ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်တွင် ဖြစ်ပွားခဲ့ သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် အ---အမည်ရှိသော အမျိုးသား တစ်ဦးသည် ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းကိုခံခဲ့ရသည်။ လက်နက်ကိုင်ဆောင်လာသော လူတစ်စုသည် ယာဉ်အမျိုးအစားမသိရသည့်ကားတစ်စီးဖြင့် အ---ဆီကို ရောက်လာပြီး ၎င်းအား ကားအနောက်ဖုံးထဲကို ထည့်ခေါ်သွားခဲ့သည်။ ထို့နောက် အ---သည် ဆန္ဒမရှိပဲ စစ်သင်တန်းကို တက်ခဲ့ရပြီးနောက် ၎င်းအား ထောတထူမြို့ နယ်၊ မောနေပွားမြို့၊ အဒ---ကျေးရွာအနီးတွင်တည်ရှိသော ဘုမ္မတီးရှေ့တန်းတပ်စခန်းသို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘ---အမည်ရှိသော အမျိုးသားတစ်ဦးသည် နေပြည်တော်ကောင်စီနယ်မြေရှိ တပ်ကုန်းမြို့တစ်နေ ရာတွင် အလုပ်လုပ်နေစဉ်တွင် တပ်မတော်စစ်သားဟောင်းဖြစ်ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး (၂) ဦးမှ ၎င်းအား လိမ်လည်ခေါ်ဆောင်သွား၍ အဓမ္မစစ်မှုထမ်းခိုင်းစေခဲ့သည်။ ဘ---သည် စစ်သင်တန်းကို တက်ခဲ့ရသည်။ ထို့နောက် ၎င်းအား ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ အဆ--- ကျေးရွာရှိ တပ်ရင်းဖြူး (၃၀၆) သို့ ပို့ဆောင်ခဲ့သည်။ ထိုမှ တဆင့် ၎င်းအား ဘုမ္မတီးတပ်စခန်းသို့ ပို့ဆောင်ခဲ့ပြန်သည်။ ဘ---သည် ပထမအကြိမ်ထွက်ပြေးပြီးနောက် ပြန်လည် အဖမ်းခံရ၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃)လ ကျခဲ့သည်။ ထို့နောက် ၎င်းအား ဘုမ္မတီးတပ်စခန်းသို့ ပြန်ပို့ဆောင်ခဲ့ သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အဓမ္မစစ်မှုထမ်းခံရသည့် အ---၊ ဘ--- နှင့်ဆ---တို့သည် ဘုမ္မတီးတပ် စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ [1]

 

 

အ---

အ--- သည် (၂၆) နှစ်ရှိပြီး အိမ်ထောင်ကွဲဖြစ်သည်။ သူသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အအ---ကျေးရွာ တွင် သူ၏ဦးလေးအိမ်၌ နေထိုင်သည်။ အအ---ကျေးရွာသည် မြန်မာစစ်တပ်ထိန်းချုပ်နယ်မြေအောက်တွင်ရှိသည်။ သူ သည် သစ်စက်လုပ်ငန်းတွင် နေ့စားအလုပ်သမားအဖြစ် အလုပ်လုပ်ခဲ့သည်။ ထိုစက်ရုံသည် သူ၏ဦးလေးအိမ်နှင့် (၁၅) မိနစ်ခန့်သွားရသည်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင်  (ရက်စွဲအတိအကျမသိရ)၊ ည (၈း၃၀) မိနစ်တွင် အ---သည် အလုပ်ပြီးစီးပြီးနောက် လုပ် ဖော်ကိုင်ဖက်နှစ်ဦးနှင့်အတူ အိမ်ပြန်လာခဲ့သည်။ ထို့နောက် အ---သည် သူ့လုပ်ဖော်ကိုင်ဖက်နှင့်လမ်းခွဲ၍အိမ်သို့ တစ် ယောက်တည်း လမ်းလျှောက်ပြန်ခဲ့သည်။ သူလမ်းလျှောက်နေစဥ်တွင် ဘယ်ကမှန်းမသိအိမ်စီးကားတစ်စီးသည် သူ၏ ရှေ့တွင် ရုတ်တရက်ရပ်လိုက်သည်။ ထို့နောက် သေနတ်တိုကိုင်ဆောင်ထားသော အမျိုးသားလေး၊ငါးယောက်သည် ကားထဲမှထွက်လာပြီး သူ့ကို ကားအနောက်ဖုံးထဲသို့ ထည့်ခေါ်သွားခဲ့သည်။ သူသည် မလိုက်ချင်သော်လည်း အကြမ်း ဖက်နှိပ်စက်ခံရမည်ကိုကြောက်၍ အသာတကြည်လိုက်သွားခဲ့ရသည်။

