Fri, 27 Jan 2023
တောအူးခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ့ဖာခို့မြို့နယ်တွင် SAC တပ်သားများမှ ရွာသားတစ်ဦးအား ပစ်သတ်ခဲ့ (၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်း တောအူး (တောင်ငူ)ခရိုင်၊ ဒေါ့ဖာခို့ (သံတောင် ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အကြောင်းအရာများကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့ မနက် ၈း၃၀ မိနစ်ဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်သားများမှ ဒေါ့ဖာခို့မြို့နယ်၊ ဘောစောလော် ဒေသ၊ အ---ကျေးရွာအနီးတွင် ရွာသားတစ်ဦးအား ပစ်သတ်ခဲ့သည်။ အဆိုပါရွာသားသည် နှစ်သစ်ကူးနေ့ကို ကြိုဆို သောအားဖြင့် ၎င်းမိသားစုအတွက် စားစရာများဝယ်ယူရန်အတွက် တောင်သူမြို့သို့ ဆိုင်ကယ်ဖြင့်ခရီးသွားနေ သည့်အချိန်တွင် အပစ်သတ်ခံခဲ့ရသည်။ သေဆုံးသူရွာသား၏မိသားစုမှ သေဆုံးသွားသည့်ရွာသားအလောင်းနှင့် ၎င်းဆိုင်ကယ်ကို ပြန်လည်ရယူရန်အတွက် ငွေပေးဆောင်ရမည်ဟု ပြောပြခဲ့သည်။ သေဆုံးသူရွာသား၏မိသားစုသည် မည်သည့်လျော်ကြေးမှ မရရှိသည့်အပြင် မလိုလားအပ်သည့်အကျိုးဆက်များရှိလာမည်စိုးသောကြောင့် ပြစ်မှုကျူး လွန်သူတွေကို အရေးယူရန်အတွက် ဥပဒေအရ တိုင်ကြားလုပ်ဆောင်ခြင်းများ မလုပ်ခဲ့ပေ။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လူသတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

တောအူး (တောင်ငူ)ခရိုင်၊ ဒေါ့ဖာခို့ (သံတောင်ကြီး)မြို့နယ်၊ ဘောစောလော်ဒေသ၊ အ---ကျေးရွာအနီး ထုံးဘိုကြီးတပ်စခန်း

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအောင်သူရသန်း (ခေါ်) တစ်တစ်

အသက်

၃၄နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့်ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ လိပ်သိုမြို့၊ ဘ---ရပ်ကွက်

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိ

မသိ

SAC ခမရ (၄၁၃)

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ဘောစောလော် ဒေသ၊ အ---ကျေးရွာအနီး ထုံးဘိုကြီးတပ်စခန်း

