စစ်ကောင်စီက နေရပ်ပြန်လာကြဖို့ ဖိတ်ခေါ်ထားပေမယ့် သေ့ဘောဘိုးဒေသခံ အများစု နေရပ်မပြန်ရဲသေး

Sat, 03 Dec 2022

  

အာဏာသိမ်း စစ်ကောင်စီက နယ်မြေတည်ငြိမ်သွားပြီလို့ဆိုကာ နေရပ်ပြန်လာနေထိုင်ကြဖို့ ဖိတ်ခေါ်ထားပေမယ့် သေ့ဘောဘိုး ဒေသခံအများစုဟာ လုံခြုံမှု မရှိတာကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းက သေ့ဘောဘိုးအပါအဝင် ဖလူး၊ ကျောက်ခက်၊ ဝေါ်လေဒေသတစ်ဝိုက်နဲ့ မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၈) ရက်နေ့ကစပြီး စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေတည်ငြိမ်မှုရှိတယ်လို့ဆိုကာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံရွာသားတွေအနေနဲ့ နေရပ်ကို ပြန်လည်နေထိုင်နိုင်ကြောင်း စစ်ကောင်စီက ဖိတ်ခေါ်ထားပါတယ်။

ဒါပေမယ့် သေ့ဘောဘိုးဒေသထဲမှာ လုံခြုံမှုမရှိသေးတာကြောင့် ဒေသခံရွာသားစစ်ဘေးရှောင်တွေအများစုဟာ ကျေးရွာအတွင်းကို ပြန်မနေရဲကြသေးဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောခွင့်ရ စောနန္ဒဆူးက ဆိုပါတယ်။

“မနေဘူးဗျ၊ သူတို့က မနေရဲတာပေါ့နော်၊ သူတို့ကိုအဲဒီလိုမျိုး သွားပြီးတော့ သရုပ်ဆောင်ပြခိုင်းတာပေါ့နော်၊ ဒါပေမယ့် တကယ့်တကယ် လုံခြုံမှုရှိတယ်လို့ မခံစားရတော့ စစ်ဘေးရှောင်တွေက သူတို့အိမ်၊ သူတို့ ကျေးရွာအတွင်းကိုပြန်ရဲတဲ့ အခြေအနေမှာတော့မရှိဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီက ဒေသခံရွာသားတွေအနေနဲ့ ကျေးရွာကို ပြန်လည်နေထိုင်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာလ(၂၈)ရက်နေ့က ဒီဇင်ဘာလ(၁)ရက်နေ့အထိ (၄)ရက်အတွင်း သေ့ဘောဘိုးကျေးရွာနဲ့ ဘလက်ဒိုကျေးရွာထဲကို ပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံရွာသားဦးရေ စုစုပေါင်း(၄၃၇)ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

နယ်မြေတည်ငြိမ်မှုရှိလို့ သေ့ဘောဘိုးကျေးရွာထဲမှာ စစ်ဘေးရှောင် ဒေသခံတွေ နေရပ်ကိုပြန်လည်နေထိုင်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ရုပ်သံတွေနဲ့တကွ ဝါဒဖြန့် ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး KHRG ပြောခွင့်ရသူ စောနန္ဒဆူးက အခုလိုပဲတုံ့ပြန်ပြောဆိုခဲ့ပါတယ်။

“လက်ရှိမြေမြှုပ်မိုင်းတွေမပေါက်သေးတာ ဘယ်လောက်လောက်ရှိနိုင်သေးလဲ မသိနိုင်ဘူးလေ၊ ဒါက တကယ်တော့နော် ဟန်လုပ်ပြီးမှ မျက်နှာရအောင် လုပ်ပြသလိုဖြစ်တာပေါ့နော်၊ တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ နယ်မြေလုံခြုံအေးချမ်းနေပြီ၊ ရွာသားတွေကိုလည်း သူတို့ကအကာအကွယ်ပေးနေပြီပေါ့ ဆိုတဲ့ဟာမျိုး မျက်နှာပြချင်(မျက်နှာရချင်)တဲ့ဟာမျိုးလုပ်တာဖြစ်တယ်ပေါ့၊ သူတို့ အထက်အရာရှိတွေနဲ့ ဟန်လုပ်ပြီးတော့မှ ပြောနေတာဖြစ်မယ်ပေါ့လေ” လို့ဆိုပါတယ်။

တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်းကို ပြီးခဲ့တဲ့ မေလအတွင်းက KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး (၇)လနီးပါးကြာ ထိန်းချုပ်ထားနိုင်ခဲ့ကာ စစ်ကောင်စီက အဲဒီစခန်းကို ပြန်လည်ရရှိဖို့နဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းအဖွဲ့က စခန်းကနေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အများအပြားလည်းကျန်ရှိနေသေးပြီး လေးကေကော်တိုက်ပွဲစလို့ တစ်နှစ်နီးပါးအကြာ အခုထက်ထိတိုင် နေရပ်ကိုမပြန်နိုင်သေးပဲ ဆက်လက်တိမ်းရှောင်နေဆဲပဲဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

Related Readings