နောက်မနက်တွင် ၎င်းအား (အ---) မအူပင်မြို့၌  တပ်ရင်း (၂၇)စုဆောင်းရေးတပ်သို့ ပို့ဆောင်၍ ထိုတွင် (၁၂) ရက်ကြာ နေခဲ့ရသည်။ ထို့နောက် ၎င်းအား (နေပြည်တော်ပြည်ထောင်စုနယ်မြေ) မိုးဆွေသင်တန်းကျောင်းသို့ ပို့ဆောင်၍ (၃) လကြာနေခဲ့ရသည်။ တဖန် နေပြည်တော်လယ်ဝေးသင်တန်းကျောင်းတွင် မွမ်းမံသင်တန်း (၂) ပတ်တက်ခဲ့ရသည်။ အ---သည် ရှားစေးဘိုတပ်စခန်းတွင် အခြေစိုက်သော ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၀၆) ၌ တစ်ပတ်နေခဲ့သည်။ ရှား စေးဘိုတပ်စခန်းသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စု၊ အဆ---ရွာအနီးတွင် တည်ရှိခဲ့သည်။ ထို့နောက် သူ့ကို ဘုမ္မတီးရှေ့တန်းတပ်စခန်းသို့ ပို့ဆောင်ခဲ့သည်။ ယင်းတပ်စခန်းသည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ၏တပ်စခန်းဖြစ်ပြီး ထောတထူမြို့နယ်၊ မောနေပွား မြို့၊ အဒ---ရွာအနီးတွင် တည်ရှိသည်။ သူသည် ဘုမ္မတီးတပ်စခန်းတွင် (၁)လလောက် နေထိုင်ခဲ့သည်။

အ---၏ပြည်သူ့စစ်မှုထမ်းအပတ်စဉ်မှာ (အဖ---) ဖြစ်ပြီး တပ်သားကိုယ်ပိုင်နံပါတ်မှာ --- (လုံခြုံရေးအရ ဆင်ဆာဖြတ် ထား) ဖြစ်သည်။ သူသည် စစ်တပ်ထဲတွင်  (၅)လကျော်အထိ စစ်မှုထမ်းခဲ့ရသည်။

ဘ---

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (ရက်အသေးစိတ်ကို မသိရှိရ) အသက် (၂၅)နှစ်အရွယ်ရှိသော ဘ---သည် နေပြည် တော်ပြည်ထောင်စုနယ်မြေရှိ တပ်ကုန်းမြို့တစ်နေရာတွင် ပန်းရန်အလုပ်ကို နေ့စားဖြင့်သွားလုပ်ကိုင်နေခဲ့သည်။ တပ် ကုန်းမြို့သည် သူ၏ကျေးရွာဖြစ်သည့် အဘ---ကျေးရွာနှင့်ကားဖြင့်သွားလျှင် တစ်နာရီကြာသည်။ အဘ---ကျေးရွာ သည် မြန်မာစစ်တပ်ထိန်းချုပ်နယ်မြေတွင်ရှိပြီး နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုပ္ပသီရိမြို့နယ်၊ ညောင်ကုန်းစပ် ကုန်းကျေးရွာအုပ်စုတွင် တည်ရှိသည်။ တပ်ကုန်းမြို့တွင် အလုပ်သွားရောက်လုပ်ကိုင်နေစဉ် ဒေသခံခေါင်းဆောင်သုံးဦး သည် ၎င်းတို့နောက်သို့လိုက်လာပြီး စာရွက်ပေါ်တွင် လက်မှတ်ထိုးရမည်ဟု ဘ---အား ပြောကြားခဲ့သည်။ (ဘ---သည် ထိုစာရွက်ပေါ်တွင် မည်သည့်အရာများဖြစ်ပြီး ဘာကြောင့်လက်မှတ်ထိုးရမည်ကို မသိရှိရပါ။) ထိုခေါင်းဆောင်သုံးဦးမှာ ညောင်ကုန်းစပ်ကုန်းကျေးရွာအုပ်စုမှ အဘ---ကျေးရွာအုပ်ချုပ်ရေးမှူး၊ အဃ---ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တပ်မတော် စစ်သားဟောင်းတစ်ဦးတို့ဖြစ်သည်။ ထိုဒေသခံခေါင်းဆောင်သုံးဦး၏အမည်ကို KHRG အနေဖြင့် မသိရှိရပါ။ (အဃ---ရွာ သည်လည်း မြန်မာစစ်တပ်ထိန်းချုပ်နယ်မြေအောက်တွင်ရှိသည်။) ထိုခေါင်းဆောင်သုံးဦးမှ လက်မှတ်ထိုးပြီးလျှင် ပြန် လွှတ်ပေးမည်ဟု ဘ---အား ပြောခဲ့သည်။ ဘ---သည် ထိုခေါင်းဆောင်သုံးဦး၏နောက်ကို ၎င်းတို့ကားဖြင့် လိုက်ပါသွား ခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် ဘ---အား လိမ်ညာခဲ့သည်။ ၎င်းတို့သုံးဦးသည် မင်းအောင်လှိုင်နောက်လိုက်သား များဖြစ်ကြောင်း ဘ---က ယူဆပါသည်။ ထို့နောက် သူသည် အဓမ္မစစ်မှုထမ်းခိုင်းစေခံရသည်။ ၎င်းတို့သည် ဘ---အား နေပြည်တော်ရှိ စုဆောင်းရေးတပ်စခန်းသို့ ကားဖြင့် ခေါ်ဆောင်သွားခဲ့သည်။

