ကျောက်ကြီးမြို့နယ် တိုက်ပွဲအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး

Tue, 04 Oct 2022

   

 

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်းစီဘက်က လက်နက်ကြီးတွေပစ်တဲ့အတွက် ကျေးရွာသား၂ဦးသေဆုံးပြီး ၅ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ပါတယ် ။ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ် ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲ မှာ စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ဟာ တိုက်ပွဲတွေဖြစ်တာ လချီကြာနေပြီဖြစ်ပါတယ်။ စက်တင်ဘာလကုန်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ဘောကထာစခန်းကနေ ကျေးရွာတွေထဲ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ဒေသခံရွာသား၂ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတဦးကပြောပါတယ်။

" ကျနော်တို့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြိုနယ်အပိုင်မှာ စစ်ကောင်စီတပ်တွေက ၂၉ရက် ညနေ ၅နာရီကျော်လောက်မှာ ဘောကထားစခန်းကနေ ဘော့ကထားကျေးရွာကို အာပီဂျီလက်နက်ကြီးပစ်တာ လူ၂ယောက်သေတယ်။ သေတဲ့သူရဲ့ ယောက်ကျားကတော့ ဦးပေါက်စ ၆၂နှစ်ပေါ့။ နောက်တယောက်ကတော့ မိန်းမတယောက်ကတော့ အညားမအေး က ၅၆နှစ်ပေါ့။ သေတဲ့သူ၂ယောက်ပါ။ နောက်ပိုင်းကျတော့
ဘောကထားကျေးရွာ ဘောကပဒဲကောကျေးရွာ ၊ ကောမဘီကျေးရွာ ၊ ကောရွာ၃ရွာက ကြောက်ပြီး ထွက်ပြေးတာ အိမ်ခြေပေါင်း ၈၅၀လောက်ရှိတယ်။ လူဦးရေကတော့ ၄ထောင်ကျော်လောက်ရှိတယ်။ အခုချိန်ထိ ထွက်ပြေးနေရတာ ။ ရွာကိုမကပ်နိုင်သေးဘူး။ အရင်တုန်းကလည်း ပဒဲကောကျေးရွာကို ရွာမီးရှို့မယ်ဆိုလို့ မောင်းထုတ်လို့ ထွက်ပြေးရတာ။ အခုလည် းလက်နက်ကြီးကျလို့ ထွက်ပြေးရတာ ရွာကိုမကပ်နိုင်တော့ဘူး"

ညောင်လေးပင်ခရိုင် ၊ မုန်းမြို့နယ် နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာတော့ သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာပဲ စစ်ဘေးရှောင်ရတဲ့ လူဦးရေ တသိန်းကျော်ရှိသွားပြီဖြစ်ပါတယ်။ ကေအန်ယူ ထိမ်းချုပ်ရာ တပ်မဟာအသီးသီးမှာ တိုက်ပွဲဖြစ်တာကြောင်ဒေသခံ လူထုတွေဟာ အကြောက်တရားတွေ နဲ့ နေထိုင်နေရတယ် လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့ ကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူး က အခုလိုပြောပါတယ် ။

"တိုက်ပွဲတွေဖြစ်နေတုန်းပဲ ၊ တပ်မဟာ(၆) ၊ တပ်မဟာ(၅) ၊ တပ်မဟာ(၁)၊ အခုလက်ရှိ တပ်မဟာ(၃)မှာတော့ ပစ်နေတုန်းပဲ။ ဒေသခံတွေကကြောက်နေရတယ်၊ ပြေးနေရတယ်၊ နောက်တခါဆိုရင် IDPs တွေဆိုရင် သူတို့အိမ်တွေကိုပြန်ကြည့်ရင်လည်း အဖမ်းခံရတာကြုံနေရတယ်၊ ပစ်သတ်ခံရတာမျိုးတွေလည်းကြုံရတယ် ၊ အခက်အခဲ ဒုက္ခတွေကတော့ အရင်အတိုင်းပဲရှိနေတုန်းပါပဲ၊ ဒေသခံတွေကတော့ အကြောက်တရားတွေနဲ့ နေနေရတယ်"

ကရင်ပြည်နယ် အတွင်းမှာတော့ တိုက်ပွဲတွေကြောင့်ဖြစ်စေ ၊ လေယဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့်ဖြစ်စေ၊ လက်နက်ကြီး ကျည်ဆံတွေကျရောက်တာကြောင့်လည်း ဒီလပိုင်းမှာ အရပ်သားတွေ ဆယ်ဂဏန်းလောက်ထိ ထိခိုက်သေဆုံးမူတွေရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

Related Readings