KNU တပ်မဟာ(၆)မှာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူ တစ်သိန်းနီးပါးအထိ ရှိလာ

Fri, 21 Oct 2022

  

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးစစ်ရေးဝင်ရောက်လှုပ်ရှားပြီး လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်မှုတွေကြောင့် ခရိုင်တစ်ခုလုံးအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့သူဦးရေ တစ်သိန်း နီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ KNU ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်ရဲ့ တောင်ဘက်ခြမ်း လေးကေကော် ဖလူး တောင်နီဒေသ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ အခုရက်ပိုင်းတွေထဲ စစ်ကောင် စီတပ်က တပ်အင်အားတိုးချဲ့ပြီး စစ်ရေးဝင်ရောက်လှုပ်ရှားလာတာကြောင့် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉)ရက်နေ့က တပ်မဟာ(၆)နယ်မြေ ညောင်ချောင်းကျေးရွာဘက်မှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့သလို မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ် ဘီးစကပ်ကျေးရွာဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဘီးစကပ်ကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ဘီးစကပ်ကျေးရွာဝန်းကျင်ကို လေယာဉ်နဲ့ ဗုံး(၅)လုံးကြဲချသွားခဲ့ကာ ထိခိုက်မှုကိုတော့ အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အခုလို စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်ခတ်မှုကြောင့် တပ်မဟာ(၆)နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့လူဦးရေဟာ အရင်ကထက် ပိုမိုများပြားလာတယ်လို့ KNU ပြောခွင့်ရပ ပဒိုစောတောနီးက ပြောပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ကရင်ပြည်နယ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ(၃၅၀၀၀၀)ကျော်ရှိလာပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ ထိခိုက်ဒဏ်ရာရရှိမှု၊ မြေမြုပ်မိုင်းပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရာယ်တွေကို ရင်ဆိုင်ကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Related Readings