ဘ---သည် စုဆောင်းရေးတပ်စခန်းတွင် ဆေးစစ်ရန်အတွက် (၁၅) ရက်ကြာနေခဲ့ရသည်။ ထို့နောက် ၎င်းအား နေပြည် တော်ပြည်ထောင်စုနယ်မြေ၊ မိုးဆွေစစ်သင်တန်းကျောင်းသို့ပို့ဆောင်၍ သင်တန်း (၄)လတက်ခဲ့ရသည်။ သင်တန်းမှူး အမည်မှာ သိန်းဇော်ဦး (တပ်ကြပ်ကြီး)နှင့် ကျော်ဆွေ (ဗိုလ်လေး) တို့ဖြစ်ကြသည်။ဘ---သည် နေပြည်တော် ခမရ (၃၀၀) တပ်တွင် ထပ်မံ၍ (၂)လကြာ စစ်သင်တန်းတက်ခဲ့ရသည်။ ထို့နောက် သူသည် အဆ---ကျေးရွာအနီးရှိ ခမရ (၃၀၆) တပ်တွင် (၁၅) ရက်ကြာနေခဲ့ရပြီးနောက် ဘုမ္မတီးရှေ့တန်းတပ်စခန်းတွင် (၈) လကြာနေခဲ့ရသည်။

ထို့နောက် (အချိန်ကာလမသိရ) ဘ---သည် ဘုမ္မတီးတပ်စခန်းမှ ပထမအကြိမ်ထွက်ပြေးခဲ့သည်။ ဘ---သည် ထွက်ပြေး သည့်အချိန်တွင် အရပ်ဝတ်ဖြင့် အိုးဝေကယ်ရီငှား၍ ၎င်းနေရပ်ရွာသို့ ပြန်လာခဲ့သည်။ သူသည် ရွာတွင် (၂)လကြာပုန်း အောင်းနေခဲ့သည်။ ထို့နောက် အဘ--- ကျေးရွာအုပ်ချုပ်ရေးမှူးက ဘ---၏သတင်းကိုရရှိပြီး မြန်မာစစ်သားများကို အကြောင်းကြားခဲ့သည်။ ည (၇)နာရီတွင် (နေ့ရက်မသိရ) မြန်မာစစ်သားများသည် (ဘ---နေထိုင်သည့်နေရာသို့) ရောက်ရှိလာပြီး ၎င်းအား ရိုက်နှက်ဖမ်းဆီး၍ လက်ပြန်ကြိုးတုပ်ပြီး ခမရ (၃၀၆) သို့ ခေါ်ဆောင်သွားကာ အလုပ်ကြမ်း နှင့်ထောင်ဒဏ် (၃) လကျစေခဲ့သည်။ ထို့နောက် ၎င်းအား ဘုမ္မတီးတပ်စခန်းသို့ ပြန်ပို့ခဲ့သည်။ (ထိုအချိန်တွင်) ဘုမ္မတီး တပ်စခန်းမှူးသည် ဗိုလ်မှူးဟိန်းဝင်းအောင်ဖြစ်သည်။ ဘ---သည် ဘုမ္မတီးတပ်စခန်းတွင် (၁) လကြာနေခဲ့သည်။

ဘ---၏ပြည်သူ့စစ်မှုထမ်းအပတ်စဉ်မှာ (အဂ---) ဖြစ်ပြီး တပ်သားကိုယ်ပိုင်နံပါတ်မှာ --- (လုံခြုံရေးအရ ဆင်ဆာဖြတ် ထား) ဖြစ်သည်။ သူ၏စစ်မှုထမ်းကာလမှာ (၁)နှစ်နှင့် (၂)လရှိသည်။ (ဘ---ပြောပြခဲ့သော စစ်မှုထမ်းအချိန်ကာလသည် တိကျမှုမရှိခဲ့ပါ။ သို့သော်လည်း KHRG အနေဖြင့် သေချာတိကျစေရန်အတွက် ၎င်းအား ထပ်မံဆက်သွယ်မေးမြန်း၍ မရခဲ့ပါ။)

