသဖြင့် စစ်ဆေးရေးဂိတ်များတွင် SAC ၏အဓမ္မစစ်သားစုဆောင်းမှုကို ကြောက်ရွံ့ခြင်း ကြောင့် ခရီးသွားလာမှုကန့်သတ်ချက်များ ကြုံတွေ့ခဲ့ရပြီး ၎င်းတို့၏လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်မှုကို အားနည်းစေ ခဲ့သည်။ KHRG သည် အစီရင်ခံသည့်ကာလအတွင်း ရွာသားများသည် အထူးသဖြင့် မြို့တွင်းခရီးသွားလာသည့် အခါတွင် SAC စစ်သားများမှ အဓမ္မဖမ်းဆီးကာ နောက်ပိုင်းတွင် အဓမ္မစစ်မှုထမ်းစေခြင်းကြောင့် စားဝတ်နေရေး အကြပ်အတည်းများဖြစ်ပေါ်စေခဲ့ခြင်းနှင့်ပတ်သက်၍ အစီရင်ခံစာ (၁၂) စောင်ကို လက်ခံရရှိခဲ့ပါသည်။

SAC အာဏာပိုင်များမှ ကျေးရွာအာဏာပိုင်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တာကရယ်မြို့နယ်၊ ဖ---ကျေးရွာအုပ်စုတွင် ရွာသားများအား SAC တပ်သားအဖြစ် စုဆောင်းရန် အမိန့်ပေးပြီးနောက် ဘားအံခရိုင်၊ တာကရယ်မြို့နယ်မှ ရွာသားတစ်ဦးဖြစ်သူ စောမ---မှ KHRG အားဤကဲ့သိုတင်ပြခဲ့ပါသည်။ “SAC စစ်သားတွေက ဖမ်းပြီး အဓမ္မစစ်သားစုဆောင်းခံရမှာကို ရွာသားတွေက စိုးရိမ်တဲ့အတွက် ခရီးသွားဖို့ကြောက်ရွံ့နေကြတယ်။ ဒီဒေ သမှာ ခရီးသွားရတာ မလုံခြုံဘူးလို့ ရွာသားတွေကခံစားရတယ်။ သူတို့ရွာတွေမှာလည်း လုံခြုံတယ်လို့မခံစားရဘူး။ ဒီလိုခရီးသွားလာမှုကန့်သတ်မှုတွေကြောင့် ရွာသူရွာသားတွေက အလုပ်အတွက် လွတ်လွတ်လပ်လပ် မသွားလာ နိုင်ဘူး။ အထူးသဖြင့် ဘားအံမြို့ကို ခရီးသွားရမှာ ကြောက်ကြတယ်။”

(ခ) အလုပ်အကိုင်နှင့် ‌ဝင်ငွေ အခွင့်အလမ်း လက်လွှတ်ဆုံးရှုံးခြင်း

SAC ၏စစ်မှုမထမ်းမနေရဥပဒေကြောင့် ရွာသူရွာသားများသည် အလုပ်အကိုင်ဆုံးရှုံးခဲ့ရပြီး မြို့ပြဒေသများတွင် အလုပ်လုပ်ကိုင်ခြင်း မရှိတော့ပါ။ မိသားစုအချို့မှာ အိမ်ထောင်ဦးစီးအဖမ်းခံခဲ့ရသောကြောင့် မိသားစုစားဝတ်နေ ရေးအပေါ် ဆိုးရွားစွာ အကျိုးသက်ရောက်စေပါသည်။

ဧပြီလ ၂၁ရက်နေ့၊ ၂၀၂၄ခုနှစ်တွင် မောင်န--- အမည်ရှိ အသက် (၂၀) အရွယ်လူငယ်တစ်ဦးသည် ဖြူးမြို့ရှိ ဆံသ ဆိုင်သို့ သွားခဲ့သည့်အချိန်တွင် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း)မြို့နယ်ရှိ ဖြူးမြို့မှ လမ်းမကြီးပေါ်၌ SAC စစ်သားများ၏ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်။ မောင်န---သည် မူး(မုန်း) မြို့နယ်ရှိ မယ်တဲတောကျေးရွာအုပ်စုမှ အက---ရွာတွင်နေထိုင်သော ရွာသားတစ်ဦးဖြစ်ပါသည်။ သူ့ကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့တွင် တောအူး (တောင်ငူ) ခရိုင်ရှိ တောင်ငူမြို့မှ SAC ၏ဒေသခံစစ်သားစုဆောင်ရေးစခန်းသို့ ပို့ဆောင်ခဲ့ပါသည်။ မောင်န--- အမေ ဖြစ်သူ အသက် (၄၄)နှစ်အရွယ်ရှိ မအ---သည် အခြားရွာသားများမှ သူမ၏သားဖမ်းဆီးခြင်းခံရကြောင်း အသိပေးပြီး နောက် သူမ၏ကလေးအား စစ်တပ်စခန်းသို့ ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့တွင် သွားတွေ့ခဲ့သော်လည်း သူမ၏သား နှင့် (၁၀)မိနစ်ခန့်သာ တွေ့ခွင့်ရခဲ့ပါသည်။ သူမ၏သားအား စခန်းအတွင်းတွင် စစ်သင်တန်းနေသည်ဟု မောင်န---၏အမေမှ တင်ပြခဲ့ပါသည်။ ထိုကတည်းက သူ၏အမေသည် သူ့အား ဘယ်သောအခါမှ ထပ်မံ၍ ဆက်သွယ်နိုင်ခဲ့ ခြင်းမရှိတော့ပါ။ မအ---မှ “သူ (သူမ၏သား) တစ်ယောက်ထဲ မဟုတ်ပါဘူး။ အခြားလူလည်း အများကြီး ပါပါတယ်။ ကုလားနဲ့ အခြား(တိုင်းရင်းသားလူမျိုး)သူများကိုလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ကျမကြားတယ်။ မိန်းက လေးအပါအဝင် သူတို့ တွေ့တဲ့သူတိုင်းကို ဖမ်းတာ။ ကျမသားက ကံမကောင်းတာပါ အဲ့ဒီနေ့မှ မြို့တက်သွားတော့။ ကျမအရမ်းဝမ်းနည်းတယ်၊ ကျမကျန်းမာရေးလည်း မကောင်းဘူး။ သူနဲ့ တွေ့ပြီးနောက်ပိုင်း ဖုန်းဆက်ခေါ်လည်း ဆက်သွယ်လို့ မရတော့ဘူး ”ဟု ရှင်းပြခဲ့ပါသည်။