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် ကျွန်တော်သည် (KHRG သတင်းစုဆောင်းသူ) သေဆုံးသူရွာသား၏ တစ်ဝမ်းကွဲ ဖြစ်သူတစ်ဦးအား အင်တာဗျူးလုပ်ခဲ့ပါသည်။ ထို့အပြင် အခင်းဖြစ်ပွားသည့်အချိန်တွင် သေဆုံးသူရွာသားအား ကူညီ ပေးခဲ့သည့် အ---ရွာသားတစ်ဦးကိုလည်း မေးမြန်းခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်၍ ဇန်နဝါရီလ ၁ရက်တွင်လည်း သေဆုံးသူရွာသား၏အကိုဖြစ်သူအား မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ ၂၄ရက်နေ့တွင် သေဆုံးသူရွာသား၏ဇနီးဖြစ်သူ ကိုလည်း မေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤဖြစ်စဉ်အား ပြောပြခဲ့သူသည် အ---ရွာသားတစ်ဦးဖြစ်ပြီး သေဆုံးသူရွာသား သေနတ်အပစ်ခံရပြီး မသေခင် အချိန်တွင် ထိုရွာသားအား ကူညီပေး၍ စကားအနည်းငယ်ပြောခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် ဤသတင်းအ ကြောင်းအရာအား ပြောပြခဲ့သည့်အခြားသူများသည် ဖြစ်စဉ်ကိုကြားသိရှိခဲ့ပြီး သေဆုံးသူရွာသား၏မိသားစုဝင်များ ဖြစ်ကြသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့ မနက် (၇)နာရီဝန်းကျင်တွင် သံတောင်မြောက်ပိုင်းအေးချမ်းရေးအဖွဲ့သည် တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ ဘောစောလော်ဒေသ၊ အ---ကျေးရွာအနီးရှိ ထုံးဘိုကြီးတပ်စခန်းတွင် အခြေစိုက် နေထိုင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး (SAC) ခြေမြန်တပ်ရင်း (ခမ၃ရ)အမှတ် (၄၁၃)အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၁၀မိနစ်ခန့်ကြာမြင့်ခဲ့သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို ပြန်လည်တုန့်ပြန် သည့်အနေဖြင့် SAC ခမရ (၄၁၃) စစ်သားများသည် အ---ကျေးရွာအနီးတစ်ဝိုက်ကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ (လက်နက်ကြီးများသည် ကျေးရွာအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ သောကြောင့် ရွာသားတစ်ဦးမှ ထိခိုက်သေဆုံးခြင်းမရှိခဲ့ပေ။ ရွာသားတစ်ဦးမှလည်း လက်နက်ငယ်များပစ်ခတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ပါ။)

 

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့တွင် စောအောင်သူရသန်းနှင့် ၎င်းတစ်ဝမ်းကွဲဖြစ်သူတို့သည် နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုရန်ပြင်ဆင်ရန်အတွက် ၎င်းတို့၏မိသားစုများအတွက် တောင်ငူမြို့သို့ စားစရာများသွားဝယ်ရန် အစီအ စဉ်ရှိခဲ့သည်။ စောအောင်သူရသန်းကို တစ်တစ်ဟုလည်း ခေါ်ဝေါ်ကြသည်။ စောအောင်သူရသန်းသည် ဒေါ့ဖာခို့ မြို့နယ်၊ လိပ်သိုမြို့၊ ဘ---ရပ်ကွက်တွင် နေထိုင်သည်။ ၎င်း၏တစ်ဝမ်းကွဲသည် ဒေါ့ဖာခို့မြို့နယ်၊ ဘောစောလော်ဒေသ၊ အ---ကျေးရွာအနီးတွင်တည်ရှိသော စ---ကျေးရွာတွင်နေထိုင်ပါသည်။ တောင်ငူမြို့ပေါ်သို့ အတူတူခရီးသွားရန် အတွက် စောအောင်သူရသန်း၏တစ်ဝမ်းကွဲသည် လမ်းဘေးနားရှိဆိုင်တစ်ဆိုင်တွင် စောင့်နေမည်ဟု စောအောင် သူရသန်းအား အကြောင်းကြားခဲ့သည်။ ထိုဆိုင်သည် ထုံးဘိုကြီးတပ်စခန်းနှင့်မနီးမဝေးတွင် တည်ရှိသည်။ ထိုဆိုင်တွင် ၎င်းတို့နှစ်ဦးတွေ့ဆုံပြီး တောင်ငူမြို့သို့ အတူတူသွားနိုင်ရန်ဖြစ်သည်။

 

