စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်

Tue, 10 May 2022

   

 

အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင် အခြားသက်ဆိုင်သူများ မပါဘဲ စစ်ကောင်စီနှင့်သာ လက်တွဲလုပ်မည့် ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက ကန့်ကွက်သည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရေး အတိုင်ပင်ခံ အစည်းအဝေးကို ကမော္ဘဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တွင် မေ ၅ရက်မှ ၆ရက်အထိ ၂ရက်တိုင် ကျင်းပခဲ့ရာ စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်အား တက်ရောက်ခွင့်ပြုပြီး အကူအညီများပေးရေး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံက အကူအညီပေးမည့် ဒေသများမှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ပဲခူးတိုင်းတို့ဖြစ်ပြီး အကူအညီများကို စစ်ကောင်စီ၏ လုပ်ငန်းအဖွဲ့ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကမော္ဘဒီးယားနိုင်ငံဘက်က သတင်းထုတ်ပြန်သည်။

ယင်းအစည်းအဝေးတွင် စစ်ကောင်စီကိုယ်စားလှယ်က လူသားချင်းစာနာမှု အကူအညီများ ပေးခြင်းအပေါ် အခွန် ကောက်မည်ဆိုသဖြင့် ယင်းကြိုးပမ်းချက်ကို လက်လျော့ရန် ဝိုင်းဝန်းစည်းရုံးခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ် ကမော္ဘဒီးယားနိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆိုခွန်းက သတင်းထောက်များကို အစည်းအဝေးအပြီး ပြောသည်။

အာဆီယံပေးမည့် အကူအညီများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပါကြောင်းသိရပြီး မည်သည့်ကာလတွင် စတင် ကူညီမည်ဆိုသည့်အချက်ကိုမူ အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်သည့် ကမော္ဘဒီယားနိုင်ငံဘက်က သတင်း ထုတ်ပြန် ခြင်း မရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ အာဆီယံ အတိုင်ပင်ခံအစည်းအဝေး ဆုံးဖြတ်ချက်ကို စိုးရိမ်ပူပန်သလို စိတ်ပျက်ကြောင်းလည်း မေ ၇ရက်က ကြေညာချက်ထုတ်ပြန်သည်။

အာဆီယံ အတိုင်ပင်ခံ အစည်းအဝေးဆုံးဖြတ်ချက်သည် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပါအဝင် မြန်မာနိုင်ငံ၏ အခြားအရေးပါသော သက်ဆိုင်သူများအား ဖယ်ထုတ်၍ စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့အား လူသားချင်းစာနာမှုအကူအညီများ တုံ့ပြန်ရေး ဗဟိုချက်တွင် နေရာရစေခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထိုသို့ လုပ်ပိုင်ခွင့် ရရှိစေခြင်းသည် လူသားချင်းစာနာမှု အကူညီများ အရေးပေါ်ပေးပို့ခြင်းအား အကောင်အထည်ဖော် နိုင်မည်မဟုတ်ဘဲ စစ်ကောင်စီ၏ စီမံခန့်ခွဲခွင့်နှင့် အုပ်ချုပ်ရေးယန္တရားကိုသာ ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း NUG ဘက် ကထောက်ပြသည်။

NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောကလည်း “စစ်ကောင်စီကိုယ်စားလှယ်ပဲ ပါတယ်။ အဲဒီကတည်းက လွဲနေပြီ။အဲဒါတင်မကဘူး ဒီအစည်းအဝေးလုပ်တဲ့ အခါမှာ Stakeholders တွေအားလုံး မပါတဲ့အပြင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဖိတ်ထားပြီးတော့ နောက်ပြန်လည် ဖျက်သိမ်းလိုက်တယ်။ ဒါက အင်မတန် အရုပ်ဆိုးတယ်။ မဖြစ်သင့်တဲ့ စိတ်ပျက်စရာကောင်းတဲ့ ဖြစ်ရပ်လို့ မြင်ပါတယ်။ အခုက အနာနဲ့ဆေးလွဲနေတယ် ဆို တာ ထက် အနာကိုပိုပြီး ဆားနဲ့ပက်သလိုများ ဖြစ်နေသလား” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် အကူအညီများကို အမှန်တကယ်လိုအပ်နေသူများထံ ပို့ပေးမည်မဟုတ်ဘဲ နိုင်ငံရေး လက်နက်အဖြစ် အသုံးချလိမ့်မည်ဖြစ်ကြောင်း သူကပြောသည်။

