ဤဒေသတွင်းနောက်ဆုံးရအခြေအနေတင်ပြချက်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်နှင့်ဘားအံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဥ်များနှင့်လူမှုရေးရာဘဝအခြေ အနေများကို ရေးသားဖော်ပြထားပါသည်။ ဘီးလင်းမြို့နယ်တွင်တိုက်ပွဲဖြစ်ပွား၍ အကျိုးဆက်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်စီ (SAC ခေါ် စစ်ကောင်စီ) သည် အရပ်သားဒေသအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းများ လစဥ်တိုင်းလိုလို ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုများတွင် သာသနာပုဂ္ဂိုလ်များအပါ အဝင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိသည့်အပြင် လူနေအိမ်များနှင့်ရပ်ရွာအဆောက်အဦးများ ပျက်စီးခဲ့သည်။ ဘားအံမြို့နယ်တွင်လည်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူလူထုများထိခိုက်မှုမရှိ သော်လည်း လူနေအိမ်များ၊ စိုက်ပျိုးခြံများနှင့်ဆေးရုံ ပစ္စည်းများပျက်စီးမှုရှိခဲ့သည်။ ထို့အပြင် ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍတွင်လည်း အခက်အခဲစိန်ခေါ်မှုများစွာရှိနေသည်။ [1]
ဘီးလင်းမြို့နယ်နှင့်ဘားအံမြို့နယ်အခြေအနေတင်ပြချက်
ဤအစီရင်ခံစာတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်နှင့်ဘားအံမြို့ နယ်တွင် ဖြစ်ပွားခဲ့သောလူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်များ၊ စစ်ရေးလှုပ်ရှားမှုအခြေအနေများ၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသခံပြည်သူများ၏အသက်မွေးဝမ်းကြောင်းအခြေအနေများကို ဖော်ပြ ထားပါသည်။
ဘီးလင်းမြို့နယ်
ဘီးလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၅) တပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ကြောင့် စစ်ကောစီတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားသည့်နေရာဒေသ အနီးတစ်ဝိုက်တွင် လက်နက်ကြီးများပစ်ခတ်၍ လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤသို့တိုက်ခိုက်မှု များကြောင့် ရွာသား (၄) ဦးနှင့်ကိုရင် (၁)ပါးသေဆုံး၍ ရွာသား (၁၃) ဦး၊ ဦးဇင်း (၄) ပါးနှင့်ကိုရင် (၂)ပါး ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးသွားသည့်အပြင် ရွာသားများပိုင်ဆိုင် သောတိရိစ္ဆာန်များလည်း သေကြေ၊ ဒဏ်ရာရခဲ့သည်။ ရွာသားများလည်း အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တစ်ဆက်ထဲတွင် တစ်ချို့စာသင်ကျောင်းများ ပိတ်ပင်ရသည့်အတွက် ကလေးများ၏ပညာရေးဆုံးရှုံးနေရသည်။ စားဝတ်နေရေးတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရသည်။
လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှု
၁။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ (၆) နာရီတွင် ခမရ (၄၀၅) မှ စစ်ကောင်စီစစ်သားများသည် လက်နက်ကြီး (၁၂၀) မမ လေးလုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ဘီးလင်းမြို့နယ်၊ အစူးချောင်းကျေးရွာအုပ်စု၊ အက--- ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသားများပိုင်ဆိုင်သော ကျွဲနှစ်ကောင်နှင့်ဆိတ်လေးကောင်ထိမှန် သေဆုံးခဲ့သည်။ သေဆုံးသွားသည့်ဆိတ်နှစ်ကောင်သည် ရွာသားတစ်ဦးဖြစ်သူ စောက--- ၏ဆိတ်ဖြစ်သည်။ အခြား ဆိတ်နှစ်ကောင်သည် စောခ--- ၏ဆိတ်ဖြစ်သည်။ ကျွဲတစ်ကောင်သည် စောဂ--- ၏ကျွဲဖြစ်သည်။ အခြားကျွဲတစ် ကောင်သည် စောဃ---၏ကျွဲဖြစ်သည်။ အခြားလက်နက်ကြီးသုံးလုံးသည် ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲ ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အက--- ကျေးရွာရှိ ရွာသားများသည် ၎င်းတို့ကျေးရွာမှ စတင်ထွက်ခွာ၍ ပုန်းရှောင်ခဲ့ရသည်။ တစ်ချို့ရွာသားများသည် ၎င်းတို့ဆွေ မျိုးရှိရာ အခြားရွာသို့ ထွက် ပြေးပုန်းရှောင်ခဲ့ပြီး အချို့ရွာသားများသည် တောတောင်၊ မြစ်ချောင်းကမ်းစပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ခမရ (၄၀၅) သည် စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈) လက်အောက်ခံတပ်ရင်းတစ်ရင်းဖြစ်ပြီး ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာရှိ မဲပလီတပ်စခန်းတွင် အခြေစိုက်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာအပြင်ဖက်တွင် ခမရ (၄၀၅)နှင့် KNLA တပ်ဖွဲ့တို့နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် မဲပလီတပ်စခန်းအနီး နားတွင် တည်ရှိသည်။ တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် တပ်စခန်းအနီး နားတွင်နေထိုင်ကြသောရွာသားများသည် စစ်ကောင်စီ အနေဖြင့် ကျေးရွာအတွင်းသို့ ဒရုန်းဖြင့်လာရောက်ဗုံးကြဲမည်ကို ကြောက်ရွံ့ခဲ့ကြသည်။ ထို့ကြောင့် ရွာသား များသည် ရွာတွင်မနေရဲတော့ပေ။ တပ်စခန်းအနီးတွင်နေထိုင်သော ရွာသားများသည် ရွာတွင်မနေရဲတော့သည့်အတွက် တောတောင်၊ မြစ် ချောင်းကမ်းနားသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ တစ်ချို့လည်း ၎င်းတို့မိတ်ဆွေ၊ ဆွေမျိုးရှိရာနေရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စုနှင့်အီစူးခီးကျေးရွာအုပ်စုရှိ ကျေးရွာတော်တော် များများတွင် နေထိုင်ကြသောရွာသားများသည် စစ်ပြေးရှောင်ခဲ့ရသည်။ အဆိုပါရွာသားများသည် ၎င်းတို့မိတ်ဆွေများ၊ ဆွေမျိုးများရှိသည့်နေရာများတွင် ထွက်ပြေးပုန်းရှောင်ခဲ့သည်။ တစ်ချို့ရွာသားများသည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ကောပူကျေး ရွာအုပ်စုသို့ တိမ်းရှောင်ခဲ့သည်။ တစ်ချို့ရွာသားများသည် ဘူးသိုမြို့နယ်၊ ပါဟဲကျေးရွာအုပ်စုသို့ တိမ်း ရှောင်ခဲ့သည်။ တစ်ချို့ရွာသားများသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်သို့တိမ်းရှောင်ခဲ့သည်။ တစ်ချို့လည်း ဒူးပလာယာ ခရိုင်၊ ကရုတူး မြို့နယ်သို့ တိမ်းရှောင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ ည (၈း၃၅) မိနစ်တွင် ခလရ (၂၇)သည် ရွှေလောင်းအေးကျေးရွာအုပ်စု၊ အဂ--- ကျေး ရွာရှိ အခ--- တွင်းသို့ လက်နက်ကြီး (၆၀) မမ (၂)လုံးပစ်ခတ်၍ တစ်လုံးမှာ ဦးင--- ၏အိမ်ပေါ်တွင် ကျ ရောက် ပေါက်ကွဲသောကြောင့် ဦးင--- နှင့်သူ၏တူမ မန---ကိုထိမှန်သေဆုံးခဲ့သည်။ ဦးင--- ၏နေအိမ်လည်း ပျက်စီးခဲ့သည်။ ဦးင--- ၏ဝမ်းဗိုက်ကို လက်နက်ကြီးအစထိမှန်၍ သေဆုံးခဲ့သည်။ ၎င်း၏တူမဖြစ်သူ မန--- ၏ဦးခေါင်းကိုထိမှန်၍ သေဆုံး ခဲ့သည်။ မန--- သည် အသက် (၂၈)နှစ်ရှိပြီး ဦးင--- သည် အသက် (၅၅) နှစ်ရှိသည်။ ထို့အပြင် အခြားလက်နက်ကြီး တစ်လုံးသည် ဦးင--- ၏နေအိမ်အနီးရှိ လူနေအိမ်များကိုထိမှန်၍ အခြားရွာသူ၊ ရွာသား (၃) ယောက်ကိုလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ ဒဏ်ရာရရှိသည့် ရွာသူ၊ ရွာသားများမှာ မစ--- (၃၅ နှစ်)၊ မဆ--- (၁၉ နှစ်)နှင့်ဒေါ်ဇ--- (၅၀ နှစ်) တို့ဖြစ်ကြသည်။ မစ--- သည် ညာဖက်လက်ဖဝါးတွင် ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ မဆ--- သည် သူမ၏ ဘယ်ဘက်ခြေသလုံးတွင် ကျည်စထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ ဒေါ်ဇ--- သည် သူမ၏ခြေသလုံးနှစ်ဘက်စလုံးတွင် ကျည်စ ထိမှန်၍ဒဏ်ရာရခဲ့သည်။ မစ--- ၏ဒဏ်ရာသည် အလွန်ပြင်းထန်သောကြောင့် ရွှေလောင်းအေးကျေးရွာအုပ်စုရှိ ဆေးခန်းသို့သွား၍ ဆေးကုသမှုခံယူခဲ့ရသည်။ ထိုဆေးခန်းသည် စစ်ကောင်စီ စီမံခန့်ခွဲသောဆေးခန်းဖြစ်သည်။ ခလရ (၂၇) တပ်ရင်းကို ဦးဆောင်သူမှာ ဗိုလ်ကြီးအောင်ဖိုးခန့်ဖြစ်သည်။ ခလရ (၂၇) သည် စကခ (၈) လက်အောက်ခံတပ်ရင်း တစ်ရင်းဖြစ်ပြီး ဘီးလင်းမြို့နယ်၊ ရွှေလောင်းအေးကျေးရွာအုပ်စု၊ အဂ--- ကျေးရွာတွင် အခြေစိုက်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ခမရ (၄၀၅)နှင့် ခလရ (၂၇) တပ်ရင်းတို့သည် အစူးချောင်းကျေးရွာအုပ်စု၊ အက--- ကျေးရွာဒေသသို့ လက်နက်ကြီး (၁၂၀)မမနှင့်(၆၀)မမများ အားလုံးပေါင်း(၈)လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီး များသည် အက--- ရွာအပြင်မှာ ကျရောက်ပေါက်ကွဲ၍ ရွာသားဖြစ်သူ ဖူးဈ--- ၏တဲအိမ်အား ထိမှန်ပျက်စီးခဲ့ပြီး ၎င်း၏ နွားတစ်ကောင်ကိုလည်း ထိမှန်သေဆုံးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ ညနေ (၆) နာရီအချိန်တွင် ခမရ (၄၀၅) တပ်ရင်းသည် အက--- ကျေးရွာဒေသထဲသို့ လက်နက်ကြီး (၁၂၀) မမ (၄) လုံးတဖန်ပစ်ခတ်ခဲ့ပြန်သည်။ လက် နက်ကြီးကျည်ဆံများသည် အက--- ရွာအပြင်ရှိ လယ်ကွင်းထဲကျရောက်ပေါက်ကွဲသောကြောင့် ရွာသူရွာသားများ ပိုင်ဆိုင်သော ကျွဲ (၄) ကောင်နှင့် ဆိတ် (၂) ကောင်အား ထိမှန်သေဆုံးခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ည (၁၀း၀၆) မိနစ်တွင် ခမရ (၄၀၅) သည် လက်နက်ကြီး (၁၂၀) မမတစ်လုံးပစ်ခတ် ခဲ့သည်။ လက်နက်ကြီးသည် အစူးချောင်းကျေးရွာအုပ်စု၊ အက--- ကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသား တစ်ဦးအား ထိမှန်၍ဒဏ်ရာရခဲ့ပြီး လူနေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီးခဲ့သည်။ ဒဏ်ရာရရှိသည့်ရွာသားသည် စောည--- ဖြစ်ပြီး သူ၏ဘယ်ဘက်ပခုံးတွင်ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ (၄း၄၀) မိနစ်တွင် အသေခံဒရုန်းတစ်စီးသည် ဘီးလင်းမြို့နယ်၊ တဂေး လောင်းကျေးရွာအုပ်စု၊ အဃ--- ရွာကျေးရွာရှိ စာသင်ကျောင်းဝင်းအတွင်း ထိုးကျ၍ စာသင်ကျောင်း၏ခေါင်မိုး၊ မျက်နှာ ကျက်နှင့်ပြတင်းပေါက်မှန်များပျက်စီးခဲ့သည်။ အသေခံဒရုန်းသည် ကာမီကာဇေ (kamikaze) ဒရုန်းဟုလည်းသိရှိရ သည်။ အဆိုပါဒရုန်းသည် SAC ၏ဒရုန်းဖြစ်ရမည်ဟု ရွာသားများကယူဆကြသည်။ အကြောင်းမှာ ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ထိုကဲ့သို့ဒရုန်းများ မရှိသောကြောင့်ဖြစ်သည်။ ညနေ (၄း၄၂) မိနစ်ဝန်းကျင်တွင် အခြားဒရုန်းတစ်စီးသည် ထိုစာသင်ကျောင်းအနီးနားတွင် ဗုံးတစ်လုံး ပစ်ချခဲ့သည်။ ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားသည့်အချိန်သည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဆင်းနေပြီးသည့်အချိန် ဖြစ်သည်။ ပုံမှန်အားဖြင့် ကျောင်းသားများသည် ညနေ (၃) နာရီတွင် ကျောင်းဆင်းကြသည်။ ထို့ကြောင့် ဒရုန်းတိုက်ခိုက်မှုတွင် မည်သူမှထိခိုက် ဒဏ်ရာရခြင်းမရှိခဲ့ပါ။
ဤသို့ဒရုန်းတိုက်ခိုက်မှုကြောင့် အဃ--- ကျေးရွာမှ ရွာသားများသည် ရွာထဲတွင် မနေရဲတော့ပဲ တောတောင်၊ မြစ် ချောင်း ကမ်းနားတွင် အကာအကွယ်ယူ၍ ပြေးပုန်းရှောင်ခဲ့ရသည်။ အဃ---ကျေးရွာမှ ကျောင်းသားများသည် ဒရုန်းတိုက်ခိုက် မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ကျောင်းတက်နိုင်ခြင်းမရှိခဲ့ပါ။ အကြောင်းမှာ ၎င်းတို့ဆရာ၊ ဆရာမများသည် စာသွားသင် ကြားရန် ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ ကျောင်းသားမိဘများလည်း ၎င်းတို့သားသမီးများကို ကျောင်းသို့သွားရန် ခွင့်မပြုခဲ့ပါ။ ထို့ကြောင့် အဃ---ကျေးရွာစာသင်ကျောင်းကို ပိတ်ပင်ခဲ့ရသည်။ ထိုစာသင် ကျောင်းသည် (၈)တန်းအထိ ရှိပြီး ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှ စီမံခန့်ခွဲသောကျောင်းဖြစ်၍ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၌ အခ--- ကျေးရွာအပြင်ဖက်တွင် မဲပလီတပ်စခန်းမှ SAC စစ်သားများနှင့် KNLA တပ်ဖွဲ့တို့နှစ်ဖက်ကြား