အသက် (၈၀) ခန့် အဖွားအို လက်နက်ကြီးကျည်သင့် သေဆုံး

Fri, 04 Nov 2022

  

KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ကေ့ာပြင်း (ခ)ထီးတိုလို ကျေးရွာ အတွင်းကို အနီးနားမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာထဲမှာ နေထိုင်နေတဲ့ အဖွားအိုတဦး သေဆုံးခဲ့တဲ့အကြောင်း ဒေသခံတွေကပြောပါတယ် ။ ညောင်လေးပင် ခရိုင်ထဲမှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မကြာခန ပစ်ခတ်နေတာကြောင့် ထိခိုက်ဒဏ်ရာရ သူတွေ ရှိနေတဲ့အကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောဆိုပေမဲ့ စစ်ကောင်စီဘက်က တုံပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။ မုန်းမြို့နယ်ထဲမှာတော့ ဒေသခံတွေ တော်တော်များများ နေအိမ်တွေကို မပြန်ရဲကြဘဲ တိမ်းရှောင်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်၊

ကရင်အမျိုးသားအစည်းအရုံး KNU ထိမ်းချုပ်ရာ ညောင်လေးပင်ခရိုင် ၊ မုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ မကြာခန ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြပေမယ့် ရွာထဲမှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခိတတွေကတော့ မပြေးနိုင်ကြတာကြောင့် ဒီရက်ထဲမှာပဲ လက်နက်ကြီး ထိမှန်သေဆုံးတာတွေ ရှိနေတယ်လို့ မုန်းမြို့နယ် ထဲက ထီးတိုလိုကျေးရွာသားတဦးက ပြောပြပါတယ်။

" မြန်မာ လို ခေါ်ရင်တော့ ကော့ပြင်းပေ့ါ ကရင်လိုခေါ်ရင် ထီးတိုလို လို့ခေါ်တယ် ။ ခမရ ၅၉၀ နဲ့ ကျနော်တို့ရွာနဲ့ ကပ်ရက်လေးပါပဲ။ လှမ်းခေါ်ရင်တောင် ကြားရတဲ့ နေရာလေးပါ။ ကပ်ရက်လေးကိုမှ ကျနော်တို့ ရွာထဲကို အလုံးကြီး ပစ်ထည့်တယ်ဆိုတော့ ကျနော်တို့ကို အတော်ဒုက္ခပေးတာပါပဲ။ ပစ်ထည့်တော့ ကျနော်တို့ရွာမှာ ရပ်ကွက် (၁)(၂)(၃)ရှိတယ် ။ အဲဒီထဲက ၂ရပ်ကွက်က ဒေါ်ချက်သေး အသက်က ၇၈ နှစ်ရှိတယ် ။ သူ့ကို ခေါင်းကော ဝမ်းဗိုက်ကော ထိလို့ သေသွားတယ်။ အခုချိန်ထိ ရွာမှာတော့ သူကတော့ မပြေးနိုင်လို့ ကျန်နေတာလေ။ ကျနော် အဲဒီနားက ကျေးရွာသားတွေ မြောင်းဦးတို့ ကျောင်းစုရွာသားတွေ ရေအိုးစဉ် ကျေးရွာတို့ စည်ပင်သာကျေးရွာက လူတွေလည်း အတော်များများ ပါတယ်။ ကျနော်တို့ မုန်းဒေသအုပ်စုက အတော်များများ ရှောင်နေရတုန်းပဲ ။ အိမ်မှာနေတဲ့သူ သေရတာဖြစ်တယ်။ ကျနော်တို့ရွာမှာ ခြေကျိုးပေါင်ပြတ် အယောက်၈၀ကျော်လောက်ရှိတယ်။ မိုင်းထိတဲ့သူတွေပေါ့။ သူတို့နဲ့ သက်ကြီးရွယ်အိုတွေပဲ ရွာထဲမှာကျန်ခဲ့တာ"

အခုဆိုရင် KNU ထိမ်းချုပ်ရာ ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲတွေမဖြစ်ပဲ လက်နက်ကြီးတွေ ပစ်ခတ်တာတွေကိုပဲ ကြုံနေရကြောင်း ဒီအတွက် ရွာတွေမှာ မနေရဲပဲ တိမ်းရှောင်နေရတယ်လို့ လည်းဆိုပါတယ် ။ စားဝတ်နေရေးအတွက် တောင်ယာလုပ်နေရတဲ့ သစ်ချဆိပ်ကျေးရွာသား ညီအကို၂ဦးဟာ အောက်တိုဘာလကုန်ပိုင်းက လက်နက်ကြီး ထိမှန်သေဆုံးတာ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ လည်းဒေသခံက ဆက်ပြောပြပါတယ်။

'' ရွာစကောကျေးရွာမှာ တောင်ယာအလုပ်လုပ်နေတာ သစ်ချဆိပ်ရွာက ညီအကိုနှစ်ယောက်ပါ။ ခမရ (၃၅၁) နဲ့ ခလရ (၆၀)က လက်နက်ကြီးနဲ့ ထုတော့ သူ့အကို ရဲမင်းဦး က သေပြီးတော့ သူ့ညီကတော့ ဒဏ်ရာရတယ်"

ကရင်ပြည်နယ် အတွင်းမှာ လူအခွင့်ရေး ချိုးဖောက်မူတွေ ရှိနေပြီး ဒေသခံပြည်သူတွေဟာ အကြောက်တရားတွေနဲ့ နေထိုင်နေရတယ်လို့လည်း ကရင်လူအခွင့်ရေးအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူး ကလည်း ပြောပြပါတယ် ။

" ဒေသခံ ပြည်သူတွေ ဆိုလို့ရှိရင်လည်း ကြောက်နေရတယ် ။ ပြေးနေရတုန်းပဲ။ နောက်တခါကျရင် IDPတွေဆိုရင်လည်း သူတို့အိမ်ကို ပြန်လို့ရှိရင် အဖမ်းခံရတာတွေ ပစ်သတ်ခံရတာတွေကို ကြုံရတယ် ။ အခက်အခဲတွေ ဒုက္ခတွေကတော့ အရင်တုန်းကအတိုင်း ရှိတုန်းပဲ ဒေသခံပြည်သူတွေကတော့ အကြောက်တရားနဲ့ နေနေရတာပါပဲ "

အခုဆိုရင် ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်ထဲမှာ မုန်း နဲ့ ကျောက်ကြီးမြို့နယ် နှစ်ခုရှိပြီး အဲဒီမြို့နယ်နှစ်ခုထဲက ကျေးရွာသား တသိန်းခွဲလောက်ဟာ နေရပ်မပြန်နိုင်ပဲ စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကပြောပါတယ်။

Related Readings