Tue, 13 Dec 2022
ငြင်းဆို၍မရနိုင်တော့သော - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့်ရာဇဝတ်မှုနှင့် ဆယ်စုနှစ်သုံးခုအတွင်း ဒေသခံပြည်သူတို့၏သက်သေခံချက်များ (Press Release)

   

 

ယနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ “ငြင်းဆို၍မရနိုင်တော့သော - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့်ရာဇဝတ်မှုနှင့် ဆယ်စုနှစ်သုံးခုအတွင်း ဒေသခံပြည်သူတို့၏သက်သေခံချက်များ” အမည်ရှိသော နောက်ဆုံးထွက်အစီရင်ခံစာကို ထုတ်ဝေလိုက်ပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြန်မာစစ်တပ်မှ ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြည့်အဝခံစားခွင့် ရရှိခဲ့သည်။ ဤအပြစ်ဒဏ်ကင်းလွတ်ခွင့်သည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ဆက်လက်တည်ရှိနေပါသည်။ ဤအစီရင်ခံစာကို လွန်ခဲ့သည့်ဆယ်စုနှစ် သုံးခုအတွင်း ရွာသားများကြုံတွေ့ခဲ့ရသည့်လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နှုတ်ထွက်သက်သေခံချက်များ ကိုအခြေခံ၍ လေ့လာဆန်းစစ်ရေးသားထားပါသည်။ အစီရင်ခံစာတွင် လက်ရှိဖြစ်ပေါ်နေသည့်အကြမ်းဖက်မှုများ ကိုကြုံတွေ့ခံစားနေရသည့် ဒေသခံရွာသားများ၏ ဘဝအခြေအနေများကိုလည်းဖော်ပြထားပါသည်။ ထို့အပြင် မြန် မာစစ်တပ်အား အတိုက်အခံပြုသူမှန်သမျှကို အမြစ်ပြတ်ချေမှုန်း‌ရေးလမ်းစဉ်ဖြင့် ကာလကြာရှည်စွာ ဖိနှိပ်ခံမှုကိုရင် ဆိုင်‌ကျော်ဖြတ်လာရသူများသည် ထိုဒေသံရွာသားများဖြစ်ကြောင်းကိုလည်း မီးမောင်းထိုးပြထားပါသည်။ အတိတ် နှင့် ယခုလက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြန်လည်လေ့လာသုံးသပ်ကြည့် မည်ဆိုပါက ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူး လွန်သည့်ရာဇ ဝတ်မှုများသည် “ငြင်းဆို၍မရနိုင်တော့သော” ကျူးလွန်မှုများအဖြစ်သက်သေတည်နေပါသည်။ စစ် ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဆိုရာတွင် လူသားမဆန်စွာသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ ပြောင်းရွှေ့စေခိုင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း/ကျွန်ပြုခြင်း၊ ကျေးရွာများ အား ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း/ပြည်သူပိုင်ပစ္စည်းဥစ္စာများအား လုယက်ဖျက်ဆီးခြင်း၊ အခြေခံလိုအပ်ချက်များ ကိုပိတ်ပင်တားဆီးခြင်း/ဆာလောင်ငတ်မွတ်စေခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများပါဝင်ပါသည်။

ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ခြယ်သော မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတကာမှ သက်ဆိုင် ရာတာဝန်ရှိသူများအတွက် လိုအပ်သည့်သက်သေ အထောက်အထားများအား ရယူနိုင်ရန်အတွက် အတူတကွလုပ် ဆောင်ခဲ့သော ဒေသခံရွာသားများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှု များကိုလည်း ဤအစီ ရင်ခံစာတွင်ဖော်ပြထားပါသည်။ ထို့အတူ လွန်ခဲ့သည့်ဆယ်စုနှစ်သုံးခုများအတွင်း မြန်မာစစ်တပ်မှကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ၏တိကျခိုင်လုံသည့် သက်သေအထောက်အ ထားများကို တင်ပြထားသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းများမှ လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှု များလုပ်ဆောင်ရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့သည့်အကြောင်းများကိုလည်း ဤအစီရင်ခံစာတွင်ထည့် သွင်းဖော်ပြ ထားပါသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ ကွင်းဆင်းညွန်ကြားရေးမှူး စောအဲလ်ဘက်မှ “နှစ်ပေါင်း ၃၀ အတွင်း KHRG ရဲ့ လူ့အ ခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းပြုစုလာခဲ့တဲ့ အတွေ့အကြုံအရ  မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ဆိုးရွားလှတဲ့ ချိုး ဖောက်မှုတွေအပေါ်မှာ တာဝန်ယူမှုတာဝန်ခံမှု တစ်ခါမှမရှိခဲ့ဖူးဘူး။ ဒီအတွေ့အကြုံ အပေါ်မှာ အခြေခံပြီးတော့မှ မြန်မာပြည်မှာ အပြစ်ဒဏ်ကင်းလွတ်ခွင့်တွေကို အဆုံးသတ်ဖို့နဲ့ တရားမျှတမှုရရှိရေး ယန္တရားတည်ဆောက်ဖို့ လုံးဝ မျှော်လင့်ချက် မရှိတော့တဲ့အနေအထားမှာရှိနေပါတယ်။ ဒီအပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထတွေကို အဆုံး သတ်ဖို့ မျှော်လင့်လို့ရတာတစ်ခုက  နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူ‌ဆောင်ရွက်မှုတွေပြုလုပ်ဖို့ပဲ။ ဒါကိုမှ နိုင် ငံတကာအသိုင်းအဝိုင်းက ဆက်ပြီးလျစ်လျူရှုနေမယ်ဆိုရင်တော့ မြန်မာစစ်တပ်ရဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို သက် ဆိုးရှည်စေတာနဲ့အတူတူပါပဲ” ဟုဆိုခဲ့ပါသည်။