တဖန်တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် တိုက်ပွဲအနီးနား ပတ်ဝန်းကျင်တွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ညနေ (၃း၃၀) မိနစ်တွင် ဂျက်လေယာဉ်တစ်စီးသည် ဗုံးတစ်လုံး ပစ်ချခဲ့သည်။ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ (၃း၂၄) မိနစ်တွင် ဂျက်လေယာဉ်သည် ဗုံးငါးလုံးပစ်ချခဲ့ပြန်သည်။ ထို့အပြင် ဂျက်လေယာဉ် တစ်စီးသည် ညနေ (၃း၂၈) မိနစ်မှစပြီး အော်လီဂန်စက်သေနတ်ဖြင့် တစ်ကြိမ်ပစ်ခတ်ပြီး ညနေ (၃း၃၂) မိနစ်တွင် တစ်ကြိမ်ပစ်ခတ်ခဲ့ပြန်သည်။ ထို့နောက် ညနေ (၃း၃၆) မိနစ်တွင် လေယာဉ်တစ်စီးသည် ဗုံးတစ်လုံးကြဲချခဲ့ သည်။ ပစ်ချလိုက်သည့်ဗုံးအားလုံးသည် အခ---ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့အပြင် ညနေ (၅း၅၆) မိနစ်တွင် မဲပလီတပ်စခန်းမှ ခမရ (၄၀၅) တပ်ရင်းသည် လက်နက်ကြီး (၁၂၀) မမတစ်လုံးပစ်ခတ်ခဲ့သည်။ လက် နက်ကြီးသည် ဘီးလင်းမြို့နယ်၊ တာအူနီကျေးရွာအုပ်စု၊ အင--- ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ညနေ (၇း၃၁) မိနစ်တွင် SAC စစ်သားများသည် လက်နက်ကြီး (၁၂၀) မမ တစ်လုံးထပ်မံပစ်ခတ်ခဲ့သည်။ ထိုလက်နက် ကြီးသည် အစူးချောင်းကျေးရွာအုပ်စု၊ အက--- ကျေးရွာရှိ ဘုန်းတော် ကြီးကျောင်းမုဒ်ဝရှေ့မှာ ကျရောက်ပေါက်ကွဲ၍ ဘုန်းကြီးကျောင်းမုဒ်ဝ၊ ရေကန်၊ နတ်စင်နှင့်လူ နေအိမ်တစ်လုံး၏ခေါင်မိုးနှင့်နံရံပျက်စီးသွားခဲ့သည်။ ပျက်စီးသွားသည့် အိမ်၏ပိုင်ရှင်မှာ စောတ--- ဖြစ်သည်။ ည (၈) နာရီတွင် ဂျက်လေယာဉ်တစ်စီးသည် ပေါင်(၅၀၀) ဗုံးနှစ်လုံးပစ်ချခဲ့သည်။ ဗုံးနှစ်လုံးသည် မဲပလီကျေးရွာအုပ်စု၊ အန--- ကျေးရွာထဲတွင် ဗုံးများကျရောက်ပေါက်ကွဲ၍ လူနေအိမ်တစ်လုံး ထိမှန် ပျက်စီးခဲ့ပါသည်။ ပျက်စီးသွားသောအိမ်သည် အသက် (၆၅)နှစ်အရွယ် ဦးဒ---၏အိမ်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ခမရ (၄၀၅) တပ်ရင်းသည် အစူးချောင်းကျေးရွာအုပ်စု၊ အစ--- ကျေးရွာ ဒေသသို့ လက်နက်ကြီး (၁၂၀)မမများ ပစ်ခတ်ခဲ့သည်။ ခမရ (၄၀၅) သည် မနက် (၉း၂၈)မိနစ်တွင် တစ်ကြိမ်၊ မနက် (၁၀း၁၁) မိနစ်တွင်တစ်ကြိမ်၊ နေ့လယ် (၁၂း၄၂) မိနစ်တွင်တစ်ကြိမ် စုစုပေါင်း (၃)လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီး များသည် အစ--- ရွာအပြင်မှာ ကျရောက်ပေါက်ကွဲ၍ ရွာသူရွာသားများပိုင်ဆိုင်သော တဲအိမ်(၂)လုံးကို ဗုံးစများထိမှန် ပျက်စီးခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ကမမောင်းမြို့တွင်တည်ရှိသော ကမမောင်း တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့က ဘီးလင်းမြို့နယ်၊ တာအူခီးကျေးရွာအုပ်စု၊ အင--- ကျေးရွာထဲတွင် ကာမီကာဇေဒရုန်း (၆)စင်းဖြင့် တိုက်ခိုက်၍ ကျေးရွာထဲတွင် (၃)စင်းပေါက်ကွဲပြီး အခြား(၃)စင်းမှာ ကျေးရွာအပြင်ဖက်ရှိ လယ်ယာထဲတွင် ထိုးကျခဲ့သည်။ သို့သော်မပေါက်ကွဲဘဲရှိနေသည်။ အင--- ကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်းဝင်းတွင် အသေခံဒရုန်း (၂) စင်းပေါက်ကွဲခဲ့ပြီး ကျေးရွာထဲတွင်လည်း တစ်စင်းပေါက်ကွဲခဲ့သည်။ ကျေးရွာအပြင်ဘေးနား လယ်ကွင်းမှာ (၃)စင်းကျ ရောက်ပြီးမပေါက်ကွဲခဲ့ပါ။ ဤဒရုန်းတိုက်ခိုက်မှုတွင် အိမ်နှင့်လူများကိုလည်း ထိခိုက်မှုမရှိခဲ့သော်လည်း ရွာသားများသည် အလွန်စိုးရိမ်ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် တစ်ချို့ရွာသားများသည် ညအချိန်တွင် ကျေးရွာအပြင်ဘက်ရှိ ၎င်းတို့တဲအိမ် များသို့ ပုန်းရှောင်၍ အိပ်စက်ခဲ့ရပြီး မနက်မိုးလင်းမှ ရွာကိုပြန်လာခဲ့ရသည်။
၂။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်(၂)နာရီနှင့် (၃)နာရီခွဲအကြားတွင် စစ်ကောင်စီ (Y12) လေယာဥ်တစ်စီးသည် ဘီးလင်းမြို့နယ်၊ ရွှေလောင်းအေးကျေးရွာအုပ်စုနှင့် အစူးချောင်းကျေးရွာအုပ်စုသို့ ဗုံး (၆)လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ရွှေလောင်းအေးကျေးရွာအုပ်စု၊ အဂ--- ရွာ၊ ရှမ်းစုမှာ ဗုံး(၃)လုံး ကျရောက်ပေါက်ကွဲ၍ လူနေအိမ်(၂)လုံး ထိခိုက်ပျက်စီး ခဲ့ပါသည်။ အစူးချောင်းကျေးရွာအုပ်စု၊ အက--- ကျေးရွာရှိ စာသင်ကျောင်းကွင်းထဲတွင်လည်း ဗုံးတစ်လုံးကျရောက် ပေါက်ကွဲ၍ ကျောင်းအဆောင်တစ်လုံး ထိမှန်ပြိုကျပျက်စီးပြီး အခြားစာသင်ကျောင်း(၂)လုံးကိုလည်း ထိခိုက်ပျက်စီးခဲ့ သည်။ အခြားဗုံး(၄)လုံးသည် ကျေးရွာအနားမှာ ကျရောက်ပေါက်ကွဲခဲ့သည်။ အိမ်နှင့်ရွာသူရွာသားများကိုတော့ ထိခိုက် မှုမရှိခဲ့ပါ။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းတည့်ချိန်(၁၂း၄၇)မိနစ်အချိန်တွင် စစ်ကောင်စီဂျက်လေယာဥ်တစ်စီးသည် ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာအုပ်စု၊ အဃ--- ကျေးရွာထဲသို့ ပေါင်(၅၀၀) ဗုံး(၂)လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။ ဗုံးများသည် ကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲ၍ ဘုန်းကြီးကျောင်း၊ သိမ်နှင့် ဓမ္မာရုံကြီး ထိမှန်ပျက်စီးခဲ့ပြီး အခြားအဆောက်အအုံ (၃)လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။ ဦးဇင်းနှစ်ပါးကိုလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် လူနေအိမ် (၅)လုံးလည်း ထိခိုက်ပျက်စီးပြီး အိမ်အမိုးအကာ၊ နံရံအခင်းနှင့် အခြားပစ္စည်းများ တော် တော်များများ ထိခိုက်ပျက်စီးခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ(၃း၄၄)မိနစ်အချိန်တွင် စစ်ကောင်စီဂျက်လေယာဥ်တစ်စီးသည် ဘီးလင်း မြို့နယ်၊ ပျဥ်းမပင်ဆိပ်ကျေးရွာအုပ်စု၊ အဆ--- ကျေးရွာထဲသို့ ပေါင်(၅၀၀) ဗုံးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။ ပထမဗုံး တစ်လုံးမှာ ကျေးရွာတွင်းရှိ ဘုရားကျောင်းထဲတွင် ကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီးခဲ့သည်။ ဒုတိယဗုံးတစ်လုံးသည် ကျေးရွာတွင်းရှိလူနေအိမ်ကြားတွင် ကျရောက်ပေါက်ကွဲ၍ လူနေအိမ်(၅)လုံးထိမှန်ပြိုကျပျက်စီးခဲ့ပြီး အခြားလူနေအိမ် (၂၂)လုံးလည်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပါသည်။ ဤသို့လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသူရွာသား အား လုံးသည် ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည (၁၁း၃၀) မိနစ်တွင် စစ်ကောင်စီ (Y12) လေယာဥ်တစ်စီးသည် ဘီးလင်းမြို့ နယ်၊ ကော်ဟဲကျေးရွာအုပ်စု၊ အဈ--- ကျေးရွာသို့ ရွာသားများအိပ်ပျော်နေသည့်အချိန်မှာ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ သည်။ ကျေးရွာထဲတွင် ဗုံးတစ်လုံးကျရောက်ပေါက်ကွဲပြီး ရွာအပြင်မှာ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပါသည်။ ဤသို့ဗုံး ကြဲတိုက်ခိုက်မှုကြောင့် ရွာသူရွာသားများ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာလယ်ဇရပ်နှင့် လူနေအိမ်(၇)လုံးလည်း ထိခိုက် ပျက်စီးခဲ့ပါသည်။
၃။ ၂၀၂၅ ခုနှစ်၊ ဧပြီလ
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ မနက်(၁၁း၁၀) မိနစ်အချိန်တွင် စစ်ကောင်စီဂျက်လေယာဥ်တစ်စီးသည် မင်းစောကျေး ရွာအုပ်စု၊ အည--- ကျေးရွာထဲသို့ ပေါင်(၅၀၀)ဗုံးနှစ်လုံးပစ်ချခဲ့သည်။ ကျေးရွာဘုန်းကြီးကျောင်းတွင်းရှိ စောင်တန်းများ မှာ ဗုံးများကျရောက်ပေါက်ကွဲ၍ ဆွမ်းဘုန်းနေသောဘုန်းကြီးများ၊ ကိုရင်တစ်ပါးနှင့် ဆွမ်းလာပို့သောရွာသားနှစ်ဦး တို့အား ထိမှန်သေဆုံးခဲ့သည်။ ထို့အပြင် ဆွမ်းလာပို့သော အခြားရွာသား (၄)ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး အခြားကိုရင် (၂)ပါးနှင့် ဦးဇင်း (၂)ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ဘုန်းကြီးကျောင်းစောင်တန်း၊ ဆွမ်းစားကျောင်းနှင့် ကျောင်းတော်ကြီးလည်း ထိမှန်ပျက်စီးခဲ့ပါသည်။
စစ်ကောင်စီစစ်တပ်သည် ရွာသားများထံမှ ဝါး၊ဖက်များ တောင်းခံမှု
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ အည--- ကျေးရွာထဲတွင် တပ်စွဲအခြေချ ထားသော ခမရ (၄၀၉)တပ်စခန်းသည် တဲများပြန်လည်ပြုပြင်ရန်အတွက်လိုအပ်သော ဝါးနှင့်ဖက်များကို အည--- ကျေးရွာမှ ရွာသူရွာသားများထံ တောင်းခံခဲ့ပါသည်။ ဝါးတစ်လုံးလျှင် (၄၀၀)ကျပ်ပေးပြီးဝါး (၁၀၀၀) ခုတ်ခိုင်းခဲ့သည်။ ဖက်များကိုလည်း ဖက်တစ်ရာမှာ (၅) သောင်းပေးပြီး ဖက် (၁၀၀၀)တောင်းခံခဲ့ပါသည်။ ရွာသားများ ကလည်း စစ်ကောင်စီစစ်သားများတစ်ခုခုလုပ်မှာကို ကြောက်လန့်သဖြင့် ၎င်းတို့တောင်းဆိုသည့်အတိုင်းလုပ်ပေးခဲ့ ရသည်။ အလားတူစွာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင်လည်း ခမရ (၄၀၉)တပ်ရင်းသည် ၎င်းတို့၏ တပ်စခန်းခြံ စည်းရိုးကိုပြန်လည်တည် ဆောက်ရန်အတွက် ရွာသားများကို ခြိမ်းခြောက်၍ သစ်နှင့်ဝါးများ အဓမ္မတောင်းယူခဲ့ဖူးသည်။ ခမရ (၄၀၉) သည် စကခ (၈) လက်အောက်ခံတပ်ရင်းတစ်ရင်းဖြစ်ပြီး ၎င်းတို့၏တပ်ရင်းမှုးသည် ထက်လင်းဖြစ်သည်။
ပညာရေးအခြေအနေ
စစ်ကောင်စီတပ်သည် ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့်ကျေးရွာများကို မကြာခဏ ဗုံးကြဲတိုက် ခိုက်ခဲ့သည်။ အစီရင်ခံစာကာလအတွင်း ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီလေယာဥ်နှင့်ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းအဆောက်အဦး (၄) လုံးပျက်စီးခဲ့သည်။ ထို့ကြောင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စစ်ကောင်စီမှ စာသင်ကျောင်းများကို ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ် ကြောက်လန့်ခဲ့ရသည်။ တစ်ချို့မိဘလည်း ၎င်းတို့သားသမီးများကို ကျောင်း မတက်ခိုင်းကြတော့ပေ။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတစ်လလုံးတွင် မဲပလီတပ်စခန်းမှာ စစ်ကော်စီတပ်နှင့်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤအခြေအနေကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း မဲပလီကျေးရွာအုပ်စု၊ အစူး ချောင်းကျေးရွာအုပ်စုနှင့် ရွှေလောင်းအေးကျေးရွာအုပ်စုရှိ စာသင်ကျောင်းများကို ကျောင်းကြီးပိတ်ခဲ့ရသည်။ ကလေး များသည် ကျောင်းမတက်ရဲတော့ဘဲရှိနေသည်။ ကျောင်းဆရာ၊ ဆရာမများသည်လည်း ကလေးများအား စာမေးပွဲပေး ဖြေခွင့်မရဲဘဲရှိနေသည်။ ၂၀၂၅ ခုနှစ်၊ မေလတွင် ကလေးများကျောင်းပြန်တက်ခွင့်ရခဲ့သည်။ သို့သော် ကျောင်းတက်ခွင့်ရ သော်လည်း ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းတက်ရန် လုံခြုံစိတ်ချမှုမရှိတော့သည့်အတွက် တစ်ချို့ကလေး များသည် ကျောင်းမတက်ရဲတော့ဘဲ မိဘကိုကူညီ၍ အိမ်အလုပ်သာ ဝိုင်းလုပ်ရပါတော့သည်။ တစ်ချို့မှာမူ မိဘများက စိုးရိမ်သော်လည်း မိမိကလေးများ၏ပညာရေးကိုကြည့်ပြီး စိုးရိမ်စိတ်ကြီးကြီးနှင့် ကလေးများကိုကျောင်းထားပေးခဲ့ရ သည့်အခြေအနေလည်းရှိသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်သော်လည်း တစ်ချို့ရွာများတွင် စာသင်ကျောင်းမှာစာသင်ခဲ့ပြီး တစ်ချို့က စာသင်ကျောင်း မှာ စာမသင်ရဲတော့ဘဲ ကျောင်းအပြင်ဘက်ရှိ လုံခြုံစိတ်ချရသောနေရာများမှာ ကလေးများအတွက် ပညာသင်ကြား၍ ကျောင်းတက်ခဲ့ရပါသည်။ ကလေးများကျောင်းတက်ရသော်လည်း စာကိုလွတ်လွတ်လပ်လပ် မသင်ကြားခဲ့ရတော့ပါ။ အကြောင်းမှာ ကလေးများသည် လေယာဥ်သံကို အမြဲတမ်းနားစွင့်ခဲ့ရပါသည်။ လေယာဥ်ပျံလာလျှင် ကလေးများ ကြောက်ပြီး ပြေးဖို့ဘဲစိတ်ထဲမှာ ရှိခဲ့ပါသည်။ ကလေးများသည် စာကိုလွတ်လွတ်လပ်လပ် စာမသင်ရ၍ ကျောင်းစာများ ကိုအပြည့်အဝနားလည်ရန် အခက်အခဲရှိခဲ့သည်။ စစ်ကောင်စီတပ်၏လေယာဥ်ပျံအသံကို တစ်ရက်လျှင် (၃)ကြိမ် (၄) ကြိမ်ထက်မနည်းကြားရပါသည်။ ထို့အပြင် ကလေးများစာသင်ရန်အတွက်လိုအပ်သော ကျောင်းသုံးစာအုပ်၊ ပစ္စည်းကိရိ ယာများလည်း လုံလုံလောက်လောက်မရှိပါ။ ကလေးများပညာကောင်းကောင်းသင်ကြားနိုင်ရန်အတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းကိရိယာများရရှိရန်အကူအညီများလိုအပ်နေပါသည်။ ဘီးလင်းမြို့နယ်အတွင်းရှိ ကျောင်းများသည် အများစုမှာ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) စီမံခန့်ခွဲသောကျောင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများဖြစ်ပြီး စစ်ကောင်စီကျောင်းတစ်လုံးသာ ရှိသည်။
