Fri, 31 Mar 2023
လောင်ကျွမ်းပြာကျကရင်ဒေသ - မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်ဒေသများရှိ အရပ်သားများအပေါ် လက်တုန့်ပြန်ခြင်းဖြင့် အိမ်နှင့်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်း (၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်)

   

 

(၁) နိဒါန်း

“အာဏာသိမ်းပြီးနောက်မှာ ကျွန်မတို့တွေ အမြဲတမ်း ကြောက်နေရတယ်။… သူတို့က ရွာကိုမီးရှို့မှာ ဒါမှမဟုတ် လူတွေကို (အရပ်သား) သတ်မှာ အရမ်းစိုးရိမ်နေရတယ်။ KNLA စစ်သားတစ်ဦးဦးက သူတို့ကို ပစ် ခတ်ရင် သူတို့က ကျွန်မတို့ကိုလာသတ်မှာ။”[1]

၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်တွင်[2] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)[3]မှ နည်းလမ်းမျိုးစုံသုံး၍ ကရင်ပြည်နယ်ရှိကျေးလက်နေပြည်သူများအား စဉ်ဆက်မပြတ် ပစ်မှတ်ထားအကြမ်းဖက်ခဲ့သောကြောင့် ပြည်သူများ၏လုံခြုံမှု၊ အသက်မွေးဝမ်းကျောင်းမှုနှင့် နေထိုင်မှုအခြေအနေများအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိခဲ့သည်။ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားရာတွင် SAC မှ အကြမ်းဖက်ချိုးဖောက်မှုများစွာ အသုံးပြုခဲ့သည်။ ထိုအထဲတွင် အိမ်နှင့်ပိုင်ဆိုင်မှုများအား မီးရှို့ဖျက်ဆီးခြင်းသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလျှက်ရှိသည်။ KHRG မှ လက်ခံရရှိသည့် သတင်းအချက်အလက်များအရ ကရင်ပြည်နယ်တစ်ဝှမ်းလုံးတွင် ၂၀၂၁ ခုနှစ်၊ မေလမှစ၍ SAC သည် ကရင်ကျေးရွာများကို စတင်မီးရှို့ခဲ့ပြီး ဈေးဆိုင်များ၊ ကား၊ ဆိုင်ကယ်နှင့် စားနပ်ရိက္ခာများအပါအဝင် အနည်းဆုံးလူနေအိမ် (၁၇၀)ကျော် မီးလောင်ပျက်စီးခဲ့သည်။ ဤအခြေအနေသည် အတိတ်ကာလတွင်မြန်မာ့တပ်မတော်မှပြုလုပ်ခဲ့သည့် မြေလှန်မီးတိုက်စစ်ဆင်ရေးကို ပြန်လည်အမှတ်ရစေသည်။

ဤအနှစ်ချုပ်စာတမ်းတွင်[4] SAC စစ်သားများမှ ကျေးလက် ဒေသရှိလူမှုအသိုင်းအဝန်းများအား လက်တုန့်ပြန်သည့် အနေဖြင့် အိမ်နှင့်ပိုင်ဆိုင်မှုများကို စနစ်တကျမီးရှို့ဖျက် ဆီးခြင်းကို တွန်းပို့စေသည့် အဓိကအကြောင်းအရာများ ကို အတိုချုပ်ဖော်ပြထားပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကို ဤအစီရင်ခံစာ တွင် သုံးသပ်တင်ပြထားပြီး ကရင်ပြည်နယ်တွင်လည်း ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သတ်သော သက်သေအထောက်အထားများနှင့် ထိုသို့သော ချိုး ဖောက်မှုများကို ရင်ဆိုင်နေရသည့်အခြေအနေတွင် ရွာသား များ၏ စွမ်းရည်လုပ်ဆောင်ချက်များကို အကျဉ်းချုပ်ဖော်ပြ ထားပါသည်။ ထို့အပြင် လုံခြုံရေးနှင့်ဥပဒေရေး ရာသုံးသပ်လေ့လာချက်များအပါအဝင် KHRG အနေဖြင့် နိုင်ငံတကာသက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်နာဆောင်ရွက်ရန် အတွက် မူဝါဒအကြံပြုချက်များကိုလည်း ဤအစီရင်ခံစာ တွင် ထည့်သွင်းဖော်ပြထားပါသည်။

(၂) ခြုံငုံသုံးသပ်ချက် - SAC မှ ဖြတ်လေးဖြတ်မဟာဗျူဟာကို ပြန်လည်အသက်သွင်းခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်မှအာဏာသိမ်းယူခဲ့ခြင်းကြောင့် အကျိုးရလဒ်အနေဖြင့် အရပ်သားပြည်သူများ၊  ဆန္ဒပြသူများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများအပေါ် အကြမ်းဖက်ခြင်းများ မြန်မာပြည်တစ်ဝှမ်းလုံးတွင် ဖြစ်ပွားခဲ့သည်။ SAC မှ အာဏာသိမ်းမှုကိုဆန့်ကျင်နေကြသည့်သူများအား ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဤလုပ်ရပ်များကြောင့် စစ်အစိုးရ၊ SAC တပ်ဖွဲ့များနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၊ လက်နက်ကိုင်မဟုတ်သောတော်လှန်ရေးအဖွဲ့များတို့ကြား တင်းမာမှုများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်အစိုးရကို တော်လှန်နေကြသည့်အဖွဲ့များကို ချေမှုန်းရန် သို့မဟုတ် တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားသောနယ်မြေများကို ရှင်းလင်းရန်အတွက် SAC သည် မြေလှန်မီးတိုက်စစ်ဆင်ရေးကို ပြန်လည်အသက်သွင်း၍ အကောင်အထည်ဖော်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အထူးသဖြင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အပါအဝင်[5] မြန်မာပြည် တစ်ဝှမ်းလုံးရှိ မြို့၊ကျေးရွာများကို မီးလောင်တိုက်သွင်းခဲ့သည်။ အာဏာသိမ်းယူမှုဖြစ်ပြီးမှစ၍ အနည်းဆုံး လူနေအိမ် (၅၈၀၀၀) နှင့် အရပ်သားပစ္စည်းဥစ္စာများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။[6] ထိုသို့အခြေအနေများ ဆိုးရွားလာသည့်အတွက်ကြောင့် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံအနှံ့အပြားတွင် အရပ်သားပြည်သူများ ၁.၃ သန်းကျော် နေရပ်မှ ရွှေ့ပြောင်းခဲ့ရသည်။[7] ထိုအထဲတွင် ကရင်ပြည်နယ်တွင် လူ (၅)သိန်းကျော် နေရပ်စွန့်ခွာ၍ ရွှေ့ပြောင်းခဲ့ရသည်။[8] 

ကရင်ပြည်နယ်ရှိ ခရိုင် (၇)ခုစလုံးတွင် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြနေသည့်ပြည်သူများကို  SAC မှ အကြမ်းဖက်သည့်နည်းလမ်းဖြင့် နှိမ်နှင်းဖြိုခွင်းပြီးနောက်တွင်[9] ဒေသအတွင်း SAC တပ်ဖွဲ့များ၊ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အစရှိသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များတို့ကြား ပုံမှန်တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။ ကရင်အမျိုးသားအစည်း အရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းတွင် SAC မှ ၎င်းတို့နယ်မြေထိန်းချုပ်မှုကို ချဲ့ထွင်းရန်အတွက် စစ်ရေးလှုပ် ရှားမှုများကို ပို၍လုပ်ဆောင်လာပြီး ၎င်းတို့စစ်အင်အားများကိုလည်း ပို၍တိုးချဲ့လာခဲ့သည်။ ဤကဲ့သို့လုပ်ရပ်များကို မလုပ်ဆောင်ရန်အတွက် KNU မှ SAC အား သတိပေးတားမြစ်ခဲ့သော်လည်း SAC မှ လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ပေ။ ထို့အပြင် SAC သည် ၎င်းတို့၏ စစ်ရေးစစ်ဆင်ရေးကို လုပ်ဆောင် ရာတွင်သော်လည်းကောင်း၊ တစ်ခါတစ်ရံတွင်လည်း KNLA ၊ KNDO နှင့် PDF တို့၏ပစ်ခတ်တိုက်ခိုက်မှုကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့်သော်လည်းကောင်း အရပ်သားများနေထိုင်ရာဒေသများတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သော ကြောင့် ဒေသခံရွာသားများကို ထိခိုက်စေပါသည်။ 