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် တစ်နာရီခန့်အကြာ မနက် ၈း၃၀မိနစ်ဝန်းကျင်တွင် (၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်) စောအောင်သူရသန်းသည် ၎င်း၏တစ်ဝမ်းကွဲစောင့်နေသည့်ဆိုင်သို့ ဆိုင်ကယ်မောင်း၍လာခဲ့သည်။ ၎င်း၏တစ်ဝမ်းကွဲ အား တွေ့ရန်အတွက် ဆိုင်ကယ်ဖြင့်မောင်းလာသည့်လမ်းတွင် ထုံးဘိုကြီးတပ်စခန်းအရှေ့တွင်ရှိသော SAC စစ်ဆေး ရေးဂိတ်တစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။ စောအောင်သူရသန်းမှ ထိုစစ်ဆေးရေးဂိတ်အနားမရောက်ခင်တွင် SAC ခမရ (၄၁၃) စစ်သားများသည် (စစ်ဆေးရေးဂိတ်အနီး)တစ်နေရာတွင်ပုန်းနေခဲ့သည်။ စောအောင်သူရသန်းသည် ထိုစစ်ဆေး ရေးဂိတ်ကိုဖြတ်ကျော်၍ (၁၅)ကိုက်သာ ကွာဝေးသည့်တစ်နေရာတွင်ရောက်သောအခါတွင် SAC (ခမရ ၄၁၃) စစ်သားများမှ ၎င်းနောက်ကျောအား ပစ်ခတ်ခဲ့သည်။ ၎င်းနောက်ကျောအောက်တွင် သေနတ်ထိမှန်၍ ဒဏ်ရာရရှိခဲ့ သည့်အတွက် စောအောင်သူရသန်းသည် အော်ဟစ်၍ အကူအညီတောင်းခဲ့သည်။ ထိုအချိန်တွင် (အခင်းဖြစ်ပွား သည့်နေရာအနီး) လမ်းဘေးနားတွင်ရှိသည့် အိမ်တစ်အိမ်မှ ရွာသားတစ်ဦးသည် အော်ဟစ်အကူအညီတောင်း နေသည့်စောအောင်သူရသန်းအား သွားဆွဲထူ၍ ၎င်းအိမ်သို့ပြန်သယ်လာခဲ့သည်။ အဆိုပါရွာသားသည် (SAC စစ်သားများမှ ၎င်းအား မြင်မှာစိုးသောကြောင့်) စောအောင်သူရသန်းကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် သွားရောက် ကူညီပေးခဲ့သည်။ ထိုရွာသားသည် စောအောင်သူရသန်းအား ဘာဖြစ်ခဲ့လဲဟု မေးမြန်းခဲ့သည်။ ထို့နောက် ဒဏ်ရာ ရနေသည့် စောအောင်သူရသန်းအား ဆေးရုံသို့ပို့ဆောင်ရန်အတွက် လိပ်သိုမြို့မှ နာရေးကူညီမှုအဖွဲ့ကို ဖုန်းဖြင့်ခေါ်၍ အကူအညီတောင်းခဲ့သည်။ (ထိုရွာသား၏ပြောပြချက်အရ) စောအောင်သူရသန်းသည် အခင်းဖြစ်ပွားသည့်နေ့ မနက်ပိုင်းတွင် ထုံးဘိုကြီးတပ်စခန်းတွင်တိုက်ပွဲဖြစ်ပွားခဲ့သည့်အကြောင်းကို မသိရှိခဲ့ရပေ။ စောအောင်သူရသန်း၏ ဒဏ်ရာသည် အလွန်ပြင်းထန်ခဲ့ကြောင်း ထိုရွာသားမှ KHRG အား ပြောပြခဲ့သည်။ အကြောင်းမှာ စောအောင် သူရသန်း၏နောက်ကျောအောက်တွင် သေနတ်ကျည်ဆံထိမှန်ပြီး ၎င်း၏ဗိုက်သို့ပွင့်ထွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ စောအောင်သူရသန်းရရှိခဲ့သည့်ဒဏ်ရာသည်အလွန်ပြင်းထန်သောကြောင့် ဆယ်မိနစ်ခန့်အကြာတွင် သေဆုံးခဲ့သည်။

 

စောအောင်သူရသန်း၏တစ်ဝမ်းကွဲသည် ဆိုင်တစ်ဆိုင်တွင် စောအောင်သူရသန်းအား ထိုင်စောင့်နေသည့်အချိန်တွင် သေနတ်ပစ်ခတ်သံကို (SAC ခမရ ၄၁၃မှ စောအောင်သူရသန်းအား ပစ်ခဲ့သောအချိန်) ကြားခဲ့ရသည်။ ထိုသို့သေနတ် သံကြားခဲ့ရပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ စောအောင်သူရသန်း၏တစ်ဝမ်းကွဲသည် သိချင်ခဲ့သောကြောင့် အ---ရွာသို့ သွားခဲ့သည်။ အ---ကျေးရွာသို့ရောက်နေသည့်အချိန်တွင် စောအောင်သူရသန်း သေဆုံးနေသည်ကို ၎င်းတွေ့ရှိခဲ့ ရသည်။

