စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာတွင် မြန်မာစစ်အုပ်စုမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ၏ ခိုလှုံရာနေရာများ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စားဝတ် နေရေးလုပ်ငန်းများကိုဖျက်ဆီးခြင်းနှင့် မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်း ကျယ်ပြန့်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေခြင်းတို့ကြောင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု များ စွဲမြဲဖြစ်ပေါ်နေရပုံကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က မှတ်တမ်းတင် ဖော်ပြထားပါသည်။

မြန်မာစစ်အုပ်စုမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ ၏ ခိုလှုံရာနေရာများကို တိုက်ခိုက်နေခြင်း နှင့်သွားလာ လှုပ်ရှားမှု ကန့်သတ်ချက်များကြောင့် ဘေးလွတ်ရာ များအား မရှာဖွေနိုင်ကြသဖြင့် မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် နေရပ်စွန့်ခွာတိမ်း ရှောင်နေရသည့် အ မျိုးသမီးများအနက် တွေ့ဆုံမေးမြန်းခဲ့သူ ၉၃ ရာခိုင် နှုန်းက လုံခြုံမှုမရှိဟု ခံ စားရကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့ (KHRG) ၏ ယနေ့ထုတ်ပြန်သည့် အစီရင်ခံ စာအသစ်တွင် ဖော်ပြထားသည်။ ထို့အပြင် ရာဇဝတ်မှု များနှင့် ဥပဒေစိုးမိုးမှုမရှိခြင်းတို့ ပိုမိုများပြားလာမှု ကြောင့် ဒေသတွင်း သတ်မှတ်ထားသည့် ကရင်ပြည် နယ်အတွင်း မတည်ငြိမ်မှုကိုပိုမိုဖြစ်စေကာ လုပ်ကိုင် စားသောက်မှု အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေ ပြီး အများစုတွင် စိုးရိမ်ကြောက်ရွံ့မှုများ စွဲမြဲဖြစ်ပေါ် နေစေသည်ဟုဆိုသည်။ စစ်အုပ်စုအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် မလိုအပ်ဘဲ ထပ်မံခံစားရမည့် ဒုက္ခဝေဒနာများကို တားဆီးနိုင်ရန်အတွက် နိုင်ငံတ ကာအသိုက်အဝန်းအနေဖြင့် အရေးပေါ် အရေးယူဆောင်ရွက်ရန်လိုအပ်နေသည်။

"အကြောက်တရားကိုအံတုရင်း - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နေရပ်စွန့်ခွာနေရခြင်းနှင့် လုံခြုံရေးဆိုင်ရာစိန် ခေါ်မှုများကို ရင်ဆိုင်ဖြတ်သန်းနေရသောအမျိုးသမီးများ၏အတွေ့အကြုံများ" အမည်ရှိ စာမျက် နှာ ၇၀ ပါ အစီရင် ခံစာတွင် နေရပ်စွန့်ခွာတိမ်းရှောင်မှုကိုဖြစ်စေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများသာမက၊ နေရပ်စွန့်ခွာတိမ်း ရှောင်ရသည့်အခြေအနေများကြောင့် အထူးသဖြင့် အမျိုးသမီးများ၏အခွင့်အရေး ပိုမိုဆုံးရှုံးရပုံကို မှတ်တမ်းတင် ထားသည်။ ယင်းအခြေအနေများသည် ၎င်းတို့အား အန္တရာယ်ရှိသော ရှင်သန်နေထိုင်မှုအခြေအနေများတွင် အချိန် အကန့်အသတ်မရှိ ဆက်လက်ကျရောက်စေခြင်း၊ လုပ်ကိုင်စားသောက်မှု အသက်မွေးဝမ်းကြောင်းများကို ပျက်စီး စေခြင်းနှင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို မရရှိအောင် ပိတ်ပင်တားဆီးလျက်ရှိသည်။ အမျိုးသမီးများသည် အလုပ်အကိုင်ဆိုင်ရာ ကျား၊မ ခွဲခြားဆက်ဆံခံရမှုများနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မအခြေ ပြုအကြမ်းဖက်မှု (SGBV) ခံရနိုင်ခြေပိုမိုများပြားခြင်းတို့ကြောင့် ဤအကျိုးဆက်များ၏ဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရသည်။

