ဤဒေသတွင်းနောက်ဆုံးရအခြေအနေတင်ပြချက်တွင် မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ဒေဘူးနိုနယ်မြေအ တွင်း လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ စစ်ကောင်စီသည် ဒေဘူးနိုနယ်မြေအတွင်း လေကြောင်းဖြင့် စတင်၍ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုသည် မြန်မာ ပြည်အရှေ့တောင်ပိုင်းတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများ သေဆုံးရခြင်း၊ ဒဏ်ရာရခြင်းနှင့်ထွက်ပြေးတိမ်းရှောင်ရခြင်း စသည့်အခြေအနေ များအား ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် လူနေအိမ်များ၊ စာသင်ကျောင်းများနှင့်ရပ်ရွာ အဆောက်အဦးများပျက်စီးခဲ့ သည်။ ဒေသခံများ၏ပြောပြချက်အရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ်အထိ ဒေဘူးနိုနယ် မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဤသို့အဆက်မပြတ်ပြုလုပ်သော လေကြောင်းတိုက်ခိုက် မှုများကြောင့် ရွာသားများသည် အကြောက်တရား များစွာနှင့် အသက်ရှင်နေထိုင်ရပြီး ထွက်ပြေးတိမ်းရှောင်ရသည့် ရွာသားများလည်း အိမ်မပြန်နိုင်သေးဘဲရှိနေသည်။ [1]
ဒေဘူးနိုနယ်မြေတွင် ဗုံးကြဲတိုက်ခိုက်မှု
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးလေကြောင်းတိုက်ခိုက်မှုသည် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေဘူးနိုနယ်မြေအတွင်း ဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် KNLA တပ်ဖွဲ့များသည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မက်ညူထကျေးရွာအနီးရှိ စစ်ကောင်စီစခန်းတစ်ခုဖြစ်သည့် သီးမူးထစခန်းကို[2] တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။ ထို့နောက် ည ၇း၃၀ နာရီခန့်တွင် စစ်ကောင်စီသည် ဒေဘူးနိုနယ်မြေကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ဒေဘူးနိုနယ် မြေသည် သီးမူးထစခန်းနှင့် (၁၁) ကီလိုမီတာဝေးကွာသည်။ ထိုလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင် စီသည် မူတြော်နှင့်ခလယ်လွီထူခရိုင်များတွင် ရက်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး အနည်းဆုံး အရပ်သား (၁၆) ဦး သေဆုံးပြီး (၂၅) ဦး ဒဏ်ရာရရှိ ကာ အနည်းဆုံး ဒေသခံရွာသားများ (၁၅၀၀၀) ဦးခန့် နေရပ်စွန့်ခွာခဲ့ရသည်။[3]
ဒေဘူးနိုနယ်မြေသည် မြို့ကြီးများ၊ မြို့များနှင့် ဝေးကွာ၍ တောင်များ၊ မြစ်ချောင်းများ ဝန်းရံထားပြီး ဌာနေကရင်လူမျိုး များနေထိုင်ရာ ဝေးလံခေါင်သီသော ဒေသဖြစ်သည်။ ထိုဒေသတွင် ကရင်ရွာသားများနေထိုင်သော ရွာ (၁၀) ရွာနှင့် ရွာသူရွာသားစုစုပေါင်း (၂၀၀၀) ဦးခန့်ရှိသည်။ ရွာများအကြားတွင် စိုက်ခင်းများ၊ သစ်တောများနှင့် မြစ်များရှိသည်။ ကျောင်းများ၊ ဆေးပေးခန်းများ၊ ဘုရားကျောင်းများနှင့်အတူ သစ်သားအိမ်နှင့် ဝါးအိမ်များဖြင့် ဖွဲ့စည်းထားသည့် ရွာ (၁၀)ရွာမှာ ယဘ---, ယဆ---, ယဒ---, ယဃ---, ယဂ---, ယဟ---, ယဧ---, ယသ---, ယက---, နှင့်ယလ--- ရွာများ ဖြစ်သည်။ ဤကျယ်ပြန့်သော နယ်မြေဒေသသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ - KNU) အုပ်ချုပ်နယ် မြေဖြစ်သည်။ မူတြော်ခရိုင်တစ်ဝိုက်မှ ကလေးငယ်များ လာရောက်ပညာသင်ကြားသည့်ကျောင်းများ၏ တည်နေရာ လည်းဖြစ်သည်။ ထိုဒေသတွင် အထက်တန်းကျောင်းတစ်ကျောင်း၊ အငယ်တန်းကောလိပ်တစ်ခုနှင့် ကရင်ပညာရေးနှင့် ယဥ်ကျေးမှုဌာန (KECD) မှ စီမံကွပ်ကဲသည့် (၁၀) တန်းလွန် (Post-10) ကျောင်းတစ်ကျောင်းအပြင် (ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW) မှ စီမံကွပ်ကဲသည့်) အဆင့်မြင့်ဆေးရုံများရှိပါသည်။ အခြားသော အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားဝန်ဆောင်မှုပေးသူများ၏ရုံးများတည်ရှိသည့် နေရာလည်းဖြစ်သည်။ ယဘ--- ရွာမှ ၂ ကီလိုမီတာ သို့မဟုတ် ၃ ကီလိုမီတာအကွာရှိ သီးခြားနေရာတစ်ခုတွင် KNLA တပ်မဟာ (၅) ၏ စစ်စခန်းရှိသည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ (၃) နာရီခန့်တွင် ရွာသားများသည် စစ်ကောင်စီဂျက်လေယာဉ်ငါးစင်းပျံဝဲ၍ လေ ကြောင်းထောက်လှမ်းမှုပြုလုပ်သည့်အခြေအနေကို သတိပြုမိခဲ့သည်။ ဒေသခံကရင်ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးမှ KHRG အား “လေယာဥ်အသံတွေအကျယ်ကြီးကြားရတယ်ဆိုတော့ ဂျက်လေယာဉ်တွေအများကြီးလာတယ်ထင်တယ်။ ဂျက်လေယာဉ်တွေက ကျွန်တော်တို့အပေါ်မှာပျံသွားတယ်။” ဟုရှင်းပြခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးကာလမတိုင်မီ ကတည်းက ကရင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုမရှိသည့်အတွက် ထိုနေ့အစောပိုင်းတွင် သတိထားနေထိုင် ရန် KNU မှ သတိပေးခဲ့သော်လည်း ရွာသားများနှင့်ကျောင်းသားအများအပြားသည် ၎င်းတို့၏နေ့စဉ်ဘဝကို ပုံမှန်ဖြတ် သန်း၍ နေထိုင်ခဲ့သည်။
ည ၇း၃၀ ဝန်းကျင်တွင် စစ်ကောင်စီမှ ဒေဘူးနိုနယ်မြေအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စတင်ခဲ့ပါသည်။ ဤပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုသည် ည (၉) နာရီအထိ ကြာမြင့်ခဲ့ပါသည်။ နောက်နေ့ မတ်လ (၂၈) ရက် မွန်းလွဲ ၁၂း၄၅ မိနစ်ခန့်တွင် နောက်ထပ် ဂျက်လေယာဉ်နှစ်စင်းရောက်ရှိလာပြီး ဒေသအတွင်း ဗုံးကြဲတိုက်ခိုက်မှုထပ်မံ ပြုလုပ်ခဲ့သည်။ ယဘ--- ကျေးရွာရှိ CIDKP ခရိုင်တာဝန်ခံ နော်အဒ---မှ ထိုလေကြာင်းတိုက်ခိုက်မှု၏ မမျှော်လင့်ထား သည့် သဘောသဘာဝအားဤကဲ့သို့ပြောပြခဲ့ပါသည်။ “အဲဒီတုန်းက လေကြောင်းတိုက်ခိုက်မှုဖြစ်မယ်လို့ ကျွန်မတို့ မသိ ရသေးဘူး။ ‘ဂရူ’ ဆိုပြီး အသံတစ်ခု ကြားလိုက်ရတယ်။ ကျွန်မက တစ်ခုခုပျက်စီးသွားတယ်လို့ပဲထင်ခဲ့တယ်။ ဒါပေမယ့် မီးအကြီးကြီးနဲ့ လက်နက်ငယ်တွေ အများကြီးပစ်ချတာကို ကျွန်မတို့တွေ့လိုက်တယ်။ ကျွန်မယောကျ်ားကိုခေါ်ပြီး ‘လေကြောင်းတိုက်ခိုက်မှုဖြစ်နေပြီ’ လို့ပြောလိုက်တယ်။ အဲဒီတုန်းက ကလေးကိုချီပြီး အိမ်အောက်ကို ကျွန်မဆင်းသွား တယ်။ [အမိုးအကာရှိရာသို့ တွားသွားရင်း] မြေပေါ်မှာရှိနေတဲ့အချိန် ကျည်ဆန်တစ်တောင့်က ကျွန်မနဲ့ချီထားတဲ့ ကလေးကြားမှာ ဖြတ်သွားတယ်။ နောက်တော့ လူတွေက အော်ဟစ်ပြီး ပြေးလွှားနေကြတယ်။”
KHRG မှ ပထမ ၂၄ နာရီအတွင်း ထိခိုက်သေဆုံးမှုစာရင်းအား မှတ်တမ်းတင်ခဲ့သည်။ ယဘ---ရွာမှ နော်အဃ--- (၅၈နှစ်) ဒဏ်ရာရ၊ ယဘ---ရွာမှ နော်အဂ--- (၅နှစ်) ဒဏ်ရာရ၊ ယဘ---ရွာမှ စောအဟ--- (၄၇နှစ်) ဒဏ်ရာရ၊ ယဘ---ရွာမှ စောအဧ--- (၃၇နှစ်) ပြင်းထန်ဒဏ်ရာရ၊ ယဘ---ရွာမှ စောအသ--- (၁၈နှစ်) ဒဏ်ရာရ၊ ယဘ---ရွာမှ နော်အက--- (၁၈နှစ်) ဒဏ်ရာရ၊ ယမ---ကျေးရွာမှ စောဒတ--- (၅၂နှစ်) သေဆုံး၊ ယန---ရွာမှ စောအလ--- (၃၅နှစ်) ဒဏ်ရာရ၊ ယဘ---ကျေးရွာမှ နော်အမ---(၁၂နှစ်)ဒဏ်ရာရ၊ ယဝ---ရွာမှ စောဒဓ--- (၈နှစ်) သေဆုံး၊ ယပ---ရွာမှ အမည်မသိကလေး တစ်ဦး (၂နှစ်)သေဆုံးခဲ့ကြောင်း မှတ်တမ်းပြုစုနိုင်ခဲ့သည်။ ထိုညတွင် မှတ်တမ်းမပြုစုနိုင်သည့် ထိခိုက်သေဆုံးမှုများရှိ သည်ဟုသိရပါသည်။
ထိုအချိန်၌ ယဘ--- ကျေးရွာတွင်ရှိနေသည့် ရွာသားတစ်ဦးဖြစ်သူ နော်အန--- (အသက် ၂၆ နှစ်) မှ အဆိုပါအဖြစ်ဆိုး အား ဤကဲ့သိုဖော်ပြခဲ့ပါသည်။ “ရွာသားတချို့က တင်ပါး၊ ခြေထောက်၊ မျက်နှာနဲ့ ဦးခေါင်းတွေမှာ ဗုံးအစအနတွေနဲ့ ထိထားတယ်။ ဓာတ်ဆီပုလင်းတချို့ပေါက်ကွဲပြီး ရွာသားတွေရဲ့မျက်နှာကို မီးလောင်သွားတယ်။ သူတို့တွေက ဂူထဲ [ရွာသားများပြေးသွားသည့်နေရာ]မှာ ကျွန်မတို့နဲ့အတူတူလာနေတယ်။ ကျွန်မကလေးတစ်ယောက်ကိုတွေ့တယ်။ အဲဒီ ကလေးရဲ့မျက်နှာတစ်ခုလုံး မီးလောင်ထားပြီးတော့ ခေါင်းမှာလဲ ပေါက်ကွဲတဲ့အပိုင်းအစတွေနဲ့ ထိထားတယ်။ အဲဒီကလေးက[ဂူထဲမှာ] ရောက်လာတဲအခါမှာ အသက်ရှူရပ်သွားတယ်။ အဲဒါကြောင့်ကလေးက အဲဒီမှာပဲသေသွား တယ်။ အဲဒီညမှာ ပေါက်ကွဲမှုကြောင့် အိမ်တစ်အိမ် မီးလောင်သွားတယ်။ အိမ်ထဲရှိတဲ့ရွာသားတစ်ယောက် မီးထဲမှာ သေသွားတယ်။[…] ပေါက်ကွဲမှုကြောင့် အပိုင်းအစထိပြီး ဒဏ်ရာရတဲ့ အိမ်တစ်အိမ်က လူနှစ်ယောက်လည်းရှိတယ်။ ပေါက်ကွဲမှုကြောင့် အဖေဖြစ်တဲ့သူရဲ့ မေးရိုးကိုထိပြီး ကျိုးသွားတယ်။ သူ့သားကတော့ ခေါင်းမှာဒဏ်ရာရတယ်။ အဖေဖြစ်တဲ့သူက ဒဏ်ရာရသွားတဲ့သားကိုလာခေါ်ဖို့ သူ့ဇနီးကို အော်ပြီးပြောခဲ့တယ်။ သားဖြစ်တဲ့သူကို ပြေးပြီးသွား ခေါ်တော့ သူ့ခင်ပွန်းသည်က ဒဏ်ရာအပြင်းအထန်ရပြီး မေးရိုးက ပြုတ်ကျနေတာရော ပါးစပ်က သွေးတွေအများကြီး ထွက်နေတာရော တွေ့လိုက်တယ်။ ခင်ပွန်းဖြစ်သူက ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက်တော့ သူ့သားကို ဆေးရုံကို ပို့လိုက်တယ်။”
အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားမဟုတ်သည့် တစ်ဦးတည်းသော ထိခိုက်သေဆုံးသူမှာ KNLA အရာရှိ တစ်ဦးဖြစ်သူ ဗိုလ်ဒဖ--- ဖြစ်ပြီး ၎င်း၏နေအိမ်အတွင်း အိပ်ပျော်နေစဉ် ထိမှန်သွားပြီး နာရီအနည်းငယ်အကြာတွင် ဒဏ်ရာများကြောင့် တောထဲတွင် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ ယဘ---ရွာမှ သူငယ်ချင်းများနှင့်ညနေစာစားနေ သည့်ရွာသားတစ်ဦးဖြစ်သည့် နော်အဝ--- မှ “သူ့ [နော်အပ---] ရဲ့ခင်ပွန်း [အရာရှိဗိုလ်ဒဖ---] မဆုံးခင် [မတ်လ ၂၈ ရက် နေ့] မနက် ၁ နာရီခန့်မှာ သူရဲ့ညီမက ရောက်ရှိလာပြီး အခြားလုံခြုံတဲ့နေရာမှာ ကလေးတွေကိုသွားပြီး ပြုစုစောင့် ရှောက်ဖို့ပြောသွားတယ်။ သူက ‘သူတို့ရဲ့အဖေကို အရင်ပြုစုမယ်။ ကျွန်မသူ့ကို မြေမြှုပ်ပြီးတဲ့အထိ [ပြုစုမယ်]’လို့ပြော တယ်။ သူအရမ်းဝမ်းနည်းနေတာကို ကျွန်မတွေ့တယ်။ သူ့ခင်ပွန်းသည်အတွက် ခေါင်းတလား လုပ်ချင်တယ်လို့လည်း ပြောတယ်။ […] ရွာသားတစ်ယောက်က သူ့အတွက် အဝတ်တစ်စုံရှာပေးနိုင်ပေမယ့် ဖိနပ်တော့မရဘူး။ […] သူ [KNLA အရာရှိ]မှာ ဇနီးနဲ့ကလေးခြောက်ယောက်ကျန်ရစ်ခဲ့တယ်။ ကျွန်မတို့အားလုံး ကြောက်လန့်နေတာကြောင့် သူရဲ့အ လောင်းကို အဝတ်အစား[အပြည့်အစုံ]မပါပဲ သင်္ဂြိုဟ်ခဲ့ရတယ်။ ဒါကိုမြင်ရတာ ကျွန်မဝမ်းနည်းမိတယ်။ […] သူ့အ လောင်းကိုမြေမြှုပ်ဖို့ အချိန်တန်တဲ့အခါ သူ့ဇနီးသည်က သူ့အတွက် အခေါင်းတလားကို လိုချင်ပေမယ့် လူတွေအားလုံး က [ကြောက်လန့်ပြီးဗျာများနေတာကြောင့်] သူ့အတွက် မလုပ်ပေးနိုင်ခဲ့ဘူး။ ကျွန်မတို့အားလုံး သီးခြားထွက်ပြေးဖို့ အလုပ်များနေတာကြောင့် ပထမညမှာ သေဆုံးသွားတဲ့[အခြားမိသားစုမှ]ကလေးငယ်ကို [စျာပနအခမ်းအနားမှာ] သူရဲ့မိဘမပါပဲ မြေမြှုပ်လိုက်ရသည်။”
စစ်ကောင်စီလေယာဉ်များသည် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်ညများတွင် ဒေဘူးနိုနယ်မြေအတွင်း ဗုံးများနှင့် စက်သေ နတ်များအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ရက်ပေါင်းများစွာ ဆက်လက်လုပ်ဆောင်ခဲ့ သည်။ မတ်လ ၂၈ ရက်မှ ၂၉ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုတွင် ယဘ--- ရွာမှ စောအခ--- (၆၅ နှစ်)၊ ယပ---ရွာမှ စောအရ--- (၅၈ နှစ်)နှင့် ကလေးငယ်တစ်ဦးအပါအဝင် ရွာသား (၃) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
