Wed, 18 Nov 2020

ခြိမ်းခြောက်မှုအောက်မှ လူနည်းစုများ၊ အန္တရာယ်ကျရောက်နေသော မတူကွဲပြားမှုများ၊ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အမြစ်တွယ်နေသော ခွဲခြားဆက်ဆံမှုပုံသဏ္ဍန်များ

   

   

နိဒါန်း

အာရှတွင် မြန်မာနိုင်ငံသည် မတူကွဲပြားသော  လူမျိုး၊ ဘာသာ နှင့်ဓလေ့ထုံးတမ်းများ အများဆုံးရှိသော နိုင်ငံ တစ်နိုင်ငံအဖြစ် အများမှ မှတ်ယူလေ့ရှိသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုအဖြစ် ၁၃၅ မျိုးရှိကြောင်း မြန်မာအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသည်။ သို့သော်လည်း လက်တွေ့တွင်မူ မြန်မာအစိုးရ၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ မတူကွဲပြားမှုများအပေါ် ထင်ဟပ်မနေပေ။ အကြောင်းမှာ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးအသီးသီး၏စံတန်ဖိုးများသည် မြန်မာအစိုးရမှ အပြည့်အဝ အသိအ မှတ်ပြုခြင်းမရှိပေ။  အစိုးရမှ ဗမာတိုင်းရင်းသားမဟုတ်သူများကို စနစ်တကျဖယ်ကျဉ်ထားပြီး ဗမာလူမျိုးကြီးစိုးရေးမူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ကြာရှည်စွာအသုံးပြုခြင်းဖြင့် ၎င်းတို့၏ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းနှင့် တိုင်းရင်းသားလက္ခဏာရပ်များအား  ဖိနှိပ်ချုပ်ချယ်နေပါသည်။ ဤအစီရင်ခံစာသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင်ရှိသော တိုင်းရင်းသားလူနည်းစုများ၏ အတွေ့အကြုံများ နှင့် ၎င်းတို့၏နိုင်ငံရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးအပေါ် မြန်မာအစိုးရမှ ဆက်လက်ချိုးဖောက်နေမှုများကို ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုလက်အောက်မှ လွတ်လပ်ရေးရပြီးချိန်မှစ၍ လူမျိုး ရေးနှင့်ပဋိပက္ခများသည် အပြန်အလှန် ဆက်စပ်မှုရှိသည်။ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်အချို့မှ တစ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးရန် လက်မခံကြပေ။ တစ်ချို့ခေါင်းဆောင်များမှာ မိမိနယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ပြီး ဖက်ဒရယ်စနစ်ဖြင့် နေထိုင်ရန် လိုလားကြသည်။ အသစ်ဖွဲ့စည်းထားသော ဗဟိုထိန်းချုပ်မှုစနစ်ကို ကျင့်သုံးသောအစိုးရမှ ထိုတိုင်းရင်းသားလူမျိုးစုများ၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောကြောင့် လွတ်လပ်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များရရှိရန်အတွက် အစိုးရအား စတင်တော်လှန်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ပေါ်ပေါက်လာခဲ့သည်။ ဗိုလ်ချုပ်နေဝင်းမှ ၁၉၆၂ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဗမာယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာကိုအခြေခံ၍ အင်အားကြီးပြီး တစ်စည်းတစ်လုံးဖြစ်သောနိုင်ငံတစ်ခုကို တည်ဆောက်ရန်အတွက်   မဟာဗမာလူမျိုးကြီးစိုးရေးစစ်ဆင်ရေးများကို စတင်ခဲ့သည်။ ထိုစစ်အစိုးရသည် တိုင်းရင်းသား တော်လှန်ရေးကို ဆန့်ကျင်ရန်အတွက် အရပ်သားများကိုပစ်မှတ်ထားသည့် စစ်ဆင်ရေးကို ပြင်းထန်စွာ လုပ်ဆောင်ခဲ့သည်။ ၎င်းစစ်ဆင်ရေးတွင် ရိက္ခာဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေဖြတ်တောက်ခြင်း၊ သတင်းအဆက်အသွယ်ဖြတ်တောက်ခြင်းနှင့် တပ်သားစုဆောင်းနိုင်မှုအား ဖြတ်တောက်ခြင်းကဲ့သို့သော  ဖြတ်လေးဖြတ်ဗျူဟာများပါဝင်ပါသည်။ ထိုဖြတ်လေးဖြတ်ဗျူဟာအပါအဝင် ယဉ်ကျေးမှုကိုအခြေခံသော တိုင်းရင်းသားဘာသာစကားများကို သင်ကြားခြင်းနှင့် မတူညီသောရှုထောင့်မှ သမိုင်းဖြစ်စဉ်များအား ဖော်ပြရာတွင် ပိတ်ပင်ခြင်းကို နည်းဗျူဟာသဖွယ် အသုံးပြုခဲ့သည်။ ထိုနည်းဗျူဟာများသည် သတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် နေရပ်စွန့်ခွာရမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေသည့်အပြင် တိုင်းရင်းသားယဉ် ကျေးမှုနှင့် ဘာသာစကားများအား တိုက်ခိုုက်ဖျက်ဆီးခြင်းများနှင့် ဗမာမဟုတ်သူများအပေါ် ယုံကြည်မှု မထားခြင်းနှင့်နှိမ်ချဆက်ဆံခြင်းများကို ဖြစ်ပေါ်စေသည်။ အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ခြယ်မှုအပြင် ယဉ်ကျေးမှုဝါးမြိုခံရခြင်းတို့၏ဆက်စပ်နေမှုများကို ရွာသားများ၏ရင်ထဲတွင် ခိုင်မာစွာ ကျန်ရှိနေသေးကြောင်းနှင့် အမှတ်ရနေသေးကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့မှ တွေ့ဆုံမေးမြန်းခဲ့သော မေးမြန်းခန်းများထဲတွင် တွေ့မြင်ကြားသိနိုင်ပါသည်။

တစ်ချိန်တည်းတွင် “တိုင်းရင်းသား” ဟူသောစကားလုံးသည်လည်းနိုင်ငံခြားသားမုန်းတီးရေးနှင့် ဆက်နွယ်၍ ဗမာကို ဗဟိုပြုသော နိုင်ငံရေးအဓိပ္ပါယ်ဆောင်လာခဲ့သည်။ နိုင်ငံအတွင်းရှိ မတူကွဲပြားမှုများကို တန်ဖိုးထားအသိအမှတ်ပြုရမည်ဆိုသော်လည်း အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် သက်ဆိုင်မှုရှိမရှိ ခွဲခြားရာတွင် “တိုင်းရင်းသား” ဟူသော စကားလုံးကို ပိုမိုအသုံးပြုလာခဲ့သည်။[1] ၁၉၈၂ ခုနှစ်မြန််မာနိုင်ငံသားဥပဒေကို ရေးဆွဲရာတွင် တိုင်းရင်းသားဖြစ်ရေးသည်နိုင်ငံသားဖြစ်ခွင့်အတွက် အဓိကအစိတ်အပိုင်း တစ်ခုဖြစ်လာခဲ့သည်။ ထို့နောက်တွင် စစ်အစိုးရနောက်တစ်ဖွဲ့ ဖြစ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ-SLORC)[2] မှ နိုင်ငံသားဖြစ်ခွင့်ရရှိရရန်အတွက် တိုင်းရင်းသားလူမျိုးစုတစ်ခုခုနှင့်ဆက်စပ်၍ သက်သေပြ ရန်လိုအပ်လာကြောင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးပါဝင်သည့် အငြင်းပွားဖွယ်ရာဖြစ်သည့် စာရင်းဖြင့် တင်ပြလာခဲ့သည်။[3] တိုင်းရင်းသားဟူသောစကားလုံးသည် တိုင်းရင်းသားလူမျိုးများနှင့် “ပြည်တွင်းပြည်ပ ဘုံရန်သူကို ညီညီညွတ်ညွတ်တိုက်ဖျက်ရန်”  အတွက် နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုတည်းရှိမှုအဖြစ် အဓိပ္ပါယ် သက်ရောက်နေသည်။[4] 