"ကရင်ပြည်နယ်က ရွာသူရွာသားတွေဟာ စစ်အာဏာမသိမ်းခင်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ဒုက္ခတွေ နဲ့ စိန်ခေါ်မှုတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့နေခဲ့ရတာပါ၊ ဒါပေမဲ့ အမျိုးသမီးတွေကတော့ ပိုပြီးတော့ အ ချိုးအစားမမျှတအောင် ထိခိုက်ခံစားရလေ့ရှိပါတယ်" ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ စောအဲလ်ဘတ်ကပြောသည်။ "နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ အချိန်မှာတောင် သူတို့ဟာ အိမ်မှုကိစ္စအားလုံးကို လုပ်ဆောင်ဖို့နဲ့ နေရပ်စွန့်ခွာရသူတွေရဲ့ လူထုဝန်းကျင်ကို ကာကွယ်ဖို့ ဦးဆောင်မှု အခန်းကဏ္ဍကနေပါဝင်ပေးဖို့ တောင်းဆိုမှု ခံရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ မြန်မာစစ်တပ် စစ်သားတွေ ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရနိုင်တဲ့ အန္တရာယ်ကမြင့်မားတယ်။ ဒီလိုအခြေအနေတွေရှိနေပေမဲ့လည်း အမျိုး သမီးတွေဟာ ဒီအခက်အခဲတွေကို ကျော်လွှားလွတ်မြောက်ဖို့အတွက် ထူးခြားပြောင်မြောက်တဲ့ ကြံ့ခိုင်မှုနဲ့ ကိုယ် ပိုင်စွမ်းဆောင်နိုင်စွမ်းတွေကို ပြသခဲ့ကြသလို၊ စစ်အုပ်စုကို တော်လှန်ဆန့်ကျင်တဲ့နေရာမှာလည်း မရှိမဖြစ်အရေး ပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ သုတေသနက ဖော်ပြနေပါတယ်။" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကရင်ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီ (CIDKP) ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ပြီးနောက်ပိုင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေမှာ တဟုန်ထိုးတိုးမြင့်လာခဲ့ပြီး လက်ရှိတွင် မြန်မာပြည်အရှေ့ တောင်ပိုင်းတစ်ခွင်၌ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁.၂ သန်းကျော် ရှိလာပြီဖြစ်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ တွေ့ဆုံမေးမြန်းခဲ့သည့် သူအများစု၏ ပြောပြချက်အရ ၎င်းတို့သည် ဘေးကင်းလုံခြုံသော ခိုလှုံရာနေရာ များရရှိရန် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီး အများစုမှာ တောတောင်များ သို့မဟုတ် ဂူများအတွင်း အမိုးအကာမရှိ ဘဲ မြေကြီးပေါ်တွင် အိပ်စက်နေထိုင်ကြရသည်။ ရွာသူရွာသားများသည် လတ်တလောဖြစ်ပွားနေသည့် အကြမ်း ဖက်မှုများ ပြီးဆုံးသွားသည်နှင့် ၎င်းတို့၏နေအိမ်များသို့ပြန်ရန် ကြိုးပမ်းလေ့ရှိကြသော်လည်း မြန်မာစစ်တပ်မှ ၎င်း တို့၏ကျေးရွာများကို လုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အစားအစာ၊ ပိုင်ဆိုင်မှုများနှင့် အသက်မွေးဝမ်း ကြောင်းလုပ်ငန်းများမရှိတော့ဘဲ ကာလအကန့်အသတ်မရှိ နေရပ်စွန့်ခွာရသည့်အခြေအနေသို့ ဆိုက်ရောက်သွားရ သည်ကိုသာ လျင်မြန်စွာသိရှိကြရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့သည် ကရင်အမျိုးသားအစည်း အရုံး (KNU) စီမံခန့်ခွဲသည့် ခရိုင်ခုနစ်ခုစလုံးရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၅၁ ဦး (အမျိုးသမီး ၄၄ ဦးနှင့် အမျိုး သား ၇ ဦး) ကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၆ ခုနှစ် မေလတွင်လည်း နယ်စပ်ဖြတ်ကျော်အကူအ ညီများပေးအပ်နေသည့် လူထုအခြေပြုအဖွဲ့အစည်းသုံးခုကို တွေ့ဆုံမေးမြန်းခဲ့သည်။ ထို့အပြင် ယခုအစီရင်ခံစာ သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နေထိုင်သည့် ‌‌ဒေသခံရွာသားများမှ ကရင်လူ့အခွင့်အရေးအဖွဲ့ထံ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ပေးပို့ခဲ့သော ကွင်းဆင်းအစီရင်ခံစာ ၃၇ စောင်မှ ခွဲခြမ်းစိတ်ဖြာချက်များကိုလည်း အခြေခံထားသည်။