ကျန်းမာရေးအခြေအနေ
ဘီးလင်းမြို့နယ်တွင် ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW) ဆေးခန်း(၁၃)လုံးရှိပါသည်။ တစ်ချို့ဆေးခန်း များသည်လည်း လုံလောက်သောဆေးဝါးများမရှိပါ။ ရောဂါစမ်းသပ်ကြည့်ရန် ကိရိယာများသည်လည်း လုံလောက်မှု မရှိပါ။ ဆေးခန်းနှင့်မနီးသောရွာများတွင်နေထိုင်ကြသော ရွာသားများနေမကောင်းဖြစ်လျှင် ရွာကဆရာ၊ ဆရာမများနှင့် သာ ကုသခဲ့ရပါသည်။ ရွာက ဆရာ၊ ဆရာမများမှာ ဆေးဝါးလုံလောက်မှုမရှိသောကြောင့် KDHW ဆေးခန်းများသို့ပို့ ခဲ့ပါသည်။ KDHW ဆေးခန်းများသည်လည်း လုံလောက်သောပစ္စည်းကိရိယာမပြည့်စုံသောကြောင့် လူနာကိုမြို့သို့ပို့ခဲ့ ရပါသည်။ ဆေးခန်းနှင့်မနီးသောရွာများတွင်နေထိုင်ကြသည့် ရွာသားများနေမကောင်းဖြစ်လျှင် တစ်ခါတစ်ရံတွင် လူနာ ကို အချိန်မှီဆေးမကုသခဲ့ရပါ။ လက်ရှိအချိန်မှာ ဆေးဝါးများ ဈေးကြီးသောကြောင့် တစ်ချို့အိမ်ထောင်စုများမှာ ကလေး များနေမကောင်းဖြစ်လျှင် ဆေးဝါးကို မဝယ်နိုင်တော့ပါ။ သစ်ဥ၊သစ်မြစ်များနှင့် ကုသခဲ့ရပါသည်။ မိုးရာသီအချိန်တွင် ရောဂါများမှာ ရာသီတုပ်ကွေး၊ အဖျားတက်၊ နာစေးချောင်းဆိုး၊ အကိုက်အခဲ၊ ဝမ်းသွားရောဂါများလာပါသည်။
အသက်မွေးဝမ်းကြောင်းအခြေအနေ
ဘီးလင်းမြို့နယ်တွင် လယ်၊ ယာ၊ ကိုင်းကို အဓိကထားပြီးလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ သို့သော် ရွာ သူ၊ ရွာသားများသည် လယ်ယာလုပ်ငန်းများကို လွတ်လွတ်လပ်လပ်စိတ်ချလုံခြုံစွာ လုပ်ကိုင်ခွင့်မရကြပါ။ အကြောင်းမှာ စစ်ကောင်စီတပ်မှ ထိုးစစ်လာမှာတစ်ကြောင်း၊ လေယာဥ်ပျံဗုံးကျဲတိုက်ခိုက်လာမှာတစ်ကြောင်း အမြဲစိုးရိမ်နေရပါသည်။ ထို့အပြင် လေယာဥ်ပျံလာလျှင် အိမ်မှာကျန်ခဲ့သော မိမိသား၊သမီးများနှင့် သက်ကြီးရွယ်အိုများအတွက် အမြဲတမ်းစိုးရိမ် နေရသည်။ ထို့အပြင် မဲပလီကျေးရွာအုပ်စု၊ အစူးချောင်းကျေးရွာအုပ်များရှိ ရွာများတွင်နေထိုင်ကြသော ရွာသူ၊ ရွာသား များသည် တောင်ယာခုတ်ချိန်တွင် မဲပလီတပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် တောင်ယာမခုတ်ရဲတော့ပါ။ ထို့ ကြောင့် ရွာသားများသည် စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသည်။ ရွာသားများသည် စစ်ပြေးရှောင်ရသည့် အခြေအနေတွင် ၎င်းတို့အိုးအိမ်နှင့်ပိုင်ဆိုင်မှုများကို ထားရစ်ခဲ့ရသည်။
ယခုအခါတွင် လယ်များကို အများအားဖြင့် နွားနှင့်မထွန်တော့ဘဲ စက်ဖြင့်ထွန်ယက်ကြသည်။ စပါးမကောင်းလျှင် ဓာတ် မြေဩဇာသုံးကြရသည်။ အခုချိန်မှာ စက်သုံးဆီနှင့်ဓာတ်မြေဩဇာဈေးနှုန်း မြင့်မားလာသောကြောင့် အရင်းအနှီးမရှိ သော တစ်ချို့လယ်သမားများသည် ဓာတ်ဆီနှင့်ဓာတ်မြေဩဇာ မဝယ်နိုင်တော့ပဲ အခက်အခဲများကြုံနေရသည်။
တစ်ချိူ့ရွာသားများသည် တစ်ပိုင်တစ်နိုင်ဆိုင်သေးများဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုကြသည်။ သို့ရာတွင် လူသုံး ကုန်၊ စားသောက်ကုန်များကို မြို့သို့သွားဝယ်ယူရာတွင် လမ်းပိတ်သည့်အတွက်ကြောင့် အခက်အခဲများရှိနေသည်။ ဒေသထွက်သီးနှံများကိုလည်း ရောင်းဝယ်ရန် လမ်းပိတ်သောကြောင့် သီးနှံများမရောင်းရတော့ပါ။ မြို့မှာလည်း ကား၊ ဆိုင်ကယ်များအား စစ်ဆေးမေး မြန်းလေ့ရှိသည်။ တောရွာများတွင် အများအားဖြင့် ကားလိုင်စင်၊ ယာဥ်မောင်းလိုင်စင် များမရှိကြပါ။ ထို့ကြောင့် ကုန်ပစ္စည်းများ သွားဝယ်ယူရန် အခက်အခဲများကြုံရလေ့ရှိသည်။
ခရီးသွားလာရေးအခြေအနေ
ဘီးလင်းမြို့နယ်ရှိ ရွာသူ၊ ရွာသားများသည် ယခင်လို လွတ်လပ်စွာ သွားလာ၍မရတော့ပါ။ လမ်းများပိတ်ထားခံရပြီး မြို့မှာလည်း စစ်ဆေးမေးမြန်းမှုများလာပါသည်။ သွားချင်သည့်အချိန်၊ လာချင်သည့်အချိန် မရတော့ပါ။ ညအချိန် ခရီး သွားလာမှုရှိသော်လည်း မသွားရဲတော့ပါ။ နေမကောင်းဖြစ်ရင်လည်း ရွာမှာကု၍မရနိုင်သည့်အခြေအနေတွင် မြို့မှာသွား ရောက်ကုသရန် အလွယ်တကူသွားလာ၍ မရတော့ပါ။ စစ်ကောင်စီက မြို့မှာ လူ၊ ကား၊ ဆိုင်ကယ်များကို စစ်ဆေးမေး မြန်းသောကြောင့် ခရီးသွားလာမရဲတော့ဘဲ ရွာသားများသည် အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ကြုံနေရသည်။
ဘားအံမြို့နယ်