ဤဥပဒေသည် မြန်မာပြည်တွင်နေထိုင်ကြသောအခြားလူဦးရေအများအပြားအား သိသာထင်ရှားစွာ ချန်ထားခဲ့သောကြောင့် မကြာခဏထောက်ပြခြင်းခံရသည်။ ပြင်ဆင်ထားသော လူမျိုးစုစာရင်းသည်လည်း တိကျမှန်ကန်မှုမရှိခြင်း၊ အများပါဝင်မှုမရှိခြင်း၊ အထူးသဖြင့် သိပ္ပံနည်းကျ လေ့လာသုံးသပ်ထားခြင်းမရှိဘဲ ရိုဟင်ဂျာလူမျိုးများအား ချန်ထားခြင်းများကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရသည်။[5]  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လိုလားသည်ဟုဆိုသော်လည်း လက်တွေ့တွင်မူ မြန်မာအစိုးရမှ တိုင်းရင်းသားလူမျိုးစုများထဲတွင်  ဗ‌မာလူမျိုးသည် နိုင်ငံ၏အစစ်မှန်ဆုံးသော တိုင်းရင်းသားလူမျိုးစုအဖြစ် ဗမာကို ဗဟိုပြုသော လူမျိုးရေးကို အခြေခံထားပါသည်။ ဆစ်ဒနီတက္ကသိုလ်မှ မနုဿဗေဒပညာရှင်တစ်ဦးဖြစ်သူ ဂျိန်းဖာဂူဆန်၏လေ့လာသုံးသပ်ချက်အရ အခြားသော တိုင်းရင်းသားလူမျိုးများသည် ဌာနေတိုင်းရင်းသားများအဖြစ် အသိအမှတ်ပြုခံရနိုင်သော်လည်း ဗမာလူမျိုးစုတစ်စုတည်းသာလျှင်  ဌာနေတိုင်းရင်းသားလူမျိုးအဖြစ် အစိုးရမှ အသိအမှတ်ပြုထားပုံရသည်။[6]  ၁၉၈၉ ခုနှစ်တွင် ဗမာမှမြန်မာသို့အမည်ပြောင်းလဲခြင်းသည်လည်း အခြားသောတိုင်းရင်းသားလူမျိုးစုများ ပါဝင်မှုရှိလာနိုင်ရန်နှင့် ဗမာလူမျိုးနှင့်ဆက်နွယ်နေမှုကိုထုတ်ပစ်ရန်ဟု အကြောင်းပြထားသော်လည်း တိုင်းရင်းသားလူမျိုးစုများ၏တော်လှန်ရေးကိုရပ်တန့်ရန် လည့်ကွက်တစ်ခုသာဖြစ်သည်ဟု ထောက်ပြကြ သည်များလည်းရှိသည်။ “ဗမာ” ဟူသော ဝေါဟာရစကားရပ်အား “မြန်မာ” ဟု ပြောင်းလဲခေါ်ဝေါ်သုံးစွဲ သော်လည်း လက်တွေ့တွင် “ဗမာ” နှင့် “မြန်မာ” အသုံးအနှုန်းအပေါ် အစိုးရ၏အတွေးအခေါ်ပြောင်းလဲခြင်းကို ပြသခြင်းမရှိပါ။[7] ထို့အပြင် နေရာဒေသနှင့်လူမျိုး၏အမည်နာမများကို ပြောင်းလဲခြင်းဖြင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများ၏ကြင်အင်လက္ခဏာရပ်များကို ဖယ်ထုတ်ရှင်းလင်းရာရောက်ပြီး   ဗမာကြီးစိုးရေး အစီအစဉ် များလည်း ပိုမိုကျယ်ပြန့်လာစေသည်။

၂၀၁ဝခုနှစ်တွင် အရပ်သားအစိုးရတစ်စိတ်တစ်ပိုင်းအဖြစ်သို့ ကူးပြောင်းသွားချိန်တွင် အပြောင်းအလဲများ ဖြစ်ပေါ်ရန် မျှော်လင့်ချက်များယူဆောင်လာခဲ့သည်။ ၂၀၁၅ခုနှစ်တွင် ရေးဆွဲပြဌာန်းထားသော တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေသည် “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝရရှိခံစားနိုင်ရေး” အပါအဝင် ၎င်းတို့၏ “ဘာသာစကား၊စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာ သာသနာတို့ကို” ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်နှင့်တိုင်း အဆင့်များတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနများကို ဖွဲ့စည်းစေခဲ့သည်။[8] အမျိုးသားပညာရေးဥပဒေတွင်လည်း အစိုးရကျောင်းများတွင် တိုင်းရင်းသားဘာသာစကား၊ ယဉ်ကျေးမှုနှင့်သမိုင်းတို့ကို သင်ကြားခွင့် ပေးထားသည်။ သို့သော် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေမှ တရားဝင်တိုင်းရင်းသားစာရင်းထဲတွင် မပါသောလူမျိုးစု များဖြစ်သည့်ရိုဟင်ဂျာနှင့်အခြားသောတရုတ် သို့မဟုတ် အိန္ဒိယနွယ်ဖွားများအတွက် အကျုံးမဝင်ပါ။ ထို့အပြင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည်လည်း တိုင်းရင်းသားလူမျိုးများကိုအခြေခံထားသောကြောင့် စာရင်းထဲတွင်မပါသောလူမျိုးစုများသည် နိုင်ငံသားဖြစ်ခွင့်မရရှိသည့်အပြင် အခွင့်အရေးများကိုလည်း ဆုံးရှုံးကြရသည်။

အသိအမှတ်ပြုခံရသော တိုင်းရင်းသားလူမျိုးများသည်လည်း နိုင်ငံသားဖြစ်ခွင့်နှင့်ယဉ်ကျေးမှုဆိုင်ရာအခွင့်အ ရေးများ အပြည့်အစုံရရှိရန်အခက်အခဲများနှင့်ရင်ဆိုင်ကြရသည်။  ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော အပိုဒ် (၃၄၈)မှ  “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ" ဟူ၍လည်းကောင်း အပိုဒ် ၂၂ (က) မှ “နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ရမည်”  ဟူ၍ ဖော်ပြထားသည်။[9] ၂၀၁၅ခုနှစ်တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေသည်လည်း တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်ပေးမှုများ အနည်းငယ်သာရှိသော်လည်း  ထိုကဲ့သို့သော ရှိပြီးသား အခွင့်အရေးများကို သေချာစေရန်အတွက် ဥပဒေရေး ဆွဲခြင်းသာဖြစ်သည်။ ဤကဲ့သို့သောတိုးတက်မှုများရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေသည် နာမည်ပြောင်းထားသောစစ်အစိုးရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ- ယခင် နဝတ)[10]  မှ ၎င်းတို့၏အကျိုးအမြတ်အတွက် ရေးဆွဲထားသော ဥပဒေဖြစ်သည်။ ၎င်းဥပဒေ သည်  မတရားအကျိုးအခွင့်ရအောင် လိမ်လည်မှုများဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး စစ်အာဏာ တည်တံ့ခိုင်မြဲရန်အတွက် အတည်ပြုပြဌာန်းထားခြင်းပင်ဖြစ်သည်။[11] နောက်ပိုင်းတွင် ဒီမိုကရေစီနည်းကျပြုပြင်ပြောင်းလဲမှုပြုရန် တံခါးပွင့်လာသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေသည် “လူထုမှစစ်တပ်ကို ဥပဒေအရမည်သည့်နည်းလမ်းနှင့်မျှ ထုတ်ပယ်နိုင်ခြင်းမရှိ”သည့် အခြေအနေ ရောက်အောင် စစ်တပ်၏အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထည့်သွင်းထားကြောင်းဝေဖန်ခြင်းခံရသည်။[12]  ဒီမိုကရေစီနှင့်ပြည်သူလူထု၏သဘောဆန္ဒကိုဆန့်ကျင်ပြီး  ဗမာလူမျိုးအများစု အာဏာကြီးထွားရေးကို အခြေခံထားသည်ဟုလည်း ဝေဖန်ခြင်းခံရသည်။ မြန်မာ့အရေးလေ့လာ သုံးသပ်သူတစ်ဦးဖြစ်သည့် ညီညီကျော် ထောက်ပြသကဲ့သို့ “တိုင်းရင်းသားလူနည်းစုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူအများမှ လူများစုအတွက် ရေးဆွဲထားသော ဥပဒေဖြစ်သည်။”[13]

