“စစ်ကောင်စီတပ်တွေ ဒီထက်ပိုပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေမယ်ဆိုရင် လူ့အခွင့်အရေးချိုး ဖောက်မှုကလည်း ဆက်လက်ဖြစ်ပေါ်နေအုံးမှာပါပဲ”
စက်တင်ဘာ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းပြီးနောက် လတ်တလော ကရင်ပြည်နယ်အပါအဝင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်း တကျော့ပြန် တိုက်ပွဲများကြောင့် ဒေသခံလူထုများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေအပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)၏ ပြောခွင့်ရ စောနန္ဒဆူးနှင့် ဆက်သွယ်မေး မြန်းထားပါသည်။
မေး- KNU နယ်မြေအတွင်းမှာ စစ်ကောင်စီ တပ်တွေရဲ့ လှုပ်ရှား ဝင်ရောက်မှု အခြေအနေလေးတွေကို ကနဦး ပြောပြပေးပါအုံး။
ဖြေ-အားလုံးသိကြတဲ့အတိုင်း အခုက တစ်နိုင်ငံလုံးမှာ စစ်တပ်ရဲ့လှုပ်ရှားမှုက ရှိနေသလို ကျနော်တို့ ဒီဘက် KNU ထိန်းချုပ်နယ်မြေအတွင်းမှာလည်း ဝင်ရောက်လှုပ်ရှားမှုက များသထက်များလာတာ တွေ့ရတယ်။ အနီးစပ်ဆုံး ပြီးခဲ့တဲ့လထဲမှာဆိုရင် တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ တို့ဘက်မှာ တိုက်ပွဲတွေ ထိတွေ့မှုတွေက အများကြီးဖြစ်ခဲ့တယ်။
မေး- KNU နယ်မြေထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေပြီးတော့ ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေရှိတယ်လို့ မြေပြင်သတင်းတွေအရ သိရတယ်။ ဒီအပေါ်မှာကော KHRG ရဲ့ သတင်းစုစည်းချက်အရ ဘယ်လိုတွေ သိရလဲ။
ဖြေ- ဒီကျေးရွာထဲကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ချတဲ့နေရာမှာ ဒေသခံတွေ ထိခိုက် ဆုံးရှုံးမှုတွေ အများဆုံးဖြစ်နေတာကတော့ တပ်မဟာ (၅)ဘက်ပေါ့နော်။ တခြားတပ်မဟာ ၃ နဲ့ တပ်မဟာ ၁ ဘက်မှာလည်းရှိပါတယ်။ ဒါပေမဲ့ တပ်မဟာ (၅)လောက် မများဘူး။ တိုက်ပွဲဖြစ် သည်ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ တပ်မဟာ (၅)ဘက်မှာက လက်နက်ကြီး ပစ်ခတ်မှုက နေ့တိုင်းလိုလိုဖြစ်နေပြီး တခြားတပ်မဟာ ထက်စာရင် အများဆုံး ဖြစ်နေတာပေါ့။
ဒီလို ကျေးရွာတွေထဲ၊ ဒေသခံပိုင် တောင်ယာမြေတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာက ဒေသခံတွေ အတွက် မလုံခြုံမှုနဲ့ စိုးရိမ်မှုကို ဖြစ်စေတာပေါ့။ ပြီးတော့ ကျေးရွာထဲကို ပစ်ချတဲ့အပေါ် ဒေသခံ ရွာသားတွေရဲ့ အိုးပိုင်အိမ်ပိုင် မွေးမြူရေးတိရိစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးတာတွေလည်းရှိတာပေါ့။
မေး- ပြီးတော့ လက်ရှိ မြေပြင် သတင်းတွေအရ စစ်ကောင်စီတပ်နဲ့ သူ့လက်အောက်ခံ တပ်ဖွဲ့တွေဖြစ်တဲ့ နယ်ခြားစောင့်တပ်(BGF) ကနေပြီးတော့ ဒေသခံကျေးရွာသားတွေကို လူသားဒိုင်းပုံစံနဲ့ ပေါ်တာဆွဲ ခေါ်ယူမှုပုံစံတွေ လုပ်နေတာမျိုးကြားသိရတဲ့အပေါ် ဒါက လူ့အခွင့်အရေးကို ဘယ်လိုထိခိုက်စေလဲ။