ဘားအံမြို့နယ်တွင် ယခင်နှစ်များက စစ်ကောင်စီတပ်ဖွဲ့နှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် စစ်ကောင်စီသည် ကျေးရွာဒေသအတွင်း လက်နက်ကြီးများပစ်ခတ်သည့်အပြင် လေကြောင်း ဖြင့်လည်းတိုက်ခိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်းတွင်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားသည်ဖြစ်စေ၊ မဖြစ်ပွား သည်ဖြစ်စေ အရပ်သားဒေသများကို လေကြောင်းဖြင့်တိုက်ခိုက်သလို လက်နက်ကြီးများလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ ထို့အပြင် တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော် (ဒီကေဘီကေ-DKBA) နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များလည်း ကျေးရွာများကို လက်နက်ကြီးများပစ်ခတ်သည့်ဖြစ်စဥ်များကိုလည်း KHRG မှ သတင်းလက်ခံရရှိခဲ့ သည်။ ဤသို့တိုက်ခိုက်မှုများတွင် ရွာသားများ ထိခိုက်ဒဏ်ရာရခြင်းမရှိသော်လည်း ရွာသား များပိုင်ဆိုင်သော တိရိစ္ဆာန်များ သေဆုံးခဲ့ပါသည်။ ထို့အပြင် လူနေအိမ်များ၊ စိုက်ပျိုးပင်များ၊ ဘုန်းကြီးကျောင်း၊ ဆေးရုံပစ္စည်းများနှင့်ကား၊ ဆိုင်ကယ်များပျက်စီးသွားခဲ့သည်။ ပညာရေးကဏ္ဍတွင် ကျောင်းဆရာ၊ ဆရာမ မလုံလောက် မှုနှင့် ပညာသင်ကြားရန် လုံခြုံမှုမရှိခြင်းကြောင့် အခက်အခဲများရှိနေသည်။ မြို့ထဲတွင် အစစ်အဆေးများလာ၍ ရွာသားများသည် မြို့ထဲသို့ဆေးရုံ၊ ဆေးခန်းသွားမပြရဲတော့ဘဲ ကျေးရွာတွင်သာ ဆေးကုသနေရသည်။ အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းမြင့်တက် လာမှု၊ ငွေကြေးတန်ဖိုးလျော့ကျလာမှုနှင့်ဖောင်းပွလာမှု၊ ရပ်ရွာဒေသတွင် လုံခြုံမှုမရှိခြင်းတို့ကြောင့် စားဝတ်နေရေး အခက်အခဲများရှိလာ၍ တစ်ချို့ရွာသားများသည် အခြားနိုင်ငံသို့သွား၍အလုပ်လုပ်နေရသည်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု
၁။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် (၁၁:၁၅) မိနစ်ခန့်တွင် ကမမောင်းတပ်စခန်းတွင် အခြေစိုက်သော ခြေမြန် တပ်ရင်း (ခမရ) အမှတ် (၄၀၈) သည် ဘားအံမြို့နယ်၊ ဝဲပျံကျေးရွာအုပ်စု၊ အထ--- ကျေးရွာဒေသသို့ လက်နက်ကြီး (၁၂၀) မမ သုံးလုံးရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် အထ--- ရွာအနီးရှိ လယ်ယာထဲတွင် ကျရောက်ပေါက် ကွဲပြီး နွားထီးတစ်ကောင် ထိမှန်သေဆုံးခဲ့ပါသည်။ ထိုလယ်ယာ၏ပိုင်ရှင်သည် အထ---ရွာတွင် နေထိုင်သည့်ရွာသား တစ်ဦးဖြစ်သူ စောထ--- ဖြစ်သည်။ အခြားလက်နက်ကြီး (၂)လုံးသည် အဒ--- ရွာနှင့်အထ---ရွာကြားတွင် ကျရောက် ပေါက်ကွဲခဲ့သည်။ ခမရ (၄၀၈) သည် စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈) လက်အောက်ခံတပ်ရင်းတစ်ရင်းဖြစ် သည်။ ကမမောင်းတပ်စခန်းသည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ကမမောင်းမြို့တွင် တည်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ (၂:၄၀) မိနစ်ခန့်တွင် စစ်ကောင်စီဂျက်လေယာဥ်တစ်စီးသည် အီဟယ်ရွာကြီး အုပ်စု၊ အသ--- ကျေးရွာဒေသသို့ ပေါင် (၅၀၀) ဗုံးနှစ်လုံးပစ်ချ၍ အသ--- ရွာနေ နော်န--- ၏ရာဘာခြံထဲတွင် ကျရောက် ပေါက်ကွဲပြီး ရာဘာပင်များစွာ ဗုံးစများထိမှန်ပျက်စီးခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် (၈:၀၅) မိနစ် ခန့်တွင်လည်း စစ်ကောင်စီဂျက်လေယာဥ်တစ်စီးသည် အသ--- ရွာတွင်းရှိ ယာယီဆေးရုံ၏ဆေးရုံအဝင်ဝ လမ်းဘေးတွင် ပေါင် (၅၀၀) ဗုံးနှစ်လုံးထပ်မံကြဲချမှုကြောင့် ဆေးရုံသုံး ဆိုလာပြားတစ်ချပ်၊ Wave ဆိုင်ကယ်တစ်စီး၊ လူနာတင်ကား ဟိုက်ဂျက်ကားရှေ့မှန်နှင့်ဆေးရုံခေါင်မိုးတို့ကို ဗုံးစထိမှန်၍ပျက်စီးသွားသည့်အပြင် အနီးနားရှိ ရာဘာပင်များစွာလည်း ထိမှန်ပျက်စီးသွားခဲ့သည်။ ထိုရာဘာပင်များသည် အသ--- ရွာနေ စောပ--- ပိုင်ဆိုင်သော ရာဘာပင်များဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ ည (၁၀:၁၅) မိနစ်ခန့်တွင် ဒူးသထူခရိုင်၊ သထူ (သထုံ) မြို့နယ်၊ မင်းလွင်ကျေးရွာ အုပ်စု၊ ပိန္နဲတောကျေးရွာဒေသရှိ ပိန္နဲတောတပ်စခန်းတွင် အခြေစိုက်သော ခမရ (၄၀၉) သည် ဘားအံမြို့နယ်၊ အီဟယ်ရွာကြီးအုပ်စု၊ အဖ--- ရွာလေးဒေသတွင်းသို့ လက်နက်ကြီး (၂) လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ် လုံးသည် အဖ--- ရွာလေးအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲပြီး အခြားတစ်လုံးမှာ အီဟယ်တောင်ခြေတွင် ကျရောက် ပေါက်ကွဲခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ည (၉:၂၇) မိနစ်တွင် ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးရွာအုပ်စု၊ ကော့ဖျန် ကျေးရွာအနီး ကော့ဖျန်တောင်ပေါ်တွင် အခြေစိုက်သော စောဗိုလ်ဘိဦးစီးသည့် DKBA တပ်ဖွဲ့ဝင်များသည် ကျုံမသွယ် ကျေးရွာအုပ်စု၊ အမ--- ကျေးရွာဒေသသို့ လက်နက်ကြီး (၈၁) မမ တစ်လုံးရမ်းသမ်းပစ်ခဲ့သည်။ အဆိုပါလက်နက် ကြီးသည် အမ--- ရွာသင်္ချိုင်းအနီး ကားလမ်းဘေးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့အပြင် ည (၉:၅၂) မိနစ်တွင် လည်း စောဗိုလ်ဘိဦးစီးသည့် DKBA တပ်ဖွဲ့ဝင်များသည် လက်နက်ကြီးထပ်မံပစ်ချကာ ကျုံမသွယ်ကျေးရွာအုပ်စု၊ အယ--- ရွာနှင့် အမ--- ရွာကြား ခလယ်လူနေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပါသေးသည်။
၂။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည (၉:၂၅) မိနစ်တွင် ပိန္နဲတောတပ်စခန်းမှ ခမရ (၄၀၉) သည် အဖ--- ရွာလေးသို့ လက်နက်ကြီး (၁၂၀) မမ တစ်လုံး ရမ်းသမ်းပစ်ခဲ့သည်။ ထိုလက်နက်ကြီးတစ်လုံးသည် အဖ--- ရွာလေးရှိ ဘောလုံးကွင်း အနီးတွင် ကျရောက်ပေါက်ကွဲပြီး နော်ဖ--- ၏နေအိမ်အပါအဝင် အခြားလူနေအိမ် (၃)လုံးလည်း ဗုံးစတစ်ချို့ထိမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်။ ထိုနည်းတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည (၇:၄၄) မိနစ်တွင် ခမရ (၄၀၉) သည် လက်နက် ကြီး (၁၂၀) မမထပ်မံပစ်ခတ်၍ အီဟယ်ရွာကြီးကျေးရွာအုပ်စု၊ အဖ--- ရွာကြီးအနီး လယ်ယာထဲတွင် ကျရောက်ပေါက်ကွဲ ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည (၆:၃၀) မိနစ်တွင် စောဗိုလ်ဘိဦးစီးသည့် DKBA တပ်ဖွဲ့ဝင်များသည် ဒေသ အတွင်း လက်နက်ကြီး (၈၁) မမနှင့် (၆၀) မမ စုစုပေါင်း (၁၆) လုံး ရမ်းသမ်းပစ်ခဲ့သည်။ ထိုည (၉:၃၀) မိနစ်တွင်လည်း စက်မှုဇုံတပ်ရင်း (၂၀၅) တောင်ကလေးအခြေစိုက်အမြောက်တပ်မှ စစ်ကောင်စီ တပ်မ (၂၂) သည် ဒေသအတွင်း လက် နက်ကြီး (၁၂၀) မမ (၅)လုံးအသီးသီး ရမ်းသမ်းပစ်ခဲ့ကြသည်။