ထို့ကြောင့် အစိုးရမှ ဗမာမဟုတ်သူများကို မြန်မာနိုင်ငံသားအဖြစ် တန်းတူညီမျှမှု မထားရှိခြင်းသည် ဗဟိုချုပ်ကိုင်မှုဖြင့် အစိုးရ၏မူဝါဒများနှင့် လုပ်ဆောင်ချက်များတွင်ဆက် လက်တည်ရှိစေ ပါသည်။  ထိုမညီမျှမှုနှင့်မမျှတမှုများသည် လူဦးရေပမာဏ၊ နိုင်ငံရေးအရ တရားဝင်ဖြစ်ခြင်းနှင့် ခံစားပိုင်ခွင့်တို့၏ ဆက်နွယ်မှုအကြား   ပိုမိုကြီးမားလာလျက်ရှိသည်။[14]  အခြားသောအုပ်စုများအပေါ် အာဏာလွှမ်းမိုးမှုရှိစေရန် သန်းခေါင်စာရင်းတွင်လည်း အစိုး၏နိုင်ငံရေးလုပ်ငန်းစဉ်တွင် အရေးကြီးသော အခန်းကဏ္ဍအဖြစ် ပါဝင်ပါသည်။ လူဦးရေပမာဏနှင့် ဥပဒေအရ ကိုယ်စားပြုမှုရှိခြင်း အကြား အပြန်အလှန်ဆက်စပ်မှုသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေါ်လွင်ပြီးသား ဖြစ်ပါသည်။ အစိုးရမှ သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုးများမှာ ၁၃၅ မျိုးရှိပြီး ထိုအထဲတွင် ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့ကို အဓိက တိုင်းသားရင်းလူမျိုးစု ရှစ်မျိုးအဖြစ် ထပ်မံပိုင်းခြားသတ်မှတ်ထားပါသည်။[15]  ထိုမှတစ်ဆင့် သင့်လျော်သော လူဦးရေပမာဏရှိသည့် တိုင်းရင်းသား လူမျိုးစုများကိုသာ ဥပဒေအရ ကိုယ်စားပြုမှုရှိသူများအဖြစ် ခွင့်ပြုခဲ့သည်။ အချို့သော တိုင်းရင်းသားလူမျိုးစုများအား နိုင်ငံရေးအခန်းကဏ္ဍတွင် တရားဥပဒေအရ ကိုယ်စားပြုမှုမှ လုံးဝဖယ်ထုတ်ခြင်း ခံထားရချိန်တွင် ကျန်ရှိသည့် တိုင်းရင်းသားလူမျိုးစုများသည် နိုင်ငံရေးအခန်းကဏ္ဍတွင် ဥပဒေအရ ကိုယ်စားပြုမှု ရရှိနိုင်ရန်အတွက် လူဦးရေပမာဏ ပိုမိုများပြားမှုရှိစေရန် အချင်းချင်းယှဉ်ပြိုင်ကြရသည်။  ထို့အပြင် သန်းခေါင်စာရင်းမှ နိုင်ငံရေးအခန်းကဏ္ဍတွင် ဥပဒေအရ ကိုယ်စားပြုမှုရှိသည့် မတူကွဲပြားသည့်တိုင်းရင်းသား လူမျိုးစုအား သတ်မှတ်ဖော်ပြရာတွင် မေးခွန်းထုတ်စရာ ရှိလာပါသည်။ အကြောင်းမှာ အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးစုများအတွက် တိုင်းပြည်၏ နိုင်ငံရေး အခန်းကဏ္ဍတွင်ပါဝင်မှုသာမက နိုင်ငံသားဆိုင်ရာအခွင့်အရေး ရရှိမှု၊ အကာအကွယ်ရရှိမှုနှင့် သယံဇာတခွဲဝေခံစားမှုတို့အပေါ် ဆုံးဖြတ်ရာတွင် မှန်ကန်မှုမရှိကြောင်း လူအများစုက ယုံကြည်ပါသည်။

ဤအစီရင်ခံစာသည် နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံသားအခွင့်အရေးရရှိမှုများကို အတည်ပြုရာတွင် မြန်မာပြည် အရှေ့တောင်ပိုင်းရှိ  ရွာသူရွာသားများ  ကြုံတွေ့ရသော စိန်ခေါ်မှုများကို တင်ပြခြင်းဖြင့် အစိုးရ၏ ဗမာလူမျိုး ကြီးမူဝါဒသည် မည်သို့သက်ရောက်မှုရှိကြောင်း လေ့လာသုံးသပ်ထားပါသည်။ အစီရင်ခံစာ၏ ပထမပိုင်းတွင် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများအကြောင်းကို အဓိကဆန်းစစ်မှုပြုလုပ်ထားပါသည်။ အစိုးရမှ အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုးစု တစ်စုနှင့် တစ်စု မည်သို့ ပတ်သက်ဆက်နွယ်မှုရှိကြောင်းနှင့် ကျန်တိုင်းရင်းသား လူနည်းစုများစွာသည် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိသော်လည်း အထောက်အထားမပြနိုင်သည့် အကြောင်းကို မီးမောင်းထိုး ဖော်ပြထားပါသည်။ အဘယ်ကြောင့်ဆိုသော် ဤပြဿနာသည်  ဗမာမဟုတ်သူများဟု ယူဆရသူအားလုံးအတွက် ကြုံတွေ့ရသည့် အရာတစ်ခုဖြစ်ပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) လှုပ်ရှားရာနယ်မြေအတွင်း မတူကွဲပြားသော တိုင်းရင်းသား လူမျိုးများသည် အဆိုပါအချက်နှင့် စပ်လျဉ်း၍ ၎င်းတို့၏ အမြင်များကိုလည်း ဤအခန်းတွင် ဖော်ပြထားပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နေထိုင်သည့်တိုင်းရင်းသားလူမျိုးများမှ လူများစုသည် အခြေခံအားဖြင့် ကရင်တိုင်းရင်းသားလူမျိုး ဖြစ်ပါသည်။ သို့သော် ဒေသအတွင်း ရှိသည့် မတူကွဲပြားသော တိုင်းရင်းသား လူမျိုးများကိုလည်း လျစ်လျူရှု၍ မရပေ။ အကြောင်းမှာ မဟာဗမာလူမျိုးကြီးဝါဒသည် ဒေသအတွင်း တွေ့ရှိရသည့်  ရှုပ်ထွေးသော မတူကွဲပြားမှု များအပေါ် သက်ရောက်မှုရှိသောကြောင့် ဖြစ်ပါသည်။ ဤအခန်းတွင် မွတ်စလင် လူနည်းစုတို့၏ အကြောင်းကိုလည်း ဆွေးနွေးသုံးသပ်ထားပါသည်။ ကရင်လူမှုအသိုက်အဝန်းတွင်လည်း မွတ်စလင်လူမျိုးများ နေထိုင်ကြပြီး ၎င်းတို့သည် ကရင်အသိုင်းအဝိုင်းများ၏တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ အချို့သောမွတ်စလင်များ၏မိဘမျိုးနွယ်သည်လည်း ကရင်လူမျိုးများ ဖြစ်ကြသည်။ နိုင်ငံအတွင်းရှိ အခြားဒေသမှ တွေ့ရသည့် မွတ်စလင်လူနည်းစုများအအပေါ် စနစ်တကျ ခွဲခြားဆက်ဆံခြင်းနှင့် ဘေးသို့ ဖယ်ကျဉ်ခံထားရခြင်း ပြုသကဲ့သို့ ၎င်းတို့သည်လည်း ထို့နည်းတူ ရင်ဆိုင်ခံစားကြရပါသည်။

