ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်တွင် ဖြစ်ပွား ခဲ့သောအဖြစ်အပျက်များကို ဖော်ပြထားပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ ၈ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့၍ ကလဲမူထီဒေသမှ ထောင်သောင်းချီသော ဒေသခံရွာသားများသည် စစ်ပြေးရှောင်ခဲ့ရသည်။ ထိုနေ့တွင် SAC မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦးအား လက်နက်ကြီးထိမှန်၍ သူမ၏ခြေထောက်တွင် ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်။ ထို့အပြင် SAC သည် အ---ကျေးရွာမှ ရွာသားနှစ်ဦးကို ဖမ်းဆီး၍ အတင်းအဓမ္မပျောက်ဆုံးစေခဲ့သည်။ ထိုမျှမက SAC မှ အ---ရွာတွင်နေထိုင်သောရွာသားတစ်ဦးသည် ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှင့် ဆက်နွယ်ပတ်သက်မှုရှိသည်ဆို၍ ၎င်းအား စွပ်စွဲကာ ဖမ်းဆီးပြီး ညှဥ်းပမ်းနှိပ်စက်ခဲ့သည်။ အ---ရွာတွင် တိုက်ပွဲဖြစ်ပွား နေစဉ်အတွင်း SAC သည် စစ်ပြေးရှောင်ရသည့်ရွာသားများ၏အိုးအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် ရွာသားများ ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများကိုလည်း လုယက်ခိုးယူခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့တွင်လည်း SAC သည် ကလဲမူထီဒေသ၊ ဘ---ကျေးရွာမှ စစ်ပြေးရှောင်ရွာသားတစ်ဦးကို ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်။ [1]
လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ နေရပ်မှ တိမ်းရှောင်ရခြင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း
၂၀၂၃ခုနှစ်၊ ဇွန်လ ၈ရက်နေ့တွင် ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ကလဲမူထီဒေသ၊ အ---ကျေးရွာတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့များ ဝင်ရောက်လာခဲ့သည်။ အ---ကျေးရွာတွင် ဝင်ရောက်လာသော SAC တပ်ဖွဲ့များသည် မည်သည့်တပ်ရင်းမှ စစ်သားများဖြစ်ကြောင်း မသိရှိရပါ။ သို့သော်လည်း ဒေသခံရွာသားများ၏ပြောဆို ချက်အရ ထိုနယ်မြေဒေသတွင် အများအားဖြင့်လှုပ်ရှားနေကြသော SAC တပ်ဖွဲ့များသည် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၃) ၊ (၄၀၄)နှင့် (၄၀၅)စသည့်တပ်ရင်းများဖြစ်ကြသည်။ SAC သည် ကျေးရွာတွင်းသို့ ဝင်ရောက်လာ ပြီးနောက် SAC တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့များတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်း