Fri, 28 Jun 2024
ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC မှ ကျေးရွာအတွင်းသို့ လက် နက်ကြီးများပစ်ခတ်ခြင်းကြောင့် ကျိုက်ထိုမြို့နယ်ရှိ ရွာသား(၃) ဦး ထိခိုက်ဒဏ် ရာရရှိ (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်၌ ဖြစ်ပွားခဲ့သောလက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်ကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ နံနက်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂) မှ ငှက်ပျောတောကျေးရွာအုပ်စု၊ စ--- ကျေးရွာအတွင်းသို့ ၈၁ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ် လုံးသည် ရွာသားတစ်ဦး၏အိမ်ပေါ်သို့ကျရောက်ပြီး ရွာသူ၊ရွာသား (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ရွာသူ၊ရွာသားများကို ကုသမှုခံယူရန် ကျိုက်ထိုမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် ထိခိုက်ဒဏ်ရာရသူ များထဲမှ ရွာသားတစ်ဦးသည် ၎င်း၏ဒဏ်ရာပြင်းထန်မှုကြောင့် သထုံမြို့ဆေးရုံသို့ လွှဲပြောင်းခဲ့ရသည်။ [1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC မှ လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ရွာသား (၃) ဦးထိခိုက်ဒဏ်ရာရရှိ

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးသထူ(သထုံ)ခရိုင်၊  ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ စ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဒ---

နော်အ---

နော်လ---

အသက်

၄၁ နှစ်

၃၂ နှစ်

၄၄ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

ရှိ

ရှိ

အလုပ်အကိုင်

ဥယျာဉ်ခြံလုပ်ကိုင်သူ

ဥယျာဉ်ခြံလုပ်ကိုင်သူ

ဥယျာဉ်ခြံလုပ်ကိုင်သူ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

စ--- ကျေးရွာ

စ--- ကျေးရွာ

စ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ        

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂)

သထုံမြို့တပ်စခန်းမှ စ--- ကျေးရွာ၌ အခြေစိုက်သောလက်ပန်းပင်ယာယီတပ်စခန်း

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤအကြောင်းအရာကို ပထမဦးစွာ ဒေသခံခေါင်းဆာင်တစ်ဦးမှ (လုံခြုံရေးအရရာထူးတာဝန်ကိုတည်းဖြတ်ထားသည်) အကြောင်းကြားခဲ့ပါသည်။ ထို့နောက် KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရွာသား၏ အိမ်ကိုသွား၍ စောဒ--- နှင့် နော်အ--- တို့နှင့် တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်များကို လက်နက်ကြီးထိမှန်ဒဏ်ရာရရှိသူ (နှစ်ဦး) နှင့် ကိုယ်တိုင်တွေ့ဆုံမေးမြန်းခြင်းဖြင့် စီစစ်အတည်ပြုခဲ့ပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့၊ နံနက် (၇) နာရီအချိန်ခန့်တွင် သထုံမြို့တပ်စခန်း (စ--- ကျေးရွာ၌ အခြေစိုက်သောလက်ပန်းပင်ယာယီတပ်စခန်း)မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂) သည် ဒေသအတွင်းသို့ ၈၁ မမ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သော လက်နက်ကြီးများထဲ မှ တစ်လုံးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေဖြစ်သော ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ငှက် ပျောတောကျေးရွာအုပ်စု၊ စ--- ကျေးရွာသို့ ကျရောက်ခဲ့သည်။ SAC မှလက်နက်ကြီး အလုံးပေါင်းများစွာ ပစ်ခတ်ခဲ့ သောကြောင့် စောဒ--- မှာ လက်နက်ကြီးကိုရှောင်ရှားရန် ၎င်း၏အိမ်အပေါ်ထပ်မှ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ထိုအချိန်တွင် လက်နက်ကြီးတစ်လုံသည် စောဒ--- ၏အိမ်ခေါင်းရင်းသို့ ကျရောက်ခဲ့ပြီး အိမ်အောက်တွင်ပုန်းနေသော စောဒ--- နှင့် အခြားအမျိုးသမီးနှစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စုစုပေါင်း ရွာသူ၊ရွာသား (၃) ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သောအမျိုးသမီးနှစ်ဦး၏အမည်မှာ နော်အ--- နှင့် နော်လ---တို့ ဖြစ်ကြသည်။