၎င်းတို့အား ဆန့်ကျင်တော်လှန်သည့်အဖွဲ့များကို ချေမှုန်းတိုက်ခိုက်ရန်အတွက် SAC သည် လက်နက်ကိုင် တော်လှန် ရေးတပ်ဖွဲ့များ သို့မဟုတ် အာဏာသိမ်းမှုကိုဆန့်ကျင်သည့်အခြားလက်နက်ကိုင်မဟုတ်သောအဖွဲ့များကို အားပေး ကူညီသူများ သို့မဟုတ် ထိုအဖွဲ့များနှင့်ပါဝင်ပတ်သတ်သည့်မည်သူ့ကိုမဆို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ ဖမ်းဆီး ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းအခြေအနေနှင့်ပတ်သတ်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် ဤကဲ့သို့ ပြောကြားခဲ့သည်။ “နေရာတစ်ခု သို့မဟုတ် ကျေးရွာတစ်ရွာမှာ မင်းနေထိုင်တယ်ဆိုပါစို့။ သူတို့က (စစ်ကောင်စီ) မင်းကို အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေကို ကူညီထောက်ပံ့နေတဲ့သူလို့စွပ်စွဲရင် မင်းကသူတို့ရဲ့အမြင်မှာ ရန်သူဘဲ။”[10]  

ဤကဲ့သို့အကြမ်းဖက်မှုပုံစံသည် ၁၉၆၀ ခုနှစ်ကျော်အစောပိုင်းကာလအတွင်း ကရင်ပြည်နယ်တွင် မြန်မာ့တပ်မတော်မှ အသုံးပြုခဲ့သည့် “ဖြတ်လေးဖြတ်” မဟာဗျူဟာနှင့်ဆင်တူနေပါသည်။ “ဖြတ်လေးဖြတ်” မဟာဗျူဟာ၏အဓိက ရည်ရွယ်ချက်မှာ လက်နက်ကိုင်တပ်ဖွဲ့များ၊ ၎င်းတို့၏မိသားစုဝင်များနှင့် ဒေသခံရွာသားများတို့ကြားတွင်ရှိသော ဆက်သွယ်ချိတ်ဆက်မှုကို ဖျက်ဆီးရန်ဖြစ်သည်။ ထိုဆက်သွယ်ချိတ်ဆက်မှုကို ဖျက်ဆီးရာတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ (EAG)အတွက် စားနပ်ရိက္ခာများ၊ ငွေကြေးထောက်ပံ့မှုများ၊ သတင်းအချက်အလက်များနှင့် တပ်သားစုဆောင်းမှုများ ဖြတ်တောက်ခြင်းသည် ဖြတ်လေးဖြတ်မဟာဗျူဟာဖြစ်သည်။ ထို့ကြောင့် “ဖြတ်လေးဖြတ်” မဟာဗျူဟာစီမံကိန်းတွင် EAG ထိန်းချုပ်နယ်မြေများကို “အမဲရောင်နယ်မြေ”  အဖြစ်သတ်မှတ်ထားသည်။ ထို “အမဲရောင်နယ်မြေ”တွင် မြန်မာစစ်တပ်မှ EAG တပ်ဖွဲ့များ သို့မဟုတ် စစ်အစိုးရကိုဆန့်ကျင်သည့် အခြားတော်လှန်ရေးအင်အားစုများနှင့် ပါဝင်ပတ်သတ်နေဟုဆို၍ ၎င်းတို့ထင်မြင်ယူဆသည့်လူပုဂ္ဂိုလ်များ သို့မဟုတ် အရာများကို ဖျက်ဆီးသတ်ဖြတ်ရန် လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အစိုးရသည် မြန်မာပြည်တွင်းရှိ ၎င်းတို့၏အတိုက်အခံအင်အားစုများကို အမြစ်ပြတ်ချေမှုန်းရန်အတွက် “ဖြတ်လေးဖြတ်” မဟာဗျူဟာကို ပြန်လည်အသုံးပြု၍ အကောင်အထည်ဖော်ခဲ့ကြောင်း KHRG မှ အလေးပေးဖော်ပြခဲ့သည်။[11] အာဏာ သိမ်းပြီးနောက် မြန်မာစစ်တပ်မှ “ဖြတ်လေးဖြတ်” မဟာဗျူဟာကို ပြန်လည်အသက်သွင်းခြင်းကြောင့် အရပ် သားပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိခဲ့သည့်အခြေအနေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ KHRG မှ စောင့်ကြည့်လေ့လာ၍ သက်သေအစီရင်ခံစာများနှင့်တကွ ဖော်ပြထားခဲ့သည်။ ထိုအထဲတွင် ကျေးရွာအိမ်များမီးရှို့ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ဖျက်ဆီးခြင်းများပါဝင်သည်။ ဤကဲ့သို့ချိုးဖောက်မှုများသည် အများအားဖြင့် ရွာသားများနှင့် တော်လှန်ရေးအင်အားစုများတို့ကြား ဆက်နွယ်မှုရှိသည်ဟု ထင်မြင် ယူဆသောကြောင့် ကျူးလွန်ကြသော အကြမ်းဖက်မှုများဖြစ်သည်။ ထိုကဲ့သို့စိုးရိမ်ဖွယ်ရာ ဖြစ်သောချိုးဖောက်မှုပုံစံများဖြစ်သည့် လူနေအိမ်များကို မီးရှို့ခြင်း သို့မဟုတ် အရပ်သားပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းတို့သည် ပုံမှန်အားဖြင့် SAC မှ စစ်ရေးစစ်ဆင်ရေးပြုလုပ်နေသည့်ကာလအတွင်း သို့မဟုတ် SAC နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း သို့မဟုတ် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ဖြစ်ပွားလေ့ရှိသည်။ ဤကဲ့သို့ချိုးဖောက်မှုများ ဖြစ်ပွားရခြင်း၏အကြောင်းအရင်းများမှာ “ဖြတ်လေးဖြတ်” မဟာဗျူဟာ၏ အဓိကရည်ရွယ်ချက်သော်လည်းကောင်း၊ ရွာသားများအားလုံးသည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ သို့မဟုတ် စစ်အုပ်စုကိုဆန့်ကျင်သည့်အခြားသောအတိုက်အခံအင်အားစုများနှင့် ပါဝင်ပတ်သတ်နိုင်ဖွယ်ရှိသည်ဟု ထင်မြင်ယူဆကြသောကြောင့်ဖြစ်သည်။ ၎င်းအကြောင်းအရာများကို လာမည့်အခန်းတွင် အသေးစိတ်ဖော်ပြထားသည်။ ထို့အပြင် ရွာသားများမှ ထိုချိုးဖောက်မှုများကို ရင်ဆိုင်ရသည့်အခြေအနေတွင် ၎င်းတို့၏စွမ်းရည်လုပ်ဆောင်ချက်များကိုလည်း အလေးပေးဖော်ပြထားသည်။ ရွာသားများ၏စွမ်းရည်လုပ်ဆောင်ချက်များမှာ ၎င်းတို့ကြုံတွေ့ရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နားလည်စေရန်၊ ကာကွယ်တားဆီးရန်နှင့် ပြန်လည်တုန့်ပြန်ရန်အတွက် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့သော စွမ်းရည်များ၊ ဗျူဟာများနှင့် ကြိုးပမ်းမှုများကို ဆိုလိုခြင်းဖြစ်သည်။[12]

(၃) တိုက်ပွဲအတွင်း သို့မဟုတ် တိုက်ပွဲဖြစ်ပြီးနောက် သို့မဟုတ် စစ်ရေးစစ်ဆင်ရေးကာလအတွင်း လက်တုန့်ပြန်သည့်အနေဖြင့် အိမ်နှင့်ပိုင်ဆိုင်မှုပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း