မောင်န---သည် အိမ်ထောင်ဦးစီးဖြစ်သည့်အတွက်ကြောင့် စစ်မှုထမ်းဥပဒေဖြင့် အဖမ်းခံရပြီးနောက်ပိုင်း သူ၏ မိသားစုသည် စားဝတ်နေရေးအတွက် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ မအ---သည် သူမ၏သား ဘန်ကောက်သို့ အလုပ်သွားလုပ်ရန် သူမ၏ခြံအား ငွေကျပ် သိန်းနှစ်ရာ (၂၀,၀၀၀,၀၀၀) ဖြင့် ပေါင်ခဲ့ပြီး သူမ၏ သားအား နယ်စပ်သို့ ပို့ပေးမည့် ပွဲစားသို့ ပေးခဲ့ပါသည်။ နယ်စပ်သို့ သွားရန် ပွဲစားမှ မောင်န--- အဖမ်းမခံရခင် စီစဥ်ခဲ့ပြီးဖြစ်သောကြောင့် သူမ၏ငွေပြန်မရနိုင်တော့ပါ။

(ဂ) တပ်သားသစ်စုဆောင်းခြင်းအစား ငွေညှစ်ခြင်း

တပ်သားသစ်စုဆောင်းခြင်းအားအစားထိုးရန် လူစားထိုးခြင်းဖြင့်သော်လည်းကောင်း ‌ငွေပေးခြင်းဖြင့်သော်လည်း ကေင်း  SAC မှ အတင်းအဓမ္မ ခိုင်းစေနေသောကြောင့် ဒေသခံလူထု၏ စားဝတ်နေရေးကို ထိခိုက်စေပါသည်။ SAC မှ အနည်းဆုံး ငွေပမာဏ ၅ဝဝဝဝ ကျပ်မှ သိန်း ၇၀ ကျပ်အထိ တောင်းဆိုခြင်းနှင့်ပတ်သက်သည့် အစီရင်ခံစာ (၈)စောင်အား KHRG မှ လက်ခံရရှိခဲ့ပါသည်။ မြန်မာပြည်အရှေတောင်ပိုင်းရှိ ကျေးလက်နေ ရွာသူရွာသားများသည် စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့်သား အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ ထို့ကြောင့် SAC တောင်းသော ငွေပမာဏသည် သူတို့၏ဝင်ငွေပမာဏထက် အဆမတန်မြင့်မားပါသည်။ ရွာသူ ရွာသားအချို့မှာ တပ်သားသစ် စုဆောင်းမှုအတွက် SAC  တောင်းဆိုသောငွေများကိုပေးရန် သူတို့တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးမှ ရရှိသည့်ဝင်ငွေအား အသုံးပြုခဲ့ရပါသည်။ SAC သို့ ငွေများပေးပြီးနောက် ရွာသူရွာသားများသည် သူတို့၏အခြေခံလိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေရပါသည်။

၂၀၂၄ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလအကြား (ရက်စွဲအတိအကျမသိရ) တွင် အသက် (၃၂)နှစ် အရွယ်၊ စောပ--- အမည်ရှိ ရွာသားတစ်ဦးအား တောအူး (တောင်ငူ)ခရိုင်၊ ထောတထူ(ထန်းတပင်) မြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ သံတောင်ကြီးလမ်းမပေါ်တွင် ရှိသော ခမရ အမှတ် (၃၉) တပ်စခန်းအနီးရှိ ဘုရားချမ်းရင်းကျေးရွာတွင် တည်ရှိ သော  SAC စစ်ဆေးရေးဂိတ်တွင် SAC စစ်သားနှင့်ရဲများက ဖမ်းဆီးခဲ့ပါသည်။ စောပ---သည် လယ်ယာသုံးပစ္စည်း ဝယ်ရန် ဆိုင်ကယ်ဖြင့် ‌ဒေးလိုကျေးရွာအုပ်စု၊ အရ---ကျေးရွာသို့သွားချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါသည်။ SAC မှ ဆိုင်ကယ်လိုင်စင်မရှိခြင်းနှင့် ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်းကြောင့် သူ့အား ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောပါ သည်။ သူ့ကိုဖမ်းဆီးပြီးနောက် တောင်ငူမြို့ရှိ အမှတ် (၃) ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုအ‌ခြေအနေကို မျက်မြင် တွေ့ခဲ့သူရွာသားများက စောဒ---အမည်ရှိ စောပ---၏ဖခင်အား ရဲစခန်းသို့ သွားရောက်နိုင်ရန် ဖြစ်ပျက်မှု အကြောင်းအရာများကို ပြောပြခဲ့သည်။ သူ့သားအား လွတ်ပေးစေချင်ပါက ငွေပေးရမည်ဟု စောဒ---ကို SAC ရဲများက ပြောပါသည်။ သို့မဟုတ်လျှင် SAC တပ်ထဲသို့ စစ်မှုထမ်းရန် သူ့သားအား နေပြည်တော်ပို့ဆောင်ခြင်း ခံရပါမည်။ နောက်ပိုင်းတွင် SAC ရဲများက စောပ--- ပြစ်မှုဖြင့် တရားစွဲ (အမည်မသိရ) လိုက်ပြီး တောင်ငူမြို့ရှိ တရားရုံးသို့ တိုင်ကြားခဲ့သည်။ ထိုနောက် စောပ---အား တောင်ငူထောင်သို့ပို့ခဲ့သည်။ စောပ---အား ပြန်လွတ်ပေး ရန်အတွက် စောဒ---မှ SAC ရဲများ၊ တရားရုံး အာဏာပိုင်များ၊ တောင်ငူထောင်အာဏာပိုင်များကို ပိုက်ဆံပေးခဲ့ရပါ သည်။ သူသည် အာဏာပိုင်များကို စုစုပေါင်း ကျပ်သိန်း (၇ဝ) ပေးဆောင်ခဲ့ရပါသည်။ စောပ---သည် တောင်ငူ ထောင်တွင် တစ်လဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။ စောပ---အာ SAC ၏ဖမ်း ဆီးခြင်းမှ လွတ်မြောက်ရန်အတွက် စောဒ---သည် သူ၏တစ်နှစ်စာဝင်ငွေနှင့် ညီမျှသော ဆန်အိတ် (၁ဝဝ) အိတ်ခန့် ရောင်းခဲ့ရသည်။  သူ၏မိသားစုသည် စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းကိုသာမှီခိုနေရသည့်အပေါ် ၂ဝ၂၅ ခုနှစ်အတွင်းတွင် သူတို့၏ အခြေခံလိုအပ်ချက်များအတွက် ရုန်းကန်နေရပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းအ ပေါ်မှာလည်း စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရပါသည်။