၃။ ၂၀၂၅ ခုနှစ်၊ မတ်လ
၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင်လည်း စစ်ကောင်စီ တိုက်လေယာဉ်မှ ဟော်ဝှစ်စာ ၁၂၂ မမ ဖြင့် လာရောက်ကြဲချခဲ့ပြီး ဘားအံမြို့နယ်၊ မဲကနကျေးရွာအုပ်စု၊ အရ--- ရွာ၊ မဲသနရေဝင်ဘုန်းကြီးကျောင်းဝင်းနှင့် ကျေးရွာအပြင်ဖက်တွင် စုစုပေါင်း (၇) လုံးကျရောက်ပေါက်ကွဲ၍ လူနေအိမ်အချို့၊ စိုက်ပျိုးပင်များနှင့် ဘုန်းကြီးကျောင်းအား ဗုံးစတစ်ချို့ထိမှန်၍ အနည်းငယ်ပျက်စီးခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကမမောင်းမြို့ရှိ စကခ (၈) လက်အောက်ခံ ခမရ (၄၀၈) သည် ဘားအံမြို့နယ်၊ ဟတ္တလိုက်ကျေးရွာအုပ်စုသို့ လက်နက်ကြီး (၁၂၂) မမ (၃)လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ပထမတစ်လုံးသည် အဝ--- ကျေးရွာရှိ စောဘ--- ၏လယ်ယာမြေထဲတွင် ကျရောကျပေါက်ကွဲခဲ့သည်။ ဒုတိယတစ်လုံးသည်အဝ--- ကျေးရွာရှိ နော်ယ--- ၏အိမ်ခေါင်းရင်းတွင် ကျရောက်ပေါက်ကွဲ၍ နော်ယ--- ၏အိမ်ခေါင်မိုးတစ်ခုလုံး နီးပါးပျက်စီးသွားခဲ့သည်။ ထို့အပြင် ဗုံးစများလွင့်မှန်၍ အခြားလူနေအိမ်နှစ်လုံး လည်းအနည်းငယ်ပျက်စီးခဲ့သည်။ တတိယတစ်လုံးသည် အသ--- ကျေးရွာရှိ စောရ--- ၏လယ်ယာမြေအနီးတွင် ကျရောက်ပေါက်ကွဲပြီး ရပ်ရွာနှင့်ဝေးသောကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ပါ။ ထိုဒေသအတွင်း စစ်ရေးလှုပ်ရှားမှုနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ခမရ (၄၀၈) သည် အရပ်သားဒေသများတွင် လက်နက်ကြီးများပစ်ခတ်ခဲ့သည်။
အခွန်ကောက်ခံခြင်း
၂၀၂၅ ခုနစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြည်သူ့စစ်မှ တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော် (DKBA - ဒီကေဘီအေ) တပ်ဖွဲ့သို့ဘက်ပြောင်းသွားသော စောချစ်သန်းသည် ၄င်း၏ဦးဆောင်မှုဖြင့် ကျောက်တစ်လုံးရွာတွင် DKBA စစ်ဆေးရေးဂိတ်တစ်ခုထောင်ကာ ကုန်ကား၊ တွဲကားနှင့်ခရီးသည်တင် ကားစသည့်ကားအမျိုးအစားပေါ် မူတည်၍ DKBA တပ်ဖွဲ့တစ်ခု၏ဝင်ငွေရရာလမ်းကြောင်းအဖြစ်ဂိတ်ကြေးများ ကောက် ယူလျက်ရှိပါသည်။
ကျန်းမာရေး
ကျန်းမာရေးနှင့်ဆေးဝါးကုသမှုအခြေအနေနှင့်ပတ်သက်၍ KNU ကျန်းမာရေးဌာနမှ ဟတ္တလိုက်ကျေးရွာအုပ်စုတွင် ဆေး ခန်း(၂)လုံး၊ မဲသနကျေးရွာအုပ်စုတွင် (၁)လုံး၊ အီဟယ်ကျေးရွာအုပ်စုတွင်(၁)လုံး၊ တကောင်ဘိုးကျေးရွာအုပ်စုတွင် ဆေး ခန်း(၂) လုံး အသီးသီးဆေးခန်းချထားလျက်ရှိပါသည်။ ၄င်းဆေးခန်းများသည် အပစ်ခတ်ရပ်စဲ (NCA) ကာလတွင် ဂျပန် နီပွန်ဖောင်ဒေးရှင်းမှ လာရောက်တည်ဆောက်ထားသော ဆေးခန်းများက ပြန်လည်၍နေရာယူထားခဲ့ခြင်းဖြစ်ပါသည်။ ၄င်းဆေးခန်းများသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအစိုးရဝန်ထမ်းများက စွန့်ခွာသွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့်အထက်ဖော်ပြပါဆေးခန်းနှင့် အနီးတဝိုက်ကျေးရွာများသည် နာမကျန်းဖြစ်သည့်အခါ ထိုဆေးခန်းများကိုသာ မှီခို၍ဆေးကုသလျက်ရှိပါသည်။ ဆိုးရွားသောရောဂါဝေဒနာများခံစားနေရသောလူနာများကို ဘားအံမြို့ထဲရှိ ဆေးရုံ၊ ဆေးခန်းများကိုသော်လည်းကောင်း၊ ဖလံတောင်ဆေးရုံကိုသော်လည်းကောင်း သွားရောက်ကုသမှုခံယူလျက်ရှိပါသည်။
မြို့ထဲတွင် စစ်ကောစီတာဝန်ရှိသူများ စစ်ဆေးမေးမြန်းခြင်းနှင့် သွားလာသည့်အချိန်ကို ကန့်သတ်ထားသောကြောင့် မြို့ထဲသို့ဆေးဝါးကုသမှုခံယူနေသူများ နည်းသထက်နည်းလာခဲ့ပါသည်။ (အချိန်ကန့်သတ်ခြင်းဆိုသည်မှာ ဥပမာအား ဖြင့် ညမထွက်ရအမိန့်ကြောင့် မနက်(၆)နာရီ မှည(၆)နာရီအတွင်းသာ သွားလာခွင့်ရှိသည်ကိုဆိုလိုခြင်းဖြစ်သည်။) ပို၍ ဆိုးသောအချက်မှာ လေယာဉ်ဗုံးစထိမှန်သူ၊ လက်နက်ကြီးကျဉ်စထိမှန်သူနှင့် မိုင်းထိမှန်သူများအပေါ် ပို၍အစစ်အဆေး များသောကြောင့် ထိုသူများသည် မြို့ထဲသို့သွားရောက်ဆေးကုသမှုနည်းပြီး ဖလံတောင်ဆေးရုံကိုသာ လာရောက်ဆေး ကုသမှုခံယူလျက်ရှိပါသည်။ မြို့နှင့်နီးသောကျေးရွာသည် စစ်ကော်စီ၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိပါက မတတ်သာ လို့မြို့ထဲသို့ ဆေးဝါးကုသမှုခံယူနေပေမဲ့လည်း မြို့နှင့်အလှမ်းဝေးပြီး တောကျသောကျေးရွာများတွင် မြို့ထဲသို့မသွား ရဲဘဲ များသောအားဖြင့် ဖလံတောင်ဆေးရုံကိုသာ မှီခိုနေရပါသည်။
ပညာရေး
ပညာရေးအခြေအနေနှင့်ပတ်သက်၍ ဖားအံမြို့နယ်ရှိ ကျေးရွာအုပ်စု(၁၂)ခုရှိသည့်အနက် ကျေးရွာအုပ်စု(၅) ခုသာ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ကျောင်းဖွင့်လှစ်နိုင်ပြီး ကျန်ကျေးရွာအုပ်စုများကို (KECD) ကျောင်း မဖွင့်လှစ်နိုင်သေးပါ။ ကျန်ကျေးရွာအုပ်စု များသည် များသောအားဖြင့် စစ်ကောင်စီစာရင်းဝင်ကျောင်းများသာ ဖြစ်ပါသည်။ တစ်ချို့ကျေးရွာအုပ်စုများကို (KECD) ကျောင်းဖွင့်လှစ်ချင်ပေမဲ့ ဘာသာရပ်တိုင်းကို သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမဦးရေမရှိတာကတစ်ကြောင်း၊ ၎င်းတို့ ၏လုံခြုံရေးကိုစိုးရိမ်ရတာကတစ်ကြောင်းလည်း ပြဿနာတစ်ခု ဖြစ်နေပြန်သည်။ ထို့အပြင် ယခင်အစိုးရကျောင်းဆရာ၊ ဆရာမများကလည်း ယခုအာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် မိသားစုအခက်အခဲနှင့် ဖိအားပေးမှုအမျိုးမျိုး ကြောင့် လစာဆက်ယူနေသောကြောင့်လည်း (KECD) ကျောင်းဖွင့်နိုင်ရန်အခက်အခဲဖြစ်နေပြန်သည်။ ယခုလက်ရှိ (KECD) စာသင်ကျောင်း (၄၂) ကျောင်းသာရှိပြီး မူလတန်း(၂၉) ကျောင်း၊ အလယ်တန်း(၁၂) ကျောင်းနှင့် အထက် တန်း(၁) ကျောင်းဖြစ်ပါသည်။
စားဝတ်နေရေး