ဤအခန်းတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်အချိန်မှစ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ ကရင်ပြည်နယ်ရှိ ခရိုင် (၇)ခုအနက် ခရိုင်(၆)ခုတွင် ဖြစ်ပွားခဲ့သည့် အိမ်နှင့်ပိုင်ဆိုင်မှုပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းနှင့်သက်ဆိုင်သော ဖြစ်စဉ် များကို အကျဉ်းချုပ်ဖော်ပြထားပြီး အထက်ပါဖော်ပြထားသော ချိုးဖောက်မှုပုံစံများကို လေ့လာသုံးသပ်ထားပါသည်။[13] ဤနှစ်နှစ်တာကာလအတွင်း အိမ်နှင့်ပိုင်ဆိုင်မှုပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းနှင့်သက်ဆိုင်သော မြေပြင်အစီရင်ခံစာ (၃၉)ခုကို KHRG မှ လက်ခံရရှိခဲ့သည်။ ထိုအစီရင်ခံစာများတွင် ဒေသအတွင်းဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား မှတ်တမ်းပြုစုရန်အတွက် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒေသခံ အဖွဲ့ဝင်များမှ ပေးပို့ထားသည့် နောက်ဆုံးရဒေသတွင်းသတင်းတိုများ၊ အင်တာဗျူးများနှင့် ဓာတ်ပုံသက်သေ အထောက်အထားများပါဝင်ပါသည်။ ထိုအထဲတွင် SAC နှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွာနေစဉ်တွင်း သို့မဟုတ် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း သို့မဟုတ် စစ်ရေးစစ်ဆင်ရေးကာလအတွင်း SAC စစ်သားများသည် ပြန်လည်တုန့်ပြန်သည့်အနေဖြင့် အရပ်သားနေအိမ်များနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း စသည့်ချိုးဖောက်မှုပုံစံများကို KHRG မှ သုံးသပ်ဖော်ပြထားပါသည်။ ထိုချိုးဖောက်မှုဖြစ်စဉ်များတွင် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် SAC စစ်သားများမှ အရပ် သားပြည်သူများ၏ လူ့အခွင့်အရေးနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ၏အခြေခံမူများကို ချိုးဖောက်ရန် လှုံ့ဆော်ပေးနေကြောင်း လေ့လာသိရှိရသည်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှ SAC အား ပစ်ခတ်တိုက်ခိုက်မည်ဆိုပါက အရပ်သားများ၏ နေအိမ်များကို မီးရှို့ပစ်မည်ဖြစ်ကြောင်း SAC တပ်ဖွဲ့များမှ ခြိမ်းခြောက်ကြိမ်းမောင်းသည့်ဖြစ်စဉ်များကို KHRG မှ သတင်းလက်ခံရရှိခဲ့သည်။ SAC မှ အရပ်သားပြည်သူများသည် စစ်အစိုးရကို ဆန့်ကျင်နေသည့်အဖွဲ့များနှင့် ဆက်နွယ် မှုရှိနေဟု ထင်မြင်ယူဆသောကြောင့် ထိုသို့ခြိမ်းခြောက်နေရခြင်းဖြစ်သည်။ 

ဥပမာဆိုလျှင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် KNLA စစ်သားများမှ SAC တပ်ခွဲမှူးတစ်ဦးနှင့် ဆေးမှူးတစ်ဦးကို ဖမ်းဆီးရပြီးနောက် SAC အမြောက်တပ် (၉)သည် ဒူးသထူ (သထုံ)ခရိုင်၊ သထူ (သထုံ)မြို့နယ်၊ ဝင်းရော်ကျေးရွာအုပ်စုအတွင်း (၆)ရက်ဆက်တိုက် လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများပစ်ခတ်မှုများကြောင့် ဒေသခံရွာ သားများ (၃၀၀၀) ကျော် နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အမြောက်တပ် (၉)မှ SAC အရာရှိတစ်ဦးသည် ဝင်းရော်ကျေးရွာအုပ်စုရှိ ထုံဘိုလေးကျေးရွာနှင့် ထုံဘိုကြီးကျေးရွာကြားတွင်ရှိသော လူနေအိမ်အပါအဝင် အရာဝတ္တုမှန်သမျှကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ဒေသခံများ ခြိမ်းခြောက်ခဲ့သည်။ ထိုခြိမ်းခြောက်မှုသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် အမှန်တကယ်ဖြစ်လာခဲ့သည်။ ဇွန်လ ၂၅ ရက်နေ့တွင် တပ်မ(၂၂)နှင့် (၄၄)မှ SAC စစ်သားများသည် ထုံဘိုလေးကျေးရွာသို့ဝင်ရောက်လာပြီး အရပ်သား(၄)ဦးကို သတ်ပစ်ခဲ့ပြီး ရွာသားများပိုင်ဆိုင်သည့်ပစ္စည်းများကို ဖျက်ဆီးခဲ့သည့်အပြင် ထုံဘိုလေးကျေးရွာကို မီးရှို့ခဲ့သည်။ အနည်းဆုံး လူနေအိမ် (၆၆)လုံးနှင့် ဓနိဖြင့်ဆောက်လုပ်ထားသော တဲအိမ်အလုံး (၃၀) မီးလောင်ပျက်စီးခဲ့သည်။[14] 

အလားတူစွာ KNLA စစ်သားများမှ SAC တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် နေ့တွင် SAC တပ်ဖွဲ့များသည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ အ---ကျေးရွာတွင်းသို့ ဝင်ရောက်လာပြီး KNLA စစ်သားများကို ရှာဖွေခဲ့သည်။ ထို့နောက် SAC စစ်သားများသည် သေနတ်များရမ်းသန်းပစ်ခတ်ခဲ့ပြီး ဈေးဆိုင်တစ်ဆိုင်ကို မီးရှို့ရန်ကြိုးစားခဲ့သည်။ ထိုအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးဟောင်းဖြစ်သူ အမျိုးသမီးတစ်ဦးမှ ဈေးဆိုင်ကိုမီးမရှို့ရန် ၎င်းတို့ကို တားဆီးခဲ့သည်။ ဈေးဆိုင်ကိုမီးမရှို့ခဲ့သော်လည်း SAC စစ်သားများသည် ဈေးဆိုင်တွင်ရှိသော ပစ္စည်းများနှင့်စားစရာများကို ယူဆောင်ခဲ့သည်။ ထိုကိစ္စဖြစ်ပွားပြီးရက်အနည်းငယ်အကြာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထီးဖါဒို့ထကျေးရွာတွင်အခြေစိုက်သော SAC နှင့် BGF တပ်ဖွဲ့များသည် အကယ်၍ KNLA စစ်သားများမှ ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်မည်ဆိုပါက ကျေးရွာကို ရွာလုံးကျွတ်မီးရှို့ပစ်မည်ဟု ရွာသား များကို ခြိမ်းခြောက်ခဲ့သည်။ SAC စစ်သားများမှ ဒေသခံရွာသားများကိုဖမ်းဆီး၍ ပေါ်တာလုပ်သားနှင့် လူသားဒိုင်း သဖွယ်အဖြစ် အသုံးပြုနေသည်သာမက  ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများကို ပိုမို၍လုပ်ဆောင်လာသောကြောင့်  အ---ကျေးရွာမှ ရွာသားများသည် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရကြောင်း ယခင်က ထုတ်ဝေခဲ့သည့် KHRG ၏ အစီရင်ခံစာ တွင် လေ့လာသိရှိနိုင်ပါသည်။ SAC စစ်သားများ၏လုပ်ရပ်များနှင့်ပတ်သတ်၍ ဒေသခံရွာသားဖြစ်သူ နော်စ---မှ သူမ ၏ခံစားချက်ကို ယခုလိုထုတ်ဖော်ပြောဆိုခဲ့သည်။ “သူတို့က ရွာကိုမီးရှို့မှာ ဒါမှမဟုတ် လူတွေကို (အရပ်သား) သတ်မှာ အရမ်းစိုးရိမ်နေရတယ်။ KNLA စစ်သားတစ်ဦးဦးက သူတို့ကို ပစ်ခတ်ရင် သူတို့က ကျွန်မတို့ကို လာသတ်မှာ။… သူတို့ရွာထဲကိုဝင်လာရင် သေနတ်ကျည်ဆံတွေကို အလကားရနေသလိုဘဲ သေနတ်တွေကို ရမ်းသန်းပစ် ဖောက်ကြတယ်။”[15] 