စောပ---နှင့်သူ့မိသားစုနည်းတူ တောအူး(တောင်ငူ) ခရှိင်ရှိ အခြားရွာသားများကလည်း ထိုအခြေနေကဲ့သို့ ရင်ဆိုင် ကြုံတွေ့နေရပါသည်။  တောအူး(တောင်ငူ) ခရှိင်မှ အခြားရွာသားများ ထိုအခြေနေကဲ့သို့ကြုံတွေ့နေရခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ (၈) စောင်ကိုလည်း KHRG လက်ခံရရှိခဲ့ပါသည်။ ရွာသားများသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် (ဆိုင်ကယ်လိုင်စင်မရှိခြင်း၊ ဦးထုပ်မဆောင်းခြင်းအပါအဝင်) ဖမ်းဆီးခြင်း ခံနေရပြီးနောက် ပြန်လည် လွတ်မြောက်လာစေရန်နှင့်စစ်မှုထမ်းခြင်းအား ရှောင်ရှားနိုင်ရန်အတွက် ပိုက်ဆံပေးရမည်ဟု SAC မှ သူတို့ကို ပြောပါသည်။

စောလ--- မှလည်း တောအူး(တောင်ငူ) ခရှိင်၊ သံတောင်ကြီးမြို့နယ်ရှိ သူ၏နယ်မြေဒေသအတွင်း အခြေအနေကို လည်း ယခုလို ရှင်းပြပါသည်။ “တပ်သားသစ်စုဆောင်းဖို့အတွက် SAC  က အမျိုးသား ရွာသားတွေကို ဖမ်းဆီး နေတယ်လို့ ကျနော်ကြားတယ်။ ဖမ်းဆီးခံရတဲ့ ရွာသားတွေအနေနဲ့ ပြန်လည်လွတ်မြောက်ဖို့ သူတို့မိသားစုတွေ SAC ကို ပိုက်ဆံပေးရတယ်။ တစ်ချို့က တစ်သိန်းကနေ နှစ်သိန်းထိ ပေးရသလို တစ်ချို့က (၁ဝ) သိန်းကနေ သိန်း (၂ဝ) ထိပေးရတယ်။ တစ်ချို့ဆို သိန်း(၇ဝ)ထိတောင်ပေးရတာတွေ ရှိတယ်။ ”

၃.၄။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ရွာသားများ၏ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှု

SAC ၏အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းကြောင့် ရွာသားများသည် အကြောက်တရားဖြင့် ရှင်သန်နေထိုင်ရပြီး အချို့မှာ အလုပ်လုပ်ကိုင်ခွင့် ပညာသင်ကြားခွင့် အခွင့်အရေးများပါ ဆုံးရှုံးကြရပါသည်။ အချို့မှာမူ ဖမ်းဆီးခံရပြီး နောက်ပိုင်း ဆက်သွယ်နိုင်ခြင်းမရှိတော့ဘဲ လုံးဝပျောက်ဆုံးသွားသောကြောင့် အကျိုးသက်ရောက်မှုအနေဖြင့် ကျန်ရစ်သည့် မိသားစုများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ အခြားရွာသားများမှ လည်း စစ်မှုထမ်းခံရပါက SAC မှ အလားတူရာဇဝတ်မှုများ ကျူးလွန်မည်ကို စိုးရိမ်နေကြပါသည်။ အချို့မှာမူ SAC တပ်တွင် စစ်မှုထမ်းစဥ်ကာလအတွင်း တိုက်ပွဲများတွင် သေဆုံးသွားမည်ကိုစိုးရိမ်ကြပြီး အချို့မှာ ဖမ်းဆီးခံရစဥ် SAC ၏ချိုးဖောက်မှုများခံရမည်ကို စိုးရိမ်နေကြပါသည်။

(က) အကြောက်တရား၊ ဘဝအတွက် ဘေးအန္တရာယ်နှင့် တပ်တွင်းချိုးဖောက်မှု

SAC ၏စစ်မှုထမ်းခြင်း ခံရပါက အရှေ့တန်းသို့ အပို့ခံရပြီး အသေခံရမည်ကို ကြောက်ရွံ့နေကြကြောင်း ရွာသား လေးဦးမှ သူတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားလာပါသည်။ စစ်မှုထမ်းခံရမည်ကို ကြောက်ရွံ့နေရသည့် အတွက်ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးသူ မကွေးထားဝယ်ခရိုင်မှ အသက်၃၁နှစ် အရွယ်ရှိ ဘုန်းကြီးဝတ်ဖူးသူ က--- မှလည်း “ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်နေလို့ ရွေးချယ်ခံရရင် စစ်မှုထမ်းမှာပေါ့။ အခုက ကျနော်တို့ နိုင်ငံအတွင်းမှာ ဖြစ်နေတာက ပြည်တွင်းစစ် ဖြစ်နေတယ်။ SAC က ကျနော် တို့ကို စစ်မြေပြင်မှာ သွားသေ‌စေချင်တာနဲ့အတူတူပဲ။ ဘယ်သူမှ SAC အတွက် စစ်သားမဖြစ်ချင်ကြဘူး။ သူတို့က စစ်သားလုပ်ဖို့ လူတွေကို အတင်းအဓမ္မ ခိုင်းစေတယ်။ ဒါကြောင့်မို့ စစ်သားမလုပ်ချင်ဘဲ သူတို့အတွက် စစ်မှုထမ်း ပေးနေရတယ်။ သူတို့ရဲ့ စစ်သားဖြစ်လာပြီးဆိုရင်တော့ ကိုယ့်ကိုယ်ကို သေလူအဖြစ်သာ မှတ်ထားပေတော့။ ဒါကြောင့်မို့ သူတို့ (SAC) စစ်သားမဖြစ်ချင်တာ” ဟူ၍ ရှင်းပြလာပါသည်။

