ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ် တွင် ဖြစ်ပွားခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၅၉) နှင့် (၅၆၀) တို့မှ စစ်သားများသည် ရွာ သား (၁၃) ဦးကို ဖမ်းဆီး၍ ပေါ်တာနှင့်လမ်းပြအဖြစ်လုပ်ဆောင်ရန် အဓမ္မခိုင်းစေခဲ့သည်။ အစပိုင်းတွင် SAC စစ်သား များသည် စတိန်ကျေးရွာအုပ်စု၊ သ--- ကျေးရွာမှ ရွာသား (၇) ဦးသည် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လ--- ကျေးရွာအနီးရှိ ဒေသခံများ၏စိုက်ပျိုးခြံသို့ ရောက်ရှိသောအခါ ထိုရွာသား (၇) ဦးကို ပြန်လွတ်ပေးခဲ့သည်။ ထို့နောက် SAC စစ်သား များသည် လ--- ကျေးရွာမှ ရွာသား (၆) ဦးကို ဖမ်းဆီးခေါ်ဆောင်၍ ၎င်းတို့၏အထုပ်အပိုးများအားလုံးကို သယ်ဆောင် ခိုင်းပြီး လမ်းခရီးတစ်လျှောက်တွင် ၎င်းတို့၏ရှေ့တွင် လမ်းလျှောက်စေခိုင်းခဲ့သည်။ ထိုသို့ဖမ်းဆီးခေါ်ဆောင်ခံရသည့် အချိန်အတွင်း SAC စစ်သားများသည် ရွာသားများအား ကန်ကြောက်ခြင်း၊ သေနတ်ဖြင့်ချိန်ရွယ်ခြင်းနှင့် ခြိမ်းခြောက် ပြောဆိုခြင်းအစရှိသော ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သည်။ နှစ်နာရီကြာပြီးနောက် ဖုန်းတာဝါတိုင် သို့ရောက်ရှိသောအခါတွင် SAC စစ်သားများသည် လ---ကျေးရွာသား (၆) ဦးကို လွတ်ပေးခဲ့သည်။ [1]
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၌ လေညာကျေးရွာတွင် အခြေစိုက်သော SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၅၉) နှင့် (၅၆၀) တို့သည် ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေး ရွာအုပ်စု၊ လ--- ကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။ SAC စစ်သားများသည် လ--- ကျေးရွာသို့မရောက်မီတွင် စတိန် ကျေးရွာအုပ်စုရှိ သ--- ကျေးရွာအတွင်း ဝင်ရောက်လာခဲ့ပြီး သ--- ကျေးရွာသား (၇) ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ လက်နက်ခဲယမ်းများကို လ--- ကျေးရွာသို့ သယ်ယူပို့ဆောင်ပေးရန် အဆိုပါရွာသားများအား အဓမ္မခိုင်းစေခဲ့သည်။
SAC စစ်သားများသည် လ--- ကျေးရွာအနီးသို့မရောက်မီတွင် ဖ--- နေရာသို့ (ရွာသားများစိုက်ပျိုးခြံရှိရာနေရာ) သွား၍ ရွာသားတစ်ဦးဖြစ်သူ ကိုက---၏စိုက်ပျိုးခြံထဲသို့ ဝင်ရောက်လာခဲ့သည်။ ကိုက---၏စိုက်ပျိုးခြံထဲတွင် SAC စစ်သားများ ရောက်ရှိလာသည့်အချိန်သည် မနက် (၁၀း၃၀) မိနစ်ရှိပြီးဖြစ်သည်။ စိုက်ပျိုးခြံထဲသို့ရောက်ရှိသည့်အခါတွင် SAC စစ် သားတစ်ဦးသည် ကိုက--- အား သေနတ်ဖြင့်ချိန်၍ ဒူးထောက်ခိုင်းစေခဲ့သည်။ ထို့နောက် SAC စစ်သားများသည် စိုက်ပျိုးခြံပိုင်ရှင်ဖြစ်သည့် ကိုက---နှင့်ခြံအလုပ်သမား (၅) ဦးကို ဖမ်းဆီးခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ လ--- ကျေး ရွာမှ ကိုက---က ယခုလိုပြောပြသည်။ “စစ်ကောင်စီစစ်သားတွေ က ကျွန်တော်တို့ကို (ကိုက---နှင့်ခြံအလုပ်သမား ငါးဦး) ဖမ်းဆီးခဲ့ပြီးနောက်မှာ သူတို့ယူလာတဲ့ပစ္စည်းအထုပ်အပိုးတွေကို သယ်ဆောင်ခိုင်းတယ်။ ပြီးတော့ သူတို့က သ--- ရွာ သား (၇)ဦးကို (ယခင်က ဖမ်းဆီးခဲ့သည့်ရွာသားများ) ပြန်လွတ်ပေးလိုက်တယ်။ သူတို့က (စစ်ကောင်စီစစ်သား များ) ကျွန်တော်တို့ကိုလည်း သ--- ရွာသားတွေ သယ်ဆောင်လာတဲ့အထုပ်အပိုးတွေကို ပြန်သယ်ခိုင်းတယ်။ သူတို့က ကျွန် တော်တို့အရှေ့မှာ လမ်းလျှောက်ပြီး မသွားဘူး။ ကျွန်တော်တို့က သူတို့အရှေ့မှာ လမ်းလျှောက်ခိုင်းတယ်။ (ပေါ်တာနှင့် လူသားဒိုင်းသဖွယ်အဖြစ် ခိုင်းစေရန်ဆိုလိုခြင်းဖြစ်သည်။) သွားရတဲ့ခရီးတစ်လျှောက်မှာ လမ်းဆိုတာ မရှိဘူး။ အဲဒါ ကြောင့် ကျွန်တော်တို့က (မြေမြှုပ်မိုင်းကို တက်နင်းမိသွားမလားဆိုပြီး) ကြောက်ကြောက်နဲ့သွားနေရ တယ်။ ကျွန်တော် တို့ သယ်ဆောင်ရတဲ့အထုပ်အပိုးတွေက အရမ်းလေးတယ်။ အဲဒါကြောင့် စစ်ကောင်စီစစ်သားတစ် ယောက်က နားကြမယ်လို့ပြောတယ်။ ဒါပေမဲ့အခြားစစ်သားတစ်ယောက်ပြန်ပြောတာက ‘ဟေ့…မင်းတို့တွေက ယောင်္ကျားမဟုတ်ဘူးလား။ မနားနဲ့။ မြန်မြန်သွား’တဲ့။ သူတို့က ကျွန်တော်တို့ဖင်ကိုလည်း ကန်တယ်။ ကျွန်တော်တို့ တွေ မရပ်မနားပဲနဲ့ ခရီး တစ်လျှောက်လုံးသွားခဲ့ရတယ်။”
အဆိုပါရွာသားများသည် အထုပ်အပိုးများသယ်ယူ၍သွားနေစဉ် ခဏအကြာတွင် SAC ဗိုလ်ကြီးတစ်ဦးက (အမည်မသိ ရ) ဖမ်းဆီးခံရသည့်ရွာသားများကို ၎င်းအား နီးစပ်ရာဖုန်းတာဝါတိုင်သို့ လမ်းပြခေါ်ဆောင်သွားရန် အမိန့်ပေး၍စေခိုင်း ခဲ့သည်။ ထို့နောက် SAC ဗိုလ်ကြီးက ဖုန်းတာဝါတိုင်သို့ရောက်ရှိသွားလျှင် ၎င်းတို့အား (လ--- ရွာသားခြောက်ဦး) ပြန် လွတ်ပေးမည်ဟု ပြောခဲ့သည်။ ဖုန်းတာဝါတိုင်သို့ရောက်ရှိသောအခါတွင် SAC ဗိုလ်ကြီးက ၎င်းအဖွဲ့သားများသည် ထိုနေရာတွင်ရှိနေသည်ကို မည်သူမှမသိစေရဘူးဆို၍ ပြောခဲ့သည်။ အကယ်၍ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ များက ၎င်းတို့ကို (SAC) ပစ်ခတ်ခဲ့မည်ဆိုလျှင် ရွာသားများအားလုံးကို သတ်ပစ်မည်ဟု အဆိုပါ SAC ဗိုလ်ကြီးက ခြိမ်း ခြောက်ပြောဆိုခဲ့သည်။ ထို့နောက် မနက် (၁၁း၃၀) မိနစ်တွင် SAC ဗိုလ်ကြီးသည် လ--- ရွာသား (၆)ဦးကို လွတ်ပေး ခဲ့သည်။
လ--- ရွာသား (၆) ဦးသည် ၎င်းတို့ရွာသို့ပြန်ရောက်ရှိလာပြီးနောက် ရွာထဲမှာရှိသည့်အခြားရွာသားများက ၎င်းတို့အား ဘယ်နေရာကနေပြန်လာခဲ့သလဲဟု မေးမြန်းခဲ့သည်။ ထို့နောက် အဆိုပါရွာသား (၆)ဦးသည် ၎င်းတို့ကြုံတွေ့ခဲ့သည့်ဖြစ် စဉ်ကို ပြန်လည်ပြောပြခဲ့သည်။ ထိုဖြစ်စဉ်ကိုကြားသိရှိရပြီးနောက် ရွာထဲမှာရှိသည့်ရွာသားများသည် အလွန်ကြောက်ရွံ့ သွားခဲ့သည်။ ဤဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးအချိန်မှစ၍ ရွာသားများသည် ရွာထဲကို သို့မဟုတ် ရွာအနီးနားကို မြန်မာစစ်သား များ ဝင်ရောက်လာပြီးဟု ကြားသိရှိရလျှင် ချက်ချင်းထွက်ပြေးတိမ်းရှောင်ရသည်။
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း SAC ခမရ (၅၅၉) နှင့် (၅၆၀) တပ်ရင်းများသည် စတိန်ကျေးရွာအုပ်စုရှိ ရွာသားများကို အဓမ္မဖမ်းဆီး၍ ညှဉ်းပမ်းနှိပ်စက်ခဲ့သည့်အကြောင်းအရာများကို KHRG မှ သတင်းလက်ခံရရှိခဲ့သည်။)
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။