SAC စစ်သားများသည် အိမ်တွေကိုမီးရှို့နေစဉ်အတွင်း သို့မဟုတ် မီးရှို့ပြီးနောက်တွင် ဈေးဆိုင်များနှင့် ဆန်စပါး သိုလှောင်ထားသည့်နေရာများကို ရွည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလေ့ရှိသည်။ အကြောင်းရင်းမှာ EAG စစ်သားများမှ စားနပ်ရိက္ခာများနှင့် အခြားလိုအပ်သည့်အရာများကို မရရှိအောင် တမင်ဖျက်ဆီးထားကြောင်း သိရှိရသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ရွာသားများကိုသာ ထိခိုက်နစ်နာစေပါသည်။ ဥပမာဆိုလျှင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်)မြို့နယ်၊ ဒ---ကျေးရွာအုပ်စု၊ ဘ---ကျေးရွာအနီးနားတွင် SAC နှင့် KNLA စစ်သားများကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၁၉ ရက်နေ့တွင် SAC စစ်သားများသည် ဘ---ကျေးရွာမှ ဈေးဆိုင်တစ်ဆိုင်တွင်ရှိသော ပစ္စည်းများကို သိမ်းယူခဲ့ပြီး ထိုဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် ရွာသားများအိမ်တွင်းသို့ အတင်းဝင်ရောက်လာပြီး KNLA စစ်သားများမှ ၎င်းတို့ပစ္စည်းကိရိယာများကို ရွာသားများအိမ်တွင် သိမ်းဆည်းဖွဲ့ထားသည်အထင်ဖြင့် ထိုပစ္စည်းများကို ရှာဖွေခဲ့သည်။ SAC မှ မှတ်ပုံတင်ကတ်ပြားနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းကိုလည်း ၎င်းတို့အား ပြပေးရန် အိမ်ပိုင်ရှင်များကိုလည်း ခိုင်းစေခဲ့သည်။ ထို့အပြင် ရွာသားများ၏တိရိစ္ဆာန်များကို သတ်ဖြတ်ပြီး ရွာသားများ ပိုင်ဆိုင်သည့်ကားများကိုလည်း ဖျက်ဆီးခဲ့သည်။[16]

အလားတူ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တပ်မ (၄၄)မှ SAC စစ်သားများသည် မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါဖိုးကျေးရွာအုပ်စု၊ လားဝေါ်ဒဲကျေးရွာတွင်ရှိသော စပါးကျီသုံးခုကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဆန်အိတ် ၂၅၀ အိတ်နှင့်ညီမျှသည့်စပါးများ မီးလောင်ပျက်စီးခဲ့သည်။ ထိုလုပ်ရပ်သည် ဒေသခံရွာသားများ၏ စားဝတ်နေရေးအ တွက် ဒုက္ခရောက်ခဲ့သည်။ ထိုနေ့မတိုင်ခင် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ၎င်းကျေးရွာအရှေ့ဖက်ခြမ်းတွင် SAC တပ်မ (၄၄)နှင့် KNLA ၊ KNDO တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးမှသာလျှင် SAC စစ်သားများသည် ရွာသားများ၏ စပါးကျီများကို မီးရှို့ခဲ့ခြင်းဖြစ်သည်။[17]

အထက်တွင်ဖော်ပြထားသည့်အတိုင်း SAC မှ စစ်ရေးလှုပ်ရှားများကိုပြုလုပ်နေစဉ်အတွင်း သို့မဟုတ် ပြုလုပ်ပြီး နောက်တွင် ၎င်းတို့သည် ဒေသခံများအပေါ် ပြန်လည်တုန့်ပြန်၍ အကြမ်းဖက်ခဲ့သည့်ဖြစ်စဉ်များကိုလည်း KHRG မှ မှတ်တမ်းပြုစုခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ လယ်မူပါကျေးရွာအုပ်စုတွင် SAC မှ စစ်ရေးလှုပ်ရှားမှုနှင့်စစ်ရေးစစ်ဆင်ရေးများ ပို၍လုပ်ဆောင်လာပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လ ၃ ရက်နေ့တွင် SAC စစ်ကွပ်ကဲအခြေစိုက် (စကခ)အမှတ် (၃)၊ (၈)၊ (၁၅)နှင့် ခြေလျင်တပ်ရင်း (ခလရ)အမှတ် (၆၀) တို့သည် န---ကျေးရွာသို့ဝင်ရောက်လာ၍ ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး လူနေအိမ် (၁၂)လုံး ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။[18] 

ရွာသားများနှင့် စစ်အစိုးရကိုဆန့်ကျင်သည့်အဖွဲ့များကြားတွင် ဆက်နွယ်မှုရှိသည်ဟု SAC ၏ထင်မြင်ယူဆချက်များကြောင့် ရွာသားများအား အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း အိမ်မီးရှို့ခံခဲ့ရသည့်ရွာသားတစ်ဦးမှ ယခုလို သက်သေထွက်ဆိုခဲ့သည်။ “ရွာသားတွေက KNU ကိုအားကိုးတယ်။ ဒါမှမဟုတ် KNU ကိုကူညီထောက်ပံ့တယ်လို့ သူတို့က (SAC) စွပ်စွဲတယ်။ အဲဒါကြောင့် သူတို့က ရွာသားတွေကိုတွေ့ရင် လိုက်ပစ်သတ်တယ်။” SAC တပ်ဖွဲ့များသည် ရွာသားများပိုင်ဆိုင်သည့်ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးပြီး မီးမလောင်သည့်အိမ်များနှင့်ဈေးဆိုင်တွင်ရှိသော အိမ်အသုံးအဆောင်ပစ္စည်းများနှင့် စားစရာများကို လုယက်ခဲ့သည်။[19] အရပ်သားပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်သည့်ချိုးဖောက်မှုများသည် စစ်အစိုးရအားဆန့်ကျင်နေသူအားလုံးကို ချေမှုန်းနှိမ်နှင်းရန် SAC ၏ရည်မှန်းချက်နှင့်ဆက်စပ်မှုရှိနေပြီး ရွာသားများသည် ၎င်းတို့၏ရန်သူအဖြစ် သို့မဟုတ် ၎င်းတို့၏ရန်သူများကို ကူညီပံ့ပိုးသူအဖြစ် ထင်မြင်ယူဆသောကြောင့်ဖြစ် သည်။ ထိုအထဲတွင် SAC အားဆန့်ကျင်နေသည့် နိုင်ငံရေး အတိုက်အခံပါတီများလည်း ပါဝင်သည်။ ဘိတ်-ထားဝယ်ခရိုင်မှ လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးသည် SAC မှ အရပ်သားများအပေါ် လက်တုန့်ပြန်၍ အကြမ်းဖက်ခဲ့သည့်အခြေအနေကို သူမနှင့် သူမ၏မိသားစုဝင်များမှ ကြုံတွေ့ခဲ့ကြောင်း ယခုလိုတင်ပြခဲ့သည်။ “SAC စစ်သားတွေက ကျွန်မတို့ဒေသမှာ လာပြီးစစ်ကြောင်းထိုးတယ်။ အစပိုင်းမှာ သူတို့က ဆန္ဒပြပွဲကိုဦးဆောင်တဲ့သူတွေရဲ့အိမ်နဲ့ NLD ခေါင်းဆောင်တွေရဲ့အိမ်တွေကို မီးရှိုခဲ့တယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှာတော့ သူတို့ကကျွန်မရဲ့ညီမအိမ်နဲ့ ကျွန်မရဲ့အဘိုးအဘွားအိမ်တွေကို မီးရှို့ခဲ့တယ်။ တကယ်တော့သူတို့က ကျွန်မကို မဖမ်းမိနိုင်တဲ့အတွက် ကျွန်မရဲ့ဆွေမျိုးမိသားစုအိမ်တွေကို မီးရှို့ခဲ့တာဖြစ်တယ်။… ကျွန်မရဲ့နိုင်ငံရေးရပ် တည်ချက်ကြောင့် သူတို့က ကျွန်မကို အရမ်း ဖမ်းချင်ခဲ့တာ။ ဒါပေမဲ့ သူတို့က ကျွန်မကို မဖမ်းနိုင်တဲ့အတွက်ကြောင့် ကျွန်မရဲ့မိသားစုအိမ်တွေကို မီးရှို့ခဲ့တာဘဲ။”[20] 

