ကုလအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာများကို ရုပ်သိမ်းရန် အရပ်ဖက် ၈၆၄ ဖွဲ့ တောင်းဆို

Tue, 23 Aug 2022

    

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်၏ လုပ်ကိုင်ခွင့် အာဏာများကို လာမည့် စက်တင်ဘာလတွင် ပြုလုပ်ကျင်းပသွားမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့ (၈၆၄)ဖွဲ့ ပါဝင်၍ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နေ့စွဲဖြင့် ပူးတွဲထုတ်ပြန်တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ဆိုးရွားလှသော နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရာတွင် အထူးသံတမန်၏ လုပ်ပိုင်ခွင့် အာဏာဖြင့် ချဉ်းကပ်လုပ်ဆောင်မှုများသည် ထိရောက်မှုမရှိသည့် ဖြေရှင်းမှုနည်းလမ်းဖြစ်ကြောင်း ယခုလ ၁၆ ရက်နေ့က ကုလအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ယခုလို ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ် သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) အနေဖြင့် ယခုလ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့များတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းမှာ စစ်ကောင်စီကို တရားဝင်မှုပေးသည့် ပုံစံဖြစ်နေသဖြင့် ကုလအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာ ဏာများအပေါ် အရပ်ဖက်အဖွဲ့များက အပြင်းအထန် ဝေဖန်မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအရေးအပေါ် ၎င်းတို့၏သမားရိုးကျ ချဉ်းကပ်ပုံကို အဆုံးသတ်ရမည်ဖြစ်ပြီး ကုလသမဂ္ဂ၏ အထူးသံတမန်များမှတစ်ဆင့် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးအကျိုးဆောင်ရွက်ရန် ကြိုးပမ်း မှုများသည် အဓိပ္ပါယ်ရှိသောရလဒ်များ မည်သည့်အခါမျှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံတကာ ရာဇဝတ်မှု များအား ချိုးဖောက်ကျူးလွန်နေသူများကို တရားဝင်မှုပေးရာရောက်နေပြီး လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများကို ပို၍ပင် ဆိုးရွားနေစေကြောင်း ၎င်းတို့ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

ပူးတွဲထုတ်ပြန်ချက်ပါ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ ပြောခွင့်ရသူ စောနန္ဒဆူးက “မြန်မာနိုင်ငံရဲ့ အရေးမှာ အဓိက ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ အကုန်လုံး ပါဝင်လုပ်ဆောင်ကြရေး။ ပြီးရင် ပြည်သူတွေ လက်ခံတဲ့ ပြည်သူ တွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုပဲ အသိအမှတ်ပြုပြီးတော့မှ သူတို့နဲ့ ဝိုင်းဝန်းလုပ်ဆောင်ပေး ဖို့အ တွက် ကျနော်တို့ တောင်းဆိုထားတာရှိတယ်။ စစ်ကောင်စီနဲ့ လက်တွဲပြီးမှ မြန်မာနိုင်ငံရဲ့ အကြပ်အတည်း မြန်မာ နိုင်ငံရဲ့ အခင်းအကျင်းကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင်မှန်ကန်တဲ့ ဖြေရှင်းချက်မဟုတ်သလိုမျိုး စစ်ကောင်စီကို ရာ ဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုဆိုးရွားလာအောင် သူတို့ကို တမင်သက်သက် လမ်းကြောင်းဖွင့်ပေးသလို မျိုးဖြစ်စေတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

သို့သော် မြန်မာနိုင်ငံခရီးစဉ်သည် စစ်ကောင်စီကို တရားဝင်မှုပေးခြင်းမဟုတ်ကြောင်း ကုလအထူးသံတမန်က ခရီးစဉ်အပြီး ပြန်လည်ရှင်းလင်းပြောဆိုခဲ့သော်လည်း စစ်ကောင်စီဘက်မှ ၎င်းတို့တွေ့ဆုံမှုအပေါ် အစိုးရတစ် ရပ်အနေဖြင့် တရားဝင်အသိအမှတ်ပြုတွေ့ဆုံသည့် ပုံစံအနေဖြင့် နိုင်ငံပိုင် မီဒီယာများမှတဆင့် ပုံဖော်ရေးသား တင်ပြထားသလို သတင်းမီဒီယာတချို့ကိုလည်း ထိုသို့ ပြောဆိုထားသည်ကို တွေ့ရသည်။

ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့် တွေ့ဆုံဆွေးနွေးမှုများသည် စစ်တပ်ကို ပိုမိုအတင့်ရဲလာစေသည့်အပြင် လက်ရှိ တရားမဝင်စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် တိုးမြှင့်လုပ်ဆောင်လာနေသည့် ရက်စက် ကြမ်း ကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်၍ ကျူးလွန်စေလိမ့်မည် ဖြစ်သလို မြန်မာပြည်သူများ၏ တော်လှန်ရုန်း ကန်မှုအပေါ်ထိခိုက်စေပြီး ကုလသမဂ္ဂအနေဖြင့် မည်သူမျှ ထိခိုက်နစ်နာမှုမရှိစေရဟူသောမူကိုပင် ဖောက်ဖျက်ရာမြောက်ကြောင်းလည်း အရပ်ဖက်အဖွဲ့များက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရာတွင် ကုလအထွေထွေညီလာခံ၏ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးကို အဓိကထားသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် မြန်မာပြည်သူ လူထု ၏ ဆန္ဒနှင့်တောင်းဆိုချက်များကို ထင်ဟပ်စေသည့် တိကျခိုင်မာသော အရေးယူဆောင်ရွက်မှုများ စီစဥ် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း အရပ်ဖက်အဖွဲ့များက အကြံပြုတောင်းဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း ဆိုးရွားလှသော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် (UN Secretary-General) အနေဖြင့် ၎င်းကိုယ်တိုင် မြန်မာနိုင်ငံနှင့်ပတ်သက်သော အခန်းကဏ္ဍတစ်ခု တာဝန်ယူပြီး တိကျပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ ကတိကဝတ်ကို ပြသရန်လည်း ဆက်လက်တောင်းဆိုလိုက် သည်။

၎င်းကုလအထူးကိုယ်စားလှယ်၏ စစ်ကောင်စီ ခေါင်းဆောင်နှင့် တွေ့ဆုံမှု မတိုင်ခင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှင့် ဧပြီလအတွင်း ကုလသမဂ္ဂအထူးသံတမန်နှင့် အရပ်ဖက်လူထုအဖွဲ့အစည်းများ တွေ့ဆုံခဲ့သေးပြီး အရပ်ဖက် အဖွဲ့အစည်းများမှ စစ်တပ်၏ပါဝင်ပတ်သက်မှု ကင်းစင်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့်မျှော်မှန်းချက်များအား အဓိကကျသည့် အကြံပြုတိုက်တွန်းချက်များကို ကုလ သမဂ္ဂအထူးသံတမန်ထံ တင်ပြခဲ့သော်လည်း ၎င်းတို့ကို လျစ်လျူရှု၍ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမှု လုပ်ရပ် အပေါ် အံ့ဩတုန်လှုပ်မိကြောင်းလည်း အရပ်ဖက်ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ကုလအထွေထွေညီလာခံမှ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကိုရုပ်သိမ်းပြီးပါက ၎င်းအစား ကုလအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာပြည်သူလူထု၏ အကျိုးမျှော်ကိုးပြီး ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှုကို ပြန်လည်ပြင်ဆင်ရန်အတွက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် ခေါင်းဆောင်မှုနေရာယူ လုပ်ဆောင်ရမည်ဖြစ်ကြောင်း နှင့် တစ်ချိန်တည်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် အထူးခုံရုံး တစ်ခုဖွဲ့စည်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း အရပ်ဖက် ၈၀၀ ကျော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြတောင်းဆိုထားသည်။

ကုလအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် အရပ်ဖက်အဖွဲ့များ၏ ပြစ်တင်ရှုတ်ချများအပြင် နိုင်ငံ တကာအဖွဲ့အစည်းတချို့နှင့် မြန်မာပြည်တွင်း တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများမှလည်း ပြစ်တင်ရှုတ်ချ ဝေဖန်မှုအမျိုးမျိုး ပြုလုပ်ခဲ့ကြသေးသည်။

Related Readings