 

(၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့) မနက် (၉)နာရီဝန်းကျင်တွင် လိပ်သို့မြို့မှ နာရေးကူညီမှုအဖွဲ့ဝန်ထမ်းနှစ်ဦးသည် စောအောင်သူရသန်း၏အလောင်းကို ၎င်း၏အိမ်ရှိသည့်လိပ်သိုမြို့သို့ပြန်သယ်ဆောင်သွားရန်အတွက် စောအောင်သူရ သန်းသေဆုံးနေသည့်နေရာသို့ ကားဖြင့်ရောက်လာခဲ့သည်။ နာရေးကူညီမှုအဖွဲ့မှ စောအောင်သူရသန်းအား သယ်ဆောင်သွားရန်ပြင်ဆင်နေသည့်အချိန်တွင် SAC ခမရ (၄၁၃)မှ စစ်သားရှစ်ဦးနှင့် SAC ရဲဝန်ထမ်းနှစ်ဦးတို့သည် ထိုနေရာသို့ရောက်ရှိလာခဲ့သည်။ SAC စစ်သားများသည် စောအောင်သူရသန်း၏ရုပ်အလောင်းကို လိပ်သိုမြို့သို့ ပြန်ပို့ရန် နာရေးကူညီမှုအဖွဲ့နှင့် စောအောင်သူရသန်း၏ဆွေမျိုးသားချင်းများအား ခွင့်မပြုခွင့်ပေ။ ၎င်းတို့မှ စောအောင်သူရသန်းအား တောင်ငူမြို့ရှိ တောင်ငူဆေးရုံသို့ပို့ရန် ခိုင်းစေခဲ့သည်။ စောအောင်သူရသန်း၏ရုပ် အလောင်းကို တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ထို့နောက် တောင်ငူမြို့အမှတ် (၃)ရဲစခန်းမှ ရဲအရာရှိများသည် ဆေးရုံသို့ရောက်ရှိလာပြီး စောအောင်သူရသန်း၏ရုပ်အလောင်းကို ဆေးရုံမှာရှိသည့်ရင်ခွဲရုံသို့ သွားပို့ရန် စောအောင် သူရသန်း၏ဆွေမျိုးသားချင်းများနှင့် နာရေးကူညီမှုအဖွဲ့သားများအား ခိုင်းစေခဲ့သည်။ ထို့နောက် ရဲအရာရှိများသည် (တောင်ငူဆေးရုံမှ) ဆရာဝန်များကို ခေါ်ယူ၍ စောအောင်သူရသန်း၏ရုပ်အလောင်းကို စစ်ဆေးရန်ခိုင်းစေခဲ့သည်။ (၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့) ညနေ (၄)နာရီဝန်းကျင်တွင် ရဲအရာရှိတစ်ဦးမှ စောအောင်သူရသန်း၏ရုပ် အလောင်းကို ၎င်းမိသားစုမှ ပြန်လည်ရယူမည်ဆိုပါက ငွေကျပ်သုံးသိန်းပေးရမည်ဟု စောအောင်သူရသန်း၏ တစ်ဝမ်းကွဲအား ပြောခဲ့သည်။ စောအောင်သူရသန်း၏ မိသားစုဝင်များသည် ရဲအရာရှိအား ငွေကျပ်သုံးသိန်း ပေးပြီးမှာသာလျှင် စောအောင်သူရသန်း၏ရုပ်အလောင်းကို အိမ်သို့ပြန်သယ်လာခွင့်ရခဲ့သည်။

 