SAC စစ်သားများမှ အရပ်သားပြည်သူများအပေါ် အမြဲ တစေသံသယဝင်နေပြီး မကြာခဏ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရွာသားများမှ KHRG အား တင်ပြခဲ့သည်။ ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ဒေါင်ယက်ကျေးရွာအုပ်စုတွင် KNLA စစ်သားများမှ SAC စစ်သားများအားပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့တွင် SAC တပ်ဖွဲ့များသည် အကယ်၍ KNLA မှ၎င်းတို့အားထပ်မံ၍ ပစ်ခတ်တိုက်ခိုက်မည်ဆိုပါက ရွာကိုမီးရှို့ပစ် မည်ဟု ဒေါင်ယက်ကျေးရွာအုပ်စု၊ ဖ---ကျေးရွာရှိရွာသား များအား ခြိမ်းခြောက်ခဲ့သည်။[21] အလားတူဖြစ်စဉ်တစ်ခုမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ထားဝယ်မြို့၊ သပြေချောင်းတပ်စခန်းတွင်အခြေစိုက်သော SAC ခလရ(၄၀၂)သည် ထိုဒေသရှိ အရှေ့ဖက်ခြမ်းတွင် ရှိသမျှအရာများအားလုံးကိုမီးရှို့ပစ်မည်ဟု လယ်ဒိုစိုးမြို့နယ်၊ ဇ---ကျေးရွာသားများကို ခြိမ်းခြောက်ခဲ့သည်။ နှစ်ရက်ကြာပြီးနောက်တွင် ထို SAC တပ်ဖွဲ့သည် ဟ---ရွာနှင့် ထားဝယ်မြို့ကြားလမ်းတွင် ၎င်း တို့တွေ့မြင်သော ရွာသားများအား ခြိမ်းခြောက်ခဲ့ပြန်သည်။ ရွာသားများသည် PDF အား ကူညီထောက်ပံ့ပေးနေသည်ဟုဆို၍ ရွာများကိုမီးရှို့ပစ်မည်ဖြစ်ကြောင်း SAC မှရွာသားများအား ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ ဤခြိမ်းခြောက်မှုများသည် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် အမှန်တကယ်ဖြစ်လာခဲ့သည်။ ခလရ(၄၀၂)မှ SAC စစ်သားများသည် လယ်ဒိုစိုးမြို့နယ်၊ ထီးလယ်ကလေးကျေးရွာအုပ်စု၊ င---ကျေးရွာမှ ရွာသားအိမ်(၄)လုံးနှင့် ဂမုန်းသွေဒေသ၊ ယ---ကျေးရွာမှ ရွာသားအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။[22]

လက်တွေ့မြေပြင်တွင် ရွာသားများအိမ်နှင့်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်များအရေအတွက်သည် KHRG မှ လက်ခံရရှိသည့်ဖြစ်စဉ်အရေအတွက်များထက် ပို၍များနိုင်ချေရှိပါသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင်လည်း KHRG မှ ထိုသို့သောအိမ်မီးရှို့မှုသတင်းအကြောင်းအရာများကို ဆက်လက်လက်ခံရရှိနေဆဲဖြစ် သည်။ သို့သော်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့်လူ့အခွင့်အရေးအခြေအနေသည် ဆိုးရွားနေကြောင်း သက်သေပြရန်အတွက် KHRG မှ လက်ခံရရှိသည့်သတင်းအချက်အလက်များသည် လုံလောက်မှုရှိနေပြီးဖြစ်သည်။ ထိုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည့်အခါ ရွာသားများမှ အသုံးပြုသည့်နည်းဗျူဟာများကိုလည်း အလေးပေးဖော်ပြထားပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူအမျိုးသမီးတစ်ဦးသည် SAC စစ်သားများမှ ဈေးဆိုင်တစ်ဆိုင်ကို မီးရှို့ရန်ကြိုးစားရာတွင် သူမအနေဖြင့် ထိုစစ်သားများနှင့်ညှိနှိုင်း၍ တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း မီးရှို့မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များကို ပြန်လည်ကြည့်မည်ဆိုပါက ထိုသို့ညှိနှိုင်း၍ တားဆီးခြင်းသည် ထိရောက်မှုမရှိပေ။ ထို့ကြောင့် ရွာသားများသည် စနစ်တကျနေရပ်ရွှေ့ပြောင်းခြင်းဗျူဟာများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကို ရှောင်ရှား၍ရသည့်ဗျူဟာကို မကြာခဏ အသုံးပြုခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် SAC စစ်သားများမှ  ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ဝင်းရော်ကျေးရွာအုပ်စု၊ ထုံဘိုလေးကျေးရွာတွင် အိမ်အလုံး (၇၀)ခန့် မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ ထုံဘိုလေးကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးမှ ၎င်းအိမ်မီးရှို့ခံရမှုကြောင့် စိတ်ထိခိုက်၍ဝမ်းနည်းကြောင်း KHRG အား ယခုလိုပြောပြခဲ့သည်။ “SAC စစ်သားတွေက ကျွန်တော်တို့ရွာကို မီးရှို့ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားတွေက PDF နဲ့ KNLA စစ်သားတွေကို ကူညီထောက်ပံ့နေတယ်လို့ သူတို့ကထင်တယ်လေ။…ကျွန်တော့်အိမ်မီးရှို့ခံရတဲ့အတွက် ကျွန်တော်အရမ်းဝမ်းနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအိမ်က ကျွန်တော့်မိဘက ကျွန်တော့်ကိုအမွေပေးခဲ့တဲ့အိမ်ဖြစ်တယ်။ ဝမ်းနည်းနေပေမဲ့လည်း ဘာတတ်နိုင်မှာလဲ။ ကျွန်တော်တို့တွေက ရိုးရိုးသာမှန်ရွာသားတွေပဲလေ။… တကယ်တော့ ကျွန်တော်တို့ရွာသားတွေက ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ မပတ်သတ်ဘူး။ ကျွန်တော်တို့ရွာသားတွေက သာမှန်လယ်သမားတွေဘဲ။… တစ်ချို့ရွာသားတွေက သူတို့ရဲ့စိုက်ပျိုးခြံထဲမှာရှိတဲ့တဲတွေမှာ သွားပြီးပုန်းရှောင်နေရတယ်။ တစ်ချို့ရွာသားတွေကလည်း သူတို့ရဲ့ဆွေမျိုးအိမ်တွေမှာ သွားပုန်းရှောင်ပြီးနေရတယ်။”[23] 

အလားတူစွာ တစ်ချို့ရွာသားများသည် ရွာအနီးအနားတွင် သော်လည်းကောင်း၊ တောထဲတွင်သော်လည်းကောင်း သို့မဟုတ် အခြားအနီးနားကျေးရွာများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။ သို့ဖြစ်ပါ၍ အခြေအနေကောင်းမွန်လာသည့်အချိန်တွင် ရွာသားများသည် ရွာထဲရှိ ၎င်းတို့စိုက်ပျိုးခြံများကို ပြန်လာကြည့်ရှု၍ရနိုင်ပေသည်။ သို့သော်လည်း ဤကဲ့သို့ရွာထဲကိုပြန်လာခြင်းသည် ရွာသားများအတွက် အန္တရာယ်ရှိသည်။ ထို့ကြောင့် တစ်ချို့ရွာသားများသည် ၎င်းတို့အိမ်နှင့်ပိုင်ဆိုင်မှုပစ္စည်းများကို ထားရစ်ခဲ့ပြီး အလွန်ဝေးလံသောနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ 

(၄) လေ့လာသုံးသပ်ချက် - အကြမ်းဖက်မှုပုံစံများနှင့် နိုင်ငံတကာဥပဒေ၊ စံချိန်စံနှုန်းများကို ချိုးဖောက်ခြင်း

အထက်တွင်ရေးသားဖော်ပြထားသည့်အတိုင်း အိမ်ရွာတွေကိုမီးရှို့ပစ်သည့်ဖြစ်စဉ်များသည် ပုံမှန်အားဖြင့် တိုက် ပွဲဖြစ်ပွားနေစဉ်အတွင်း သို့မဟုတ် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်သာ ဖြစ်ပွားလေ့ရှိသည်။ အကြောင်းရင်းမှာ SAC တပ်ဖွဲ့များသည် ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်သည့်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ဒေသခံကျေးရွာများကိုပစ်မှတ်ထား၍ မီးရှို့ခဲ့ခြင်းဖြစ်သည်။ ဤအကြောင်းရင်းကြောင့် SAC မှ နေအိမ်နှင့် ပိုင်ဆိုင်မှုပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သော်လည်း အခြားအကြောင်းအရင်းများလည်းပါဝင်သည်။ အချို့ ဖြစ်စဉ်များတွင် SAC တပ်ဖွဲ့များသည် ဒေသအတွင်းရှိ ရွာသားများအားလုံးကို ခြိမ်းခြောက်သည့်အနေဖြင့် ဒေသခံ များ၏ပိုင်ဆိုင်မှုအိမ်များကို လိုက်လံဖျက်ဆီးခြင်းလည်းရှိသည်။ အချို့ဖြစ်စဉ်တွင်လည်း SAC ၏ရည်ရွက်ချက်သည် ဒေသတွင်းရှိ EAG လက်နက်ကိုင်တပ်ဖွဲ့များကို နှိမ်နှင်းရန်အတွက် သို့မဟုတ် ထိုလက်နက်ကိုင်တပ်ဖွဲ့များကို ကူညီပံ့ပိုးနေသည်ဟု သံသယရှိသောရွာသားများ လျော့နည်းလာစေရန်အတွက် ကျေးရွာများနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။ SAC ၏အမိန့် သို့မဟုတ် တောင်းဆိုချက်များကို လိုက်နာဆောင်ရွက်ရန် ငြင်းဆိုကန့်ကွက်သည့်ရွာသားများသည်လည်း SAC ၏အကြမ်းဖက်ခြင်းကို ခံစားရသည်။[24]

အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း SAC စစ်သားများသည် ရိက္ခာပစ္စည်းများ လုံလောက်မှုမရှိသည့်အတွက်ကြောင့် ရွာသားများ၏စားစရာများနှင့်ပစ္စည်းများကို လုယက်ခဲ့သည့်အခြေအနေများလည်း နေအိမ်မီးရှို့မှုနှင့်လည်း ဆက်နွယ်မှုရှိနေသည်။ ဒေသအတွင်းရှိ EAG များကို ဖယ် ရှားရန် သို့မဟုတ် လူထုတစ်ရပ်လုံးကို ခြိမ်းခြောက်ရန် ကျေးရွာအား မီးရှို့ခြင်းသည် SAC အတွက် လွယ်ကူပြီး ဘေးကင်းသောနည်းလမ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် အထက်တွင်ဖော်ပြသည့်အတိုင်း ဤလုပ်ရပ်ကြောင့် ဒေသခံပြည်သူ လူထုအား ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေပါသည်။

အိမ်ယာပိုင်ဆိုင်ခွင့်ဆိုင်ရာ  ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်သူ Balakrishnan Rajagopal မှ လက်နက်ကိုင် ပဋိပက္ခအတွင်း နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်းကို “Domicide” ဟု ခေါ်ဝေါ်တင်စားခဲ့သည်။[25]

အမှန်တကယ်တွင် လုံလောက်သောအိမ်ယာပိုင်ဆိုင် ခွင့်သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာ စာတမ်း၏ အပိုဒ် ၂၅ (က)တွင် အခြေခံကျသောလူ့အခွင့်အရေးတစ်ခုအဖြစ် ပြဌာန်းထားပါသည်။ ထို့အပြင် မြန်မာအစိုးရမှ  ၁၉၆၆ ခုနှစ်တွင်ပြဌာန်းခဲ့သည့် နိုင်ငံတကာစီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးထားသည့်အတွက်ကြောင့် ဤစာချုပ်အား လေးစားလိုက်နာရန် တာဝန်ရှိပါသည်။ ထိုစာချုပ်တွင်ပါရှိသည့် အပိုဒ် ၁၁ (က)တွင် လူတိုင်းလူတိုင်း လုံလောက်သော အိမ်ယာပိုင်ဆိုင်ခွင့်ကို အပြည့်အဝရရှိပိုင်ခွင့်ရှိသည်။[26]

ထို့ကြောင့် နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျမီးရှို့ ဖျက်ဆီးခြင်းသည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်၊ ကာကွယ်ရန်နှင့် ဖြည့်ဆည်းပေးရမည့်တာဝန်ဝတ္တရားများကို မြန်မာအစိုးရမှ ချိုးဖောက်နေခြင်းဖြစ်သည်။

ထို့အပြင် လက်နက်ကိုင်ပဋိပက္ခအတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းသည် နိုင်ငံတကာ ဓလေ့ထုံးတမ်းဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုလည်း ချိုးဖောက်ရာရောက်သည်။ အထူးသဖြင့် SAC မှ အရပ်သားပြည်သူများ၏ ပိုင်ဆိုင်မှုပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် စစ်ဘက်ဆိုင်ရာပစ်မှတ်နှင့် အရပ်သားပိုင်ဆိုင်မှုနှင့် အရပ်သားပစ်မှတ်ဆို၍ ခွဲခြားရမည့်အခြေခံမူများကို ချိုးဖောက်ခြင်းဖြစ်သည်။ ရွာသား များသည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကို ကူညီပံ့ပိုးနေသည်ဟု SAC မှ ထင်မြင်ယူဆသောကြောင့် အရပ် သားများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ အမှန်တကယ်တွင် SAC မှ စစ်ရေးစစ်ရာနှင့်မသက်ဆိုင်သော လူပုဂ္ဂိုလ်များနှင့် ဥစ္စာပစ္စည်းများသည် အရပ်သားများနှင့်သက်ဆိုင်သည်ဖြစ်၍ ၎င်းတို့အား ပစ်မှတ်ထားတိုက်ခိုက်၍ မရသည့်အခြေခံမူများကို ချိုးဖောက်ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်းတွင် အရပ်သားပြည်သူများ၏အသက်အိုးအိမ်များအား ထိခိုက်စေမည့်အရာများကို လျော့နည်းလာစေရန် အရပ်သားပစ်မှတ်နှင့် စစ်ဖက်ဆိုင်ရာပစ်မှတ်ဆို၍ခွဲခြားရမည့်စစ်ဥပဒေနိယာမကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။ သို့သော်လည်း SAC သည် ထိုစစ်ဥပဒေနိယာမအား လုံးဝလေးစားလိုက်နာခြင်းမရှိပေ။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း အထူးသဖြင့် အရပ်သားပြည်သူများ၏ ပိုင်ဆိုင်မှုပစ္စည်းများကို မပျက်စီးစေရန်အတွက် ကြိုတင်ကာကွယ်တားဆီးရမည်ဖြစ်ပြီး အရပ်သားများအား ထိခိုက်နစ်နာမှုမရှိစေသည့် စစ်တိုက်နည်းများကို ရွေးချယ်ကျင့်သုံးရမည်ဖြစ်သည်။ သို့သော်လည်းပဲ SAC သည် အရပ်သားများအား ထိခိုက်နစ်နာမှုရှိသည့်နည်းလမ်းများကို တမင်ရွေးချယ်၍ နေအိမ်များအားမီးရှို့ခဲ့သောကြောင့် အခြားသောနီးစပ်ရာအိမ်များနှင့်ပစ္စည်းဥစ္စာများကိုပါ မီးလောင်ပျက်စီးစေခဲ့သည်။ ထို့အပြင်  SAC စစ်တပ်မှ စပါးကျီ များနှင့် ဈေးဆိုင်များကို မီးရှို့ခြင်းသည် အရပ်သားပြည်သူများ၏အသက်ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော စားနပ်ရိက္ခာပစ္စည်းများကို ဖျက်ဆီးခြင်းအား တားမြစ်ထားသောအခြေခံမူများကို ချိုးဖောက်နေပါသည်။  

SAC အနေဖြင့် ထိုသို့မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခြင်းဖြင့် ပြည်သူတို့၏စားဝတ်နေရေးအား ထိခိုက်စေခြင်းကြောင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်နေခြင်းဖြစ်သည်။[27] ဤကဲ့သို့လုပ်ရပ်များသည် ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာရာဇဝတ်မှုဥပဒေကို လက်ကိုင်စွဲထားသည့်ရောမတရားရုံးဖြစ်သည့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တွင်ပြဌာန်းထားသော အပိုဒ် ၈ (၂) (က) (၄) အရ စစ်ရာဇဝတ်မှုမြောက်ပါသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အစိုးရမှ မြန်မာနိုင်ငံတွင်းရှိ ကရင်ပြည်နယ်အပါဝင် ပြည်နယ်အများအပြား တွင်ရှိသော မြို့နယ်ပေါင်း(၅၀)မြို့နယ်ကို စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ်အောက်တွင်ထားရှိပြီး မာရှယ်လော ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ထိုမာရှယ်လောဥပဒေထုတ်ပြန်ခြင်းကြောင့် SAC သည် ၎င်းတို့၏လုပ်ငန်းစဉ်များကို ရှေ့ဆက်လုပ်ဆောင်နိုင်ရန်အတွက် ပြည်တွင်းတရားရေးစနစ်ကို ထိခိုက်ပျက်ပြားစေခဲ့သည်။ မာရှယ်လောဥပဒေကို ခုတုံးလုပ်၍ အကြမ်းဖက်မှုနည်းလမ်းသစ်များကို အသုံးပြုခြင်းဖြင့် SAC သည် ၎င်းတို့၏အတိုက်အခံအဖွဲ့အစည်းများကို ပို၍ဖိအားပေးသောကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည့် SAC စစ်သားများသည် ပြစ်ဒဏ်များကင်းလွတ်နိုင်ပြီး လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ပြည်သူများလည်း တရားမျှတမှုရရှိရန် ပို၍ခက်ခဲလာသည်။ မာရှယ်လော ဥပဒေထုတ်ပြန်ခြင်းနှင့်ပတ်သတ် ၍ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသည့်အဖွဲ့ဖြစ်သော Human Rights Watch မှ ဤကဲ့သို့ ဖော်ပြခဲ့သည်။ “ဤမာရှယ်လောဥပဒေသည် စစ်အစိုးရကိုဆန့်ကျင်သည့် မည်သူမဆို သို့မဟုတ် သံသယရှိသူအားလုံးကို ဖမ်းဆီးတရားစွဲဆိုနိုင်ရန်အတွက် ဥပဒေကို လိုသလိုပြင်ဆင်ကျင့် သုံးနိုင်ခွင့်ပေးထားသည်။ အမှန်တကယ်တွင် ၎င်းမာရှယ်လောဥပဒေတွင် လိုသလိုအမိန့်ပေးနိုင်သည့်အခွင့်အာဏာ အပြည့်အဝရှိသည့်အတွက်ကြောင့် စစ်တပ်မှကျူးလွန်သည့်ပြစ်မှုများကို အရေးယူ၍မရအောင် အာမခံပေးနိုင်သည့် အခြေအနေတွင်ရှိသည်။ ထို့ကြောင့် ဤမာရှယ်လောဥပဒေတည်ရှိနေသရွေ့ စစ်တပ်သည် ပြစ်မှုများကို ဆက်လက်ကျူးလွန်မည်ဖြစ်ပြီး ၎င်းတို့၏လုပ်ရပ်များကို ရပ်တန့်ရန် ဆန္ဒမရှိကြောင်း သိသာထင်ရှားနေပါသည်။”[28]သို့ဖြစ်ပါ၍ ပြည်တွင်း၊ ပြည်ပများမှ တာဝန်ရှိသူများသည် စစ်အစိုးရအပေါ် ပြင်းထန်သည့်ဖိအားပေးမှုများ မလုပ် ဆောင်နိုင်ပါက ကရင်ပြည်နယ်အပါအဝင် မြန်မာပြည်တစ်ဝှမ်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေမည်ဖြစ်သည်။ 

