အာဆီယံ စာနာမှုအကူပေးရေးအစီအစဉ် အဆင်ပြေနိုင်ခြေအလားအလာ

Mon, 16 May 2022

   

 

အာဆီယံက မြန်မာနိုင်ငံက စစ်ရှောင်အရေးကို ကူညီဖြေရှင်းပေးဖို့ သူတို့ စိတ်ဝင် တစားရှိတယ်ဆိုတာ မကြာသေးခင်က ကမ်းလှမ်းပြောဆိုထားပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်အလယ်ပိုင်းနဲ့ ချင်း၊ ကရင်၊ ကချင်၊ ကယားဘက်မှာ စစ်ပွဲတွေရှိပြီး ဒီလိုအာဆီယံရဲ့ အကူအညီတွေအတွက် အဟန့်အတားဖြစ်နိုင်မလားဆိုတာ စိုးရိမ်မှုတွေရှိနေကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာအလယ်ပိုင်းဒေသတချို့အပါအဝင် နယ်စပ်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တရက်ထက် တရက် မြင့်တက်လာနေတာလို့ စစ်ပြေးရှောင်အကူအညီပေးသူတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာလည်း တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁,၀၀၀ ကျော်ရှိနေပါတယ်။ ဒီဒုက္ခသည်တွေကို ပုလောကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကူညီစောင့်ရှောက်ထားပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ပုလောကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပုလောဘက်မှာကျတော့ (စစ်ရှောင်) ၁,၀၀၀ ကျော်သွားပြီ။ ဘယ်ရွာတွေလဲဆိုတော့ အခုလတ်တလောအခြေအနေမှာ ကျောင်းနိမ့်ရယ်၊ နောက်ပြီးတော့ ပုလဲတောင်။ နောက်ပြီး ကသဲတို့ အဲ့ဒီဘက်ကနေ လာရှောင်ကြတာပေါ့။ နောက်ပြီးတော့ ပုလောကုန်းတို့ အဲ့ရွာပေါ့။ တိုက်ပွဲဖြစ်တဲ့ နေရာတွေ တော်တော်များများပေါ့နော်။ အဲ့ဒီက ပြည်သူလူထုတွေက မနေရဲဘူး၊ မနေရဲဘဲနဲ့ အထဲဝင်လာကြတာပေါ့။ အခု သူတို့အတွက် လိုအပ်တာတော့ ဆေးဝါနဲ့ ရိက္ခာပေါ့နော်။”

အလာတူ ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် မကွေးတိုင်း ဆောမြို့နယ်ဘက်ကို လနဲ့ချီကြာအောင်တိမ်းရှောင်လာတဲ့ ကန်ပတ်လက်စစ်ပြေးရှောင် ဒေသခံတွေ ရာဂဏန်းလောက်ရှိပါတယ်။ စစ်ပြေးဒုက္ခသည်တွေကြား ဖျားနာနေကြတဲ့အပြင် စားရေးသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း စစ်ပြေးရှောင်တဦးက ပြောပါတယ်။

“အခုအချိန်ဆိုလို့ရှိရင်တော့ တယောက်ပြီးတယောက်ပေါ့။ ကူးစက်ရောဂါလိုမျိုးပေါ့ ဖျားနာတာတွေက ရှိနေတယ်။ အဆင်မပြေဘူးပေါ့။ အရင်နေရာမှာပဲ ရှိသေးတယ်။ မပြန်နိုင်ကြသေးဘူး ဟုတ်။ ပြန်ဖို့ဆိုလို့ကတော့ ခဏခဏ ကျနော်တို့ နေတဲ့ ကန်ပတ်လက်မှာလည်း ပစ်နေကြတာနဲ့တော့ ပြန်လို့မရသေးလို့။ အရင်နေတဲ့ နေရာမှာ ရိက္ခာပိုင်းကအစ ပြီးလို့ရှိရင် ကျန်းမာရေးကအစ အဆင်ပြေဘူး။”

လက်ရှိအခြေအနေမှာ ကရင်၊ ကချင်၊ ကယား ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်အတော်များများမှာ စစ်ပွဲတွေရှိပြီး လက်ရှိအခြေအနေနဲ့ အာဆီယံက ပေးမယ့် အကူအညီတွေအတွက် အဟန့်အတားတခုဖြစ်စေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

“လက်ရှိ အခြေအနေမှာကျတော့ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အာဆီယံမှာမှမဟုတ်ပါဘူး။ ဒီအကူအညီထောက်ပံ့ပေးနေတဲ့ အစုအဖွဲ့ မှန်သမျှ ကျတော့ အခက်အခဲတွေ အများကြီးရှိတာပေ့ါ။ ဘာလို့လဲဆိုလို့ရှိရင် လုံခြုံရေးမရှိတော့တဲ့ ဒီဒေသအတွင်းမှာဆိုလို့ရှိရင် လူသားချင်းစာနာထောက်ထားမှုကို ပေးပို့ဖို့အတွက် ဒါ အများကြီးအခက်အခဲရှိတာပေါ့နော်။ အချိန်နဲ့တပြေးညီ သယ်ယူပို့ဆောင်လို့ မရဘူးပေါနော်။ ဒါကြောင့်မို့လို့ ဒီလိုမျိုးဆက်လက်ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေဟာဆိုလို့ရှိရင် အထူးသဖြင့် စစ်ပြေးရှောင်တွေအတွက် ဒီလူသားချင်းစာနာ ထောက်ထားမှုအကူအညီနဲ့ စုပေးဖို့ ဒါ ကြီးမားတဲ့အဟန့်အတားတခုကို ဖြစ်စေတယ်ပေါ့။”