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့ ည(၇)နာရီဝန်းကျင်တွင် စောအောင်သူရသန်း၏ရုပ်အလောင်းကို ၎င်း၏မိသားစု ဝင်များမှ လိပ်သိုမြို့၊ ဘ---ရပ်ကွက်ရှိ ၎င်းအိမ်သို့ ပြန်သယ်ဆောင်ခဲ့သည်။ ၎င်း၏ရုပ်အလောင်းကို အိမ်တွင် တစ်ညတာ ထားခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့ မနက်(၉)နာရီဝန်းကျင်တွင် တောင်ငူမြို့ ရဲစခန်းအမှတ် (၃)မှ ရဲစခန်းမှူးသည် စောအောင်သူရသန်း၏မိသားစုဝင်များနှင့်ဆွေမျိုးသားချင်းများကို ဖုန်းဆက်၍ စောအောင်သူ ရသန်း၏ဆိုင်ကယ်ကိုပြန်လည်ယူမည်ဆိုပါက ငွေကျပ်လေးသိန်းပေးဆောင်ရမည်ဟု ပြောခဲ့သည်။ ဆိုင်ကယ်ပြန် လည်ရယူရန် ဒဏ်ငွေအဖြစ် ငွေကျပ်လေးသိန်းပေးဆောင်ရမည်ဟု ရဲစခန်းမှူးမှ ၎င်းတို့အား ပြောခဲ့သည်။ အကြောင်း ရင်းမှာ စောအောင်သူရသန်းတွင် ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်မရှိကြောင်း ပြောခဲ့သည်။ ထိုကိစ္စနှင့် ပတ်သတ်၍ စောအောင်သူရသန်း၏အကိုဖြစ်သူသည် စောအောင်သူရသန်း၏ရုပ်အလောင်းကို မြေမြှုပ်သဂြိုလ် ပြီးမှသာ ဆိုင်ကယ်ကို ပြန်လည်ရွေးယူမည်ဟု ပြောကြားခဲ့သည်။ (၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း အဆိုပါဆိုင်ကယ် အား ပြန်လည်ရွေးယူခဲ့ခြင်းရှိ၊မရှိ KHRG မှ မသိရှိခဲ့ရပါ။)

 

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့တွင် စောအောင်သူရသန်း၏ရုပ်အလောင်းကို လိပ်သိုမြို့၊ သင်္ချိုင်းကုန်းတွင် မြေမြှုပ် သင်္ဂြိုလ်ခဲ့သည်။ စောအောင်သူရသန်းသည် အသက်ရှင်ကျန်ရစ်သည့်ဇနီးဖြစ်သူကို ထားခဲ့ရသည်။ ၎င်းတို့လင်မယား သည် သားသမီးများ မရှိကြပါ။ သို့သော်လည်း စောအောင်သူရသန်း၏ဇနီးသည် စားဝတ်နေရေးအတွက် သူမ၏ အမျိုးသားကိုသာ မှီခိုခဲ့ရသည့်အတွက်ကြောင့် ယခုလို ယောင်္ကျားဖြစ်သူမှ သေဆုံးသွားသည့်အတွက် သူမ၏ အနာဂတ်တွင် စားဝတ်နေရေးအတွက် စိတ်ပူပန်သောကရောက်ခဲ့ရသည်။ စောအောင်သူရသန်း၏မိသားစုဝင် ဆွေမျိုးသားချင်းများသည် မလိုလားအပ်သည့်အကျိုးဆက်များရှိလာမည်စိုးသောကြောင့် ပြစ်မှုကျူးလွန်သူတွေကို အရေးယူရန်အတွက် ဥပဒေအရ တိုင်ကြားလုပ်ဆောင်ခြင်းများ မလုပ်ခဲ့ပေ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

စောအောင်သူရသန်း၏ဇနီးနှင့်တစ်ဝမ်းကွဲဖြစ်သူသည် ဤသတင်းအကြောင်းအရာအား ရေးသားဖြန့်ဝေရန် ခွင့်ပြု ချက်ပေးထားပါသည်။ အ---ရွာသားတစ်ဦးနှင့် စောအောင်သူရသန်း၏မိသားဝင်များသည်လည်း ဤသတင်းအ ကြောင်းအရာကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Fri, 27 Jan 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်