PDF တပ်ဖွဲ့များသည် ကစယ်ဒိုမြို့နယ်၊ ကလဲမူထီကျေးရွာအုပ်စု၊ ဒ---ကျေးရွာအနီးရှိ ရွာတစ်ရွာတွင် အခြေစိုက် လှုပ်ရှားကြသည်။ SAC နှင့် PDF တို့သည် အဝေးမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့ကြသည်။ ထိုရွာနှစ်ရွာသည် (ဒ---ကျေးရွာနှင့် အ---ကျေးရွာ) ဘေးကပ်လျက်နီးစပ်နေကြပြီး (ရွာကြီးတစ်ရွာကဲ့သို့) တည်ရှိနေ သည်။ တိုက်ပွဲအတွင်းတွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးအချို့သည် ကျေးရွာများတွင် ကျပြီးပေါက်ကွဲသောကြောင့် ဒေသခံရွာသားများသည် ကြောက်ရွံ့မှုများစွာဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တိုက်ပွဲအတွင်း ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် အမျိုးသမီးတစ်ဦးဖြစ်သည့်ဒေါ်မ---အား ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။ ဒေါ်မ---သည် ထွက်ပြေးရန်ကြိုးစားနေချိန်တွင် လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ဒေါ်မ---သည် သူမ၏ဒဏ်ရာ များကို ဆေးကုသရန်အတွက် ထားဝယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်သည်။ သူမ၏ခြေထောက်အရိုး ကျိုးသွား ခဲ့ပြီး ကျိုးသွားသော အရိုးကို သံပြားထည့်ပြီး ကုသရန်လိုအပ်နေသည်။
တိုက်ပွဲအတွင်း ကျေးရွာ (၆)ရွာတွင်နေထိုင်ကြသောရွာသားများသည် လုံခြုံမှုအတွက် အခြားကျေးရွာများသို့ တိမ်း ရှောင်ခဲ့ရသည်။ အဆိုပါရွာသားများသည် ဖ---၊ ဂ--- နှင့် စ---ကျေးရွာများစသည့်အခြားကျေးရွာများသို့ ထွက်ပြေးတိမ်း ရှောင်ပြီး ခိုလှုံနေကြသည်။ အချို့ရွာသားများသည် ၎င်းတို့၏ဆွေမျိုးသားချင်းများ၏အိမ်တွင် ပုန်းရှောင်နေကြပြီး တစ်ချို့ရွာသားများလည်း ဘုန်းကြီးကျောင်းတွင် ပုန်းရှောင်နေရသည်။ စစ်ပြေးရှောင်ရသည့်ရွာသားများသည် ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ကလဲမူထီဒေသ၊ ပိန်းနွဲကျွန်းကျေးရွာ၊ ကျောက်ခမောက်ကျေးရွာ၊ ကျွဲမင်းကုန်း ကျေးရွာ၊ ကနက်သီရိကျေးရွာ၊ အ---ကျေးရွာနှင့် ဒ---ကျေးရွာတို့မှ ရွာသားများဖြစ်ကြသည်။ စစ်ပြေးရှောင်ရွာသားများ သည် စားနပ်ရိက္ခာနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုံလောက် စွာမရရှိသည့်အပြင် စားဝတ်နေရေးအခက်အခဲ များနှင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်။ စစ်ပြေးရှောင်ရွာသားတစ်ဦးမှ ၎င်း၏အတွေ့အကြုံကို ယခုလို ပြောပြခဲ့ သည်။ “လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေကြတော့ ကျွန်တော်တို့အရမ်းကြောက်လန့်နေတယ်။ လက်နက် ကြီးသံကြားတော့ ကျွန်တော်တို့ရွာသားတွေ ဓနိပင်တွေကြားမှာ သွားပုန်းရှောင်နေရတယ်။ စစ်သားတွေ ကျွန်တော်တို့ ကို တွေ့သွားမှာစိုးလို့ ရေထဲမှာ ဝပ်ပြီးပုန်းနေရတယ်။ အဲလိုပုန်းရှောင်နေရတော့ အခက်အခဲတွေအများကြီးရှိတယ်။ လူမှုကွန်ယက်မှာ ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာကို ကျွန်တော်တို့တွေ့ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း ဒီလိုအခြေအနေကို ကြုံတွေ့ရမယ်လို့ မထင်ခဲ့ဘူး။ ကျွန်တော်တို့တွေ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ အသက်ရှင်နေရတယ်။”
စုစုပေါင်းစစ်ပြေးရှောင်နေရသူအရေအတွက်မှာ အိမ်ခြေ (၃၀၀၀)ကျော်ရှိပြီး ခန့်မှန်းခြေအရ ရွာသားတစ်သောင်းဝန်း ကျင်ခန့်ရှိသည်။ (၂၀၂၃ခုနှစ်၊ အောက်တိုဘာလအထိတွင်) အဆိုပါစစ်ပြေးရှောင်ရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လာ မရဲဘဲရှိနေသည်။ အကြောင်းရင်းမှာ SAC စစ်သားများသည် အ---ကျေးရွာရှိ န---တောင်ကုန်းတွင်တည်ရှိသော ဘုန်းကြီးကျောင်းတွင် နေရာယူ၍ အခြေစိုက်နေထိုင်ကြခြင်းဖြစ်သည်။ SAC စစ်သားများသည် ဒေသအတွင်းတွင် PDF တပ်ဖွဲ့များလှုပ်ရှားနေသည်ဟု သံသယများရှိနေသည့်အတွက်ကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဆက်လက် ပစ်ခတ်နေဆဲဖြစ်ပြီး ကျေးရွာတွင်း ပုံမှန်သွားလာလှုပ်ရှားနေလျက်ရှိသည်။
တစ်ချို့ရွာသားများသည် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ရာတွင် အဝတ်အစားများ ယူဆောင်သွားနိုင်ခြင်း မရှိခဲ့ပေ။ SAC လက်နက်ကြီးများ မပစ်ခတ်တော့အချိန်တွင် အဆိုပါရွာသားများသည် ကျေးရွာအတွင်းသို့ တိတ်တဆိတ်ပြန် ဝင်လာပြီး အဝတ်အစားများနှင့်စားစရာအချို့ကို သယ်ဆောင်ခဲ့ကြသည်။ အ---ကျေးရွာမှ စစ်ပြေး ရှောင်ရွာသားတစ်ဦး မှ ၎င်း၏အတွေ့အကြုံကို ယခုလိုပြောပြခဲ့သည်။ “(ကျွန်တော်တို့ပုန်းရှောင်တဲ့နေရာမှ) ရွာ ထဲကိုပြန်ဝင်လာရင် ငါးမိနစ် ပဲကြာတယ်။ ကျွန်တော်တို့အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့အခြေအနေက အရမ်းဝမ်းနည်းဖို့ကောင်း တယ်။ လက်နက်ကြီးတွေကြောင့် ကျွန်တော်တို့အိမ်တွေ မီးလောင်ပြီး ပျက်စီးကုန်ကြတယ်။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေအားလုံးလည်း လုယက်ခံရတယ်။” SAC မှ (အနည်းဆုံး) အ---ကျေးရွာမှာ လူနေအိမ် (၆)လုံး မီးရှို့ဖျက် ဆီးခဲ့သည်။