ဆ---

ဆ---သည် အသက် (၁၈)နှစ်သာရှိသော ရွာသားတစ်ဦးဖြစ်ပြီး ၎င်းလည်း အဓမ္မစစ်မှုထမ်းခိုင်းစေခံခဲ့ရသည်။ KHRG သည် ဆ---နှင့်ပတ်သက်၍ သတင်းအသေးစိတ်ရယူနိုင်ခြင်းမရှိခဲ့ပါ။ အကြောင်းမှာ ၎င်းအနေဖြင့် မည်သည့်နေရာသို့ ထွက်ပြေးခဲ့ခြင်းကို မသိရှိရခြင်းဖြစ်သည်။

ဘုမ္မတီးတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်ခြင်း

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ ည (၈)နာရီတွင် အ---၊ ဘ---နှင့်ဆ---တို့သည် ဘုမ္မတီးတပ်စခန်းမှ အတူတကွ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၎င်းတို့ထွက်ပြေးရသည့်အကြောင်းမှာ တပ်စခန်းထဲတွင် ရာထူးအကြီးအကဲများသည် နှိပ်စက်၊ ဆဲဆို၊ ရိုက်နှက်မှုများ မကြာခဏဆိုသလိုလုပ်လေ့ရှိပြီး အခြားတစ်ခုမှာ မိမိတို့ဆန္ဒမပါပဲ အတင်းအကြပ်ပေါ် တာဆွဲခံရ၍ စစ်သားမလုပ်ချင်သည့်အတွက်ကြောင့်ဖြစ်သည်။ ၎င်းတို့သည် အိမ်ပြန်၍ မိသားစုများနှင့်အတူ အေးအေး ဆေးဆေးပြန်လုပ်ကိုင်စားသောက်ချင်သည့်ဆန္ဒလည်းရှိသည်။ ဤဖြစ်စဉ်မတိုင်ခင်တွင် ထိုစခန်းမှ ထွက်ပြေးခဲ့သူများ ရှိခဲ့သည်။

အ---၊ ဘ---နှင့်ဆ---တို့သည် ထွက်ပြေးလာစဉ်က မြို့ပေါ်လမ်းအတိုင်းပြန်ရန် အခက်အခဲရှိပြီး လမ်းတစ်လျှောက်တွင် မြန်မာစစ်တပ်၏စစ်ဆေးရေးဂိတ်များစွာရှိသောကြောင့် နောက်တဖန် ပြန်အဖမ်းခံရမည်ကိုလည်း စိုးရိမ်နေရသည်။ ထောတထူမြို့နယ်၊ ပယ်ထီးကျေးရွာအုပ်စုနှင့် ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စုတွင်းရှိ လမ်းမကြီးပေါ်တွင် SSCP တပ်စခန်းများနှင့်စစ်ဆေးရေးဂိတ်များစွာရှိသည်။ ထို့ကြောင့် ၎င်းတို့သည် လမ်းမကြီးအတိုင်းမသွားပဲ အခြားလမ်းကို ရွေးချယ်၍ ထွက်ပြေးခဲ့သည်။ (ဆ---သည် အ---နှင့်ဘ---တို့သွားသည့်လမ်းကို အတူတကွမလိုက်ပဲ အခြားလမ်းကိုသွား ခဲ့သည်။) အ---နှင့်ဘ---တို့သည် လယ်ကွင်းများထဲကိုဖြတ်ပြီး ခန့်မှန်း၍ လျှောက်လာကြရာ KNU (ကရင်အမျိုးသား အစည်းအရုံး) လုံခြုံရေးခေါင်းဆောင်များနှင့်တိုး၍ တွေ့ဆုံကြသည်။ KNU ခေါင်းဆောင်များက ၎င်းတို့အား (အ---နှင့်ဘ---) မသင်္ကာ၍ စစ်ဆေးမေးမြန်းသည့်အခါတွင် ဘုမ္မတီးတပ်စခန်းမှ ထွက်ပြေးလာသော မြန်မာစစ်သားများဖြစ် ကြောင်း ဝန်ခံဖြေကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အ---နှင့်ဘ---တို့သည် KNU ထိန်းချုပ်နယ်မြေတွင် နေထိုင်၍ ၎င်းတို့မိသားစု များအား ဆက်သွယ်နိုင်ခွင့်ရခဲ့သည်။ KNU အနေဖြင့် ၎င်းတို့နှစ်ဦးကို ထိန်းသိမ်းထားပြီး အခြေအနေစောင့်ကြည့်ကာ ၎င်းတို့အား အရပ်သားအဖြင့် အိမ်ပြန်ပို့ပေးရန် ဆုံးဖြတ်ခဲ့သည်။  

Tue, 25 Aug 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် မြေပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၃) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-79-D1 ၊ #26-79-A1-I1 နှင့် #26-79-A2-I1 တို့ဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်