၁၁၁၁ စစ်ဆင်ရေးမှာ ပစ်ချခံခဲ့ရတဲ့ K8 လေယာဥ်ကို စစ်ကောင်စီက မီးရှို့

Wed, 17 Jan 2024

  

 

ဖက်ဒရယ် FM | ဇန်နဝါရီ ၁၇ ရက်

၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီပြည်မှာ ပွိုင့် ၅နဲ့ ပစ်ခတ်ခံရပြီး ပျက်ကျခဲ့တဲ့ တိုက်လေယာဉ် K-8W ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ လာရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့အစည်း (KHRG) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ကမာဒီဖိုးလီကျေးရွာ လယ်ကွင်းတွေနားမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေယာဉ်ပျက်ကျတဲ့နေရာကို သွားရောက်မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေယာဉ်ပျက်ကျတဲ့ နေရာနားက ဒေသခံတစ်ဦးရဲ့ စပါးကျီနဲ့ တဲတစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

K-8W တိုက်ခိုက်ရေးယာဉ်ကို ကရင်နီတော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပစ်ချနိုင်ခဲ့တာဖြစ်ပြီး အဲဒီတိုက်လေယာဉ်ဟာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မာယိုးဖိုးလီကျေးရွာနဲ့ ကမာဒီဖိုးလီကျေးရွာအကြားရှိ ဒေသအခေါ် ရုံးခီးမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

စောလားဘွယ် /FFM

Related Readings