(၅) နိုင်ငံတကာ တာဝန်ရှိသူများအတွက် အကြံပြုချက်များ- 

ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုနှင့် တာဝန်ခံမှုကိုရယူရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဥပက္ခာပြု၍မရပေ။ ထို့ကြောင့် အထူးသဖြင့် ကရင်လူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များနှင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာစစ်တပ်ခေါင်းဆောင်များမှ ကျူးလွန်သည့်ပြစ်မှုများအတွက် ၎င်းတို့အား အရေးယူအပြစ်ပေးရန် အမှန်တကယ်လိုအပ်နေပါသည်။ တစ်ချိန်ထဲတွင်လည်း မြန်မာစစ်တပ်မှ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ၎င်းတို့၏အကြမ်းဖက်မှုနှင့်ရက်စက်ယုတ်မာမှုများကို ရင်ဆိုင်နေရသည့် တိုင်းရင်းသားပြည်သူများအတွက် လုံလောက်သော လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် အကာအကွယ်များရရှိရန်အတွက် ဆောင်ရွက်ပေးရန်အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံတကာ တာဝန်ရှိသူအဖွဲ့အစည်းများမှ အောက်ပါအကြုံပြုချက်များကို လုပ်ဆောင်ပေးရန် တိုက်တွန်းအပ်ပါသည်။

  • မြန်မာစစ်အစိုးရသည် မြန်မာပြည်တွင် လက်ရှိဖြစ်ပေါ်နေသည့်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း၏အဓိကတရားခံဖြစ်ကြောင်း အသိအမှတ်ပြုပြီး ၎င်းတို့နှင့် သက်ဆိုင်ရာ သဘောတူစာချုပ်များလက်မှတ်ရေးထိုးခြင်းနှင့် ၎င်းတို့အား မျက်နှာသာပေးပြီး ခေါ်ယူတွေ့ဆုံခြင်းအပါအဝင် စစ်အစိုးရအား တရားဝင်အစိုးရအဖြစ်ထောက်ခံခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းများ မပြု လုပ်ရန်။
  • မြန်မာစစ်တပ်မှကျူးလွန်သည့် ရာဇဝတ်မှုကြီးများအတွက် အရေးယူဆောင်ရွက်ပေးနိုင်ရန် လမ်းကြောင်းများရှာပေးရန်နှင့် ဂျာမနီနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာစီရင်ပိုင်ခွင့်ကိစ္စနှင့်[29] နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ လွှဲ ပြောင်းပေးခြင်းအပါအဝင် လက်ရှိနိုင်ငံတကာစုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲမှုများကိုပံ့ပိုးပေးရန်အတွက်သက်ဆိုင်ရာအစိုးရများကို ဖိအားပေးရန်။[30]
  • လက်ရှိတရားစွဲဆိုမှုများတွင် ကရင်လူမျိုးများ၊ အခြားလူမျိုးစုများနှင့်ဘာသာရေးလူနည်းစုများအပေါ် အတိတ် နှင့်ယခုလက်ရှိတွင် ကျုးလွန်သည့်ရာဇဝတ်မှုများအတွက် ထည့်သွင်း၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ၏ တာဝန်ခံမှုလုပ်ငန်းများကို ပို၍တိုးမြင့်ရန်။ 
  • အိုးအိမ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံရသည့်ပြည်သူများကို ကူညီပံ့ပိုးပေးခြင်းအပါအဝင် ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ(CSO/CBOs)နှင့် လူ့အခွင့်အရေးကို ဦးစားပေးတန်ဖိုးထား ၍ ဝန်ဆောင်မှုကူညီပေးနေသည့် တိုင်းရင်းသားအဖွဲ့အစည်းများမှလုပ်ဆောင်သော အရေးပေါ်အကူအညီပေးမှုလမ်းကြောင်းများကို ပံ့ပိုးပေးရန်။ 
  • နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေကိုချိုးဖောက်နေသည့် အခြားပြစ်မှုများအတွက် တာဝန်ရှိသည် ဟုသံသယရှိသော စစ်အစိုးရအရာရှိများအား ပစ်မှတ်ထား၍ ပိတ်ဆို့အရေးယူမှုလမ်းကြောင်းများကို ပံ့ပိုးကူညီပေးရန်။
Fri, 31 Mar 2023

Footnotes: 

[1] KHRG မှ ၂၀၂၂ ခုနှစ်၊ မတ်လတွင်ထုတ်ဝေသော “ဒူးသထူခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - ဘီးလင်းမြို့နယ်အတွင်း SAC နှင့် BGF တို့မှ ရွာသားများအား ပေတာအဖြစ် အဓမ္မခိုင်းစေခြင်းနှင့် လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုခြင်း (၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လ)” တွင် ကြည့်ပါ။

[2] ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာစစ်တပ်မှ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်ပြီး ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်တင်မြောက်ထားသည့်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ အရေးပေါ်အခြေအနေအရ  တိုင်းပြည်ကိုတစ်နှစ်အုပ်ချုပ်စေရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အစိုးရအာဏာကို လွှဲ ပြောင်းပေးခဲ့သည်ဟု စစ်တပ်မှကြေညာထုတ်ပြန်ခဲ့သည်။ ၂၀၂ဝ ခုနှစ်၊ နိုဝင်ဘာလအတွင်းပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော NLD ပါတီသည် သောင်ပြိုကမ်းပြို အနိုင် ရရှိခဲ့သည်မဟုတ်ဟု တပ်မတော်မှ ထွက်ဆိုခဲ့သည်။

[3] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တပ်မတော်အစိုးရအရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့ စည်းခဲ့သည်။ ဥက္ကဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲ အဖြစ်သော် လည်းကောင်း၊ မြန်မာနိုင်ငံ၏စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော် လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာ ဏာသိမ်းပြီးနောက်ပိုင်းတွင် SAC ၏ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

[4] ဤအနှစ်ချုပ်စာတမ်းတွင် ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ လက်ခံရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော ကွင်းမှလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ကရင်ပြည်နယ်ရှိဒေသ ခံအဖွဲ့ဝင်များမှ တင်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက် အလက်များသည် KHRG မှရှင်းပြမှုများ ထည့်သွင်းထားခြင်းဖြစ် သည်။

[5] Myanmar Now သတင်းဌာနမှ ၂၀၂၂ခုနှစ်၊ မေလတွင်ထုတ်ဝေသော “Military burns more than 1,000 homes in northwestern Myanmar in one week” တွင် ကြည့်ပါ။

[6] ဤသတင်းအကြောင်းအရာများကို စာရေးဆရာ Thomas H. Andrews မှ ရေးသားထားပြီး OHCHR ဝက်ဆိုဒ်စာမျက်နာ တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့၌ ဖြန့်ဝေခဲ့သော “A/HRC/52/66: Situation of human rights in Myanmar - Report of the Special Rapporteur on the situation of human rights in Myanmar, Thomas H. Andrews” တွင်ကြည့်ပါ။

