ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လအတွင်း ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၉ ရက်နေ့၌ ကရူတူးမြို့ တွင်အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၅) သည် သလွဲ ထော်ကျေးရွာအုပ်စုရှိ အဘ--- ကျေးရွာသို့ လက်နက်ကြီးများပစ်ခတ်၍ ရပ်ရွာအနည်းငယ်ထိခိုက်ပျက်စီးသွားပြီး ရွာသားများအတွက် ကြောက်ရွံ့မှုဖြစ်ပေါ်စေခဲ့သည်။ လက်နက်ကြီးပစ်ခတ်ပြီးနောက် ခေတ္တအကြာတွင် အသက် (၅၅) နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးသွားသည်ကို ရွာသားများမြင်တွေ့ခဲ့သည်။ ထိုအမျိုးသမီးသည် သွေးတိုးရောဂါသည် တစ်ဦးဖြစ်သည့်အတွက် လက်နက်ကြီးပေါက်ကွဲမှုကြောင့် နှလုံးရပ်ပြီးသေဆုံးသွားသည်ဟု ရွာသားများက ယူဆကြ သည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလမှစ၍ ကရူတူးမြို့နယ်အတွင်းရှိ အာရှလမ်းမတစ်လျှောက်တွင် တိုက်ပွဲများမကြာခဏဖြစ်ပွား ၍ ရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။ သက်ကြီးရွယ်အိုများအပါအဝင် စစ်ဘေးရှောင်ရွာသားတစ် ချို့သည် အဘ--- ကျေးရွာဒေသရှိ အအ---နေရာတွင် လာရောက်ပုန်းရှောင်ကြပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့်ဆေး ဝါးပစ္စည်းများလိုအပ်နေပါသည်။ [1]
သလွဲထော်ကျေးရွာအုပ်စုရှိ SAC လက်နက်ကြီးပစ်ခတ်မှု
၂၀၂၅ ခုနှစ်၊ ဧပြီလမှစ၍ ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်ရှိ အာရှလမ်းမတစ်လျှာက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) နှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲနေ့စဉ်နှင့်အမျှဖြစ်ပွားခဲ့သည်။ (တိုက်ပွဲဖြစ် ပွားသည့်အာရှလမ်းမတစ်လျှောက်သည် ကရူတူးမြို့နယ်နှင့်ကော်တရီမြို့နယ်ကြားတွင် တည်ရှိသည်။) တိုက်ပွဲဖြစ်ပွား သည်ဖြစ်စေ၊ မဖြစ်ပွားသည်ဖြစ်စေ ကရူတူးမြို့တွင်အခြေစိုက်သည့် SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၅) သည် တစ်ပတ်လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လက်နက်ကြီးများပစ်ခတ်လေ့ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၉ ရက်နေ့ ည (၉)နာရီခန့်တွင် ရွာသားများသည် SAC လက်နက်ကြီးများပစ်ခတ်သံကို ကြားခဲ့ ကြသည်။ လက်နက်ကြီး (၁၂၀ မမ) တစ်လုံးသည် ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ သလွဲထော်ကျေးရွာအုပ်စု၊ အဘ--- ကျေးရွာဒေသရှိ အအ---နေရာတွင်ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးကျည်စများသည် ကျေးရွာတွင်းရှိ ဘုန်း ကြီးကျောင်းခြံစည်းရိုးကိုလွင့်စင်ထိမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်။
လက်နက်ကြီးပစ်ခတ်ပြီးနောက် ကျန်းမာရေးမကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သူ အသက် (၅၅)နှစ်အရွယ် မအ--- သည် သူမ၏အိပ်ယာထဲတွင် မျက်စိ၊ နားနှင့်နှာခေါင်းတွင်သွေးများထွက်၍ သေဆုံးနေသည်ကို ရွာသားများတွေ့ရှိခဲ့ သည်။ အခင်းဖြစ်ပွားပြီးနောက် ထိုညတွင် မအ---၏အငယ်ဆုံးသမီးနှင့်မြေးမတို့သည် အဘ--- ကျေးရွာအုပ်ချုပ်ရေးမှူး စောဘ---ကိုသွားရောက်ရှာဖွေ၍ ဖြစ်စဉ်အကြောင်းကို ၎င်းအား ပြောပြခဲ့သည်။ စောဘ--- သည် KHRG အား ယခုလို ရှင်းပြသည်။ “သူက (မအ---) ဘုန်းကြီးကျောင်းကနေပြန်လာပြီးနောက်မှာ မာမားခေါက်ဆွဲစားလိုက်တယ်။သူရဲ့သမီးနဲ့ မြေးမက ဖုန်းဆော့နေတယ်။ သူက အိပ်ချင်တာနဲ့အိပ်လိုက်တယ်။ ခဏအကြာမှာတော့ လက်နက်ကြီးပစ်ခတ်သံကြား ရတယ်။ အဲဒါနဲ့သူ့သမီးက သူ့ကိုခေါ်နိုးတယ်။ ‘မိုးမိုး… လက်နက်ကြီးပစ်ခတ်သံကြားတယ်’တဲ့။ ဒါပေမဲ့ သူက မနိုးလာ ဘူး။ သူ့ရဲ့ခန္ဓာကိုယ်က အေးစက်စက်ဖြစ်နေတယ်။”