အစီရင်ခံစာ၏ဒုတိယအပိုင်းတွင် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများအကြောင်းကို အဓိကထား ဆန်းစစ်ထားပါသည်။ ဤအချက်နှင့် စပ်လျဉ်း၍ ဖော်ပြသည့်အခါ ကရင်တိုင်းရင်းသားများ၏ အမြင်များသာ အများစု ပါဝင်ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားလူမျိုးများသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)[16] လက်မှတ် ရေးထိုးပြီးကတည်းက ၎င်းတို့၏ တိုင်းရင်းသားလက္ခဏာရပ်များကို ကျင်းပဖော်ထုတ်ရန် ပိုမိုအခွင့်အရေးရလာကြပါသည်။ သို့စေကာမူ အချို့သော ဖြစ်စဉ်များတွင် တိုင်းရင်းသား လူနည်းစုသည် ၎င်းတို့၏ရိုးရာယဉ်ကျေးမှုဆိုင်ရာများကို ထုတ်ဖော်ကျင်းပသည့်အခါ အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုနှင့် နှောက်ယှက်မှုများကြောင့် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးအား ဗမာတိုင်းရင်းသားများနည်းတူ ခံစားကျင့်သုံးခွင့် မရကြပေ။  ထို့အပြင် တိုင်းရင်းသား လူနည်းစုဖြစ်သည့် ကျောင်းသူကျောင်းသားများအားလုံးသည် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ဘာသာစကားနှင့် သမိုင်းကြောင်းဆိုင်ရာ ဘာသာရပ်များအား မြန်မာအစိုးရကျောင်းတွင် သင်ယူနိုင်ခွင့်နှင့်ပတ်သက်ပြီး မည်မျှလုပ်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း သုံးသပ်မှုများ ပြုလုပ်ထားပါသည်။ 

နိဂုံး

၂၀၁၅ ခုနှစ် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဥပဒေနှင့် ၂၀၁၄ခုနှစ် အမျိုးသား ပညာရေး ဥပဒေ ပြဌာန်းပြီးနောက်ပိုင်း တိုင်းရင်းသားလူနည်းစု၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး ပိုမိုများပြား လာခဲ့ပါသည်။ သို့သော် ကျောင်းများတွင် ဗမာမဟုတ်သူများ၏သမိုင်းကြောင်းနှင့် လူနည်းစုတို့၏ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကိုဗဟိုပြုသည့်ပညာရေးအား လက်လှမ်းမီနိုင်ခြင်းအပါအဝင် ၎င်းတို့၏ပြည်နယ်နှင့်တိုင်းဒေသများအတွင်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများနှင့် သမိုင်းကြောင်းများကို ကျင်းပဖော်ပြနိုင်သည့်အခွင့်အရေးများအား ရရှိရန်အတွက် ဒေသခံအသိုက် အဝိုင်းများအတွင်း ဆက်လက်ကြိုးပမ်းရ မည်ဖြစ်ပါသည်။ ထိုအကြောင်းအရင်းကြောင့် ဤဥပဒေများကိုကျင့်သုံးနိုင်ရန်အတားအဆီးရှိနေသေးသည်ဟူသောအချက်သည်ရှင်းလင်းပြတ်သားသည့်အချက်တစ်ချက်ပင်ဖြစ်ကြောင်းမြင်တွေ့နိုင်ပါသည်။   မြန်မာအစိုးရ၏မဟာဗမာလူမျိုးကြီးမူဝါဒသည် တိုင်းရင်းသား ပြည်သူလူထုတို့၏အခန်းကဏ္ဍများအပေါ် လွှမ်းမိုးနေလျှက်ရှိပါသည်။ အကြောင်းမှာ တိုင်းရင်းသားလူနည်းစုနေထိုင်ရာဒေသများ၏အမည်နာမများကို ဗမာနာမည်သို့ပြောင်းလဲပေးသည့်အပြင် တိုင်းရင်းသား လူနည်းစုများ မှတ်ပုံတင် ပြုလုပ်သည့်အခါ နိုင်ငံသား စီစစ်ရေးကဒ်ပြားတွင် ၎င်းတို့အား ကိုယ်စားပြုသည့်  အမည်နာမများကို ချန်လှပ်ပြီး ဗမာမှု ပြုခြင်းများ ရှိနေသည်ကိုလည်း တွေ့ရှိရပါသည်။

ပြည်သူ့အခွင့်အရေးများအားကာကွယ်ပေးရာတွင် လိုအပ်မှုကြီးမားစွာရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသူများသည် တရားဝင်စာရွက်စာတမ်းများရရှိရန် မစွမ်းဆောင်နိုင်ခြင်းနှင့် ၎င်းတို့၏ အခွင့်အရေးများ ကျယ်ပြန့်စွာ ချန်လှပ်ထားခံရခြင်းတို့ကြောင့်ဖြစ်ပါသည်။ နိုင်ငံရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများသည် အမှန်တကယ် ဆက်နွယ်နေပြီး ယင်းတို့နှစ်ခုစလုံးကို ကာကွယ်ရန် လိုအပ်သည်။ ဒေသခံခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ရွာသားများသည် တိုင်းရင်းသား လူနည်းစုတို့၏ နိုင်ငံသားအခွင့်အရေးအားကာကွယ်ရာတွင် အကူအညီပေးရန် မဟာဗျူဟာများကို ကျင့်သုံး လျက်ရှိသည်။ သို့သော် ၎င်းတို့၏ကာကွယ်ရေးနည်းဗျူဟာများသည် တန်းတူညီမျှမှု၏အခြေခံမူများကို အမှန်တကယ်အသိအမှတ်ပြုရန်နှင့် အကောင်အထည်ဖော်ရန်ပျက်ကွက်သည့် စနစ်တစ်ခုအောက်တွင် ရှိနေပါ သည်။ အမှန်တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၅တိုင်းရင်းသားများလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေတို့တွင် တန်းတူညီမျှမှုရှိရန်အတွက် မှီငြမ်းထားသော်လည်း အစိုးရမှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအဖြစ်အသိအမှတ်ပြုခံထားရသော လူမျိုးစုများအကြားတွင် မညီမျှမှုများ ဖြစ်ပေါ်နိုင်သည့် နေရာများသိသိသာသာရှိနေသည်။ နိုင်ငံတော်၏ဥပဒေတွင် “နိုင်ငံတော်အား မဆန့်ကျင်လျှင်” သီးသန့်အခွင့်အရေးရှိနေနိုင်သည်ဟူ၍ ကြိမ်ဖန်များစွာ ဖော်ပြနေခြင်းသည် ဗမာတိုင်းရင်းသားအခွင့်အရေးများ၊ သြဇာအာဏာနှင့်မဟာ ဗမာလူမျိူးကြီးစိုးရေး မူဝါဒများကို အနည်းနှင့်အများ အာမခံပေးကာကွယ်ပေးရာ ရောက်ပါသည်။  သို့သော်လည်း တိုင်းရင်းသားအဖွဲ့များ၏အမှန်တကယ်ရသင့်သည့် မည်သည့်အခွင့်အ ရေးကိုမဆို လုံးဝချန်လှပ်ထားခံနေရဆဲ ဖြစ်နေပါသည်။