ဤအစီရင်ခံစာသည်လူ့အခွင့်အရေးချိုးဖောက်မှုများအား နိုင်ငံတကာအဆင့်တွင်ကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်း များအပြောင်းအလဲဖြစ်စေရန်နှင့် အနာဂတ်တွင်နည်းလမ်းသစ်များကို တည်ဆောက်ရာတွင် ဒေသခံရွာသာများ၏ အသံကိုနားထောင်ပြီး ၎င်းတို့နှင့်အတူလက်တွဲလုပ်ဆောင်ရာတွင် အထောက်အကူပြုမည်ဟု KHRG မှမျှော်လင့်ပါ သည်။ ပြည်တွင်း၊ ပြည်ပမှ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရန်မည် ကဲ့သို့ပံ့ပိုးမှုများပေးနိုင်ပြီး ဆိုးရွားသည့်အကြမ်းဖက်မှုများကို ခံစားရသည့်သူများအတွက်တရားမျှတမှုကို မည်ကဲ့ သို့ ဆောင်ကြဉ်းပေးနိုင်ရန်နှင့် ပစ္စုပ္ပန်နှင့်အနာဂတ်တွင် အခြားသောအကြမ်းဖက်မှုများ မဖြစ်ပွားစေရန် မည်ကဲ့သို့ တားဆီးကာကွယ်နိုင်ရန်အတွက် KHRG မှ အကြံပြုချက်များကိုလည်း ပေးထားပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာအစိုးရဌာနများနှင့် အလှူ ရှင်အဖွဲ့အစည်းများအတွက် KHRG မှ အောက်ပါအတိုင်း အကြံပြုချက်များကိုလည်းပေးထားပါသည်။

  • မြန်မာစစ်တပ်သည်လက်ရှိဖြစ်ပေါ်နေသည့်လူ့အခွင့်အရေးချိုးဖောက်မှုနှင့်လူသားချင်းစာနာထောက် ထားမှု အကြပ်အတည်းတို့၏အဓိကတရားခံဖြစ်သည်ကို လက်ခံအသိအမှတ်ပြုပြီး ၎င်းတို့နှင့်သဘော တူညီမှုများ လက်မှတ်ရေးထိုးခြင်းနှင့် ၎င်းတို့အားအထောက်အပံ့ပေးခြင်းအပါအဝင် စစ်ကောင်စီကို တရားဝင်မှုပေးခြင်းမှ ရပ်တန့်ရမည်။ 
  • လက်ရှိလူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများတွင် အခြားတိုင်းရင်းသားများနှင့်ဘာ သာရေးလူနည်းစုများအပေါ်ကျူးလွန်သည့် ပြစ်မှုများမပါဝင်သေးသည့်အတွက်ကြောင့် အားလုံးပါဝင် နိုင်အောင် စုံစမ်းစစ်ဆေးရေးတာဝန်ခံမှုအခန်းကဏ္ဍကိုပို၍ချဲ့ထွင်ရန်။
  • လေကြောင်းလောင်စာဆီတင်ပို့မှုကို ဆိုင်းငံ့ထားပြီး တင်ပို့မှုလမ်းစဉ်များတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ဖြစ်စေ ပါဝင်ကူညီပေးခြင်းမရှိအောင် လက်တွေ့အကောင်အထည် ဖော်ဆောင်ပါ။
  • လက်နက်ခဲယမ်းများ၊ ထောက်လှမ်းရေးနည်းပညာများနှင့် အခြားစစ်ဘက်ဆိုင်ရာ လုံခြုံရေးကိရိယာ များ၊ စစ်လေ့ကျင့်သင်ကြားရေးနှင့် အခြားသောစစ်ရေးနှင့် လုံခြုံရေးအကူအညီများအပါအဝင် မြန်မာ နိုင်ငံသို့ လက်နက်လွှဲပြောင်းမှုအားလုံးကိုရပ်ဆိုင်းရန်။

 

ဆက်သွယ်ရန် -

စောနန္ဒဆူး (စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ) - hsue@khrg.org
စောအဲလ်ဘက် (ကွင်းဆင်းညွန်ကြားရေးမှူး) - albert@khrg.org

Tue, 13 Dec 2022

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်