သေဆုံးသူအလောင်းကိုမြင်တွေ့ခဲ့ပြီး အခင်းဖြစ်စဉ်ကိုမှတ်တမ်းပြုစုခဲ့သော ကရူတူးမြို့နယ်သတင်းဌာနမှူးဖြစ်သည့် ဒေသခံခေါင်းဆောင်တစ်ဦးသည် အဆိုပါကျန်းမာရေးမကောင်းသည့်အမျိုးသမီးတစ်ဦးသည် အိပ်ပျော်နေစဉ်တွင် လက် နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်ဟုယူဆမိကြောင်း ရွာသားများအား ပြောပြခဲ့သည်။ (မအ--- သည် သွေးတိုး ရောဂါဝေဒနာကို ခံစားရသူတစ်ဦးဖြစ်သည်။) လက်နက်ကြီးပေါက်ကွဲမှုပြင်းအားကြောင့် သူမ၏နှလုံးရပ်တန့်သွားနိုင် ချေရှိသည်ဟု ယူဆကြသည်။ ထို့အပြင် သူမ၏မျက်စိ၊ နားနှင့်နှာခေါင်းမှာ သွေးများထွက်လာခဲ့သည်။ ကျေးရွာအုပ်ချုပ် ရေးမှူး စောဘ---အနေဖြင့် မအ---သည် ရောဂါဖြင့် (သွေးတိုး) ကွယ်လွန်သွားကြောင်း ယူဆသည်။ သို့သော်လည်း မအ---၏သေဆုံးမှုအခြေအနေအရ (သေဆုံးနေချိန်တွင် တွေ့ရှိရသည့်ရုပ်ပိုင်းပုံစံကိုကြည့်ခြင်းအားဖြင့်) SAC လက်နက် ကြီးပစ်ခတ်မှုကြောင့် ဤသို့သေဆုံးခဲ့ရသည်ဟု ကရူတူးမြို့နယ်သတင်းဌာနမှူးက ကောက်ချက်ချခဲ့သည်။
ယခင်က အဘ--- ကျေးရွာဒေသရှိ အအ--- နေရာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းတစ်ခါမှ မရှိခဲ့ဖူးပါ။ ဤသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ လက်နက်ကြီးတစ်လုံးသည် အအ--- နေရာ ဒေသတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ သို့သော်လည်း ပေါက်ကွဲမှုအသံအလွန်ကျယ်လောင်၍ အဘ--- ကျေးရွာရှိ ရွာသားများက ကြားခဲ့မိကြောင်းသိရှိရသည်။
အဘ--- ကျေးရွာတွင် နေရပ်စွန့်ခွာရမှုဆိုင်ရာစိန်ခေါ်မှုများ
ကရူတူးမြို့နယ်ရှိ အာရှလမ်းမတစ်လျှောက်တွင် တိုက်ပွဲများအမြဲလိုလိုဖြစ်ပွားသည့်အတွက်ကြောင့် ကရူတူးမြို့နယ်၊ ရေပူကြီးကျေးရွာအုပ်စု၊ အဆ--- ကျေးရွာ၊ အဒ--- ကျေးရွာနှင့်ကရူတူးမြို့နယ်၊ ကော့ဝါးလာကျေးရွာအုပ်စု၊ အဃ--- ကျေးရွာတို့မှ တစ်ချို့ရွာသားများသည် အဘ--- ကျေးရွာဒေသရှိ အအ--- နေရာသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။
(၂၀၂၅ ခုနှစ်၊ ဇူလှိုင်လအတွင်း သိရှိရသည့်သတင်းအရ) စစ်ဘေးရှောင်ရွာသားများကြားတွင် ကျန်းမာရေးမကောင်း သည့်သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များလည်းရှိပြီး ၎င်းတို့အနေဖြင့် စားနပ်ရိက္ခာနှင့်ဆေးဝါးပစ္စည်းအကူအညီ များ အရေးပေါ်လိုအပ်နေပါသည်။ ထိုရွာသားများသည် ၎င်းတို့ရပ်ရွာဒေသအနီးတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အဘ---ကျေးရွာဒေသရှိ အအ---နေရာမှ တစ်ချို့ရွာသားများ လည်း ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။ ထို့ကြောင့် လူမရှိသည့်နေအိမ်များတွင် အဒ---၊ အဃ---နှင့်အဆ---ကျေးရွာများမှ စစ်ဘေးရှောင်ရွာသားများသည် လာရောက်နေထိုင်ကြသည်။ သို့သော်လည်း စစ်ဘေးရှောင်ရွာသားများအနေဖြင့် အလုပ်အကိုင်ရှားပါးသည့်အတွက် အလုပ်ရှာဖွေရာတွင် အလွန်ခက်ခဲလှသည်။
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၂) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #25-280-I1 နှင့် #25-280-A1-I1 တို့ဖြစ်သည်။