ဖြေ-ခုဏက ပြောသလိုပဲ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုမှာ ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်တာမျိုးဆိုရင် လူ့အခွင့်အရေးအရ ဒါဟာ ဒေသခံ ကျေးရွာသားတွေရဲ့ လုံခြုံမှုမရှိတဲ့အပေါ် ဒေသခံရွာသားတွေ ငြိမ်းချမ်းစွာ နေထိုင်ရေးဆိုတဲ့ အခွင့်အရေးအပေါ် ချိုးဖောက်တာပါပဲ။ ပြီးတော့ မိုင်းထောင်တဲ့ လုပ်ရပ်တွေကလည်း ဒေသခံတွေရဲ့ သွားလာမှုအပေါ် လုပ်ငန်းနေရာထဲ မသွားရဲတော့တဲ့ အပေါ်မှာ လုပ်ကိုင်စားသောက်ဖို့အတွက်လည်း ဒါက လွတ်လပ်စွာ သွားလာခွင့် လုပ်ကိုင်စား သောက်ခွင့်အပေါ်မှာ ထိခိုက်စေတာပေါ့။
ပြီးတော့ လူသားဒိုင်းအနေနဲ့ အသုံးချတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒါကလည်းလူ့အခွင့်အရေး ချိုးဖောက်မှုကြီးတစ်ခုပါပဲ။ ဘာဖြစ်လဲဆိုတော့ လူတိုင်းက လွတ်လပ်စွာနေထိုင်ခွင့်ရှိပြီး အကြောက်အရွံ့မရှိ နေထိုင်နိုင်ခွင့်ရှိတယ်လေ။ အခု လူသားဒိုင်း အနေနဲ့ အသုံးချခံလိုက်ရတဲ့ ဒေသခံ ရွာသားတစ်ဦးစီတိုင်းအတွက် ဘဝလုံခြုံခွင့်ဆိုတဲ့ အခွင့်အရေးမရှိတော့ တာပါပဲ။ လူသားဒိုင်းအနေနဲ့ အသုံးချတယ်ဆိုတာက အချိန်မရွေးသေဆုံးနိုင်တဲ့အတွက် ဒါကလူ့အခွင့်အရေး ချိုးဖောက်မှု ကြီးကို ကောင်းကောင်းကြီးကို ချိုးဖောက်နေတာပါပဲ။
မေး- အခု ပြောနေတဲ့ အခြေအနေတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် ဒီလူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေက ဘယ်လောက်ထိ ဆိုးရွားလာနေလဲလို့ မြင်လို့ရလဲ။
ဖြေ-အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို နှိုင်းယှဉ်ကြည့်ရင် အခြားတပ်မဟာဒေသတွေထက်စာရင် တပ်မဟာ (၅)နယ်မြေဘက်မှပိုပြီးတော့မှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များတာပေါ့။ ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ခုဏက ပြောတဲ့လွတ်လပ်စွာ ရှင်သန်ခွင့်၊ ငြိမ်းချမ်းစွာ နေထိုင်ခွင့်၊ ဘဝလုံခြုံခွင့်၊ လွတ်လပ်စွာ သွားလာခွင့် စတဲ့ အခွင့်အရေးတွေအားလုံးကတော့ နေရာတိုင်းလိုလိုမှာ အချိုးဖောက်ခံနေရတာချည်းပါပဲ။ အဲ့တော့ ချုပ်ပြီးပြောရရင် တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ပဲ ဖြစ်ဖြစ်၊ ပြည်နယ်အနေနဲ့ပဲ ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေက အမြင့်ဆုံးမှာ ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ တကယ်လို့ စစ်ကောင်စီတပ်တွေ ဒီထက်ပိုပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေမယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုကလည်း ဆက်လက်ဖြစ်ပေါ်နေအုံးမှာပါပဲ။
မေး- KHRG ရဲ့ သတင်းအချက်အလက် စုဆောင်းရရှိမှုအရ အခုဒေသခံလူထုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမှာ ဘယ်လို ပုံစံအများဆုံးအချိုးဖောက်ခံရတာမျိုးရှိလဲ။