ရွာသားအချို့မှလည်း စစ်မှုထမ်းအသစ်များမှာ စစ်သင်တန်းကို ကာလတိုအတွင်းသာရရှိပြီး အချို့မှာ စစ်သင်တန်း မရရှိဘဲ အ‌ရှေ့တန်းသို့ ပို့ဆောင်ခြင်းခံရသည်ဟု တင်ပြပါသည်။ SAC ၏ စစ်မှုထမ်းခိုင်းခြင်းခံရမှုမှ ဒူးပလာယာ ခရိုင်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဧရာဝတီတိုင်းမှ  စောရ---က KHRG သို့ တင်ပြသည်မှာ “သူတို့ (SAC) စစ်သားအင်အား ဆုံးရှုံးနေတယ်လို့ ကျနော်ထင်တယ်။ တော်လှန်ရေး တပ်ဖွဲ့အများအပြားနဲ့ ရင်ဆိုင်တိုက်ဖို့ သူတို့ စစ်သားအင်အားနည်းနည်ပဲရှိမယ် ထင်တယ်။ သူတို့မှာ စစ်သားအင်အား အလုံအလောက်မရှိဘူး။ SAC  စစ်မှုထမ်း ခံရတဲ့လူတွေက  စစ်သင်တန်း ၃ရက်ပဲ ပေးပြီး အရှေ့တန်းကို ပို့တယ်လို့ ကျနော်ကြားတယ် ”  ဟု KHRG သို့ ပြောပါ သည်။ အစီရင်ခံစာတစ်စောင်မှ ဥပမာဖြစ်ရပ်တစ်ခုမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်၊ ဒိုးသောင်း(ဒေးလို)ကျေးရွာအုပ်စု၊ အဘ---ကျေးရွာမှ အတင်းအဓမ္မ စစ်မှုထမ်းခိုင်း ခြင်းခံရသည့်ရွာသားတစ်ဦးသည် ရှေ့တန်းသို့ ပို့ဆောင်ခြင်းခံရပြီးနောက် သေဆုံးသွားကြောင်း ဖော်ပြထားပါ သည်။ သူသည် (တစ်လမှ သုံးလအထိသာ) အခြေခံ စစ်သင်တန်းရရှိခဲ့ပြီး အရှေ့တန်းသို့ ပို့ဆောင်ခြင်းခံရပြီးနောက် စစ်မြေပြင်တွင် သေဆုံးခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသားရွာသားပါမက အမျိုးသမီးရွာသူများသည်လည်း SAC ၏ စစ်မှုထမ်းခိုင်းခြင်းခံရမည်ကို ကြောက်ရွံ့နေရ ကြောင်း တင်ပြကြပါသည်။ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းအပေါ် ကြောက်ရွံ့နေရခြင်းသည် ဗမာစစ်တပ်မှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား ကြောက်ရွံ့နေရခြင်းနှင့်လည်း ဆက်စပ်နေကြောင်း တင်ပြကြပါသည်။ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝရက်နေ့တွင် ဒူးပလာယာ ခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်၊ ကော့ကရိတ်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော အမျိုးသမီးလူငယ်တစ်ဦးမှ KHRG သို့ တင်ပြသည်မှာ “အစပိုင်းမှာတော့ SAC အမျိုးသားတွေကိုပဲ စစ်မှုးထမ်းခိုင်းမယ်လို့ ပြောတယ်။ ဒါကြောင့် အဲ့လောက်ထိ မစိုးရိမ်ခဲ့ဘူး။ နောက်ပိုင်း (ဇန်နဝါရီလအတွင်း) အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ ခန့်အပ်လာကြတယ်။ ဒါကြောင့် လုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူး။ ညဘက် အိပ်နေချိန်မှာတောင် ကားသံကြားရင်  SAC က ကျမအိမ်ကိုလာပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားမှာကို ကြောက်နေရတယ်။ စစ်မှုထမ်းခံရမှာကိုကြောက်လို့ နောက်ဆုံး ကျမထိုင်းနိုင်ငံကို လာခဲ့ တယ်။   SAC အတွက် စစ်မှုထမ်းခံရရင်တော့ သူတို့ ပြောသမျှ အကုန်လိုက်နာရမယ်။ ဥပဒေက သူတို့လက်ထဲမှာဘဲ ရှိတယ်။ ဥပမာ အရှေ့တန်း စစ်မြေပြင်ကို သွားခိုင်းရင် ကျမမသွားချင်လည်း သွားရမှာဘဲ။ ကျမ အသတ်ခံရမှာ တပ်အတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှာကိုလည်း ကြောက်နေရတယ်။ SAC က သူတို့နဲ့ လိင်ဆက်ဆံဖို့ အတင်းအဓမ္မခိုင်းစေမှာကိုလည်း ကျမကြောက်တယ်။ ”

(ခ) အနာဂတ် ပျေက်ဆုံးခြင်း

SAC ၏စစ်မှုထမ်းခိုင်းခြင်းကို ကြောက်ရွံ့နေရသောကြောင့် ရွာသားအများအပြားသည် မြို့ပြတွင် အလုပ်လုပ် ခြင်းနှင့်ပညာသင်ကြားခြင်းများကို ရပ်တန့်ခဲ့ရပြီး သူတို့၏အနာဂတ်အခွင့်အလမ်းနှင့် မျှော်လင့်ချက်များအပေါ် များစွာထိခိုက်စေပါသည်။ စစ်မှုထမ်းဥပဒေကြောင့် ကြောက်ရွံ့မှုဖြင့် ရွာသို့ပြန်လာခဲ့သည့် ဒူးပလာယာခရိုင်၊ ဝေါ် ရေ (ဝင်းရေး) မြို့နယ်၊ တောင်တီကျေးရွာအုပ်စု၊ ဝ---ရွာမှ အသက် (၂၄)နှစ်အရွယ် တက္ကသိုလ် ကျောင်းသားတစ်ဦး မှ “စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက်ပိုင်း မြို့ပြတွေမှာ အလုပ်လုပ်‌နေတဲ့ ပညာသင်ယူနေတဲ့ ကျေးလက်နေ ရွာသားတွေက သူတို့ရဲ့ ကျေးရွာကို ပြန်သွားကြတယ်။ ” ဟု တင်ပြပါသည်။ ယ---ကျေးရွာမှ ကျန်းမာရေး လုပ်သားတစ်ဦးဖြစ်သည့် ဦးစ---မှလည်း KHRG သို့ ပြောသည်မှာ “ဘားအံ၊ မော်လမြိုင်နဲ့ မူဒုံမြို့တွေမှာ ကလေး တွေကို ကျောင်းထားတဲ့မိဘတွေက သူတို့ကလေးတွေအတွက် အရမ်းစိုးရိမ်နေကြရတယ်။ မြို့ထဲမှာ ကျောင်းတက် နေရတဲ့ ကလေးတွေကလည်း သူတို့မိဘတွေက အရမ်း စိုးရိမ်နေကြရတယ်။ ‌ကောလိပ်ကျောင်းသူ ကျောင်းသား များအတွက်လည်း သူတို့မိဘတွေက သူတို့အတွက် စိုးရိမ်နေကြရတယ်” ဟူ၍ ဖြစ်ပါသည်။

