လူ့အခွင့်အရေးချိုးဖောက်မှုကို နိုင်ငံတကာ‌က ဆက်လက်လျစ်လျူရှုလျှင် စစ်ရာဇဝတ်ကျူးလွန်မှု သက်ဆိုးရှည်မည်ဖြစ်ကြောင်း KHRG ပြော

Wed, 14 Dec 2022

  

မြန်မာပြည်တွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူမှုမပြုဘဲ နိုင်ငံတကာက ဆက်လက် လျစ်လျူရှုလျှင် စစ်ရာဇဝတ်ကျူးလွန်မှုကို သက်ဆိုးရှည်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group-KHRG) ၏ ယမန်နေ့က ပြုလုပ်သည့် ၎င်း တို့၏ အစီရင်ခံစာထုတ်ပြန်မှုတွင် ပြောဆိုခဲ့သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဆယ်စုနှစ် ၃ ခုအတွင်း ဒေသခံပြည်သူများအပေါ် ကျူးလွန်သည့် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု သက်သေခံချက်များ ကို ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာထုတ်ပြန်မှုတွင် ၎င်းပြစ်မှုများကို နိုင်ငံတကာက ယနေ့အချိန်အထိ အပြစ်ကင်းလွတ်ခွင့်ပေးထားကြောင်းဖော်ပြပြောဆိုထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက “ကျနော်တို့ မြန်မာစစ် တပ် တွေဝန်ခံဖို့ သက်သေအထောက်အထားအစုံအလင်နဲ့ထုတ်ပြန်ထားပြီးသား။ အခုက ကျနော်တို့ တိုက် တွန်းပြီး ပြတ်ပြတ်သားသား ပြောချင်တာက နိုင်ငံတကာတာဝန်ရှိတဲ့အကြီးအကဲတွေ စစ်ကောင်စီ အပေါ် အပြစ်ဒဏ်ယူပေးဖို့၊ ဒီကျူးလွန်မှုတွေကို ဥပက္ခာမပြုဖို့ပေါ့။ ဒီကျူးလွန်မှုတွေကို ဥပက္ခာပြုမယ် ဆိုရင် မြန်မာစစ်တပ်တွေ အပြစ်ဒဏ်ကနေလွတ်မြောက်ပြီး သက်ဆိုးရှည်ဖို့လုပ်တာနဲ့တူတူပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က ထုတ်ပြန်သည့် KHRG ၏ အစီရင်ခံစာပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ကျူးလွန်နေ သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဖော်ပြရာတွင် လူသား မဆန်စွာ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မပြောင်းရွှေ့စေခိုင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်း အဓမ္မလုပ်အားပေး စေခိုင်းခြင်း၊ ကျွန်ပြုခြင်း၊ ကျေးရွာများအား ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ အခြေခံလိုအပ်ချက်များကို ပိတ်ပင်တားဆီးခြင်း၊ ဆာလောင်ငတ်မွတ် စေခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာပြည်အရှေ့တောင်းပိုင်းဒေသများတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေခံ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ တကျော့ပြန် ပြန်လည် ပြင်းထန်လာရာတွင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပေါင်း (၇၂) ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဒေသခံအရပ်သား (၃၀၀,၀၀၀) ကျော် စစ်ဘေးရှောင်နေကြရ သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ယခု ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ မြန်မာပြည်အရှေ့တောင်ပိုင်းကျေးလက်ဒေသများတွင် မြန်မာ စစ်တပ်၏ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သောလူ့အခွင့်အရေးချိူးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများသည် ငြင်းဆို၍မရနိုင်သော ဒေသခံပြည်သူများ၏ သက်သေခံချက်များဖြစ်ကြောင်းလည်း KHRG က ပြောသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်သည့် လူထုအ‌ခြေပြု အဖွဲ့အစည်းဖြစ်ကာ မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်းရှိ‌ဒေသခံများ ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေး ချိုး‌ ဖောက်မှုများကို မှတ်တမ်းယူ၍ အစီရင်ခံစာထုတ်ပြန်ခြင်း၊ ဖြန့်‌ဝေခြင်းနှင့်လူ့အခွင့်အ‌ရေးကာကွယ်မှု ဆိုင်ရာလုပ်‌ဆောင်မှုများကို ပြည်သူများအား အသိပညာ‌ပေးလုပ်‌ဆောင်‌နေသည့်အဖွဲ့ဖြစ်သည်။

Related Readings