ထိုမျှသာမက မြန်မာနိုင်ငံတွင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများနှင့်ယုံကြည်ကိုးကွယ်သည့်ဘာသာ များစွာရှိနေခြင်းသည်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။ မြန်မာအစိုးရ၏မူဝါဒများသည် အင်အားနည်း သောလူမျိုးစုများကို အင်အားကြီးသောလူမျိုးစုများက ဖိနှိပ်သော “might makes right” (မှားခြင်းမှန်ခြင်း များသည် အင်အားကြီးသူကသာ ဆုံးဖြတ်ခြင်း) ပုံစံနှင့်အလားသဏ္ဌာန်တူသည်။ လူဦးရေပမာဏ၊ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုခံရမှုနှင့် ရပိုင်ခွင့်တို့အကြား ဆက်စပ်နေမှုအပေါ် ယူဆချက်များကို ဆန့်ကျင်ရမည်ဖြစ်သည်။  အဘယ်ကြောင့်ဆိုသော် ထိုအရာများသည်အနာဂတ်ငြိမ်းချမ်းရေးတည်ဆောက်မှုကို ထိခိုက်စေနိုင်သော လူအများစု ဗမာလူမျိုးတို့အားအာဏာပေးထား မှု နှင့် တိုင်းရင်းသားလူမျိုးတစ်ခုနှင့် တစ်ခုအကြားရှိနေသော ကွာဟမှု တို့ကို ဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။ စာရေးဆရာ ခလ(ခ်) (Clarke) နှင့်အခြားစာရေးဆရာများမှ မှတ်ချက်ချသည်မှာ မြန်မာအစိုးရ၏မူဝါဒများနှင့်စပ်လျဉ်း၍ “တိုင်းရင်းသားလူမျိုးများသည် မည်သည့်အရပ်ဖက်အဖွဲ့အစည်း၌နေသည်ဖြစ်စေ၊ မည်သည့်နိုင်ငံရေးအဖွဲ့ဝင်ဖြစ်စေ၊ သို့မဟုတ် မည်သည့်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ လက်တွေ့တွင် အဖွဲ့အသီးသီးအတွင်း ၎င်းတို့၏ မတူကွဲပြားမှုများအပေါ်  ဖြစ်ပွားလာသောတန်ပြန်သက်ရောက်မှုများတွင် ပါဝင်ဆောင်ရွက်ရန်နှင့် လူမျိုးစု၏လက္ခဏာ သည် အချိန်တိုင်းတည်မြဲနေရန်လိုအပ်ပါသည်။”[17] 

KNU မှ ၎င်း၏အုပ်ချုပ်မှုအောက်တွင်နေထိုင်လျက်ရှိသော လူမှုအသိုက်အဝိုင်းအားလုံး၏ အခွင့်အရေးကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ခိုင်မာစွာ ကတိကဝတ်ပြုခဲ့ပါသည်။ KNU ၏ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးမှ ဤကဲ့သို့တင်ပြခဲ့သည်။ “မြစ်ဝကျွန်းပေါ်ဒေသတွေမှာနေထိုင်တဲ့ ကရင်လူမှုအသိုက် အဝိုင်းတွေရှိတယ်။ သူတို့တွေဟာ ကရင်ဘာသာစကားကို မပြောတတ်ပေမဲ့ ကရင်လူမျိုးတွေဖြစ်ကြတယ်။ ကရင်လူမှုအသိုက်အဝိုင်း တွေမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိနေပေမဲ့ ကျွန်တော်တို့က သူတို့အားလုံးကို ကာကွယ်ဖို့အတွက်လိုအပ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာနေထိုင်တဲ့အခြားတိုင်းရင်းသားလူမျိုးတွေအပေါ် ခွဲခြားဆက်ဆံမှုမရှိဖို့အတွက်လည်း ကျွန်တော်တို့လိုလားပါတယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ဖက်ဒရယ်စနစ် လိုလားတယ်လို့ ပြောတဲ့အခါမှာ ဒါကကရင်လူမျိုးတွေရဲ့ကောင်းကျိုး အတွက်ပဲ ဆိုပြီးတော့ ပြောနေတာမဟုတ်ဘူး။ ဖက်ဒရယ်စနစ်က လူတွေအားလုံးတန်းတူညီမျှစွာ ဆက်ဆံခံရစေဖို့ လမ်းကြောင်းတစ်ခုပြင်ဆင်ပေးလိမ့်မယ်။"[18] ထိုကဲ့သို့ ဖြစ်ပေါ်လာစေရန်အတွက် KNU ခေါင်းဆောင်များနှင့်  အခြားသော တိုင်းရင်းသားခေါင်းဆောင်များမှ အားလုံး၏အသံသည် ကျေးရွာအဆင့်မှဗဟိုအဆင့်အထိကြားနိုင်ရန် သေချာစွာလုပ်ဆောင်ရန်လိုအပ်ပါသည်။ ပအို့၊ ရှမ်း၊ မွန်နှင့် မွတ်စလင်ရွာသားများအပါအဝင် အခြားသောတိုင်းရင်းသားလူမျိုးများအားလုံးသည် ဆုံးဖြတ်ချက် ပြုလုပ်သည့် အဆင့်တိုင်းတွင် ပါဝင်ခွင့်ရှိရန် လိုအပ်ပါသည်။ သို့မှသာ ဖက်ဒရယ်စနစ်သည် မြန်မာနိုင်ငံအတွင်း နေထိုင်သောတိုင်းရင်းသားလူနည်းစုအားလုံးအတွက် အကြွင်းမဲ့အောင်မြင်မှု ဖြစ်ပါ လိမ့်မည်။

ဤကဲ့သို့သော ကတိကဝတ်အား အကောင်းအထည်ဖော်ရန် နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်သူများအား လုံးသည် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ပါသည်။ သို့သော်လည်း မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားများ၏အခွင့်အရေးနှင့်တန်းတူညီမျှရှိမှုတို့အပေါ် ၎င်းတို့၏ချဉ်းကပ်ပုံကို ပထမဦးစွာ ပြန်လည် သုံးသပ်ရန်လိုအပ်ပါသည်။ ဤအစီရင်ခံစာတွင် တိုင်းရင်းသားလူနည်းစုအားလုံး၏ အခွင့်အရေးအား ကာကွယ်ပေးရမည့်အရေးကြီးမှုများကို အလေးပေးဖော်ပြထားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ပြု လုပ်ခြင်းမရှိပါဘဲ တိုင်းရင်းသား လူမျိုးစုတစ်စုအတွက်သာ ၎င်းတို့၏ အခွင့်အရေးများကို ကောင်းမွန်စွာ တိုးမြင့် ဆောင်ရွက်ပါက တိုင်းရင်းသားများလူမျိုးစုများ အတွင်း ဖြစ်နိုင်ချေရှိသောတင်းမာမှုများကိုမီးစပွင့်စေနိုင်သလို အားလုံးတွက်လည်း အန္တရာယ်ဖြစ်စေနိုင်ပါသည်။

အကြံပြုချက်များ

အောက်ပါအကြံပြုချက်များသည် မြန်မာအစိုးရသို့ ပေးသော အကြံပြုချက်များ ဖြစ်ပါသည်။ အစီရင်ခံစာမှ သုတေသနပြုချက်၊ သုံးသပ်ချက်များ၊ အဓိကရှာဖွေတွေ့ရှိချက်များအပေါ် အခြေခံပြီး ပေးထားသော အကြံပြုချက်များ ဖြစ်ပါသည်။ 

