ကရင်ပြည်နယ်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးဝါးလာ

Sat, 10 Dec 2022

  

ကရင်ပြည်နယ်မှာ အရပ်သားတွေအပေါ်ကျူးလွန်တဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တွေဟာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာတယ်လို့ ဒီကနေ့ ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)နဲ့ ကရင်အမျိုးသမီးအစည်း အရုံး(KWO)က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

အဲဒီကြေညာချက်ထဲမှာတော့ စစ်တပ်အနေနဲ့ စစ်အာဏာသိမ်းပြီးအချိန်ကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေကို ကျယ်ပြန့်စွာပြုလုပ်လာခဲ့ကာ စစ်အာဏာ ရှင်စနစ်ကို ထပ်မံကျင့်သုံးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၁)ခုနှစ်နဲ့ အခုနှစ် (၂၀၂၂)နှစ် (၂)နှစ်တာအတွင်းမှာ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၂၉၉၉)ခုရှိခဲ့ပြီး အရပ်သား(၁၅၃)ဦး အသတ်ခံခဲ့ရသလို အဲဒီအသတ်ခံရတဲ့ အရပ်သားတွေထဲမှာ အမျိုးသမီးအယောက်(၃၀) ပါဝင်ခဲ့တယ်လို့ KWO ရဲ့ အစီ ရင်ခံစာက ဖော်ပြပါရှိပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေကြောင့် အရပ်သား(၂၇၆)ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲမှာတော့ အမျိုးသမီးဦးရေ (၁၁၇)ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် (၂၀၂၁)ခုနှစ် စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကစပြီး စစ်တပ်က ကျူးလွန်တဲ့ လုယက်မှုဖြစ်စဉ်(၄၄၇)ခု ၊ လူနေအိမ်မီးရှို့မှု (၁၇၁)ခုကို မှတ်တမ်းပြုစုနိုင်ခဲ့ကာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအများအပြားကို အစီရင်ခံနိုင်တာ ဒါမှမဟုတ် မှတ်တမ်းပြုစုတာ မလုပ်နိုင်တဲ့အတွက် အမှန်တကယ်ဖြစ်ပျက်နေတဲ့ ကိန်းဂဏန်းအရေအတွက်ဟာ ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းတွေထက် များပြားနေတယ်လို့ ဆိုထားပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလုပ်ဆောင်ရေးတာဝန်ခံ စောနန္ဒဆူးကတော့ ကရင်ပြည်နယ်အတွင်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေတဲ့ ရာဇဝတ်မှုတွေကို စစ်အုပ်စုက ဆက်လက်ကျူးလွန်နေကြောင်းနဲ့ အရပ်သားတွေကလည်း လူ့အခွင့်အရေးတွေ ဆိုးရွားစွာချိုးဖောက်ခံနေသလို အာဏသိမ်းစစ်တပ်ဟာ လူဂုဏ်သိက္ခာကိုပါ ချိုးနှိမ်လာတယ်လို့ ပြောပါတယ်။

KWO ရဲ့ အထွေထွေအတွင်းရေးမှူး နော်ကညောဖော်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူခြင်းမရှိလို့ ပိုပြီးအတင့်ရဲလာပြီး ကြောက်ရွံ့ခြင်းမရှိဘဲ ရက်စက်ကြမ်း ကြုတ်မှုတွေကို ဆက်လက်လုပ်လာကြတာလို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်တပ်ကကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချဖို့၊ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရပ်စဲဖို့၊ စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်ရောင်းချတာတွေ ရပ်စဲဖို့အပြင် လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးအကြပ်အတည်းတွေကို ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့ ဒေသခံတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို လက်တွေ့ကျကျ ထောက်ပံ့ပေးဖို့ KWO နဲ့ KHRG တို့က တိုက်တွန်းထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

Related Readings