ဖြေ-အများဆုံး အခွင့်အရေး ချိုးဖောက်ခံရတာက ဒေသခံ လူထုတွေမှာ ဘဝလုံခြုံမှုမရှိတာပါပဲ။ ဘာဖြစ်လဲဆိုရင် တိုက်ပွဲ ဖြစ်ပြီးဆိုတာနဲ့ ဒေသခံ ရွာသားတွေမှာ စိုးရိမ်ကြောက်လန့်ပြီး တိမ်းရှောင် ပုန်းခိုနေရတာ။ စစ်ပြေးရှောင် ဒုက္ခသည်တွေလည်း တိုးလာတာပေါ့။ နောက်တစ်ခုက ဒေသခံ ပြည်သူလူထုတွေရဲ့ လွတ်လပ်စွာ သွားလာခွင့် အခွင့်အရေးတွေ ချိုးဖောက်ခံရတာပေါ့။ ပြီးတော့ လုပ်ကိုင်စားသောက်ခွင့်လည်း ထိခိုက်စေတယ်။ နောက်တစ်ခုက အသက်ရှင်သန်ခွင့်ပေါ့။ ဒီတိုက်ပွဲ တွေမှာ ဒေသခံလူထုတွေ ထိခိုက် သေဆုံးတာတွေ အများကြီးရှိတယ်။ အခြားတစ်ခုအနေနဲ့က ကျန်းမာရေး နဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးတာပေါ့။ ကိုဗစ်ဖြစ်တုန်းကထက် ဒီတိုက်ပွဲတွေကြောင့် ပညာသင်ယူခွင့်က ပိုထိခိုက်ဆုံးရှုံးလာကြတယ်။
မေး- ဒီ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် ရရှိထားတဲ့ အချက်အလက်အပေါ်အခြေခံပြီး KHRG အနေနဲ့ကကော ဘယ်လို လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ-ကျနော်တို့အနေနဲ့ကတော့ ဒေသတွင်း သတင်းအချက်အလက်တွေကို ရနိုင်သလောက် စုဆောင်း မှတ်တမ်းတင်နိုင်သလောက် ကြိုးစားလုပ်ဆောင်နေတာပါပဲ။ အဲ့ဒီ ကျနော်တို့ စုဆောင်းရရှိတဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေအားလုံးကို စစ်ကောင်စီကို ဖိအားပေးနိုင်စွမ်းရှိတဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးထံကို ကျနော်တို့ ရသမျှ အချက်အလက်တွေကို တင်ပြပေးတာမျိုးရှိတယ်။
ပြီးတော့ ဒီအာဏာသိမ်းပြီးတဲ့ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပုံစံတွေကို ပြန်လည်သုံးသပ် စိစစ် ပြီးတော့ KHRG အနေနဲ့ ထုတ်ပြန်သွားဖို့လည်း လုပ်နေတာပေါ့။ ဒါပေမဲ့ ဘယ်အချိန်လောက် ထုတ်ပြန်နိုင်မလဲ ဆိုတာကတော့ ကြိုးစားလုပ်ဆောင်နေတုန်းပဲ ရှိပါသေးတယ်။
မေး- နောက်ဆုံးအနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုက ဆယ်စုနှစ် ၇ ခုထက်ပိုပြီး လုပ်ဆောင်လာခဲ့ပေမဲ့ အရေးယူခံရမှုကနေ ကင်းလွတ်နေတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဒါကို အသေအချာ အရေးယူနိုင်ဖို့ ဘယ်လို တိုက်တွန်းပြောကြားချင်လဲ။
ဖြေ-နိုင်ငံတကာကို အမြဲတမ်းတိုက်တွန်းတောင်းဆိုတာက အရေးကြီးဆုံးကိစ္စပါပဲ။ အထူးသဖြင့် UN ကို ဒီအပြစ်ကနေ ကင်းလွတ်ခွင့်ရနေတာတွေကို အဓိက တိုက်တွန်းတောင်းဆိုဖြစ်တာပေါ့။ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတိုင်းအတွက်က သူတို့အနေနဲ့ တာဝန်ခံမှုရှိဖို့က နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ UN အနေနဲ့ ဖိအားပေး အရေးယူဖို့ကို ဒီကနေလည်း အထူးတောင်းဆိုတိုက်တွန်း ပြောကြားချင် ပါတယ်။