နိုင်ငံသားဖြစ်မှု

  • မတူကွဲပြားသည့်တိုင်းရင်းသားလူမျိုးစုများကို ပိုမိုထင်ဟပ်စေရန် နိုင်ငံအတွင်းရှိ မှီတင်းနေထိုင်သော တိုင်းရင်းသားများအားလုံးကို တိုင်းရင်းသားလူမျိုးများအဖြစ် တရားဝင်အသိအမှတ်ပြုပေးရန်။
  • ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအား အစားထိုးပြီး နိုင်ငံသားဥပဒေအသစ် တစ်ခု အတည်ပြု ပြဌာန်းရန်။ အတည်ပြုပြဌာန်းမည့် အဆိုပါ ဥပဒေအသစ်အား အောက်ပါအချက်များ ပါဝင်အောင် သေချာစွာ လုပ်ဆောင်ပေးရန်။ 
  1. ခွဲခြားဆက်ဆံမှုမရှိစေရန်အတွက် ထိရောက်မှုရှိသောကျင့်သုံးမှုများဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းနှင့် ကိုက်ညီရမည်ဖြစ်သည်။ 
  2. မတူကွဲပြားသည့် နိုင်ငံသား အမျိုးအစားကို ပိုင်းခြားသတ်မှတ်ခြင်းအား ဖျက်သိမ်းပေးရမည်။ 
  3. တိုင်းရင်းသားလူမျိုးစုနှင့် ယုံကြည်ကိုးကွယ်သည့်ဘာသာအား အခြေခံခြင်းမပြုဘဲ မြန်မာနိုင်ငံ အတွင်း မွေးဖွားသူအားလုံးကို မြန်မာနိုင်ငံသားဖြစ်ခွင့် ပေးရမည်။ 
  4. နိုင်ငံသားအဖြစ် ခံယူမှုအပေါ်ရှိနေသော တင်းကျပ်မှုများအား ပယ်ဖျက်ပေးရန်။ 
  • လူသားအားလုံး၏အခွင့်အရေးအား တရားဝင်ကာကွယ်ပေးသည့်အနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် “အခြေခံအခွင့်အရေး”  အား ကျဉ်းမြောင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုထားခြင်းအပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၄တွင် ဖော်ပြထားသော “နိုင်ငံသား” ဟူသော စကားလုံးအား “မည်သူမဆို” ဟူသော စကားလုံးဖြင့် အကျယ်ချဲ့ပြန်လည်အဓိပ္ပါယ် ဖွင့်ဆိုပေးရန်။ 
  • နိုင်ငံသား စီစစ်ရေးကတ်ပြားရရှိအောင် ပြုလုပ်ပေးသည့်အခါ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်မှုများကို ဂရုတစိုက် ဖြေလျှော့ပေးရန်။ ကျေးလက်ဒေသအတွင်းနှင့် ပဋိပက္ခဒဏ်သင့်သည့် ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားလူမျိုးများအပေါ် တိတိကျကျ ချမှတ်ထားသော တင်းကျပ်မှုများကို ပြန်လည်စဉ်းစားသုံးသပ်ပေးရမည်။ 
  • ကျေးလက်ဒေသတွင်ရှိသော တိုင်းရင်းသားလူမှုအသိုင်းအဝိုင်းများအတွက် အုပ်ချုပ်ရေးဆိုင်ရာ တရားဝင်စာရွက်စာတမ်းများ ရရှိအောင် ဝန်ဆောင်မှုများပေးသည့်အခါ ကူညီထောက်ပံ့မှုများ ပေးရန်နှင့် တိုင်းရင်းသားဘာသာစကားများ ပိုမိုပါဝင်လာအောင် လုပ်ဆောင်ပေးရန်။
  • ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ရှိသော တိုင်းရင်းသားလူနည်းစုများအား တရားဝင် စာရွက်စာတမ်းနှင့် ဥပဒေဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်ပေးသည့်အခါ ၎င်းတို့ကို ကိုယ်စားပြုသည့် အမည်နာမများ ထည့်သွင်းသုံးစွဲခွင့်ပေးရန်။ တရားဝင်စာရွက်စာတမ်း (မှတ်ပုံတင်)တွင် မိမိ၏တိုင်းရင်းသားအုပ်စုအား ကိုယ်စားပြုသည့် ပြဌာန်းချက်ကို မှန်ကန်စွာ ထည့်သွင်း ဖော်ပြပေးရန်။ 
  • တရားဝင်စာရွက်စာတမ်း (မှတ်ပုံတင်) ပေါ်တွင် ကိုင်ဆောင်သူ ၏ ကိုးကွယ်ယုံကြည်သော ဘာသာအား မရေးထည့်ရန်။
  • တစ်နိုင်ငံလုံးတွင် ရှိသော မွတ်စလင် အသိုင်းအဝိုင်းများ ရင်ဆိုင်ရသည့် ဘေးသို့ဖယ်ကျဉ်ခံထားရခြင်းနှင့် စနစ်တကျ ခွဲခြားဆက်ဆံခြင်းများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မူဝါဒတစ်ရပ်အား ရေးဆွဲအကောင် အထည်ဖော်ပေးရန်။ 

အများပြည်သူနေရာတွင် တိုင်းရင်းသားနှင့်ဘာသာရေးဆိုင်ရာ အသွင်လက္ခဏာများအား ထုတ်ဖော်ပြသခြင်း 

