NCA စာချုပ်ကို ဖောက်ဖျက်ပြီးဖာပွန်ခရိုင်ထဲ အစိုးရတပ် စစ်အင်အားတိုးချဲ့လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြော

Thu, 21 Feb 2019

    

 

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း အစိုးရတပ်မတော်က အခုဖေဖော်ဝါရီ လဆန်းပိုင်းမှာ စစ်အင်အား တိုးချဲ့နေတာကို တွေ့ရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန် ပြောဆိုပါတယ်။

ဖာပွန်ခရိုင်အတွင်း ရှိုကျိုဒေါခို ဒေသက အစိုးရ တပ်စခန်းများတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စားသောက်ရေး အတွက်ရိက္ခာ ပို့တယ်ဆိုပြီး ဖေဖော်ဝါရီလ ၅ ရက် မှာ တပ်မတော် စစ်သား ၂၁၆ ဦး ထပ်မံ ရောက်ရှိလာတယ်လို့ KHRG က ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီလအတွင်း ဖာပွန်ဒေသ လူသော၊ ခေးပူ မြို့နယ်မှာ ရှိတဲ့ ကျေးရွာတွေအနီးတဝိုက်ကို လက်နက်ကြီးကျည် အလုံး ၆၀ လောက် ပစ်ခဲ့လို့ ကျွဲ ၂ ကောင် သေဆုံးခဲ့သလို ဒေသခံတွေလည်း စိုးရိမ် ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ KHRG အဖွဲ့ရဲ့ ပရိုဂရမ် ဒါရိုက်တာ နော်ထူးထူးက ပြောပါတယ်။

" နှစ်ဖက် တိုက်ပွဲ ဖြစ်တာလည်း မဟုတ်ဘူး၊ စစ်ရေး လေ့ကျင့်တာလားလည်းလဲ မသိရဘူး၊ ဘာမှ ကြိုသတင်းပေးတာ မရှိဘူး၊ ရွာဘေးတွေကို ကျတယ်၊ စားကျက်မြေတွေပေါ် ကျတယ်၊ အလုံးကြီးတွေ အများကြီး ကျတယ်၊ စစ်သားတွေ ပို့တာကိုတွေ့တော့ ဒေသခံတွေက စစ်ပွဲတွေ ပြန်ဖြစ်လာမလားဆိုပြီး စိုးရိမ်နေတာ တွေ့တယ်" လို့ နော်ထူးထူးက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘီဘီစီက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုလို စစ်အင်အားတိုးချဲ့တာက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ပါ အချက်တွေကို ဖောက်ဖျက်ပြီး စစ်အင်အား တိုးချဲ့တာ ဖြစ်တယ်လို့ KHRG က ပြောပါတယ်။ ကရင် အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ဟာ အစိုးရနဲ့ NCA စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။

၂၀၁၈ ဒီဇင်ဘာ ၂၀ ရက် ကနေ လာမယ့်ဧပြီ လကုန် အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး အတွက် စစ်တိုင်းကြီး ၅ တိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက် က ထုတ်ပြန် ကြေညာထားပါတယ်။

ကြေညာချက်မှာ ပါရှိတဲ့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များက သူတို့ရဲ့ နယ်မြေအတွင်း စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ တပ်များအားလုံးကို စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ညွှန်ကြားထားပါတယ်။

NCA သဘောတူစာချုပ် အရ အပစ်ရပ် နယ်မြေအတွင်း တစ်ဖက်နဲ့ တစ်ဖက် နယ်မြေစိုးမိုး လှုပ်ရှားတာ အင်အား တိုးချဲ့တာ၊ လက်နက်ကိုင် တိုက်ခိုက်တာ မလုပ်ဖို့၊ လက်နက်နဲ့ သွားလာဖို့ လိုအပ်လာရင်လည်း နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုနဲ့ သွားလာဖို့ ပါရှိပါတယ်။

အခု လုပ်ရပ်တွေဟာ NCA ပြဋ္ဌာန်းချက်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်ဆိုတာကို တပ်မတော်ဘက်က ချိုးဖောက်လုပ်ဆောင်နေတာလို့ နော်ထူးထူး က ပြောပါတယ်။

၂၀၁၈ မတ်လတုန်းကလည်း ကရင်ပြည်နယ်မြောက်ပိုင်းရှိ မူတရောခရိုင် (သို့မဟုတ်) ဖာပွန် ခရိုင် အတွင်း ခေးပူ၊ လယ်မူပလော စတဲ့ကျေးရွာအထိ တပ်မတော် တပ်ရင်းတွေ ဝင်ရောက်လာပြီး ဝင်ရောက်နေရာ ယူခဲ့တဲ့အတွက် ဒေသခံရွာသား ထောင်ချီဟာ တောထဲမှာ ပုန်းရှောင်ခဲ့ ရပါတယ်။

အဲဒီ တုန်းကလည်း အစိုးရတပ်မတော်ဘက်က အပစ်ရပ် စာချုပ်ကို ချိုးဖောက်ရာ ကျတယ်လို့ KPSN ခေါ် ကရင်ငြိမ်းချမ်းရေး ကွန်ရက်က ကြေညာချက် ထုတ်ခဲ့ပြီး အဲဒီနေရာတွေကနေ အစိုးရတပ်မတော် အနေနဲ့ ချက်ချင်း ဆုတ်ခွာပေးဖို့လည်း တောင်းဆိုခဲ့ဖူးပါတယ်။

ဖာပွန်ခရိုင်မှာ အစိုးရတပ်နဲ့ ကေအန်ယူ တပ်မဟာ ၅ တပ်ဖွဲ့တွေအကြား ၂၀၁၈ ခုနှစ် ဧပြီလထဲတုန်းက ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း ဖာပွန်ခရိုင် တိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသား ၂၅၆ ဦး ဟာ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူကို ထွက်ပြေးခဲ့ကြရပါတယ်။

Related Readings