ပဋိပက္ခနှင့်စစ်မှုထမ်းဥပဒေကြောင့် အနာဂတ်ပျောက်ဆုံးသည်ဟု ခံစားရကြောင်း လူငယ်အရွယ်ရွာသားများမှ တင်ပြကြပါသည်။ ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်မှ အသက် ၃၂နှစ်အရွယ် ရွာသားတစ်ဦးမှ “နိုင်ငံရေး အခြေအနေကြောင့် ကျနော်တို့ ပညာရေးဆက်လက်သင်ယူဖို့ အခွင့်အလမ်းအများကြီး မရှိတော့ဘူး။ SAC စစ်သား လုပ်ရမယ်ဆိုရင် အဲ့ဒီထက် အခြေအနေပိုဆိုးသွားမယ်။ ကျနော်တို့ အနာဂတ် ပျောက်ဆုံးသွားလိမ့်မယ်လို့ ခံစားရ တယ်” ဟူ၍ ရှင်းပြပါသည်။ ဒူးပလာယာခရိုင်၊ ကော်တရီ(ကော့ကရိတ်) မြို့နယ်မှ ထိုင်းနိုင်ငံသို့ သွားရောက်အ လုပ်လုပ်ကိုင်နေသော အသက် ၂၃နှစ်အရွယ် ရွာသားတစ်ဦးမှလည်း “သူတို့ (SAC) စစ်သားဖြစ်သွားမယ် ဆိုရင် တော့ ကျနော်ရွာမှာရှိတဲ့မိသားစုကို ထောက်ပံ့ဖို့အတွက် ဘန်ကောက်မှာ အလုပ်လုပ်ခွင့်ရမှာ မဟုတ်တော့ဘူး။ စစ်တပ်ထဲရောက်ရင်တော့ ကျနော့်ဘဝက အဲ့ဒီမှာဘဲ ဆုံးသွားမယ်ဆိုတာ ကျနော်သိတယ်။ အဲ့ဒီမှာဆိုရင်တော့ ကျနော့်အတွက် အနာဂတ်ဆိုတာ မရှိတော့ဘူး ” ဟူ၍ တင်ပြခဲ့ပါသည်။

(ဂ) ရွာသားများ၏ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှု

SAC သည် ရွာသားများနှင့် ပြည်သူလူထုများအပေါ် အကြမ်းဖက်မှုများ ကျူးနေလွန်နေသည်ကို သိရှိနားလည် ထားသည့်အပေါ် သူတို့၏စစ်မှုထမ်းခိုင်းခြင်းကို မပြုလိုသည့်အတွက် ရွာသားများအနေဖြင့် စိတ်ဆင်းရဲနေကြရ ကြောင်း တင်ပြကြပါသည်။ တောအူး (တောင်ငူ) ခရိုင်မှ အမိန့်မနာခံအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ် သည့်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ စောအ---မှ ရှင်းပြသည်မှာ “SAC က ပြဌာန်းထားတဲ့ ဒီစစ်မှုထမ်းဥပဒေ ဟာ ကျနော်တို့အတွက် ဘာတစ်ခုမှ မကောင်းဘူးလို့ ခံစားရတယ်။ ဒီစစ်မှုမထမ်းမနေရဥပဒေဟဟာ တစ်ခြားနိုင်ငံ မှာလည်း ရှိတယ်ဆိုတာကို သိပါတယ်။ အဲ့ဒါက တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အတွက် ပြဌာန်းထားတဲ့ဥပဒေ ဖြစ်တယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာတော့ စစ်တပ်ထဲကို ဝင်ရင်တော့ ကိုယ့်လူမျိုးကို ပြန်ထိခိုက်အောင် ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဒါကြောင့်မို့ ကျနော်အပါအဝင် အခြားလူငယ်အများအပြားက ဒါကို လက်မခံဘူး။ ကျနော်စစ်မှုထမ်းမယ်ဆိုရင်ရင် SAC စစ်သားတွေ လုပ်သလိုဘဲ ကျနော်လိုက်လုပ်နေရမယ်။ ဥပမာ သူတို့က လူတွေကို ညှင်းပမ်းနှိပ်စက်တာတွေပေါ့။ လူတွေကို နည်းအမျိုးမျိုးနဲ့ သူတို့ နှိပ်စက်နေကြတယ်။  ကျနော် SAC စစ်သားမလုပ်ချင်ဘူး။ သူတို့ စစ်သားဖြစ်လာခဲ့ရင်လည်း လုံခြုံမှုအတွက် ဘာအာမခံချက် တစ်ခုမှ မရှိဘူး။ ကျနော်တို့ အချိန်မရွေး အသတ်ခံရနိုင်သလို မိသားစုဝင်တွေလည်း ဒုက္ခ‌ရောက်ကြလိမ့်မယ်။ ” ဟူ၍ ဖြစ်သည်။

ထို့နည်းတူ တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ စောစ---မှလည်း “SAC က တိုင်းပြည်ကို အုပ်ချုပ်ဖို့ အတွက် တရားဝင်မှုမရှိဘဲနဲ့ အာဏာသိမ်းခဲ့တဲ့အတွက်ကြောင့် မြန်မာတစ်ပြည် လုံးမှာ ရှိတဲ့လူငယ်တွေက   သူတို့တပ်ထဲမှာ စစ်မှုမထမ်းချင်ကြဘူး။ သူတို့က လူတွေကို ညှင်းပမ်းနှိပ်စက်ပြီး သတ် ဖြတ်နေကြတယ်။ SAC စစ်သားတွေက စစ်မြေပြင်မှာ အတင်းအဓမ္မမူးယစ်ဆေးသုံးစွဲခိုင်းခြင်းခံကြရတယ်။ ပြည်သူ ပိုင်ပစ္စည်းတွေကိုလည်း ခိုးယူတယ်၊ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးကြတယ်။ လူငယ်တွေက SAC တပ်ကို အကြမ်း ဖက်တပ်အဖြစ်သတ်မှတ်ကြတယ်။ ဒါကြောင့်ဘဲ လူငယ်တွေက တိုင်းတပါးကို ထွက်ပြေးနေကြရတယ်။ တစ်ချို့က အလုပ်ရှာဖို့ လွတ်မြောက်နယ်မြေကို ထွက်ပြေးကြတယ်။ တစ်ချို့က တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းကြ တယ်။ ” ဟု တင်ပြခဲ့ပါသည်။