ယခုအစီရင်ခံစာအသစ်တွင် လူထုဘေးကင်းလုံခြုံမှု ပေးနိုင်လေ့ရှိသည့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာ သာရေးအဆောက်အအုံများကဲ့သို့သော အရပ်သားပြည်သူလူထု အခြေစိုက်ရာနေရာများကို မြန်မာစစ်တပ်က ဆက်လက်တိုက်ခိုက်နေမှုကို မှတ်တမ်းတင်ထားပြီး၊ တိုက်ခိုက်ခံရသည့် ဒေသတစ်ခုမှ ထွက်ပြေးရုံဖြင့် မလုံ လောက်ဘဲ ၎င်းတို့ သွားရောက်ခိုလှုံသည့် နေရာများတွင်ပါ ရွာသူရွာသားများ ထပ်မံတိုက်ခိုက်ခံရလေ့ရှိကြောင်း ပြသနေသည်။ ဒူးပလာယာခရိုင်မှ ကျောင်းဆရာမတစ်ဦးဖြစ်သူ နန်း ဘ--- သည် မြန်မာစစ်တပ်မှ ၎င်း၏ကျေး ရွာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး နေရပ်စွန့်ခွာတိမ်း‌ရှောင်နေသူများ ခိုလှုံနေသည့် ဆေးခန်းနှင့်စာသင် ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ထိုဖြစ်စဉ်တစ်ခုမှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သူဖြစ်သည်။

နန်းဘ--- က KHRG အား ဤကဲ့သို့ တင်ပြခဲ့သည်။“အခန်းထဲမှာ ဆရာနဲ့ ကျောင်းသားအပါအဝင် စုစုပေါင်း လူ ၃၀ ကျော်ရှိခဲ့တယ်။  သူတို့က ကျွန်မတို့ကိုရည်ရွယ်ပြီးပစ်ခဲ့တာ။ ကျွန်မတို့ကျောင်းနဲ့မီတာသုံးဆယ်လောက် အကွာ အဝေးမှာရောက်တဲ့အချိန် လက်နက်ကြီးကအဲ့ဒီခေါင်မိုးပေါ်ကျခဲ့တယ်။ ကျွန်မတို့ သီသီလေးလွှတ်ခဲ့တာ။ ကျွန်မ တို့သာထွက်မပြေးနိုင်ခဲ့ရင် ကျွန်မမတွေးရဲဘူး။ ကျောင်းတစ်ကျောင်းလုံး ဆရာတွေနဲ့ ကျောင်းသားတွေရဲ့သွေးတွေ နဲ့ လွှမ်းသွားလိမ့်မယ်။

နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ၏ ခိုလှုံရာနေရာများနှင့် အခြားအရပ်သားပြည်သူလူထုပစ်မှတ်များကို တိုက် ခိုက်နေခြင်းသည် ရွာသူရွာသားများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် နေရာအသစ်များသို့ ထပ်မံတလဲလဲ ရွှေ့ ပြောင်းနေကြရသည်။ သို့သော်လည်း တင်းကျပ်လှသော သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များကြောင့် ရွာသူရွာ သားများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရန် ထိုသို့သော ဘေးလွတ်ရာရွှေ့ပြောင်းခြင်းဆိုင်ရာ နည်းလမ်းများကို မ လုပ်ဆောင်နိုင်အောင် တားဆီးခံထားရပုံကို အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် စစ် ဆေးရေးဂိတ်များတည်ဆောက်ခြင်းနှင့် ခရီးသွားလာခွင့်လက်မှတ်များ တောင်းခံခြင်းဖြင့် သွားလာလှုပ် ရှားမှုကို တိုက်ရိုက်ပိတ်ပင်ကန့်သတ်ထားသည်။ တစ်ဖက်တွင်လည်း မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက် နက်အကြွင်းအကျန်ပစ္စည်းများ၏ ဘေးအန္တရာယ်ရှိနေမှု၊ ခရီးသွားလာသူများ (အထူးသဖြင့်အမျိုးသမီးများ) အား လုယက်မှု၊ ပြန်ပေးဆွဲမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အန္တရာယ်များထဲ ကျရောက်စေသည့် ရာဇဝတ်မှုများ ပိုမို များပြားလာခြင်းတို့ကြောင့် ခရီးသွားလာခြင်းသည် သွယ်ဝိုက်သောနည်းဖြင့် အန္တရာယ်ရှိလာစေသည်။ ဤကန့် သတ်ချက်များသည် တိုက်ခိုက်ခံရချိန်တွင် ချက်ချင်းလွတ်မြောက်ရှင်သန်နိုင်ရေးအတွက် သွားလာလှုပ်ရှားမှုကို ပိတ်ပင်ရုံမျှမက၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိမှု အကန့်အသတ်ရှိနေ သည့်ကြားမှ လုပ်ကိုင်စားသောက်မှုအသက်မွေးဝမ်းကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရေးကိုပါ တားဆီးနေ ခြင်းကြောင့် ရေရှည်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ၏ ရှင်သန်ရေးကို ပိုမိုခက်ခဲရှုပ်ထွေးစေသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသူရွာသားများသည် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် စိုက်ပျိုးရေးအ ပေါ်တွင်သာ အဓိကမှီခိုအားထားနေကြရသဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်းသည် စိုက်ပျိုးမြေများသို့ သွား ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် လိုအပ်သောရိက္ခာပစ္စည်းများဝယ်ယူရန် သို့မဟုတ် အခြားအလုပ်အကိုင်ရှာဖွေရန် မြို့ပြ များသို့ သွားလာလှုပ်ရှားနိုင်ခွင့်နှစ်ခုစလုံးကို ပိတ်ပင်တားဆီးလိုက်သည့်အတွက် စီးပွားရေးပျက်ပြားမှုအပေါ် တိုက် ရိုက်သက်ရောက်မှုရှိစေပါသည်။ သို့သော်လည်း တိုက်ပွဲများကြောင့် လမ်းမကြီးများပိတ်ဆို့ခြင်းနှင့် သီးနှံရိတ်သိမ်း မှုကာလသံသရာများ ပျက်ပြားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ကုန်စည်နှင့် အစားအစာပြတ်လပ်မှုများ ကြားတွင် ဝင်ငွေရှိသူများပင်လျှင် ၎င်းတို့၏အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေကြရသည်။