ရွာသားများအား အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် အစဖျောက်ခြင်း
၂၀၂၃ခုနှစ်၊ ဇွန်လ ၈ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်တွင် အ---ကျေးရွာမှ ရွာသားငါးဦးကို SAC မှ ဖမ်းဆီးခဲ့သည်။ အဖမ်းဆီးခံရသည့်ရွာသားငါးဦးမှာ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦးဖြစ်သည်။ ဖမ်းဆီးခံရသည့်အမျိုးသမီးနှစ်ဦး နှင့် အမျိုးသားတစ်ဦးတို့၏မိဘများသည် ၎င်းတို့သားသမီးများကို ပြန်လွှတ်ပေးရန်အတွက် SAC အား ငွေကျပ်ငါးသိန်း ပေးဆောင်ခဲ့သည်။ သို့သော်လည်း ကျန်ရှိသောအမျိုးသားနှစ်ဦးကို SAC မှ ဆက်လက်ဖမ်းဆီးခဲ့သည်။ SAC မှ ထိုအမျိုးသားနှစ်ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ၎င်းတို့၏လက်ရှိအခြေအနေကို (မည်ကဲ့သို့ ဖမ်းဆီးစစ်ဆေးခြင်း) မည်သူမှ မသိရှိရပေ။ ၎င်းအမျိုးသားနှစ်ဦး သည် ဦးဝ--- (အသက် ၅၀နှစ်)နှင့် ဦးပ--- (အသက် ၄၈နှစ်)တို့ဖြစ်ကြသည်။ ထိုအမျိုးသားနှစ်ဦး၏မိသားစုများသည် ၎င်းတို့အား မရှာဖွေနိုင်ခဲ့ပါ။ အကြောင်းရင်းမှာ SAC မှ ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ ပြီးနောက် ၎င်းတို့မိသားစုဝင်များလည်း အသက်ဘေးမှ လွတ်မြောက်ရန် အတွက် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့်ဖြစ်သည်။ အ---ကျေးရွာမှ ရွာသားတစ်ဦး ဤသို့ရှင်းပြခဲ့သည်။ “ကျွန်တော်တို့ရွာမှာ အိမ်ခြေပေါင်း (၁၅၀၀) ကျော်ရှိတယ်။ ကျွန်တော်တို့လည်းပြေးနေရတော့ တစ်ယောက်နဲ့ တစ်ယောက်ဂရုမစိုက်နိုင်ကြတော့ဘူး။ PDF စစ်သားတွေဆီက ကျွန်တော်တို့ကြားရတာက ရွာထဲမှာလူသေအလောင်း တွေချည်းဘဲ။ အဲဒီလူသေအလောင်းတွေက ဘယ်သူဘယ်ဝါလဲဆိုတာလည်း ကျွန်တော်တို့မသိရဘူး။” စစ်ပြေးရှောင်ရ သည့်ရွာသားများသည် ကျဘမ်းအလုပ်သမားများနှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည့် သာမန်ပြည်သူများသာဖြစ် ကြသည်။ တစ်ချို့သောစစ်ပြေးရှောင်ရွာသားများအနေဖြင့် SAC မှ ၎င်းတို့အိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်ကြောင့် ပြန်စရာအိမ်တောင် မရှိကြတော့ပါ။ ရွာသားများသည် ၎င်းတို့ရွာကိုပြန်၍ လူသေအလောင်းကိုပြန်ကြည့်ရန် ကြောက်ရွံ့ နေကြသည်။ အကြောင်းရင်းမှာ SAC စစ်သားများသည် ကျေးရွာတွင်းသို့ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေဆဲ ဖြစ်သည်။