ဒူးပလာယာခရိုင်သို့ အမျိုးသားနှင့်အတူ ထွက်ပြေးလာသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့အနီးရှိ အဗ---ကျေးရွာမှ နော်တ---မှလည်း “အသက် ၁၆နှစ်ကနေ ၆ဝနှစ်အရွယ်ထိ ရှိတဲ့ အမျိုးသားတိုင်းကို စစ်မှုထမ်းခိုင်းမယ်လို့ ဗမာ စစ်တပ်က ပြောတယ်။ သူတို့က စစ်သားထပ်စုဆောင်းချင်တယ်၊ ဘာလို့လဲဆိုတော့ သူတို့မှာ စစ်သားအများကြီး မရှိတော့ဘူး။ ရွာသားတွေက ဗမာစစ်သား မလုပ်ချင်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မလုပ်ချင်တဲ့အရာကို ဗမာစစ်တပ်ကို လုပ်ခိုင်းလို့။ ကျမတို့ လူမျိုးတွေကို သူတို့က သတ်ဖြတ်တယ်၊ညှင်းပမ်းနှိပ်စက်တယ်၊ ဖိနှိပ်တယ် ” ဟု ရှင်းပြခဲ့ပါသည်။ ထိုအကြောင်းပြချက်ဖြင့် နော်တ---နှင့် သူမ၏အမျိုးသားသည် SAC ၏အတင်းအဓမ္မ စစ်မှု ထမ်းခြင်းကို ရှောင်ကျဥ်ရန် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပါသည်။

၄။ မြန်မာပြည်တွင် SAC ၏စစ်မှုထမ်းဥပဒေအပေါ် လုံခြုံရေးနှင့်ဥပဒေရေးရာသုံးသပ်ချက်

ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍သော်လည်းကောင်း ရွာသားများ၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေသည့် အကြမ်းဖက်ခြင်းဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းအား ထိန်းချုပ်လိုခြင်းကို အကြောင်းပြု၍ သော်လည်းကောင်း ရွာသားများကို သူတို့၏ဆန္ဒမပါဘဲ SAC မှ အတင်းအဓမ္မစစ်မှုထမ်းခိုင်းလျက် ရှိနေပါသည်။ ၂ဝ၂၄ခုနှစ်၊ ဇန်နဝါရီလမှ ၂ဝ၂၅ခုနှစ်၊ ဖေဖော်ဝါရီလအထိ အနည်းဆုံး ရွာသား ၂၁၄ ဦး စစ်မှုထမ်းခံရမှုအပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်း SAC မှ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ ၃၇ စောင်ကို KHRG မှ လက်ခံရရှိခဲ့ပါသည်။ စစ်မှုထမ်းခြင်းခံရသည့် ရွာသားများသည် မည်သည့်နေရာတွင် ရှိနေပြီး အခြေအနေ ဘယ်လိုရှိနေသည်ကို သိရှိရခြင်းမရှိသည့်အပေါ် ကျန်ရစ်သူမိသားများအတွက် စိတ်ဒုက္ခဆင်းရဲခြင်း ဖြစ်စေပါသည်။ SAC သည် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုရှိသည့် စစ်တပ်အဖြစ် ရှုမြင် သောကြောင့်  မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ရွာသားများသည် SAC စစ်သားအဖြစ် စစ်မှုထမ်းလိုခြင်းမရှိကြပါ။ ရောယှက်ထိန်းချုပ်နယ်မြေရှိ ရွာသူကြီးများမှလည်း စစ်မှုထမ်းခိုင်းရန် SAC အမိန့်ပေးမှုကို တစ်ခါတစ်ရံ အာခံနေ ကြပါသည်။ 

ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်ခြင်းသည် SAC ၏အတင်းအဓမ္မစစ်မှုထမ်းခြင်းကို ရှောင်ကျဥ်ရန် ရွာသားများ အသုံးပြုများသည့် နည်းဗျူဟာတစ်ခုဖြစ်သည့်အားလျှော်စွာ ရွာသားအများအပြားသည် KNU ထိန်းချုပ်နယ်မြေရှိ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်ရှောင်နေကြသလို အချို့မှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါ သည်။ SAC ၏အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းကြောင့် ရွာသားများ၏လွတ်လပ်စွာသွားလာခြင်း၊ ပညာ သင်ကြား ခြင်းနှင့်အလုပ်လုပ်ကိုင်ခြင်းအပေါ် ထိခိုက်မှုရှိသောကြောင့် ရွာသားအများအပြား အသက်မွေးဝမ်းကျောင်းအ တွက် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ရွာသားအချို့မှာ စစ်မှုထမ်းခြင်းအား  အစားထိုးနိုင်ရန် အတွက် အခကြေးငွေ အမြောက်အများ ပေးဆောင်နေရပါသည်။ အထူးသဖြင့် လူငယ်အမျိုးသားများသည် SAC ၏ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းအပေါ် မြေဇာပင်ဖြစ်ခဲ့ရသောကြောင့် သူတို့၏နေရပ်နှင့် အချို့မှာ တိုင်းပြည်ကို စွန့်ခွါ၍ ထွက်ပြေးနေကြရပါသည်။

စစ်မှုထမ်းခြင်းသည် နိုင်ငံကိုကာကွယ်ရန်အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ် ရှုမြင်နေပါသော်လည်း နိုင်ငံတ ကာ လူ့အခွင့်အ‌ရေးဥပဒေတွင် စစ်မှုထမ်းခိုင်းခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နိုင်ချေရှိသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ ကုလသမဂ္ဂလူ့အခွင့်အရေး‌ကော်မတီမှ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ သဘောတူညီချက် (ICCPR)၏ အပုဒ်မ (၁၈) အရ လူသားများသည် လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်နှင့် ယုံကြည်ကိုးကွယ်ခွင့် ပေးထားသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။[23] သို့သော် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် စစ်မှုထမ်းရန် ပစ်မှတ်ထားခံရခြင်းအား အသိစိတ်ရှိစွာဖြင့် လွတ်လပ်စွာ ဆန့်ကျင်ကန့်ကွက် ခွင့် မရှိဘဲ SAC မှ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်း ခံရပါသည်။ ရွာသားများမှလည်း စစ်မှုထမ်းဥပဒေ ပြဌာန်းမှုအပေါ် SAC ၏ရည်ရွယ်ချက်နှင့် တရားဝင်မှုကို မေးခွန်းထုတ်ပြီး အဆိုပါ အခြေအနေအပေါ် နိုင်ငံတော်ကာကွယ်ရမည့် ခံစားချက်ကိုလည်း မျှဝေရန် ငြင်းဆိုကြပါသည်။