မအခ--- မှ ဤကဲ့သို့ပြောပြခဲ့သည်။ “အခုဆို တိုက်ပွဲစပြီးဖြစ်တဲ့ နေ့ကစပြီးတော့ ကျွန်မတို့မှာ အလုပ်မရှိတော့ ဘူး။” ဒါ ကြောင့် ကျွန်မတို့ အခက်အခဲတွေ အများကြီးကြုံရတယ်။”  […] “ပိုက်ဆံရှိရင်တောင်မှပဲ ဘာမှဝယ်လို့မရ ဘူး။ အခုဆို အစားအသောက်တွေ ရှားပါးလာပြီ။”

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က တွေ့ဆုံမေး မြန်းခဲ့သည့် အမျိုးသမီးများ၏ ပြောပြချက်အရ ၎င်းတို့ သည် အလုပ်အကိုင်ရှာဖွေရာတွင် ခွဲခြားဆက်ဆံခံရမှု များနှင့် ရင်ဆိုင်ခဲ့ရပြီး၊ အလုပ်ရှင်အများစုမှာ အမျိုး သားများကိုသာ ပိုမိုဦးစားပေးခန့်အပ်လိုကြခြင်း သို့မ ဟုတ် အမျိုးသမီးများကို အလုပ်ခန့်အပ်သည့် အခါတွင် လည်း လုပ်ခလစာပိုမိုနည်းပါးစွာ ပေးဆောင်ခြင်းတို့ကို ပြုလုပ်ကြကြောင်းသိရသည်။

ဒူးပလာယာခရိုင်တွင် ထွက်ပြေးတိမ်းရှောင်နေရသူ နော်လ--- က ဤသို့ရှင်းပြခဲ့သည်။ “အမျိုးသမီးတွေ အနေနဲ့က တစ်ရက်ကို ထိုင်းဘတ် ၁၇၀ ရပြီး အမျိုးသားတွေကတော့ တစ်ရက်ကို ထိုင်းဘတ် ၂၀၀ ရ တယ်။ အမျိုးသားတွေက အားကောင်းတဲ့အတွက် အလုပ်ပိုလုပ်နိုင်တယ်လို့ သူတို့ကထင်ကြတယ်။ ဒါကြောင့် သူတို့ကပိုရတယ်။ သူတို့ရဲ့အ မြင်မှာ အမျိုးသမီးတွေက အားနည်းတော့ အမျိုးသားတွေလောက် အမျိုးသမီးတွေက အလုပ်မလုပ်နိုင်ဘူးလို့ထင် ကြတယ်။ ဒါကြောင့် အမျိုးသမီးတွေက ရတာနည်းတယ်။ […] ကျွန် မဘာပြောရမလဲ မသိဘူး။ ဒါက ကျွန်မရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘူး။ သူတို့ငှါးလို့ ကျွန်မတို့အလုပ်လုပ်ရတယ်။ ဒါကြောင့် သူတို့ပေးတာကျွန်မယူရမယ်။ တစ်ခါတလေတော့ ဒါကမမျှတဘူးလို့ ကျွန်မခံစားရတယ်။ ဘာကြောင့် လဲဆိုတော့ အမျိုးသမီးနဲ့အမျိုးသား အားလုံး တူညီတဲ့အလုပ်ကိုပဲ လုပ်ကြတယ်။ ဒါပေမယ့် ကျွန်မတို့အမျိုးသမီး တွေကရတာနည်းတယ်။ […] ကျွန်မ တို့တွေ မနက် ၇ နာရီ အလုပ်စလုပ်ပြီး ၁၁ နာရီဆိုနားတယ်။ ပြီးတော့ ၁ နာရီ မှာအလုပ်ပြန်စတယ်။ ၄ နာရီ ၅ နာရီ လောက်ဆိုအလုပ်သိမ်းပြီ။ […] ဒါပေမယ့် ဒီလိုမျိုး အလုပ်အတူတူဆင်းလဲ အမျိုးသားတွေက ပိုပြီးရတယ်။”

