အာဏာသိမ်း သုံးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်နယ်မြေက အရပ်သား ၁၆၈ ဦး သေဆုံးသွားတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က နိုဝင်ဘာလ ၁၅ ရက် မနေ့က ထုတ်ပြန်တဲ့ "Aircraft Coming, လေယာဉ်လာနေပြီ" ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
သေဆုံးတဲ့ အရပ်သားတွေထဲမှာ ကလေးငယ် ၆၇ ဦးနဲ့ သက်ကြီးရွယ်အို ၂၇ဦး ပါဝင်ပြီး နောက်ထပ် လူ ၂၄၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အအုံ ၆၇ လုံး၊ စာသင်ကျောင်း ၄၂ ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၁၄ ခု ထိခိုက်ပျက်စီးပါတယ်။
KHRG ရဲ့ အစီအရင်ခံစာဟာ KNU နယ်မြေခရိုင် ခုနစ်ခုလုံးအတွင်း ၂၀၂၁ ခု ဖေဖော်ဝါရီလမှ ၂၀၂၄ ခု ဇွန်လအထိ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်တမ်းကောက်ယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာဟာ စစ်ရာဇ၀တ်မှု ကျူးလွန်နေတာ ဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ကိုစောနန္ဒဆူးက RFA ကို ပြောပါတယ်။
"လေကြောင်းတိုက်ခိုက်မှုက အရင်နှစ်ထက် ဒီနှစ် ၂၀၂၄ ခုနှစ်မှာ ပိုများတာ တွေ့ရတယ်။ ကျွန်တော်တို့က မြေပြင်မှာ ကြုံနေရတဲ့သူတွေကို မေးမြန်းပြီး အချက်လက်တွေ စုထားတာဖြစ်တယ်။ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့ မှတ်တမ်းယူတာဖြစ်တယ်။ ဒီလိုကျူးလွန်မှု လျော့ချနိုင်အောင် နိုင်ငံတကာက ကူညီပေးနိုင်ဖို့ တောင်းဆိုချင်ပါတယ်"
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ တစ်သန်းခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လေယာဉ်ဆီ ဖြတ်တောက်ရေးနဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေ ရှိနေပေမဲ့ နိုင်ငံတကာက စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ မရှိသေးပါဘူး။