Fri, 10 Apr 2020
၂၀၂၀ ခုနှစ်၊ မတ်လတွင် မူတြော်ခရိုင်ရှိ ကရင်ရပ်ရွာခေါင်းဆောင်တစ်ဦးနှင့် ကရင်အမျိုးသား အစည်းအရုံး သစ်တောဝန်ထမ်းတစ်ဦးတို့အား တပ်မတော်စစ်သားများမှ ပစ်သတ်

ဤသတင်းလွှာတွင် ၂၀၂ဝခုနှစ်၊ မတ်လအတွင်း မူတြော် (ဖာပွန်) ခရိုင်တွင် တပ်မတော်စစ်သားများမှ ကျူးလွန်ခဲ့သော သတ်ဖြတ်မှုဖြစ်စဉ်နှစ်ခုကို ဖော်ပြထားသည်။ ၂၀၂ဝခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် တပ်မတော် ခမရ (၃၃၈)မှ တပ်သားများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) သစ်တောဝန်ထမ်းတစ်ဦးကို ဒွယ်လိုးမြို့နယ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ၂၀၂ဝခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင်လည်း တပ်မတော် ခလရ (၃၀)မှ တပ်သားများ သည် လူသောမြို့နယ်တွင် မိသားစုအတွက်စားစရာနှင့် ရိက္ခာများ သယ်ယူလာသော ဒေသခံရွာသား အုပ်စုနှစ်ဖွဲ့ကို ပစ်ခတ်ခဲ့သောကြောင့် ရပ်ရွာခေါင်းဆောင်တစ်ဦးဖြစ်သူ စောသဲ့မီးမှာ ကျည်ထိမှန်ကာ သေဆုံးသွားခဲ့သည်။ ယခုအချိန်အထိကျူးလွန်သူများအပေါ် အရေးယူမှုများ မရှိသေးပါ။[1]

 

ဖြစ်စဉ် (၁) - တပ်မတော်စစ်သားများမှ KNU သစ်တောဝန်ထမ်းတစ်ဦးအား  ဒွယ်လိုးမြို့နယ်တွင် ပစ်သတ်ခဲ့

၂၀၂ဝခုနှစ် မတ်လ ၅ ရက်နေ့တွင် တပ်မတော် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၃၈) မှ KNU သစ်တောဌာန ဝန်ထမ်းတစ်ဦးကို မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေကျေးရွာတွင် ပစ်သတ်ခဲ့သည်။[2] 

KNU မူတြော်ခရိုင် အတွင်းရေးမှူး၏ပြောပြချက်အရ တပ်မတော်စစ်သားများမှ မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားလာ နေသော KNU သစ်တောဌာနလုပ်သားနှစ်ဦးကို တပ်စခန်းအနီးဖြတ်သွားချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ KNU သစ်တော်ဝန်ထမ်းတစ်ဦးဖြစ်သူ စောမောင်အေးသန်းမှာ ဝမ်းဗိုက်တွင် တစ်ချက်၊ ဘယ်ခြေထောက်တွင် သုံးချက် ကျဉ်ဆံထိမှန်ခဲ့သည်။ သူ၏ဒဏ်ရပြင်းထန်မှုကြောင့် KNU မူတြော်ခရိုင်ရုံးသို့ပို့ဆောင်နေစဉ်တွင် သေဆုံးသွားခဲ့ သည်။

အသက်ရှင်ကျန်ရစ်ခဲ့သော သစ်တောလုပ်သား၏ပြောပြချက်အရ ၎င်းတို့သည် လုပ်ငန်းတာဝန်များလုပ်ဆောင်ရန် အတွက် ခရီးသွားလာနေရခြင်းဖြစ်သည်။ သူတို့သည် ဤလမ်းတွင် ပုံမှန်သွားလာနေကျဖြစ်သည့်အတွက် ပစ်ခတ် ခံရမည်ဟု မမျှော်လင့်ခဲ့ပါ။ ဖြစ်စဉ်ဖြစ်ပွားခဲ့သောနေ့တွင် တပ်မတော်စစ်သားများသည် ၎င်းတို့၏စခန်းအပြင်ဘက် ကိုက် ၂၀၀ (၁၈၃ မီတာ) ခန့်တွင် ရပ်နေခဲ့ကြပြီး ဖြတ်သန်းသွားလာနေသော သစ်တောလုပ်သားနှစ်ဦးကို ချိန်ပြီး အချက်၂၀ ခန့် ပစ်ခတ်ခဲ့သည်။