ချင်းပြည်နယ် CDF ကန်ပတ်လက် တာဝန်ရှိသူတဦးကတော့ စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီတွေရောက်လာမယ်ဆိုရင် လုံခြုံရေးအတွက် အကူအညီပေးသွားမယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်တို့ ချင်းပြည်နယ်ထဲမှာ တကယ်လို့ အဲ့လိုမျိုးအကူအညီပေးနိုင်မယ့် အဖွဲ့ အစည်းတွေ ရောက်လာလို့ရှိရင်တော့ လုံခြုံရေးကတော့ ကျနော်တို့ ဒီ CDF ကာ ကွယ်ရေးတပ်ဖွဲ့ကပေါ့နော် အပြည့်အဝ တာဝန်ယူပြီးခါမှ အဲ့ဒီစစ်ဘေးရှောင်တွေ ရှိတဲ့နေရာတွေကို လိုက်ပြလိုက်ပို့လို့ရပါတယ်ခင်ဗျ ဟုတ်ကဲ့။”

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထဲက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးခွင့်ပြုဖို့ စစ်ကောင်စီဘက်ကလည်း တစုံတရာသဘောတူထားပါတယ်။ မြန်မာနိုင်ငံ လူသားချင်းစာနာကူညီမှုအထောက်အပံ့ပေးရေး အာဆီယံညှိနှိုင်းဆွေးနွေးပွဲမှာလည်း မြန်မာစစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တက်ရောက်သလို ဒါဟာ ဒုတိယအဆင့် ဆွေးနွေးမှုဖြစ်တယ်လို့ဆိုထားပါတယ်။ ဒီအတွက် အကူအညီပေးရေး အသေးစိတ်အခြေအနေတွေ ဆက်ဆွေးနွေးရဦးမှာဖြစ်ပါတယ်။

အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးအပ်နိုင်ရေး အစီအစီနဲ့ ပူးတွဲကာကွယ်ဆေးထိုးနှံပေးရေးမူဘောင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေ ညှိနှိုင်း ဆွေးနွေးနေကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

အာဆီယံက ပေးမယ့် အကူအညီတွေကို စစ်ကောင်စီကသာ စီမံဆုံးဖြတ်မယ်ဆိုရင် တကယ်လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေ မရောက်နိုင်ဘူးလို့ ကရင်လူ့ အခွင့်အရေး ကရင်လူ့အခွင့်အရေးအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆက်ပြောပါတယ်။

“စစ်ကောင်စီတွေကို အသိအမှတ်မပြုဖို့နဲ့ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်မှုမပြုဖို့ ဒါ ကျနော်တို့ အမြဲတမ်းတောင်းဆိုနေတာပေါ့နော်။ ဘာလို့လဲဆိုလို့ရှိရင် စစ်ကောင်စီသည်သာလျှင် သူတို့က ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ကန့်သတ်ပိတ်ပင်တဲ့အဖွဲ့ ဖြစ်တယ်နော်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ အဖွဲ့ဖြစ်တယ်။ အဲ့ဒါကြောင့်မို့ သူတို့နဲ့တော့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ ကျနော်တို့က ခိုင်ခိုင်မာမာတောင်းဆိုထားတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ တကယ်လို့ သူတို့ကနေတဆင့် ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီလုပ်ငန်းတွေကို ပူးတွဲလုပ်ဆောင်တယ်ဆိုလို့ရှိရင်တော့ လိုအပ်နေတဲ့ ဒီပြည်သူလူထုဆီရောက်ရှိနိုင်မယ်လို့ ကျနော်တို့ကတော့ မယုံကြည်ဘူးခင်ဗျ။”

အာဆီယံတွေအနေနဲ့ လူသားချင်စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ဆောင်တဲ့နေရာ မြန်မာနိုင်ငံ NGO အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ပြီး တကယ့်အကူအညီလိုအပ်နေတဲ့ သူတွေဆီ ထိထိရောက်ရောက် အကူအညီပေးဖို့အတွက် စစ်ပြေးရှောင်ကူညီပေးသူတွေက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှုမရှိတဲ့ အခြေအနေတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ယခုနှစ် မေလ ၂ ရက်နေ့အထိ ၉၃၆,၇၀၀ ဦး ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA)က မနေ့က ထုတ်ပြန်ထားပါတယ်။

Related Readings