SAC ၏စစ်ရေးလှုပ်ရှားမှုအပေါ် ကျယ်ပြန့်စွာ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း နိုင်ငံတကာ အသိုက်အဝန်းမှ ရှုံ့ချကြပါသည်။ စစ်ပွဲများတွင် ရွာသားများအား အကြမ်းဖက်မှုများကို အတင်းအဓမ္မ ကျူးလွန်ခိုင်း ခြင်းနှင့်  ပါဝင်ဆင်နွှဲခိုင်းခြင်းကို အခြေခံအားဖြင့် ဆန့်ကျင်သည့် ၁၉၄၉ ခုနှစ် ဂျီနီ‌ဗာ သဘောတူညီမှု၏ ပုဒ်မ ၃ (၁)(ဂ) တွင်  ပုဂ္ဂိုလ်ရေး ဆိုင်ရာ ဂုဏ်သိက္ခာ၊ အထူးသဖြင့် အရှက်ရစေသည့် နှိပ်ချသော ဆက်ဆံမှုမြောက်သည်ဟု ဆိုထားပါသည်။ 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်း ကွန်ဗင်းရှင်း (၁၉၃ဝ) တွင် စစ်မှုမထမ်းမနေရဥပဒေကို အတင်းအဓမ္မခိုင်းစေမှုဟူသော အဓိပ္ပါယ်ဖွင့်ဆိုမှုအား ကင်းလွတ်ထားခဲ့ပါသည်။[24] သို့သော် အစီရင်ခံစာပြုစုစဥ်ကာလအတွင်း သက်သေအထောက်အထားများဖော်ပြချက်အရ ၂ဝ၂၄ခုနှစ်၊ ဖေဖော် ဝါရီလနှင့် ဧပြီလအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို မပြဌာန်းခင်တစ်လအလိုတွင် SAC မှ ရွာသားများအား အတင်းဓမ္မစစ်မှုထမ်းခိုင်းခြင်းများ ပြုလုပ်နေခဲ့ပြီးဖြစ်ကြောင်းတွေ့ရှိရပါသည်။ ရွာသားများအနေဖြင့် SAC မှ သူတို့ အား ရွေးချယ်စရာမပေးဘဲ စစ်မှုထမ်းရန် အမိန့်ပေးခြင်းခံရပါသည်။ အချို့မှာမူ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုပါ ကြုံတွေ့နေကြရပါသည်။ ထို့အပြင် ILO ၏ စုံစမ်းရေးကော်မရှင်မှ ၂ဝ၂၃ခုနှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ စစ်တပ်မှ လက်နက်ကိုင်ပဋိပက္ခကာလအတွင်း အတင်းအဓမ္မပေါ်တာဆွဲခြင်းနှင့် လူသားဒိုင်း အဖြစ် အသုံးပြုခြင်းကဲ့သို့ အမျိုးမျိုးသော အတင်းအဓမ္မခိုင်းစေမှုပုံစံများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဖော်ပြထားပါသည်။

SAC သည် ပြည်သူ့စစ်မှုထမ်းဥပဒေ၏လုပ်ထုံးလုပ်နည်းကိုလည်း လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ဥပဒေ၏အပိုင်း ၂ (ခ)မှ ဖော်ပြချက်အရ စစ်မှုထမ်းရန် အရည်အသွေးပြည်မှီသူများသည် အသက် ၁၈နှစ်မှ ၃၅ နှစ် အမျိုးသားများ၊ သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိသူ နိုင်ငံသား ဖြစ်ပါက အသက် ၁၈နှစ်မှ ၄၅ နှစ် အမျိုးသားများ ဖြစ်ကြပါသည်။ သို့သော် ဤအစီရင်ခံစာမှ ရရှိထားသော သက်သေအထောက်အထားများ ဖော်ပြချက်အရ မြန်မာပြည်အရှေ့တောင်ပိုင်းမှ အသက် ၄၅နှစ်ထက်ကြီးသော လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုဖြင့် အလုပ်လုပ် ကိုင်ခြင်းမရှိသည့် ရွာသားများအား အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းခံကြရပါသည်။ ထို့အပြင် စစ်မှုထမ်းဥပဒေ၏ လုပ်ဆောင်ရန်လိုအပ်သည့် လုပ်ထုံးလုပ်နည်းအရ SAC သည် စီစစ်ခြင်းလုပ်ငန်းစဥ်အား မှန်ကန်စွာ အသုံးပြုခြင်း မရှိဘဲ သူတို့၏တပ်သားသစ်စုဆောင်းမှုကို ဆောင်ရွက်ခဲ့ပါသည်။  ရွာသားများသည် SAC စစ်သားများမှ စစ်မှုထမ်း ရမည့် စာရင်းထဲပါမပါ မဲနှိုက်ခိုင်းခြင်းပြီးသည်နှင့် ဗဟိုကြီးကြပ်ရေးဘုတ်အဖွဲ့၏အယူခံဝင်ခြင်း သို့မဟုတ် ပြန် လည်စီစစ်ခြင်းများ လုပ်ဆောင်စေခြင်းမရှိဘဲ ချက်ချင်းစစ်မှုထမ်းခိုင်းခြင်း ခံကြရပါသည်။ ထို့အပြင် KHRG မှရရှိ ထားသော အစီရင်ခံစာမှ သက်သေအထောက်ထား ဖော်ပြချက်များအရ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက် ရာမြောက်သည့် သူတို့၏စစ်မှုထမ်းအမိန့်အား ငြင်းဆန်သည့်ရွာသားများကို နှိပ်စက်ခြင်းနှင့်ပစ်ခတ်ခြင်းများ ပြုလုပ်ကြောင်း တွေ့ရှိရပါသည်။[25] SAC သည် သူတို့၏စစ်မှုထမ်းခြင်း လုပ်ငန်းစဥ်အား ဆောင်ရွက်စဥ် လူမဆန် သော ရက်စက်ကြမ်းကြုတ်သည့်ဆက်ဆံမှုများ ခံကြရကြောင်း ရွာသားအများအပြားမှ တင်ပြကြပါသည်။

UNHCR ၏လက်စွဲစာအုပ်မှ ဖော်ပြချက်အရ လူတစ်ဦးသည် စစ်မှုထမ်းခြင်းမှစွန့်ခွာခြင်း သို့မဟုတ် လွတ်မြောက် ရန် ထွက်ပြေးပြီးနောက် ဒုက္ခသည်အဖြစ်ခံယူရန် တောင်းဆိုပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပြီး လူတစ်ဦးချင်းစီမှ သက်ဆိုင်မှုမရှိလိုသည့် စစ်မှုထမ်းအမျိုးအစားသည် အခြေခံလူ့ကျင့်ဝတ်စည်းမျဥ်းစည်းကမ်းနှင့် ဆန့်ကျင်သည့် အပေါ် နိုင်ငံတကာအသိုက်အဝန်းမှလည်း ဤလုပ်ဆောင်မှုအား ရှုပ်ချထားပါသည်။ ထို့အပြင် ဤသို့လုပ်ဆောင် ခြင်းသည် တပ်ပြေးခြင်း တိမ်းရှောင်ခြင်းအတွက် အပြစ်ပေးမှု သို့မဟုတ် နှိပ်စက်ညှင်းပမ်းမှုမြောက်ပါသည်။[26] ဤထောက်ပြချက်သည် မြန်မာပြည်၏အခြေအနေတွင် အသုံးချနိုင်ပါသည်။