တပ်မတော်မှ ၎င်း၏စစ်သားများကို ထိုသစ်တောလုပ်သားနှစ်ဦးမှ စတင်ပစ်ခတ်ခဲ့သောကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်သောသောအားဖြင့်သာ ခုခံပစ်ခတ်ခဲ့သည်ဟုဆိုသော်လည်း KNU မှ ဤရှင်းပြချက်ကို ငြင်းပယ်ခဲ့သည်။ KNU ၏အဆိုအရ ခမရ အမှတ် (၃၃၈) သည် ဒေသခံရွာများအနီးနှင့် ရွာသားများအသုံးပြုသော လမ်းများအနီးတွင် စခန်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ KNU မှ တပ်မတော်အား ထိုဒေသမှထွက်ခွာသွားရန် သို့မဟုတ် စစ်သားဦးရေ လျှော့ချရန် တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ပါ။

ဖြစ်စဉ် (၂) တပ်မတော်စစ်သားများမှ ကရင်ရပ်ရွာ ခေါင်းဆောင်တစ်ဦးကို လူသောမြို့နယ်တွင် သတ်ဖြတ်ခဲ့

၂၀၂ဝခုနှစ်၊ မတ်လ ၃၁ရက်နေ့တွင် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၀)မှ စစ်သားများသည် မိသားစုအတွက် စားစရာနှင့်ရိက္ခာများသယ်ယူလာသော ဒေသခံရွာသားအုပ်စုနှစ်ဖွဲ့ကို လူသောမြို့နယ်၊ စောမူပလောကျေးရွာအုပ်စု တွင် ပစ်ခတ်ခဲ့ကြသည်။ ထိုနေ့တွင် ဝါးကလေတူစခန်းမှလာသော ခလရ (၃၀) တပ်သားများသည် ရိက္ခာပစ္စည်းများ ကို ၎င်းတို့၏တပ်စခန်းသို့ သယ်ယူပို့ဆောင်နေကြသည်။ လမ်းတစ်လျှောက်တွင် ရိက္ခာပစ္စည်းများ သယ်ဆောင်လာ သောစစ်သုံးယာဉ်တန်းများကို လုံခြုရေးယူပေးသော တပ်မတော်စစ်သားအချို့လည်းရှိနေခဲ့ပါသည်။

ဒေသခံရွာသားများ ခရီးသွားလာနေသည့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတေ် (KNLA) စစ်သားများမှ လုံခြုရေးယူပေးလေ့ ရှိကြသည်။ ၂၀၂ဝခုနှစ်၊ မတ်လ ၃၁ရက်နေ့၌ မနက်ပိုင်း ၆ နာရီ၊ ၁ဝမိနစ်တွင် ရွာသား (၁၁) ဦးသည်  KNLA တပ်သားများ၏အကာအကွယ်ဖြင့် စောမူ့ပလောကျေးရွာအုပ်စု၊ စောနွယ်ပလောရှိ (ထို့ခို့ထပလော ဟုလည်းသိကြသည်) လမ်းမပေါ်တွင်  ဖြတ်ကူးလာခဲ့ကြသည်။ ခလရ အမှတ်(၃၀)မှ စစ်သားများ သည် လမ်းဖြတ်လာနေသော ရွာသားအုပ်စုကိုမြင်သောအခါ သေနတ်ဖြင့် အချက်အနည်းငယ် ပစ်ခတ်ခဲ့သည်။ ရွာသားများသည် စားစရာများနှင့် လောင်စာဆီ (လီတာ  ၂၀) အပါအဝင် သယ်ယူလာသော အရာများအားလုံးကို ထားခဲ့ပြီးလွတ်ရာ ထွက်ပြေးခဲ့ကြသည်။ ရွာသားများသည် COVID-19 (ကိုရိုနာဗိုင်းရပ်)ကြောင့် လမ်းများပိတ်မည်ကို စိုးရိမ်ကြသဖြင့် မိုးရာသီ လယ်လုပ်သည့်အချိန်တွင် စက်ကိရိယာများအတွက် သုံးသည့်လောင်စာဆီများ ဝယ်လာခဲ့ ခြင်းဖြစ်သည်။