မြန်မာစစ်တပ်က ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် မြန်မာပြည်အရှေ့တောင်ပိုင်းတစ်ခွင်၌ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာတိမ်းရှောင်မှုများကို ဖြစ်ပေါ်စေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ကျပ်အတည်းတစ်ရပ်ကို တမင်ဖန်တီးထားခြင်းဖြစ်ကြောင်း ပိုမိုခိုင်မာလာသည့် အထောက်အထားများအတွက် ယ ခုအစီရင်ခံစာမှ ထောက်ပြထားသည်။ မြန်မာစစ်တပ်သည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ပိတ်ပင်ခြင်း နှင့် အကူအညီပေးရေးဝန်ထမ်းများကို တိုက်ခိုက်ခြင်းအပါအဝင် တိုင်းရင်းသားဒေသများသို့သွားမည့် မရှိမဖြစ်လို အပ်သော လူသားချင်းစာနာမှုအကူအညီများကို ပိတ်ဆို့မှုများလုပ်ဆောင်ခြင်းဖြင့် နေရပ်စွန့်ခွာရသူများအနေဖြင့် အစားအစာ၊ သန့်ရှင်းသောရေနှင့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုအခြေအနေများရရှိနိုင်ခွင့် စသည်များကို အကန့်အသတ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့အစည်းများအတွက် ရန်ပုံငွေလိုအပ်ချက် လျော့နည်းလာမှုများကလည်း အမျိုးသမီးများအ နေဖြင့် လူသားချင်းစာနာမှုအကူအညီများ ရရှိနိုင်မှုကို ပိုမိုအတားအဆီးဖြစ်စေခဲ့သည်။

"မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို တန်းတူရည်တူ ဆက်ဆံရမှာဖြစ်ပြီး ဘာခွဲခြားဆက်ဆံမှုမှ မရှိရပါဘူး။ အဲဒီလိုမ ဖြစ်မချင်း ငြိမ်းချမ်းရေးဆိုတာ ရှိလာနိုင်မှာမဟုတ်သလို မြန်မာစစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေအပေါ် မညှာမ တာ ဖိနှိပ်စစ်ဆင်နေမှုတွေဟာ ကျား၊ မ တန်းတူညီမျှမှုအတွက် ကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်ပါတယ်" ဟု စောအဲလ်ဘတ်က ပြောသည်။ "စစ်အုပ်စုအနေနဲ့ လူ့အခွင့်အရေးနဲ့ လူ့အသက်တွေကို လုံးဝတန်ဖိုးမထားဘဲ လျစ် လျူရှုမှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်။ မြန်မာပြည်သူတွေဟာ တာဝန်ခံမှုရှိရေး၊ တရားမျှတမှု ဖော်ဆောင်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေအတွက် ကိုယ်တိုင်ကြိုးပမ်းဆောင်ရွက်နေကြပြီဖြစ် လို့ မလိုအပ်ဘဲ ထပ်မံခံစားရမည့် ဒုက္ခဝေဒနာတွေကို အဆုံးသတ်နိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီကြိုးပမ်းအားထုတ်မှုတွေကို ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်တိုက်တွန်းနှိုးဆော်အပ် ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အစီရင်ခံစာအပြည့်အစုံကိုဖတ်ရန် - https://khrg.org/my/2026/07/26-1-tmt/4280

 

ဆက်သွယ်ရန် -
စောအဲလ်ဘတ် - သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ - albert@khrg.org (ဗမာ၊ ကရင်၊ အင်္ဂလိပ်)

Wed, 22 Jul 2026

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်

There is no data.