အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တို့ရဲ့ မိုးတွင်းကာလ အခက်အခဲ

Mon, 30 May 2022

    

 

ကရင်ပြည်နယ် KNU ထိန်းချုပ်ရာနယ်မြေတွေ အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည်တွေဟာ အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပဲ တောတောင်တွေထဲမှာပဲ နေထိုင်နေရတဲ့အတွက် သောက်သုံးရေရှားပါးမူ သောက်သုံးရေ မသန့်ရှင်းမူတွေကြောင့်ဝမ်းပျက်ဝမ်းလျောတွေဖြစ်နေကြပါတယ်။ အဲဒီထဲက KNU တပ်မဟာ(၁) ထိန်းချုပ်ရာ ဘီလင်းမြို့နယ်ထဲမှာတော့ ကလေးငယ်တဦး သေဆုံးမှုတွေ ရှိနေတယ်လို့ ကရင်လူ့ အခွင့်ရေးအဖွဲ့KHRG ကပြောပါတယ်။ KNU က မေလ ၂၉ ရက်နေ့ ထုတ်ပြန်ချက် အရ စစ်ဘေးဒုက္ခသည်တွေဟာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် KNU ထိန်းချုပ်ရာ နယ်မြေတွေအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည် ၁၀၀,၀၀၀ ကျော် ရှိပြီး စစ်ပွဲတွေကြောင့် အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပဲ တောတောင်တွေထဲမှာ နေထိုင်နေရသလို ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော် ဘက်က ဒုက္ခသည်တွေကတော့ သောင်ရင်းမြစ် အနီးမှာပဲ နေထိုင်နေရပါတယ်။ အခုလို မိုးတွင်း ကာလမှာ စစ်ဘေးဒုက္ခသည်တွေဟာ မြေကြီးပေါ်မှာပဲ နေထိုင်နေရတဲ့ အတွက် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေဟာ ကျန်းမာရေး ထိခိုက်မူတွေ ရှိနေပါတယ်။ ဆေးဝါးမလုံလောက်မှု၊ သောက်သုံးရေ မသန့်ရှင်းမှုတွေကြောင့် KNU တပ်မဟာ (၁) ထိန်းချုပ်ရာ ဒေသ ဘီးလင်းမြို့နယ်ထဲက ဒုက္ခသည်ကလေးတဦး ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ ကရင်လူ့ အခွင့်ရေးအဖွဲ့KHRG က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

“တပ်မဟာ (၁) ပေါ့ တပ်မဟာ ၁ က IDP တွေက တော့ ဆေးဝါးထောက်ပံ့မူတွေ လိုအပ်နေတာတွေ ရှိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝမ်းလျော ဝမ်းပျက် ရောဂါတွေ အပြင် တချို့က ဖျားနာတွေလည်း ကြုံနေရတာရှိတယ်။ ပြီးခဲ့တဲ့ တပတ်တုန်းကလည်း ကလေးငယ်တ တယာက် IDP ထဲက ဘီလင်းမြို့နယ်ထဲကပေါ့။ ဆုံးသွားတာ ရှိတယ်။ အယောက် ၂၀ လောက် ဝမ်းလျောဝမ်းပျက်တွေ ဖြစ်နေတယ်လို့ သူတို့ကတော့ ပြောတာပေါ့။ ”

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ် လောက်က စခဲ့တဲ့ တိုက်ပွဲတွေကြောင့်ကော စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့်ပါ ကရင်ပြည်နယ် လေးကေ့ကော် ဘက်က ဒုက္ခသည်တွေလည်း နေရပ်မပြန်နိုင်တာ ၆ လ နီးပါး ရှိသွားပြီဖြစ်ပါတယ်။ ဒုက္ခသည် အများစုဟာ သောင်ရင်းမြစ် အနီးမှာ တဲထိုးပြီး နေထိုင်နေကြတာပါ။ အခုလို မိုးတွင်းကာလမှာ မိုးကြီးတာ၊ လေပြင်းတိုက်တာတွေကြောင့် လေးကေ့ကော် ဘက်မှာ ဒုက္ခသည်တွေရဲ့ တဲအိမ်တွေ ပြိုပျက် ပျက်စီးသွားတာတွေလည်း ရှိနေပါတယ်။ ဒီအတွက် အမိုးအကာ မလုံလောက်မူတွေလည်းှ ရှိနေပါတယ်။

ဒုက္ခသည်တွေဟာ အဓိက သောင်ရင်းမြစ်ရေကို အားပြုပြီး ချက်ပြုတ်တာ၊ သောက်သုံးတာတွေ လုပ်နေရတဲ့ အတွက် မိုးတွင်းကာလမှာ မြစ်ရေတွေက နောက်ကျိပြီး မသန့်ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါတွေနဲ့ တခြား ကျန်းမာရေး ထိခိုက်မူတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

“ လေးကေ့ကော် ဘက်က ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည်တွေလည်း အခက်အခဲတွေ ကြုံနေရတာရှိတယ်။ အခုလိုမျိုး တချောင်းလုံးရေတွေ နောက်တယ်။ ရေတွေ မသန့် ဖြစ်နေတဲ့အပေါ်မှာလည်း သောက်သုံးရေ အခက်အခဲတော ကြုံနေရတာလည်းရှိတယ်။ နောက်ပြီးတော့ မိုးရွာတယ်။ ရေနောက်နေတယ် ဆိုတော့ သူတို့လည်း အခက်အခဲတွေ ကြုံနေရတာပေါ့။ ”
KNU ထိန်းချုပ် နယ်မြေ တပ်မဟာ အသီးသီးမှာတော့ တိုက်ပွဲတွေ မငြိမ်သက်တဲ့ အတွက်လည်း ဒုက္ခသည်တွေဟာ နေရပ်တွေကို မပြန်နိုင်ကြသလို အသက်မွေးဝမ်းကျောင်းတဲ့ အလုပ်တွေ ဆုံးရှုံး နေဆဲဖြစ်တယ်လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူး က ပြောပါတယ်။

“ လူအခွင့်ရေး ချိုးဖောက်မူတွေကတော့ တပ်မဟာ (၄) မှာလည်း ရမ်းသမ်းပစ်ခတ်မူတွေရှိနေတုန်းပဲ။ တပ်မဟာ (၆) ဘက်မှာလည်း ရမ်းသမ်းပစ်ခတ်မူတွေက ရှိနေတုန်းပဲ။ ပြီးလို့ရှိရင် IDP တွေကတော့ အသက်မွေးဝမ်းကျောင်း လုပ်ဖို့ ပြန်တော့နေချင်နေကြတယ်။ အခုဟာက စပါးစိုက်တဲ့ ရာသီ ရောက်နေပေမယ့် အခုထိပြန်မရဲကြသေးဘူး။ ဒါကြောင့် အသက်မွေးဝမ်းကျောင်း ရတဲ့ အခွင့်ရေးတွေလည်း ဆုံးရှုံးနေရဆဲပဲ။ ”

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ KNU ထိန်းချုပ်ရာ တပ်မဟာတွေဖြစ်တဲ့ သထုံခရိုင် တပ်မဟာ (၁)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာခရိုင် တပ်မဟာ (၆) တို့မှာ မိုးရာသီကာလမှာ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေး နေထိုင်ရေး စားဝတ်နေရေးတွေ အခက်အခဲတွေ ရှိနေပြီး သွားလာဖို့ ခက်ခဲတဲ့ နေရာတွေ အကူညီတွေ လက်လှမ်းမမှီတဲ့ နေရာတွေမှာ လူသားချင်း စာနာတဲ့ အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း KNU က မေလ၂၉ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။

Related Readings