မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကြောင့် အရပ်သားထိခိုက်သေဆုံးမှုဖြစ်စဉ် များလာ

Wed, 31 Jul 2024

   

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက် ကျည်များကို သွားကိုင်မိရာမှ ပေါက်ကွဲကာ ဒေသခံတို့ ထိခိုက်သေဆုံးမှုဖြစ်စဉ် အဖြစ်များလာသည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့ (KHRG)က ပြောသည်။

စစ်ကောင်စီတပ်တို့က တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုများလုပ်ဆောင်ရာတွင် မပေါက်ကွဲသည့် ကျည်ကို ဒေသခံတို့ သွားကိုင်မိရာမှပေါက်ကွဲမှုဖြစ်ပြီး သေဆုံးထိခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

“ပြီးခဲ့တဲ့ အပတ်တုန်းကပဲ ကျမတို့ ထုတ်ပြန် ထားတာရှိတယ်။ လူငယ်နှစ်ယောက် မပေါက်ကွဲတဲ့ကျည်တွေ့တော့ မပေါက်တော့ဘူးထင်ပြီး သွားထုမိတာ ပေါက်ကွဲသွားတာရှိတယ်။ ပြီးတော့ ကလေးတယောက်အဲလိုပဲ လက်နက် အသေးကျည်ကို တွေ့တော့ ထုကြည့်တာ ပေါက်ကွဲသွားတာရှိတယ်။ အခုဒေသရွာတွေမှာ အဲလိုဖြစ်စဉ်တွေများ လာတယ်”ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG စည်းရုံးလှုံ့ဆော်ရေးအရာရှိ နော်ဖောလားက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့တွင် ကေအဲန်ယူ၊ တပ်မဟာ(၅)နယ်မြေတွင် ငါးရှာထွက်သူအသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးတို့သည် လမ်းတွင်တွေ့ရှိသည့် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ယူထုကြည့် မိရာမှ ပေါက်ကွဲသွားသည့်အတွက် တစ်ဦးသေဆုံးပြီးတစ်ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ သည်။

ယခုလို မပေါက်ကွဲသေးသည့် ကျည်များဒေသခံတို့ လုပ်ကိုင်စားသောက်သည့်နေရာအနီးတဝိုက် ကျရောက်မှုကို စိုးရိမ်သလို ကလေးငယ်များက မသိနားမလည်ဘဲ သွားကိုင်၊ သွားထုမှုမျိုး ဖြစ်လာမည်ကို ဒေသခံမိဘတို့က စိုးရိမ် နေသည် ကရင်လူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ မပေါက်ကွဲသေးသည့် လက်နက်ကျည်နှင့် မိုင်းအန္တရာယ်အသိပညာပေးနှင့်ပတ်သက်၍ စာသင်ကျောင်း များတွင်သော်လည်ကောင်း၊ ရပ်ရွာထဲတွင်သော်လည်ကောင်း ပညာပေးလုပ်ငန်းများ ပိုမိုတိုးမြှင့် လုပ်ဆောင် ပေးရန် အထူးလိုအပ်သည်ဟု နော်ဖောလားက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တွင်လည်း လေးကေ့ကော်အနီးရှိ ပြောင်းစိုက်ခင်း၌ စိုက်ခင်းရှင်းလင်းမီးရှို့နေစဉ် ကျည်တစ်လုံး ပေါက်ကွဲနေသည့်အတွက် ပြောင်းစိုက်တောင်ယာသမား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှင့် နီးသည့်ကျေးရွာများအတွင်း မပေါက်ကွဲသေး သည့်ကျည်များကို တော်လှန်ရေးတပ်ဖွဲ့တို့က သွားရောက်ရှင်းလင်းပေးခြင်းရှိကြောင်း သိရသည်။

Related Readings