  • ၂၀၁၁ခုနှစ် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပြဌာန်းချက်ကို နိုင်ငံတကာစံချိန်စံနှုန်းနှင့်အညီ ပြင်ဆင်ဖြည့်စွက်ပေးခြင်းအပါအဝင် တိုင်းရင်းသားလူနည်းစုများမှ ၎င်းတို့ရိုးရာ ယဉ်ကျေးမှုအခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို ကျင်းပပြုလုပ်နိုင်ရန်အတွက် လုံခြုံစိတ်ချပြီး အထောက်အကူ ပေးနိုင်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်။ 
  • ကရင်အာဇာနည်နေ့ကို ကျင်းပပြုလုပ်သည့်အခါ “အာဇာနည်” ဆိုသည့် အသုံးအနှုန်းကို သုံးစွဲခွင့် ပေးရန်နှင့် ကရင်အာဇာနည်နေ့အခမ်းအနားအား စီစဉ်ကျင်းပသူများအပေါ် စွဲထားသော  စွဲချက်များအားလုံးကို ရုတ်သိမ်းပေးရန်။  
  • ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုအစဉ်အလာများကို  လွတ်လပ်စွာ ကျင့်သုံးနိုင်ရန်အတွက် ကာကွယ်ပေးသည့်အခွင့်အရေးတစ်ရပ်အား ဥပဒေတွင်ထည့်သွင်းပြဌာန်းထားရန်နှင့် ၎င်းအခွင့်အရေးများသည် မြန်မာနိုင်ငံသားများသာမက မြန်မာပြည်အတွင်းနေထိုင်ကြသည့်လူသားအားလုံးအတွက် အကျုံးဝင်သည်။
  • တိုင်းရင်းသားအများစုနေထိုင်သည့်နေရာဒေသရှိ စာသင်ကျောင်းများတွင်သော်လည်းကောင်း၊ အခြား သောအများပြည်သူအသုံးပြုသည့် အဆောက်အုံများတွင်သော်လည်းကောင်း  တိုင်းရင်းသားအလံများကို နိုင်ငံတော်အလံနှင့်အတူ တန်းတူညီမျှစွာ လွှင့်ထူနိုင်ရန်အတွက် နိုင်ငံတော်အလံဥပဒေအား ပြင်ဆင် ဖြည့်စွက်ပေးရန်။ 
  • တိုင်းရင်းသားမှ ခေါ်ဝေါ်သုံးနှုန်းထားသော နယ်မြေဒေသများ၏အမည်နာမများကို အသိအမှတ်ပြု ပေးရန်အတွက် လိုအပ်သောလုပ်ဆောင်ချက်များအား ဆောင်ရွက်ပေးရန်၊ ၎င်းတို့သုံးနှုန်းခေါ်ဝေါ်သည့် အမည်နာမများကို တရားဥပဒေနှင့်အညီ ကာကွယ်ပေးရန်၊ တိုင်းရင်းသားများ ခေါ်ဝေါ်သည့်နာမည်များနှင့် ဗမာနာမည်များရှိသော နေရာဒေသများအားလုံးတွင် ထိုနာမည်များအား တရားဝင်အသုံးပြုနိုင်ရန်အတွက် (multilingual) ဘာသာစကားနှစ်မျိုးထက် သုံးစွဲနိုင်သည့်မူဝါဒများကို ချမှတ်ထားပေးရန်။
  • တိုင်းရင်းသားအများစုနေထိုင်သည့်နေရာဒေသတွင် တိုင်းရင်းသားများ လိုလားခြင်းမရှိသော ရုပ်ထုများ အား စိုက်ထူခြင်းရပ်တန့်ရန်၊  မြန်မာ့သမိုင်းတွင်ရှိသည့် လူပုဂ္ဂိုလ်နာမည်များကို အသုံးပြု၍  တိုင်းရင်းသားများ အသုံးပြုသည့်လမ်း၊ တံတားစသည့်အရာများအား နာမည်ခင်ပွန်းတပ်ခေါ်ဆိုခြင်းအား ရပ်တန့်ရန်နှင့် ရုပ်ထုများအား စိုက်ထူခြင်းနှင့် လမ်း၊ တံတားစသည့်အရာများအား နာမည်ကင်ပွန်းတပ်ခေါ်ဆိုခြင်းအား တိုင်းရင်းသားများကိုသာ ဆုံးဖြတ်ပိုင်ခွင့်ပေးရန်။  
  • တိုင်းရင်းသားများနယ်မြေဒေသတွင် ဗမာရိုးရာယဉ်ကျေးမှု သို့မဟုတ် သမိုင်းနှင့်ပတ်သတ်ပြီး ကျင်းပပြု လုပ်သည့်အရာများအား ဆန့်ကျင်၍ ငြိမ်းချမ်းစွာဆန္ဒပြနေသော တိုင်းရင်းသားများအပေါ် အကြမ်းဖက်ခြင်း မပြုရန်။ 
  • အများပြည်သူရှေ့တွင် တိုင်းရင်းသားများမှ ၎င်းတို့လေးစားတန်ဖိုးထားသော သမိုင်းတွင်မှတ် ကျောက်တင်သည့် လူပုဂ္ဂိုလ်များအား ချီးမွမ်းဂုဏ်ပြုခွင့်များ ပေးရန်။ ထို့ပြင် ၎င်းတို့လေးစားမြတ်နိုး သည့်လူပုဂ္ဂိုလ်များအား ရုပ်ထုပြုလုပ်၍ စိုက်ထူခြင်း သို့မဟုတ် အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပရာတွင် လုံခြုံရေးတပ်ဖွဲ့ သို့မဟုတ် မြန်မာအစိုးရအာဏာပိုင်များမှ နှောက်ယှက်ခြင်းများ မပြုလုပ်ရန်။ 

ဘာသာစကားနှင့်ပညာရေး

  • ဗမာကို ဗဟိုပြုသော နိုင်ငံ့သမိုင်းသင်ရိုးညွှန်းတမ်းမှ နိုင်ငံတွင်းရှိ အခြားလူမျိုးစုများ၏ အတွေ့အကြုံနှင့် မတူကွဲပြားမှုများကို ထင်ဟပ်စေမည့်သင်ရိုးအဖြစ်သို့ပြောင်းရန်အတွက် သက်ဆိုင်ရာလူမျိုးစုများ နှင့်တွေ့ဆုံ ဆွေးနွေးရန်။ 
  • ပြည်နယ်နှင့်တိုင်းဒေသများအတွင်းရှိလူမျိုးကွဲပြားမှုများကိုထင်ဟပ်စေမည့်ပညာရေးစနစ်များပေါ်ထွက်လာရန်အတွက်သင်ရိုးညွှန်းတမ်းများရေးဆွဲရာတွင်ဒေသတွင်းရှိလူမျိုးစုအားလုံး၏ကိုယ်စားလှယ်များကို ပါဝင်စေရန်။
  • အစိုးရကျောင်းများတွင်တိုင်းရင်းသားဘာသာစကားသင်ကြားမည့်အချိန်များတိုးပေးရန်၊ တိုင်းရင်းသားဒေသတွင်းရှိကျောင်းများတွင်တိုင်းရင်းသားဘာသာစကားသင်ကြားခွင့်နှင့်ပတ်သက်ပြီး ဥပဒေနှင့်မူဝါဒများတစ်ပြေးညီချမှတ်အသုံးပြုနိုင်ရေးအား သေချာစေရန်အတွက် စောင့်ကြည့် ကြီးကြပ်ရန်။
  • တိုင်းရင်းသားလူမျိုးစုများ၏ဒေသများတွင်ရှိသောအစိုးရကျောင်းများတွင် ဒေသခံဘာသာစကားများကိုကျောင်းတွင်အသုံးပြုသည့်ဘာသာစကားဖြစ်လာအောင်မြှင့်တင်ပေးနိုင် ရန်အတွက် တိုင်းရင်းသားဆရာ၊ ဆရာမများအား ရာထူးအပြည့်အဝဖြင့် တိုးချဲ့ခန့်အပ်ရန်။
  • နိုင်ငံတစ်ဝန်းလုံး (အထူးသဖြင့်လူမျိုး၊ ဘာသာစကားကွဲပြားသောဒေသများ) တွင်ရှိသော ကျောင်းသား များမှ ၎င်းတို့၏လူမျိုး အလျောက်တိုင်းရင်းသားဘာသာရပ်များသင်ယူခြင်းမှ အကျိုးကျေးဇူးများရရှိနိုင် ရန်အတွက် ဗျူဟာများ ချမှတ်ရန်။
  • တိုင်းရင်းသားပညာရေးစနစ်များနှင့်ပူးပေါင်းလုပ်ဆောင်ပြီး၎င်းတို့၏ ၎င်းတို့၏တိုင်းရင်းသားပညာရေးစနစ် နှင့် ထောက်ခံချက်များကို အသိအမှတ်ပြုရန် 

အောက်ပါအကြံပြုချက်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံသို့ပေးသော အကြံပြုချက်များ ဖြစ်သည်။ 

ခွဲခြားဆက်ဆံမှုမရှိစေရေးနှင့် အားလုံးပါဝင်မှုရှိရေး

  • မြန်မာပြည်အရှေ့တောင်ပိုင်းရှိမွတ်စလင်အသိုင်းအဝိုင်းများရင်ဆိုင်နေရသော စနစ်တကျခွဲခြားဆက် ဆံခံရမှုနှင့် ပစ်ပယ်ခံရမှုများကိုဖြေရှင်းနိုင်ရန်မူဝါဒများ အကောင်အထည်ဖော် ရေးဆွဲပြဌာန်းထားရန်။
  • ကရင်မဟုတ်သောလူမျိုးစုများကိုလည်း ဆုံးဖြတ်ချက်ချရေးအဆင့်များနှင့် တိုင်းရင်းသားအားလုံး၏ ကြင်အင်လက္ခဏာများအား ပြည့်ဝစွာဖော်ပြရာတွင် ညီတူညီမျှ ပါဝင်လုပ်ဆာင်နိုင်ရေးအား မြှင့်တင် ပေးရန်။  
     
Wed, 18 Nov 2020

Footnotes: 