“လူတွေကို တရားမဲ့ ဖမ်းဆီးပြီး နှိပ်စက်ညှင်းပန်းပြီး သတ်နေတယ်။ လသားကလေးတွေပါ မကျန်ဖမ်းနေတယ်။ အိမ် တွေ ချိပ်ပိတ်တယ်။ မီးရှို့တယ်၊ ဒီလို မျိုးစုံလုပ်နေသူတွေက သန်းပေါင်းများစွာသော ဒုက္ခရောက်နေသူတွေကို ပေးဖို့ ဆိုတာ ဖြစ်ပါ့မလား၊ လူထုဆီ မရောက်ဘဲ သူတို့ အကျိုးစီးပွားအတွက် ဟန်ပြလုပ်မယ်။ ဒီဟာကို အသုံးချပြီး နိုင်ငံရေး အရ အမြတ်ထုတ်ဖို့ ကြိုးစားမယ်။ လူသားချင်း စာနာမှု အကူအညီတွေကို သူတို့ရဲ့လက်နက်အနေနဲ့အသုံးချမယ်။ တိုင်းရင်းသားဒေသတွေကို ဒါနဲ့ အပေးအယူ လုပ်ဖို့ ကြိုးစားမယ်။ ဖိအားတွေပေးဖို့ ကြိုးစားတာတွေ ဖြစ်လာလိမ့်မယ်” ဟု ဦးကျော်ဇောက မှတ်ချက်ပေးသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ မှ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းကမူ အာဆီယံ အနေနှင့် မြန်မာနိုင်ငံ အရေးတွင် သက်ဆိုင်သူအားလုံးကို မဖိတ်ခေါ်ဘဲ စစ်ကောင်စီကိုယ်စားလှယ်ဖြင့်သာ တိုင်ပင်ပြီး အကူအညီပေးရန် ဆုံးဖြတ်လိုက်ခြင်းသည် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထဲမှ သက်ဆိုင်သူအားလုံးပါဝင်ရမည်ဆိုသည့် အချက်ကိုပင် ချိုးဖောက်သကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြသည်။

“စစ်ကောင်စီနဲ့ တဖက်သတ်ညှိနှိုင်းမှုတွေ လုပ်ပြီးမှ ထွက်လာတဲ့ အဖြေက အဓိပ္ပာယ်မရှိတဲ့ အဖြေပါပဲ။ အာဆီယံ အနေနဲ့ အာဆီယံ သဘောတူညီချက်ထဲမှာပါတဲ့ အတိုင်း ဘက်ပေါင်းစုံ ပါဝင်ပြီးတော့ ဆွေးနွေးမှုတွေ တိုင်ပင်မှုတွေ လုပ်ပြီးမှ အဲဒီရလဒ်ကို မူတည်ပြီး လုပ်သင့်ပါတယ်။ သူတို့ကိုယ်တိုင်က မလိုက်နာတဲ့ပုံစံဖြစ်နေတာပေါ့” ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ချင်းပြည်နယ်တွင် ပြည်နယ်လူဦးရေ၏ ၂၀ ရာခိုင်နှုန်း သည် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အိမ်ခြေ ၁၅၀၀ ခန့် မီးရှို့ဖျက်ဆီးခံထားရကာ ဖမ်းဆီးခံထားရသူ ၁၀၀၀ ကျော်ရှိ ကြောင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၂၃၀ အသက်ဆုံးရှုံးထားရကြောင်း ဆလိုင်းဇအုပ်လိန်းက ပြောသည်။

ဆက်လက်၍ ၎င်းက “အမှန်တကယ်ဆိုရင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ ပြည်သူတွေက စစ်ကောင်စီက မထိန်းချုပ်နိုင်တဲ့ နယ်မြေတွေဆီ ထွက်ပြေးနေရပါတယ်။ သူတို့ကပဲ ကူညီ ထောက်ပံ့မှုတွေ လိုအပ်နေတာပါ။ သူတို့ကို ထောက်ပံ့မှုပေးမယ်ဆိုရင် စစ်ကောင်စီက လက်လှမ်းမမှီတဲ့ ဒေသတွေမှာ နယ်စပ်ဒေသမှာပဲဖြစ်ဖြစ်၊ အခြား ပြည်မထဲက စစ်ကောင်စီရဲ့ တပ်တွေ မရှိတဲ့နေရာမှာပဲဖြစ်ဖြစ် အထူးလိုအပ်ချက် တွေရှိနေပါတယ်။ ဒါကြောင့် စစ်ကောင်စီမပါတဲ့ ထောက်ထားမှုကို ပေးတဲ့ဟာမျိုးဖြစ်ဖို့ အရေးကြီးပါတယ်” ဟု ဆို သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ညွှန်ကြားရေးမှူး နော်ထူးထူးကလည်း အာဏာသိမ်းစစ်ကောင်စီသည် မြန်မာ နိုင်ငံတွင် ကြုံနေရသည် မတည်မငြိမ်မှုများဖြစ်စေရန် စတင်လုပ်ဆောင်သည့် အကြမ်းဖက်သမားများဖြစ်ပြီး လက်ရှိ ကာလတွင်လည်း ပြည်သူလူထုကို သတ်ဖြတ်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်နေဆဲ ဖြစ်ကြောင်းဆိုသည်။

