ဗုံးကြဲခံရမှုတိုးလာပြီး လယ်များပျက်စီးကာ စိုက်ပျိုးရန်ခက်၍ စစ်ရှောင်တို့ ရိက္ခာခက်ခဲလာဟု KHRG ပြော

Sat, 16 Nov 2024

   

 

စစ်ကောင်စီက ကော်သူးလေ နယ်မြေအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတိုးလုပ်လာပြီး လယ်၊ ယာမြေများ ပျက်စီးသလို စိုက်ပျိုးရန် လုံခြုံမှုမရှိ၍ စစ်ရှောင်များအတွက် စားနပ်ရိက္ခာခက်ခဲလာသည်ဟု KHRG က ထုတ်ပြန် ပြောသည်။

ကော်သူးလေ နယ်မြေအတွင်း ယခုလို လေကြောင်းတိုက်ခိုက်မှုတိုးလာသည့် အခြေအနေများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် ကရင်လူ့အခွင့်အရေး အဖွဲ့-KHRG က အစီရင်ခံစာထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲ၌ KHRG ၏ပြောရေးဆိုခွင့် ရှိသူစောနန္ဒာဆူးက ယခုလိုပြောသည်။

“စစ်ကောင်စီက လေကြောင်းကနေပိုပြီးတိုက်ခိုက်တာတွေ လုပ်လာတဲ့အတွက် လယ်ယာမြေတွေပေါ်ကို လက်နက်ကြီးတွေကျတယ်။ အဲ့တာကြောင့် ဒေသခံတွေက လယ်ထဲကိုဆင်းဖို့ပိုပြီး ခက်ခဲလာတယ်။ ရွာတွေဘက် ကိုလည်း စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်လာတယ်။ အသက်မွေးဝမ်းကြောင်းအတွက် ပိုပြီးထိခိုက်လာတဲ့ အပြင် ကျွဲနွားတွေအတွက် စားကျက်မြေပျောက်ဆုံးလာတယ်။ ဒေသခံတွက လေကြောင်းကလာပြီးဆိုတာနဲ့ အကြောက်တရားတွေနဲ့ ပြည့်ကုန်ပြီး”ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက ယခုနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှုများတွင် ဖျက်အားပြင်းသည့် ပေါင် ၅၀၀ ဗုံးသီးများကို ပိုမို အသုံးပြုလာသောကြောင့် ဘာသာရေး အဆောက်အအုံပေါင်း ၆၇ လုံး ပျက်စီးခဲ့သည့်အပြင် စာသင်ကျောင်း ၄၂ ကျောင်း၊ ဆေးကုသဆောင်၁၄ ဆောင်တို့လည်း ဗုံးစထိမှန်၍ ပျက်စီးခဲ့ရသည်ဟု KHRG ၏ အစီရင်ခံစာ၌ ဖော်ပြ ထားသည်။

ထို့အပြင် ကော်သူးလေ နယ်မြေအတွင်းတွင် ဒေသခံစစ်ဘေးရှောင် တစ်သန်းဝန်းကျင်အထိ ရှိနေပြီး အဆိုပါ စစ်ဘေး ရှောင်များအတွက် ဆေးဝါးရရှိနိုင်မှုမှာလည်း ခက်ခဲလျက်ရှိကြောင်း KHRG ၏ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဖြည့်ဆွက် ပြောသည်။

“အခုနောက်ပိုင်း ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီက ဂိတ်ချတာတွေကို လုပ်ဆောင်လာပြီး ဆေးဝါးဖမ်းဆီး တာတွေကိုလည်းလုပ်လာတယ်။ အဲ့ဒီအတွက်ကြောင့် စစ်ဘေးရှောင်တွေအတွက် လုံလောက်တဲ့ဆေးဝါး အထောက်အပံ့တွေ မရတော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းသာမက တစ်ပြည်လုံးအနှံ့ ပဋိပက္ခ များ ပိုမိုပြင်းထန်လာပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA ၏ မှတ်တမ်းများအရ လက်နက်ကိုင်တိုက်ပွဲများကြောင့် နိုင်ငံ၏လူဦးရေ ၃ သန်းကျော်သည်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

Related Readings