၂၀၂၃ခုနှစ်၊ ဇွန်လ ၈ရက်နေ့၌ အ---ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်တွင် SAC မှ အခြားရွာသားတစ်ဦးကို လည်း ဖမ်းဆီးခဲ့သည်။ ထိုရွာသားသည် မောင်ည---ဖြစ်သည်။ သူသည် အသက် (၂၉)နှစ်ရှိပြီး ထားဝယ်လူမျိုးတစ်ဦး ဖြစ်သည်။ SAC မှ ၎င်းအား နှစ်ရက်ကြာဖမ်းဆီးစစ်ဆေးခဲ့သည်။ SAC မှ စစ်ဆေးမေးမြန်းရာတွင် ၎င်းအား လူမဆန်စွာ ညှဥ်းပမ်းနှိပ်စက်ခဲ့သည်။ မောင်ည---မှ ၎င်း၏အတွေ့အကြုံကို ယခုလိုပြောပြခဲ့သည်။ “သူတို့က (SAC) ကျွန်တော့်ကို ဖမ်းတယ်။ ပြီးတော့ PDF တွေဘယ်မှာရှိလဲဆိုပြီး ကျွန်တော့်ကိုမေးခွန်းအများ ကြီးမေးတယ်။ ကျွန်တော့်ကိုလည်း PDF အဖွဲ့ဝင်တစ်ဦးလို့ စွပ်စွဲတယ်။ သူတို့က ကျွန်တော့်ခေါင်းနဲ့လက်တွေကို သေနတ်ဒင်နဲ့ရိုက်တယ်။ တစ်ကိုယ်လုံးနာ ကျင်ပြီး ကျွန်တော့်လက်တွေကို ကျွန်တော်ပြန်ဆုပ်ကိုင်ထားတယ်။ သူတို့က ကျွန်တော့်ကိုဆက်ပြီးနှိပ်စက်တယ်။ စစ်သားလေးယောက်က ကျွန်တော့်ကိုနှိပ်စက်တယ်။ ကျွန်တော့်ကိုနှစ်ရက်ကြာ စစ်ဆေးမေးမြန်းခဲ့တယ်။ စစ်ဆေးနေ တဲ့နှစ်ရက်အတွင်းမှာ နည်းနည်းသဘောကောင်းတဲ့ တစ်ချို့စစ်သားတွေက ကျွန်တော့်ကို စားဖို့ထမင်းယူလာပေးတယ်။ အဲဒီနှစ်ရက်အတွင်းမှာ SAC စစ်သားတွေက ကျွန်တော့်ကိုဒီလိုပြောတယ်။ ‘မင်းကိုယ်မင်း တပ်မတော် (မြန်မာစစ် သား) နဲ့လာပြီး ဘယ်လိုနှိုင်းယှဉ်လို့ရမလဲ။ တပ်မတော်မှာ လက်နက်ကောင်းတွေရှိတယ်။ လူအင်အားရှိတယ်။ စစ်အင်အားရှိတယ်။ သူတို့နဲ့ (ဒေသခံတော် လှန်ရေးတပ်ဖွဲ့) ဘယ်လိုလုပ်နှိုင်းယှဉ်လို့ရမလဲ။’ အဲဒီနှစ်ရက်အတွင်းမှာ ကျွန်တော်ငရဲပြည်ထဲမှာ ရောက်နေသလိုခံစားရတယ်။ သူတို့က ကျွန်တော့်ကိုဆေးလိပ်မီးနဲ့တို့တယ်။ ပြီးတော့ ကျွန်တော့်ကိုထိုးတယ်။ ရိုက်တယ်။ ကန်တယ်။ စစ်ကြောရေးနှစ်ရက်ပြီးသွားတဲ့နောက်မှာ SAC တပ်ဖွဲ့နဲ့ PDF တွေ တိုက်ပွဲထပ်ဖြစ် တယ်။ SAC က လက်နက်ကြီးသုံးလုံးပစ်ခတ်တယ်။ ပြီးတော့ သူတို့ခဏရပ်လိုက်တယ်။ သူတို့ရပ်လိုက် တဲ့အချိန်မှာ ကျွန်တော့်ကို ကြိုးနဲ့ချည်နှောင်ထားတယ်။ ဒါပေမဲ့တင်းတင်းကြပ်ကြပ် မချည်ထားဘူး။ အဲဒါကြောင့် ကျွန်တော်လည်းကြိုးကိုဖြည်လို့ရခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာပဲ။ တောထဲကိုကျွန်တော်ထွက်ပြေးတော့ ဖိနပ် လည်းမပါဘူး။ ကျွန်တော်ပြေးရင်း၊ ပြေးရင်း ဒီစစ်ဘေးရှောင်စခန်းထဲကို ရောက်လာတာဘဲ။”