၅။ အကြံပြုချက်များ

နိုင်ငံတကာ အသိုက်အဝန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO)၊  ဒေသခံ အာဏာပိုင်များ၊ ဒေသအ တွင်းနှင့် နိုင်ငံတကာအစိုးရများထံသို့

  • နိုင်ငံတော်စီမံအုပ်ရေးကောင်စီ (SAC) ၏ ၂ဝ၁ဝ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်း ပြဌာန်းမှုအား ပယ်ချပြီး မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ကျယ်ပြန့်စွာ လုပ်ဆောင်နေသော အတင်း အဓမ္မစစ်မှုထမ်းခြင်းအား ထုတ်ဖော်တင်ပြကြရန်။
  • SAC သည် မြန်မာပြည်တွင် လူ့အခွင့်အရေးအကြပ်အတည်းဖြစ်စေသည့် အခြေခံအကြောင်းတရား ဖြစ်သည်ကို အသိအမှတ်ပြုရန်နှင့် နိုင်ငံရေးအရတရားဝင်မှုပေးစေသည့် မည်သည့် လုပ်ဆောင်မှုပုံစံ များကို ရှောင်ကျဥ်ရန်။
  • စစ်တပ်မှ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လက်ပြုလုပ်နိုင်စေမည့် လုပ်ဆောင်မှု၊ စစ်တပ်နှင့် စစ်တပ်စီးပွားရေးအပေါ် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဥ်များ ပူးပေါင်းလုပ်ဆောင်မှုများမှ ရှောင်ကျဥ်ရန်။
  • ဒုက္ခသည်အဖြစ်ခံယူရန် နယ်စပ်ဖြတ်ကျော်မှုအပေါ် နိုင်ငံအတွင်း ဝင်ခွင့်ပြုခြင်းမှ မငြင်းပယ်ရန် အိမ်နီး ချင်းနိုင်ငံများမှ သူတို့၏အာဏာပိုင်များကို တိုက်တွန်းရန်နှင့် ဒုက္ခသည်များအား ပံ့ပိုးကူညီရန်နှင့် ကာ ကွယ်ရန်အတွက် နယ်စပ်ဖြတ်ကျော်အရေးတွင် လုပ်ဆောင်နေသည့်အဖွဲ့အစည်းများနှင့်အတူတကွ ပူး ပေါင်းဆောင်ရွက်ရန်၊ အိမ်နီးချင်းနိုင်ငံရှိ အာဏာပိုင်များကို ဖိအားပေးရန်။
  • စစ်မှုထမ်းဥပဒေအား ကြောက်ရွံ့မှုကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံသူများအား ပံ့ပိုးကူညီခြင်းနှင့် အကာအကွယ်ပေးခြင်းဝန်ဆောင်မှုများ တိုးမြှင့်ပေးရန်။

 

 

 

အရှေ့မျက်နှာဖုံးအကြောင်းအရာ

ဤပုံကို KHRG ကွင်းဆင်းလုပ်သားတစ်ဦးမှ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ဈ---ကျေးရွာတွင် ရိုက်ကူးထားသောဓာတ်ပုံကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း SAC မှ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ပြီးနောက်တွင် စတိန်ကျေးရွာအုပ်စုရှိ ကျေးရွာအများအပြားမှ လူငယ်တော်တော်များများသည် SAC စစ်သားများမှ ၎င်းတို့အား ဖမ်းဆီး၍စစ်မှုထမ်း ခိုင်း ကိုကြောက်၍ ၎င်တို့ရွာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ တစ်ချို့လည်း ထိုင်းနိုင်ငံသို့ပုန်းရှောင်ခဲ့သည်။ ဤရေး ဆွဲထားသောပုံတွင် စစ်မှုထမ်းခြင်းမှ ရှောင်ရှားရန်အတွက် ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေသော စတိန်ကျေး ရွာအုပ်စုမှ လူငယ်တစ်စုကို ဒေသခံလက်နက်ကိုင်အဖွဲ့များက  စစ်ဆေးမေးမြန်းနေသော အခြေအနေကို ဖော်ပြ ထားသည်။ (ဓာတ်ပုံရေးဆွဲသူ - အမည်မဖော်ပြလိုသည့်ပန်းချီဆရာတစ်ဦး)

Mon, 31 Mar 2025

Footnotes: 

[1] ဗမာစစ်တပ်၊ ဗမာတပ်မတော်၊ တပ်မတော်နှင့် SAC (နစက/စစ်ကောင်စီ)သည် ဤအစီရင်ခံစာတွင် ဗမာတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ရည်ညွှန်းရန်အတွက် ဤအစီရင်ခံစာတလျှောက်တွင် အပြန်အလှန်ပြောင်းလဲ အသုံးပြုထားသည်။ ရွာသားများကိုယ်တိုင်က ဗမာစစ်တပ်၊ ဗမာစစ်သားများ သို့မဟုတ် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဗမာစစ်အစိုးရမှ ကိုယ်တိုင်ပြောင်းလဲ ခေါ်ဆိုခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) သုံးနှုန်းခဲ့သည်။

[2] ဒေသတွင်း သတ်မှတ်ထားသည့် ကရင်ပြည်နယ်တွင် အောက်ပါနေရာဒေသများဖြစ်သည့် မြန်မာပြည်အရှေ့တောင်ပိုင်းမှ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၏ အစိတ်အပိုင်းများ ပါဝင်သည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် တည်ရှိပြီး တိုင်းရင်းသားကရင်လူမျိုးများမှ အဓိကအားဖြင့် မှီတင်းနေထိုင်ကြသည်။ ကရင်လူမျိုး အများစုသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသအများစုတွင် အခြားတိုင်းရင်းသားများ ဖြစ်သည့် ဗမာ၊ ရှမ်း၊ မွန်၊ ပအို့ဝ် အပါအဝင် တိုင်းရင်းသားလူမျိုးစုများနှင့်အတူ နေထိုင်ခဲ့ကြသည်။

[4] KHRG, Undeniable., above. Also: International Human Rights Clinic at Harvard Law School, “Crimes in Burma,” Cambridge, MA: International Human Rights Clinic at Harvard Law School, 2009.

[7] Ye Myo Hein, “Myanmar’s Fateful Conscription Law”, United States Institute of Peace, February 2024.

[9] United States Institute of Peace, “Myanmar’s Fateful Conscription Law”, February 2024.

[14] Progressive Voice, “Myanmar’s Youth at Risk”, January 2025.

[24] 1930 Forced Labour Convention, International Labour Organization, Article 2(2)(a).

[26] UNHCR Handbook, page 40, paragraph 171.

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်