ထိုသို့ လူ့အခွင့်အရေးချိုးဖောက်သူများကို အကူအညီပေးမည့် အစီအစဉ်၏ ဦးဆောင်ဦးရွက်နေရာတွင် အာဆီယံ အဖွဲ့က ထားရန်ဆုံးဖြတ်ခြင်းသည် ယုတ္တိမရှိသည့် ဆုံးဖြတ်ချက်ဖြစ်ပြီး အာဆီယံက ပေးမည့်အကူအညီ များသည် လည်း အမှန်တကယ်လိုအပ်နေသူများထံ ရောက်ရှိလိမ့်မည် မဟုတ်ကြောင်း ၎င်းက ထောက်ပြသည်။

“စစ်ကောင်စီက စစ်ဘေးဒုက္ခကြုံနေရတဲ့နေရာကို အကူအညီတွေပို့မှာမဟုတ်ဘူး။ သူတို့မြို့တွင်းလောက်ပဲ ထားမှာ။ တခြားအများစု ခံစားနေရတဲ့သူတွေဆီကို မရောက်မှာ သေချာနေပြီလေ။ ကျမတို့ ပြောချင်တာက သူတို့ကိုယ်တိုင် ဖျက်လိုဖျက်ဆီးလုပ်နေတဲ့သူတွေက လူသားချင်းစာနာမှုအကူအညီတွေကို ခေါင်းဆောင်မယ်ဆိုတာက ဟာသဖြစ် မနေဘူးလား။ ယုတ္တိကတော့ လုံးဝမရှိဘူး” ဟု ၎င်းက ဆိုသည်။

အာဆီယံအတိုင်ပင်ခံ အစည်းအဝေး၌ စစ်ကောင်စီကိုယ်စားလှယ် ဦးကိုကိုလှိုင်က အကူအညီများအားလုံးကို ရန်ကုန် လေဆိပ်နှင့် ပင်လယ်ဆိပ်ကမ်းမှတဆင့် ပို့ပေးရမည်ဟု ပြောဆိုထားပြီး အဆိုပါပြောချက်ကို ကြည့်ပါက အကူအညီ များ အားလုံးကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရန် ရည်ရွယ်နေကြောင်း နော်ထူးထူးက ဆိုသည်။

ဆက်လက်၍ ၎င်းက “ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့က တောင်းဆိုတာက ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်သုံးသပ်ဖို့လိုတယ်။ ဘုံသဘောတူညီချက် ၅ ချက်ရဲ့ ဘောင်ထက် ကျော်လွန်စဉ်းစားဖို့လည်းလိုတယ်။ ဘာဖြစ် လို့လဲဆိုတော့ အာဆီယံခေါင်းဆောင်တွေက မြန်မာပြည်သားတွေရဲ့ အသံကိုနားထောင်ဖို့လိုတယ်။ မဖြစ်နိုင်တဲ့ ဟာကို လာလုပ်ပြရုံနဲ့ ဘုံသဘောတူညီချက် ၅ ချက်က ဖြစ်လာမှာလည်းမဟုတ်ဘူး” ဟု မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) ကလည်း အာဆီယံ၏ မြန်မာနိုင်ငံအတွက် အကူအညီပေးရေးအစီအစဉ်သည် အခြေခံမူများ ဖြစ်သည့် လူသားချင်းစာနာမှု၊ ကြားနေရေး၊ သမာသမတ်ကျမှုနှင့် လွတ်လပ်ခြင်းတို့ကို ဆန့်ကျင်ပြီး မြန်မာစစ်အစိုးရ၏ စစ်ဘက်ဆိုင်ရာ ရည်မှန်းချက်များကို တိုးတက်စေလိမ့်မည်ဖြစ်ကြောင်း မေလ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောထားသည်။

“အာဆီယံအစီအစဉ်အရ စစ်အာဏာရှင်တွေရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် သီးသန့်သတ်မှတ် ထားတဲ့ ဧရိယာတွေဟာ အရပ်သားတွေကို လနဲ့ချီပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေလှန်ပစ်တဲ့ စစ်ဆင်ရေးတွေနဲ့ စစ်တပ်က မဆုတ်မနစ် တိုက်ခိုက်ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ စစ်အစိုးရက အာဏာမရှိသလို အာဆီယံရဲ့ အကူအညီတွေ ပေးပို့မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေမှုဟာ သူ့ရဲ့ စစ်ရေးအစီအစဉ် တိုးတက်အောင် ရေးဆွဲထားတဲ့ ဗျူဟာတစ်ခုထက် မပိုပါဘူး”ဟု SAC-M အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌဟောင်း Marzuki Darusman က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M သည် မြန်မာပြည်သူများ၏ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့အတွက် တိုက်ပွဲဝင်ရာတွင် ပံ့ပိုးကူညီရန် လုပ်ဆောင်နေသော လွတ်လပ် သော နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟောင်း Yanghee Lee၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌဟောင်း Marzuki Darusman နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ဝင် Chris Sidoti တို့ပါဝင်သည်။

Related Readings