ဤအဖြစ်အပျက်မဖြစ်ပွားမှီ နှစ်ပတ်ခန့်အလိုတွင် SAC သည် ကလဲမူထီဒေသ၊ အ---ကျေးရွာမှ မောင်ည---အပါအဝင် ဒေသခံရွာသားအယောက် (၄၀)ခန့်ကိုလည်း ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့် အဆိုပါရွာသားများသည်လည်း စစ်ကြောရေးတွင် ညှဥ်းပမ်းနှိပ်စက်ခံခဲ့ရသည်။ ထို့နောက် SAC သည် ၎င်းရွာသားများအားလုံးကို ပြန်လွှတ်ပေးခဲ့သည်။ မောင်ည---၏သက်သေထွက်ဆိုချက်အရ ဒုတိယအကြိမ်ဖမ်းဆီးခံရမှုတွင် ၎င်းအနေဖြင့် သူ၏ဦးခေါင်း၊ မျက်နှာ၊ လက်နှင့်ခြေထောက်များတွင် ဒဏ်ရာ၊ဒဏ်ချက်များ ပို၍ရရှိခဲ့သည်။ သူပြန်လွတ်မြောက်လာသည့်အချိန်တွင် သူ၏ မျက်လုံးနှစ်ဖက်ဘေးပတ်လည်တွင်ကွဲပြဲပြီး မျက်နှာတစ်ပြင်လုံးတွင်လည်း ဒဏ်ရာများနှင့်ပြည့်နှက်နေသည်။ SAC မှ ၎င်းအားဖမ်းဆီးစစ်ဆေးချိန်တွင် သူ၏ခြေထောက်နှင့်လက်ကို သံကြိုးဖြင့် ချည်နှောင်ထားသဖြင့် သူ၏လက်ကောက် ဝတ်နှင့်ခြေဆစ်တွင် ဒဏ်ရာများရရှိခဲ့သည်။ မောင်ည---၏ပြောပြချက်အရ SAC စစ်သားများအနေဖြင့် ၎င်းအား ညှဥ်းပမ်းနှိပ်စက်ရာတွင် သူ့ကိုလက်သီးဖြင့်ထိုးလျှင် လက်နာသည့်အတွက်ကြောင့် SAC စစ်သားများသည် သေနတ်ဒင် နှင့်စစ်ဖိနပ်ကိုပို၍အသုံးပြုကာ ၎င်းအား ထုရိုက်ကန်ကြောက်ခဲ့သည်။
အချို့ရွာသားများသည် မည်သည့်အန္တရာယ်များရှိစေကာမူ ကျေးရွာတွင်းသို့ တိတ်တဆိတ်ပြန်လာပြီး စားစရာနှင့် အရေးပေါ်လိုအပ်သောပစ္စည်းများကို ယူဆောင်ရန်ကြိုးစားခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့တွင် SAC စစ်သားများသည် ကစယ်ဒိုမြို့နယ်၊ ကလဲမူထီဒေသ၊ ဘ---ကျေးရွာမှ အသက် (၁၉)နှစ်အရွယ်ရှိသော ရွာသား တစ်ဦးဖြစ်သည့်လ---ကို ပစ်သတ်ခဲ့သည်။ လ---သည် ၎င်း၏မိခင်အတွက်ရွာသို့ပြန်လာပြီး လိုအပ်သည့်ဆေးဝါးများ ပြန်လာယူသည့်အချိန်တွင် SAC မှ ၎င်းအားပစ်သတ်ခဲ့ခြင်းဖြစ်သည်။ လ---၏မိခင်သည် နာတာရှည်ရောဂါကို ခံစားနေရသူတစ်ဦးဖြစ်သည်။ စစ်ပြေးရှောင်ရသည့်အချိန်တွင် သူမသုံးစွဲရမည့်ဆေးဝါးများကို ယူဆောင်သွားနိုင်ခြင်း မရှိသည့်အတွက် သူမ၏သားမှ ဆေးဝါးများကို ပြန်ယူပေးရန်အတွက် ရွာသို့ပြန်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ နော်ဝေနိုင်ငံ ဒုက္ခသည်များဆိုင်ရာကောင်စီ (NRC)၊ ဒေသခံ ဘာသာရေးအဖွဲ့များ၊ တာကပေါ်၊ ပနဲတာကပေါ်အစရှိသည့် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူထု အဖွဲ့အစည်းများသည် စစ်ပြေးရှောင်များအတွက် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနေပါသည်။ ဤအဖွဲ့အစည်း များသည် စစ်ပြေးရှောင်ရွာသားများအတွက် စားနပ်ရိက္ခာအချို့အားပေးဝေ၍ ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန် ကူညီဆောင်ရွက်ပေးသည်။
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။