[1] Nick CHEESMAN မှ ၂၀၁၇ ခုနှစ် Journal of Contemporary တွင် “How in Myanmar ‘National Races’ Came to Surpass Citizenship and Exclude Rohingya”, ကို ထုတ်ဝေခဲ့ပြီး၊ Nick CHEESMAN မှ ၂၀၁ရခုနှစ်၊ မေလ East Asia Forum တွင် ထုတ်ဝေခဲ့သော “Myanmar’s ‘national races’ trump citizenship” တွင်လည်း ကြည့်ပါ။

[2] ဗိုလ်ချုပ်(နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးဖြစ်ခဲ့သည့်) စောမောင် လက်ထက်တွင် ၁၉၈၈ခုနှစ်၊ စက်တင်ဘာလ၊ ၁၈ရက်နေ့ စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတော်ငြိမ်ဝတ်ပိပြားရေးနှင့်တည်ဆောက်ရေး ကောင်စီ (နဝတ) ကို  မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) နေရာသို့ အစားထိုးပြောင်းလဲခဲ့သည်။  နဝတ ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ၁၉၉ရခုနှစ်တွင် တရားဝင်ဖျက်သိမ်းခဲ့ပြီး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွ့ံဖြိုးရေးကောင်စီ(နအဖ) အဖြစ်သို့ အစားထိုးပြောင်းလဲခဲ့သည်။

[3] ဤစာရင်းကို ၁၉၉ဝခုနှစ်အစောပိုင်းကာလတွင် မြန်မာနိုင်ငံကို ၁၉၈၈ခုုနှစ်မှစ၍ ၁၉၉ရခုနှစ်အထိ အုပ်ချုပ်ခဲ့သော နိုင်ငံတော် ငြိမ်ဝတ်ပိပြားရေးနှင့်တည်ဆောက်ရေး ကောင်စီ (နဝတ) စစ်အစိုးရမှ စတင်တည်ထောင်ခဲ့သည်။  ၂၀၂ဝခုနှစ်၊ ဩဂုတ်လတွင် International Crisis Group မှ Asia Report No. 312 တွင် ထုတ်ဝေခဲ့သော “Identity Crisis: Ethnicity and Conflict in Myanmar” တွင် ကြည့်ပါ။

[4] Nick CHEESMAN မှ ၂၀၁ရခုနှစ်၊ မေလ East Asia Forum တွင် ထုတ်ဝေခဲ့သော “Myanmar’s ‘national races’ trump citizenship” တွင် ကြည့်ပါ။

[5] Betil LINTNER မှ ၂၀၁ရခုနှစ်၊ ဇွန်လ Asia Times တွင် ထုတ်ဝေခဲ့သော “A question of race in Myanmar” တွင် ကြည့်ပါ။ Sa Wansai မှ ၂၀၁ရခုနှစ်၊ ဒီဇင်ဘာလ Burma Link တွင် ထုတ်ဝေခဲ့သော “2014 Population Census: The Problematic of 135 Ethnic Groups Categorization” တွင်လည်း ကြည့်ပါ။

[6] Jane M. Ferguson မှ Bijdragen tot de Taal-, Land- en Volkenkunde/ Journal of the Humanities and Social Sciences of Southeast Asia 171(1), 2015, p. 10 တွင် ထုတ်ဝေခဲ့သော “Who’s Counting? Ethnicity, Belonging, and the National Census in Burma/Myanmar” တွင် ကြည့်ပါ။

[7] အထက်ဖော်ပြပါအောက်ခြေမှတ်စု ၆ စာမျက်နှာ ၁၆ တွင် ကြည့်ပါ။

[8] ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ ၂၀၁၅ခုနှစ်တွင် ထုတ်ဝေခဲ့သော Pyidaungsu Hluttaw Law No. 8/2015 - The Ethnic Rights Protection Law တွင် ကြည့်ပါ။

[9] ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ ၂၀၀၈ခုနှစ်တွင် ထုတ်ဝေခဲ့သော Constitution of the Republic of the Union of Myanmar တွင် ကြည့်ပါ။ 

[10] နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွ့ံဖြိုးရေး ကောင်စီ(နအဖ)ကို ၁၉၉ရခုနှစ်တွင် မြန်မာပြည်ကို အုပ်ချုပ်သည့်စစ်အစိုးရမှ ဖွဲ့စည်း ခဲ့သည်။ ၁၉၈၈ခုနှစ်မှစ၍ ၁၉၉ရခုနှစ်ထိ အုပ်ချုပ်ခဲ့သည့် နိုင်ငံတော် ငြိမ်ဝတ်ပိပြားရေးနှင့်တည်ဆောက်ရေး ကောင်စီ(နဝတ)ကို ၁၉၉၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်းတွင် ၎င်း(နအဖ)မှ အာဏာဆက်လက်သိမ်းယူပြီး အုပ်ချုပ်ခဲ့သည်။ ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာပြည်တွင် အရပ်သားအမည်ခံအစိုးရအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် နအဖကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ၂၀၁၁ခုနှစ်၊ မတ်လ ၃ဝရက်တွင် တရားဝင်ဖျက်သိမ်းခဲ့သည်။

[11] လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ မှ ၂၀၀၈ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေခဲ့သော “Vote to Nowhere:  The May 2008 Constitutional Referendum in Burma” တွင် ကြည့်ပါ။ David C. WILLIAMS မှ ၂၀၁ဝခုနှစ်၊ ဧပြီလ Burma Partnership တွင် ထုတ်ဝေခဲ့သော  “Analysis of the 2008 SPDC Constitution for Burma” တွင်လည်း ကြည့်ပါ။  

[12] ညီညီကျော်မှ The Chinese Journal of Comparative Law, Volume 7, Issue 2, September 2019, pp. 309-332 တွင် ထုတ်ဝေခဲ့သော “Putting Their Guns on the Scale: Constitution-Making in Burma/Myanmar under Military Command” တွင် ကြည့်ပါ။ 

[13] အထက်ဖော်ပြပါ အောက်ခြေမှတ်စု ၁၂ နှင့်တူသည့် စာမျက်နှာတွင် ကြည့်ပါ။

[14] Sarah L. CLARKE, Seng Aung Sein Myint, Zabra Yu Siwa မှ Centre for Peace and Conflict Studies, 2019, p. 31 တွင် ထုတ်ဝေခဲ့သော Re-Examining Ethnic Identity in Myanmar  တွင်ကြည့်ပါ။

[15] ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ ၂၀၀၈ခုနှစ်တွင် ထုတ်ဝေခဲ့သော Constitution of the Republic of the Union of Myanmar  တွင် ကြည့်ပါ။

[16] မြင်သာသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်မှုမရှိသည့် အငြင်းပွားဖွယ်ရာ ဆွေးနွေးတိုင်ပင်ပွဲ ပျက်ဆီးခဲ့ပြီးနောက်ပိုင်း၊ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာစာချုပ်ကို ယခင်ကဆွေးနွေးပွဲသို့ ဖိတ်ကြားခံခဲ့ရ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့အနက် ၈ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံးအပါအဝင် မြန်မာအစိုးရတို့ လက်မှတ်ရေး ထိုးခဲ့သည်။ ထို့နောက် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့များမှ လိုက်နာကျင့်သုံးရမည့်ကတိကဝတ်ကို စတင် ကျင့်သုံးခဲ့သည်။ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာအစိုးရ၏ဖိအားပေးမှုကြောင့် နောက်ထပ်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့မှ တစ်နိုင်ငံ လုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

[17] Sarah L. CLARKE, Seng Aung Sein Myint, Zabra Yu Siwa မှ၂၀၁၉ခုနှစ်  Centre for Peace and Conflict Studies တွင် ထုတ်ဝေခဲ့သော Re-Examining Ethnic Identity in Myanmar ၏ စာမျက်နှာ ၁၁၅ တွင် ကြည့်ပါ။

[18] အထက်ဖော်ပြပါ အောက်ခြေမှတ်စု ၇၁ စာမျက်နှာ ၁၀၁ တွင် ကြည့်ပါ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်