 

နော်အ--- သည် အသုဘအခမ်းအနားအတွက် ဖိတ်စာလိုက်ကမ်းနေစဉ် လက်နက်ကြီးပစ်ခတ်သံကြားသောကြောင့် စောဒ---၏ အိမ်အောက်သို့ ပြေးဝင်ခိုလုံရာမှစောဒ--- နှင့်အတူထိခိုက်ဒဏ်ရာရှိခဲ့သည်။ ထိုနည်းတူစွာပင် နော်လ--- သည် ကျိုက်ထိုမြို့သို့သွားရန် လိုင်းကားစောင့်နေချိန်တွင် လက်နက်ကြီးပစ်ခတ်သံကြားသောကြောင့် စောဒ---၏ အိမ်အောက်သို့ ပြေးဝင်ပြီး နော်အ--- နှင့်အတူ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

စောဒ--- ၏ညာဘက်လက်မောင်းတွင် လက်နက်ကြီးကျည်စဝင်သွားခဲ့ပြီး အရိုးကျိုးသွားခဲ့သည်။ နော်အ--- ၏ ညာဘက်လက်မောင်းသည် လက်နက်ကြီးအစအနထိမှန်ခဲ့သော်လည်း ပြင်းထန်သောဒဏ်ရာမရရှိခဲ့ပါ။ နော်လ--- သည် ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သော ရွာသူ၊ရွာသား (၃) ဦးကို ဒေသခံရွာသားများမှ နီးစပ်ရာ (SAC စီမံခန့်ခွဲသော) ကျိုက်ထိုမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သို့သော် ကျိုက်ထိုမြို့ဆေးရုံမှ စောဒ---၏ ပြင်းထန်သောဒဏ်ရာများကို ကုသပေးရန် လုံလောက်သော ဆေးဖက် ဆိုင်ရာပစ္စည်းကိရိယာများ မရှိသောကြောင့် (SAC စီမံခန့်ခွဲသော) သထုံမြို့ဆေးရုံသို့လွှဲပြောင်းခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ စောဒ--- ၏ဒဏ်ရာများမှာ ကောင်းမွန်စွာသက်သာခြင်းမရှိသေးပါ။

 

စောဒ--- မှ ဆေးရုံတွင် ကုသမှုခံယူနေစဉ် ဒေသခံလူသားချင်းစာနာထောက်ထားမှုအဖွဲ့များမှ စုစုပေါင်း‌ ၁၅၀,၀၀၀ ကျပ် ထောက်ပံ့မှုရရှိခဲ့သည်။ ဤအဖြစ်အပျက်ဖြစ်ပွားပြီးနောက် စောဒ--- မှ “သူတို့ (SAC စစ်သား) တွေ နောက်ထပ်ဒီ လိုပစ်ခတ်မှုမျိုး မလုပ်တော့ရင်ပိုကောင်းမယ်။ အဲ့လိုမှ ရွာသူ၊ရွာသားတွေက အေးအေးချမ်းချမ်းနေလို့ရမှာ။ အခုဆိုရင် ကျွန်တော်တို့က လက်နက်ကြီးဘယ်အချိန်လာပစ်မလဲမသိလို့ အိပ်တောင်မအိပ်ရဲကြဘူး။” ဟုပြောပြခဲ့ပါသည်။ ထို့အ ပြင် စောဒ--- မှ “ကျွန်တော်ဒဏ်ရာရပြီးနောက်ပိုင်း အလုပ်မလုပ်နိုင်တော့ဘူး။ ဒါကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်စေတယ်။” ဟုဆက်လက်ဖော်ပြခဲ့ပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အင်တာဗျူးဖြေဆိုသူများသည် လူ့အခွင့်အရေးချိုးဖောက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများဖြစ်ပြီး ၎င်းတို့မှ ဤအချက် အလက်များကို လိုအပ်သလိုအသုံးပြုရန် ခွင့်ပြုထားသည်။

Fri, 28 Jun 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်