SAC မှ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဒေဘူးနိုနယ်မြေအား ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မူတြော်ခရိုင်မှ လူ ၁၀,၀၀၀ မှ ၂၀,၀၀၀ ကြား နေရပ်စွန့်ခွာခဲ့ရကြောင်း CIDKP ၏ခရိုင်တာဝန်ခံမှ တင်ပြခဲ့ပါသည်။ ရုတ်တရက်လေကြောင်းတိုက်ခိုက် မှု၏ သဘောသဘာဝကြောင့် ရွာသားအများအပြားသည် ပိုင်ဆိုင်မှုနှင့် စားနပ်ရိက္ခာများမပါပဲ အရေးပေါ်ထွက်ပြေးခဲ့ရ ကြောင်းသိရပါသည်။ ကျောင်းသားများနှင့် ကလေးများစွာတို့သည် မိသားစုနှင့် ကွဲကွာခဲ့ရသည်။ နော်အန---မှ “မိသားစု တွေဆိုလို့ရှိရင် ကလေးတွေနဲ့အမေတွေက တစ်ယောက်တစ်လမ်းစီ ထွက်ပြေးကြတယ်။ အဲဒီညမှာ တစ်ယောက်နဲ့ တစ်ယောက်လိုက်ရှာပေမယ့် မတွေ့ဘူး” ဟုပြောပြခဲ့ပါသည်။ ကလေးများအပါအဝင် ရေအရင်းမြစ်ရှိရာသို့ ထွက်ပြေး သွားသည့် ရွာသား ၄၀၀ သို့မဟုတ် ၅၀၀ ခန့်နှင့်ပတ်သက်၍ သူမမှ “သူတို့ [ထွက်ပြေးတိမ်းရှောင်နေရသည့် ကလေးများ] က ထိုင်လျက်အိပ်ရပြီး မသက်မသာနဲ့ ကြောက်ကြောက်လန့်လန့် အိပ်ခဲ့ရတယ်” ဟုရှင်းပြခဲ့ပါသည်။ ဒေဘူးနိုနယ်မြေမှ ကယ်ဆယ်ရေးဝန်ထမ်း စောအစ --- မှဤကဲ့သို့ရှင်းပြခဲ့ပါသည်။ “ကလေးငယ်တချို့က မွေးကင်းစ ကလေးများဖြစ်တာကြောင့် တကယ်သနားစရာကောင်းတဲ့အခြေအနေမှာရှိနေတာကို ကျွန်တော်တွေ့ခဲ့ရတယ်။ သူတို့ က လွန်ခဲ့တဲ့နှစ်ရက်က မွေးလာပေမဲ့ မိခင်နဲ့အတူ ထွက်ပြေးခဲ့ရတယ်။ ဖျားနာနေတဲ့ ရွာသူရွာသားတွေလည်း အရမ်း သနားစရာကောင်းတဲ့ အခြေအနေမှာရှိနေတယ်။ တောထဲပြေးဝင်ပြီး ဂူထဲမှာပုန်းနေရတယ်။ ဒီအခြေအနေတွေ မြင်ရတော့ အရမ်းစိတ်မကောင်းဖြစ်ရတယ်။”
၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ စစ်ကောင်စီသည် ဒေဘူးနိုနယ်မြေတွင် လေကြောင်းတိုက်ခိုက်မှုများကို ပုံမှန်ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုမတိုင်မီ လေကြောင်းထောက်လှမ်းမှုများကို မကြာခဏပြုလုပ်ခဲ့သည်။ ထို့ကြောင့် ရွာသူရွာသားများသည် နေရပ်စွန့်ခွာခဲ့ရပြီး အစဉ်အမြဲသတိထား၍ အဆက်မပြတ် ကြောက်ရွံ့နေကြဆဲဖြစ်ပြီး ပျက်စီးသွားသောအိမ်များနှင့် ရပ်ရွာအဆောက်အဦးများကို ပြန်လည်တည်ဆောက်ရန်ကြောက်ရွံ့ကြောင်း ရွာသားတစ်ဦးမှ တင်ပြထားသည်။ ဒေဘူး နိုနယ်မြေ ယဟ---ရွာတွင်နေထိုင်သော စောအတ---မှ ယခုလိုပြောသည်။ “[၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်] လေကြောင်း တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီစစ်လေယာဉ်တွေက ကင်းထောက်ဖို့ အဆက်မပြတ်ပြန်လာနေတာကြောင့် ရွာသား တွေက သူတို့ပုန်းအောင်းနေတဲ့နေရာမှာပဲ ဆက်နေခဲ့ကြတယ်။ […] ယဘ---ရွာမှာ ပြန်လာနေကြတဲ့ ရွာသားတွေ သုံးပုံတစ်ပုံလောက်ပဲရှိတယ်။” KHRG ၏မှတ်တမ်းများအရ စစ်ကောင်စီသည် ဒေဘူးနိုဒေသတွင် ၂၀၂၁ ခုနှစ်၊ မတ်လမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ လေကြောင်းတိုက်ခိုက်မှု (၁၃) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။ ၂၀၂၁ခုနှစ်၊ မတ်လ နောက်ပိုင်း ဖြစ်ပွားခဲ့သောလေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားနှစ်ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး အနည်း ဆုံး နေအိမ် ၂၁ လုံး၊ ဘုရားကျောင်းတစ်ကျောင်းနှင့် စိုက်ခင်းများထိခိုက်ပျက်စီးခဲ့သည်။[4] ဒေဘူးနိုနယ်မြေအား ကျယ် ကျယ်ပြန့်ပြန့် တိုက်ခိုက်ရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ နော်အန---မှ “သူတို့ရဲ့ရည်ရွယ်ချက်က ဆေးခန်း၊ ခရိုင် ရုံး ဒါမှမဟုတ် တပ်မဟာ [KNLA အခြေစိုက်စခန်း] နယ်မြေတွေထဲမှာရှိတဲ့ အဆောက်အဦးတွေအားလုံးကို ဖျက်ဆီးဖို့ ဖြစ်တယ်လို့ ခံစားရတယ်” ဟုပြောခဲ့ပါသည်။ ယဘ---ရွာသားတစ်ဦးဖြစ်သူ နော်အဖ---မှ “သူတို့ [SAC လေယာဉ်] တွေက မြင်သမျှကို အားလုံးကိုပစ်တာ”ဟု ဆိုပါသည်။
ဒေသခံရွာသားများ၏တင်ပြချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ စစ်ကောင်စီသည် ဒေဘူးနိုနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများအားလုံးကို လေ့လာကြည့် မည်ဆိုလျှင် စစ်ကောင်စီ သည် အရပ်သားနှင့်စစ်ရေးခွဲခြားမှုမရှိဘဲ အရာအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရသည်။ ဤသို့ အရပ်သားနှင့်စစ်ရေးခွဲခြားမှုမရှိဘဲပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ထောင်နှင့်ချီ သော ထွက်ပြေးတိမ်းရှောင်ရသည့်ရွာသားများသည် ၎င်းရပ်ရွာဒေသသို့ မပြန်နိုင်သေးဘဲရှိနေသည်။
ဤပုံကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် မူတြော်ခရိုင်၊ လူသောမြို့ နယ်၊ ဒေဘူးနိုနယ်မြေတွင် ရိုက်ယူခဲ့ပါသည်။ ဤပုံသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ ဒေဘူးနိုနယ်မြေအတွင်း ပထမဆုံး သောလေကြောင်းတိုက်ခိုက်မှုပြီးနောက် စစ်ပြေးရှောင်ရသည့် တစ်နေရာတွင် ဆေးကုသမှုခံယူနေသော ထိခိုက်ဒဏ်ရာရသည့် ကလေးမလေးတစ်ဦး၏ပုံဖြစ်ပါသည်။ (ဓာတ်ပုံ - KHRG)
ဤပုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင်လက်ခံရရှိခဲ့ပါသည်။ ဤပုံသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဒေဘူးနိုနယ်မြေအတွင်း SAC၏ပထမဆုံးအကြိမ်လေကြောင်း တိုက်ခိုက်မှုပြီးနောက် မူ တြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေဘူးနိုနယ်မြေအတွင်းရှိ ရွာသူ၊ ရွာသားများ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ကြရပုံကို ဖော်ပြထားပါသည်။ (ဓာတ်ပုံ - ဒေသခံရွာသား)
ဤပုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် KNLA ဆေးတပ်သား တစ်ဦး ထံမှလက်ခံရရှိခဲ့ပါသည်။ ဤပုံသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေဘူးနို နယ် မြေအတွင်း၌ ဖြစ်ပွားခဲ့သော ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသောရွာသူ၊ ရွာသားများကို KDHW ဝန်ထမ်းများမှ တောထဲရှိ တူးမြောင်းတစ်ခုထဲတွင် ဆေးကုသပေးနေပုံကို ဖော်ပြထားပါသည်။ (ဓာတ်ပုံ - KNLA ဆေးတပ်သား)
ဤပုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် မူတြော်ခရိုင်၊ လူသောမြို့ နယ်ရှိ ဂူတစ်ခုတွင် ရိုက်ယူခဲ့ပါသည်။ ဤနေရာသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် SAC ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် လူသောမြို့နယ်၊ ဒေဘူးနိုနယ်မြေရှိ ရွာသူ၊ရွာသားများ ထွက် ပြေးတိမ်းရှောင်ရာနေရာဖြစ်ပါသည်။ ပုံတွင် အသက် ၁၀၀ ကျော်ခန့်ရှိသော အဖွားအိုတစ်ဦးသည် ထွက်ပြေးတိမ်းရှောင်နေ ချိန်အတွင်း ဂူထဲတွင် ခိုလှုံနေပုံကို ဖော်ပြထားပါသည်။ (ဓာတ်ပုံ - KHRG)
ဤပုံတို့ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့၌ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေဘူးနိုနယ်မြေတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၁ ခုနှစ်၊ မတ်လတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဒေဘူးနိုနယ်မြေရှိ KECD ကျောင်းပုံဖြစ် သည်။ ဤ ကျောင်းကို ၂၀၁၇ ခုနှစ်တွင်ဆောက်လုပ်ပြီးစီးခဲ့သည်။ (ဓာတ်ပုံ - KHRG)
ဤပုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၌ လူသောမြို့နယ်၊ ဒေဘူးနိုနယ်မြေတွင် ရိုက်ယူခဲ့သည်။ ဤပုံသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီး သွားသည့် အိမ်နေရာများ၏ပုံဖြစ်သည်။ (ဓာတ်ပုံ - KHRG)
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုစုထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော် (ဖာပွန်) ခရိုင်ခရိုင်ရှိ ဒေသခံများမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။
[2] စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) အမှတ် ၈ လက်အောက်ခံ၊ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၆၀၃ သည်ဘူးသိုမြို့နယ်၊ မက်ညူထကျေးရွာအနီးရှိ သီးမူးထစခန်းတွင် အခြေစိုက်သည်။ တောင်များနှင့် ကောက်ကွေ့သောလမ်းများကြောင့် ဒေဘူးနိုဒေသမှ သွားရောက် ရန် မော်တော်ဆိုင်ကယ်ဖြင့် ၁ ရက်ကြာသည်။
[3] KHRG မှ ၂၀၂၁ ခုနှစ်၊ မေလတွင်ထုတ်ဝေသော “ပိုမိုမြင့်မားလာသောစိုးရိမ်ပူပန်မှုများ - ၂၀၂၁ ခုနှစ်၊ မတ်လ အတွင်း မူတြော်ခရိုင် နှင့် ခလယ်လွီထူခရိုင်တို့တွင် တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုမှ ရွာသား ၁၃ ဦး သေဆုံးသွားခဲ့ပြီး ထောင်နှင့်ချီသောရွာသားများ နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်း” တွင် ကြည့်ပါ။
[4] လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် KHRG အချက်အလက်ကောက်ယူသူများသည် ဒေဘူးနိုဒေသသို့ သွားရောက်ပြီး SAC လေကြောင်း တိုက်ခိုက်မှုအားလုံးကို မှတ်တမ်းမတင်ထားနိုင်သောကြောင့် ဤအရေအတွက်သည် တိကျမှုမရှိနိုင်ပါ။