[7] ဤသတင်းအကြောင်းအရာများကို စာရေးဆရာ Thomas H. Andrews မှ ရေးသားထားပြီး OHCHR ဝက်ဆိုဒ်စာမျက်နာ တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့၌ဖြန့်ဝေခဲ့သော “A/HRC/52/66: Situation of human rights in Myanmar - Report of the Special Rapporteur on the situation of human rights in Myanmar, Thomas H. Andrews” တွင်ကြည့်ပါ။

[8] Karen Peace Support Network အဖွဲ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ထုတ်ပြန်သော “Kawthoolei IDP Update” တွင် ကြည့်ပါ။

[9] KHRG မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင်ထုတ်ဝေသော “စစ်တပ်၏ ရက်စက်ကြမ်းကြုတ်များနှင့် ပြည်သူများ၏ခုခံတွန်းလှန်မှု” တွင် ကြည့်ပါ။

[10] Reuters သတင်းဌာနမှ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေသော “Troops burn villages in Myanmar heartland, seek to crush resistance” တွင် ကြည့်ပါ။

[11] KHRG မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင်ထုတ်ဝေသော “Undeniable: War crimes, crimes against humanity and 30 years of villagers’ testimonies in rural Southeast Burma” တွင် ကြည့်ပါ။

[12] KHRG မှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင်ထုတ်ဝေသော “လူထုပါဝင်ခွင့်မရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းများ - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မြေယာသိမ်းယူမှုများနှင့် ကျေးလက်စွမ်းရည်လုပ်ဆောင်ချက်များ” တွင် ကြည့်ပါ။

[13] ဤဖြစ်စဉ်များသည် ဒူးသထူ (သထုံ)၊ တောအူး (တောင်ငူ)၊ ခလယ်လွီထူ(ညောင်လေးပင်)၊ ဘိတ်-ထားဝယ်၊ မူတြော်(ဖာပွန်)နှင့် ဒူးပ လာယာခရိုင်များတွင် ဖြစ်ပွားခဲ့သည်။

[14] ဤအချက်အလက်ကို ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လတွင်ရရှိခဲ့သော ဒူးသထူခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[15] KHRG မှ ၂၀၂၂ ခုနှစ်၊ မတ်လတွင်ထုတ်ဝေသော “ဒူးသထူခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - ဘီးလင်းမြို့နယ်အတွင်း SAC နှင့် BGF တို့မှ ရွာသားများအား ပေါ်တာအဖြစ် အဓမ္မခိုင်းစေခြင်းနှင့် လူသားဒိုင်းသဖွယ်အဖြစ်အသုံးပြုခြင်း (၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လ)” တွင် ကြည့်ပါ။

[16] KHRG မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင်ထုတ်ဝေသော “Dooplaya District Short Update: Skirmishes between armed groups and indiscriminate shelling result in displacement, casualties and destruction of villagers’ property (October 2021)” တွင် ကြည့်ပါ။

[17] ဤအချက်အလက်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိခဲ့သော မူတြော်ခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နှုတ်ထားပါသည်။

[18] KHRG မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင်ထုတ်ဝေသော “ခလယ်လွီထူခရိုင် မူခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လယ်ဒိုမြို့နယ်တွင် SAC မှ ရွာသားနှစ်ဦးကို ပစ်သတ်ခဲ့ပြီး အိမ် (၁၂)လုံးကို မီးရှို့ဖျက်ဆီးခဲ့ (၂၀၂၂ ခုနှစ်၊ ဇူလှိုင်လ)” တွင် ကြည့်ပါ။

[19] ဤအချက်အလက်ကို ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လတွင်ရရှိခဲ့သော ခလယ်လွီထူခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[20] ဤအချက်အလက်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်ရရှိခဲ့သော ဘိတ်-ထားဝယ်ခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[21] ဤအချက်အလက်ကို ၂၀၂၂ ခုနှစ်၊ မတ်လတွင်ရရှိခဲ့သော ဒူးသထူခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[22] ဤအချက်အလက်ကို ၂၀၂၂ ခုနှစ်၊ မေလတွင်ရရှိခဲ့သော ဘိတ်-ထားဝယ်ခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[23] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင်ရရှိခဲ့သော ဒူးသထူခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။

[24] KHRG မှ အစီရင်ခံစာရေးသားပြုစုနေစဉ်ကာလအတွင်း နေအိမ်မီး လောင်မှုနှင့် ပိုင်ဆိုင်မှုဖျက်ဆီးခြင်းများနှင့်ပတ်သတ်၍ တိုက်ရိုက် ဆက်စပ်မှုရှိသော သတင်းအကြောင်းအရာများကို မရရှိခဲ့သော် လည်း ထိုဆက်စပ်မှုရှိသည့်ချိုးဖောက်မှုများကို ယခင်ကထုတ်ဝေထားသော KHRG ၏သတင်းအစီရင်ခံစာများတွင် ဖော်ပြထားပါ သည်။ KHRG မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “Undeniable: War crimes, crimes against humanity and 30 years of villagers’ testimonies in rural Southeast Burma” တွင်ကြည့်ပါ။

[25] ဤသတင်းအချက်အလက်နှင့်ပတ်သတ်၍ OHCHR မှ ၂၀၂၂ ခုနှစ်တွင်ထုတ်ဝေသော “UN Expert - “Domicide” destruction of homes during conflict” တွင် ကြည့်ပါ။

[26] ဤသတင်းအချက်အလက်နှင့်ပတ်သတ်၍ OHCHR မှ ၁၉၉၆ ခုနှစ်တွင်ထုတ်ဝေသော “International Covenant on Economic, Social and Cultural Rights” တွင် ကြည့်ပါ။

[27] နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကိုပြဌာန်းထားသည့် ICRC မှ ဖော်ပြထားချက်အရ လက်တုံ့ပြန်သည့်အနေဖြင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းသည် နိုင်ငံတကာဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှု ဥပဒေရှိ အပိုဒ်  (၂)၊ (၇) နှင့် (၉)၊ (၁၁)နှင့် (၁၂)၊ (၁၄)၊ (၁၅)၊ (၁၇)၊ (၃၇) နှင့် (၅၄)ကို ချိုးဖောက်ရာရောက်သည်ဟု KHRG မှ ယုံကြည်သည်။  ဤအချက်အလက်များနှင့်ပတ်သတ်၍ ပိုမိုသိရှိလိုပါက “International Committee of the Red Cross (ICRC), Customary International Humanitarian Law, 2005, Volume I” တွင်ကြည့်ပါ။

[28] Human Rights Watch အဖွဲ့မှ ၂၀၂၃ ခုနှစ်တွင် ထုတ်ဝေသော “Myanmar Junta Extends Martial Law” တွင် ကြည့်ပါ။

[29] စစ်တပ်မှကျုးလွန်သည့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် နိုင်ငံတကာတရားစီရင်ရေးမူအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ  သက်သေများအဖြစ်တိုင်ကြားလိုသည့် ပြည်သူ (၁၆) ဦးသည် မြန်မာစစ်ဗိုလ်ချုပ်များကို တရားစွဲဆိုရန် ဂျာမနီတွင် ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက်တစ်ခု တင်သွင်းခဲ့သည်။လက်ရှိဆောင်ရွက်နေ သည့်တရားစွဲဆိုမှုသည် တစ်ခုတည်းသော ပဏာမခြေလှမ်းမဟုတ်သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်မှ အခြားတိုင်းရင်းသားလူနည်းစုများနှင့် ကရင်တိုင်းရင်းသားများအပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို အရေး ယူဆောင်ရွက်ရန် ကြိုးပမ်းနေသည့် ပထမဆုံးခြေလှမ်းတစ်ခုဖြစ်သည်။

[30] မြန်မာနိုင်ငံသည် Rome Statute ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် အတွက်ကြောင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံရှိ တာဝန်ရှိသောပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ အမှုလွှဲပြောင်းမှသာလျှင် ကျူး လွန်သူများကို တရားစွဲဆိုနိုင်သည်။ မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်က တည်းက ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် ICC တရားရုံးသို့ စီရင်ပိုင်ခွင့်အာဏာလွှဲအပ်သင့်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ICC တရားရုံးမှ NUG သည် မြန်မာနိုင်ငံကိုယ်စား တရားဝင်အစိုးရအဖြစ်အသိအမှတ်မပြု၍  NUG ၏အဆိုပါကြေငြာချက်ကို လက်ခံခြင်းမရှိသေးပေ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်