ညနေပိုင်း ၆ နာရီ၊ ၅၀ မိနစ်ခန့်တွင် မနက်ပိုင်းတွင်းဖြစ်ပွားခဲ့သောဖြစ်စဉ်ကြောင့် ကြောက်ကြသော်လည်း အခြား သောရွာသားများ (၆) ဦးသည် ထို့ခို့ထပလောတွင် လမ်းထပ်မံဖြတ်ကူးခဲ့ကြသည်။ ခလရ အမှတ်(၃၀)မှ ရွာသားများ ကို မြင်ပြီးပစ်ခတ်ခဲ့သောကြောင့် ကရင်ရပ်ရွာခေါင်းဆောင်တစ်ဦးဖြစ်သော စောသဲ့မီး သေဆုံးသွားခဲ့သည်။[3] စောသဲ့မီး၏အမျိုးသမီးအပါအဝင် အခြားသောရွာသား (၅) ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

စောသဲ့မီးသည် အသက် ၅၀ ကျော်ပြီးဖြစ်သည်။  စောသဲ့မီးသည် လူသောမြို့နယ်၊ ခ---ကျေးရွာအုပ်စု၊ အ---ရွာ တွင် နေထိုင်သူတစ်ဦးဖြစ်သည်။[4] စောသဲ့မီးသည် ရွာရွာခေါင်းဆောင်အနေဖြင့်သော်လည်း၊ ကော်သေးဂူတရားစီရင်ရေးကော်မတီ ၏ ဒုဥက္ကဌအဖြစ်သော်လည်းကောင်း ဒေသခံသစ်တောတစ်ခုဖြစ်သော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ကော်မတီအဖွဲ့ဝင်တစ်ဦးအဖြစ်သော်လည်းကောင်း တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။[5] ထိုနေ့တွင် စောသဲ့မီး သည် သူ၏အမျိုးသမီးနှင့်အတူ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်မြို့တွင်ရှိသော ဖောကောထစျေး သို့သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် ၎င်းတို့နှစ်ဦးစလုံးထွက်ပြေးနေစဉ်တွင် စောသဲ့မီးမှ “ငါ့ကိုကျည်ဆန်ထိ သွားပြီး” ဟုအော်ခဲ့သည်ကို သူ၏အမျိုးသမီးမှကြားခဲ့သည်။ သူမမှာလည်း အသက်လုထွက်ပြေး ခဲ့ရသောကြောင့် နောက်လှည့်မကြည့်နိုင်ခဲ့ပါ။ သူမစျေးတွင်ဝယ်ယူလာခဲ့သော ကွမ်းသီးအလုံး ၂၀၀၀ ခန့်နှင့်စားစရာများကို ထားရစ် ခဲ့ရသည်။ အခြားရွာသား (၄) ဦးတို့မှာ ကုန်ပေါ့များသာဝယ်လာခဲ့သောကြောင့် သယ်ယူလာသော ကုန်များနှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ 

တပ်မတော်တပ်သားများသည် ထိုနေရာတွင် လှုပ်ရှားနေသေးသောကြောင့်  KNLA တပ်သားများနှင့် ရွာသားများ သည် စောသဲ့မီး၏ရုပ်အလောင်းကိုသွားယူမရဲပဲရှိနေသည်။ ၂၀၂ဝခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် KNLA တပ်သားများမှ မှန်ဘီလူးဖြင့် အဝေးတစ်နေရာမှ စောသဲ့မီး၏ရုပ်အလောင်းကို သွားရောက်လေ့လာခဲ့ရာ တပ်မတော်တပ်သားများ အနီးတွင်ရပ်နေသည်ကို မြင်တွေ့ခဲ့ရသည်။  ၂၀၂၀ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင်မူ KNLA တပ်သားများမှ စောသဲ့မီး၏ အလောင်းကို မတွေ့ရတော့ပေ။ တပ်မတော်တပ်သားများမှ စောသဲ့မီး၏ရုပ်အလောင်းကို ၎င်းတို့၏တပ်စခန်းအနီး တစ်နေရာရာတွင် မြှုပ်နှံခဲ့သည်ဟုယူဆရသည်။ ကရင်သတင်းစဉ်မီဒီယာမှ ဤဖြစ်စဉ်နှင့်ပတ်သက်သည့်အကြောင်း အရာများကိုမေးမြန်းရန် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဇော်မင်းထွန်းနှင့် ဗိုလ်မှူးကြီးမောင်မောင်လှ တို့ကို ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။[6] 

စောသက်မီးသည် သူ၏အမျိုးသမီးနှင့်သားသမီး (၅) ဦးကိုထားရစ်ခဲ့ရသည်။

နိဂုံး

အထက်ပါဖြစ်စဉ်နှစ်ခုစလုံးသည်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)၏ အပိုင်း ၅(က)နှင့် ၎င်း၏ကျင့်ဝတ်စည်းမျဉ်း ၈(က) တို့တွင်ပါဝင်သော “အပစ်ရပ်နယ်မြေအတွင်း အကြမ်းဖက်တိုက်ခိုက်မှု များရပ်ဆိုင်းရန်” ဟူသော အချက်ကိုချိုးဖောက်နေသည်။ ဒုတိယဖြစ်စဉ်သည် ပြည်သူလူထုကို သတ်ဖြတ်ခြင်းမှ တားဆီးထားသောတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်၏ အပိုင်း ၉(ခ) နှင့်ကျင့်ဝတ်စည်းမျဉ်း များ အပိုင်း ၇(ခ)ကို ရှင်းရှင်းလင်းလင်းချိုးဖောက်နေသည်။

တပ်မတော်မှ NCA ပါအချက်များကိုချိုးဖောက်ပြီး အရပ်သားနှင့် KNUဝန်ထမ်းများကို ပစ်မှတ်ထားသတ်ဖြတ်နေ ကြောင်း ဤသတင်းလွှာမှဖော်ပြနေသည်။ အရင်အချိန်များတွင် အထက်ပါဖြစ်စဉ်များကဲ့သို့သော အရာများကို ကျူးလွန်သူတပ်သားများသည် ပြစ်မှုလုံးဝကင်းလွတ်ခွင့်ရရှိခဲ့ကြသည်။ ဥပမာအားဖြင့် ကရင်ရပ်ရွာခေါင်းဆောင် တစ်ဦးဖြစ်သော စောအိုမူးကို ၂၀၁၈ခုနှစ်၊ ဧပြီလတွင် သတ်ဖြတ်ခဲ့သော တပ်မတော်စစ်သားများသည် ယခုအချိန်အထိ တရားဥပဒေနှင့် မရင်ဆိုင်ရသေးပါ။[7] ထို့ကြောင့် ဤဖြစ်စဉ်နှစ်ခုသည်လည်း ပြစ်မှုကင်းလွတ်ခွင့်နှင့် ရင်ဆိုင်ရမည်ကို ကရင်လူ့အခွင့်အရေးအဖွဲ့မှ စိုးရိမ်မိသည်။

မြန်မာအစိုးရသည် NCA ကိုချိုးဖောက်သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိထိရောက်ရောက်အရေးယူရန်နှင့် ကြီးလေးသောလူ့အခွင့်အရေးချိုးဖောက်မှုများတွင် တရားဥပဒေနှင့်အညီလုပ်ဆောင်ရန် အရေးပေါ်ကိစ္စရပ်တစ်ခု အနေဖြင့်လုပ်ဆောင်ရန် လိုအပ်ပါသည်။

Fri, 10 Apr 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် မတ်လ မှ ဧပြီလ ၂၀၂ဝခုနှစ်တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော ကွင်းမှလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား မူတရော်ခရိုင်ရှိ ဒေသခံတစ်ဦးမှဖေါ်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများ ထည့်သွင်းထားခြင်းဖြစ်သည်။

[2] ကရင်သတင်းစဉ် (၂၀၂၀ ခုနှစ်၊ မတ်လ)၊“သစ်တောဌာန လုပ်သားတစ်ဦး တပ်မတော်၏ ပစ်သတ်ခြင်းခံခဲ့ရဟု KNU ပြော”။  

[3] ကရင်သတင်းစဉ် (၂၀၂၀ ခုနှစ်၊ ဧပြီလ)၊ “တပ်မတော် ပစ်ခတ်၍ ဒေသခံ လူထုခေါင်းဆောင်တစ်ဦး သေဆုံးဟု KNU ပြော”။

[4] Network Media Group (၂၀၂၀ ခုနှစ်၊ ဧပြီလ)၊ ကရင်နယ်မြေအတွင်း အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးမှုအပေါ် မေးမြန်းချက်

[5] ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (၂၀၂၀ ခုနှစ်၊ ဧပြီလ)၊ “Burma Army Kills Karen Community Leader Shopping for Food”။

[6] ကရင်သတင်းစဉ် (၂၀၂၀ ခုနှစ်၊ ဧပြီလ)၊ “တပ်မတော် ပစ်ခတ်၍ ဒေသခံ လူထုခေါင်းဆောင်တစ်ဦး သေဆုံးဟု KNU ပြော”။

[7] ကရင်လူ့အခွင့်အရေးအဖွဲ့ (၂၀၂၀ ခုနှစ်၊ ဇူလိုင်လ)၊ “A Karen Community Leader, Saw O Moo, Was Murdered by Tatmadaw forces in Hpapun District, April 2018 ”။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်