ပြည်သူများ၏စားဝတ်နေရေးအခြေအနေနှင့်ပတ်သက်၍ များသောအားဖြင့် လူငယ်၊ လူလတ်ပိုင်းများသည် ပြည်ပနိုင်ငံ များသို့သွားရောက်အလုပ်လုပ်ကိုင်ကြရပြီး မိသားစုစားဝတ်နေရေးဖြေရှင်းပေးနေရပါသည်။ မင်းအောင်လှိုင်ဦးဆောင် သည့်စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းမြင့်တက်လာမှု၊ ငွေကြေးတန်ဖိုးလျော့ကျလာမှုနှင့် ဖောင်းပွ လာမှု၊ လုပ်ငန်းခွင်ထဲတွင် စိတ်ချလှုံခြုံစွာအလုပ်လုပ်ကိုင်နိုင်ခွင့်ဆုံးရှုံးလာမှု၊ သွားရေးလာရေးကို ကန့်သတ်ထား ချုပ်ခြယ်လာမှု၊ ကျန်းမာရေးနှင့်ပညာရေးစသောကဏ္ဍပေါင်းစုံမှ အာမခံမှုနှင့်ဝန်ဆောင်မှုအပြည့်မပေးနိုင်မှု၊ ရပ်ထဲရွာ ထဲတွင် လုံခြုံစိတ်ချစွာနှင့်သောကကင်းမဲ့စွာနေထိုင်နိုင်ခွင့်ဆုံးရှုံးလာမှု၊ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာနှင့် လိုက်နာဆောင် ရွက်မှုမရှိ ဥပဒေမဲ့ဖမ်းဆီးအရေးယူသတ်ဖြတ်လာနေမှုများလာသည့်အပေါ် လူငယ်၊လူလတ်ပိုင်းများ၏ လက်ရှိနိုင်ငံရေး အခြေအနေ (သို့) လက်ရှိဘဝနှင့် အနာဂတ်ကိုမသေချာမရေရာမှုများနှင့် စိုးရိမ်ပူပန်မှုများလာနေသောကြောင့် သက် တောင့်သက်သာအလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပြင်ပအိမ်နီးချင်းနိုင်ငံများကိုသာ အားကိုးမှီခိုလာနေရပါသည်။ အမိမြေ ထဲနေ အချို့သောပြည်သူများကလည်းအများနည်းတူ စားဝတ်နေရေးဖြေရှင်းနိုင်ရန် တစ်နိုင်တစ်ပိုင်လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်း၊ တောင်ယာလုပ်ငန်း၊ ရာဘာခြစ်သည့်လုပ်ငန်း၊ ကုန်ရောင်းကုန်ဝယ်လုပ်ငန်း၊ မြေပဲ၊ နှမ်း၊ ပဲစသော ကိုင်း လုပ်ငန်းများဖြင့်လည်း အသက်မွေးဝမ်းကျောင်းပြုနေသူများရှိပါသည်။ ဆိုးသွမ်းလာသည့်အာဏာသိမ်းမှုအကျိုးဆက် များကြောင့် နှစ်စဉ်လုပ်နေကြလုပ်ငန်းခွင်များတွင် ပြည်သူတစ်ချို့ကလက်လွတ်ခဲ့ရပြီး စားဝတ်နေရေးဖြေရှင်းသည့် နေရာတွင် တစ်နှစ်ထက်တစ်နှစ် ကြပ်တည်းလာပါသည်။
စစ်ရေးလှုပ်ရှားမှု
ဘားအံမြို့နယ်ထဲတွင် လက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် စစ်ကောင်စီတပ်၊ BGF၊ DKBA နှင့် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်း (KNDO) ၊ တော်လှန်ရေးအင်အားစုဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စသည့်အဖွဲ့အစည်းများ လည်းရှိပါသည်။ KNLA၊ KNDO နှင့် PDFတို့သည် စစ်ရေးများ အတူတကွပူးတွဲဆောင်ရွက် လျက်ရှိပါသည်။ BGF နှင့် DKBA တို့သည် စစ်ရေးများအတူတကွပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ BGF နှင့် DKBA တို့သည် စစ်ကောင်စီတပ်၏လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။
နိဂုံးချုပ်
မြန်မာပြည်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ပြည်သူ့အာဏာပြည်သူ့လက်ထဲပြန်လွဲပြောင်းပေးရေးကို ပြည်တွင်း ပြည်ပမှ လူ့အခွင့်အရေးကိုချစ်မြတ်နိုးသောအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်နိုင်ငံတကာအအစိုးရများ အတူတကွလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ အာဏာရှင်စနစ်ဖြင့် ပြည်သူများအပေါ်နှစ်ရှည်လကြာ ဖိနှိပ် အုပ်ချုပ်လာသည့်စစ်တပ်သည် ယခုမင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အ ရေးချိုးဖောက်မှုများကျူးလွန်၍ တစ်နေ့ထက်တစ်နေ့ ပိုပြီးဆိုးရွားလာနေသည်ကို မြင်တွေ့နေရပါသည်။ ထို့ကြောင့် ဒီမိုကရေစီကိုချစ်သောနိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ရှိအာဏာသိမ်းစစ်တပ်ကို ဖိအားမပေးနိုင်ပါက ပြည်သူများ၏ အသက်အိုးအိမ်ပိုင်ဆိုင်မှုများ တစ်နေ့ထက်တစ်နေ့ ဆုံးရှုံးပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ဤအစီရင်ခံစာကို နိဂုံး ချုပ်အပ်ပါသည်။
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒူးသထူခရိုင်၊ ဘီး လင်းမြို့နယ်၊ တဂေးလောင်းကျေးရွာအုပ်စု၊ အဃ--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၌ အဃ--- ကျေးရွာတွင် စစ်ကောင်စီဒရုန်းတိုက် ခိုက်မှုဖြစ်ပွားခဲ့သဖြင့် အ လယ်တန်းကျောင်းပျက်စီးခဲ့ရသည်။ ပုံတွင် စာသင်ကျောင်း၏မျက် နှာကျက်နှင့်သွပ်ခေါင်မိုးပျက်စီးသွားသောအခြေအနေကို ဖော်ပြထား သည်။ (ဓာတ်ပုံ- KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ တာအူးခီးကျေးရွာအုပ်စု၊ အင--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ကျေးရွာအတွင်း စစ်ကောင်စီကာမီကာဇေဒရုန်းများဝင်ရောက်တိုက်ခိုက်၍ ကျန်ရှိခဲ့သောအခြေအနေကိုဖော်ပြထားသည်။ ဘယ်ဘက်ပုံ သည် ရွာသားများတွေ့ရှိခဲ့သော ကာမီကာဇေဒရုန်းနှစ်စီးဖြစ်သည်။ ဒရုန်းတစ်စီးသည် ကျေးရွာအတွင်းထိုးကျပြီး အခြားဒရုန်းတစ်စီးသည် ကျေး ရွာအပြင်ဖက်တွင် ထိုးကျခဲ့သည်။ ညာဘက်ပုံသည် စစ်ကောင်စီဒရုန်းတစ်စီးသည် စာသင်ကျောင်းအနီးနား ဘုန်းကြီးကျောင်းဝင်းထဲတွင် ကျ ရောက်ပေါက်ကွဲခဲ့သည့်အခြေအနေကို ဖော်ပြထားသည်။ (ဓာတ်ပုံ- KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ အစူးချောင်းကျေးရွာအုပ်စု၊ အက--- ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ SAC ဂျက်လေယာဉ်တစ်စီးသည် အက--- ကျေးရွာရှိ စာသင်ကျောင်းအဝင်ဝတွင် ဗုံးတစ်လုံးပစ်ချ၍ ပျက်စီးသွားသောအခြေအနေကို ဖော်ပြထားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဆရာအဆောင်ခန်းနှင့်စာသင် ကျောင်း ပျက်စီးခဲ့သည်။ (ဓာတ်ပုံ- KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း ဒူးသထူခရိုင်၊ ဘီး လင်းမြို့နယ်၊ မင်းစောကျေးရွာအုပ်စု၊ အဃ--- ကျေးရွာတွင် ရိုက်ယူ ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စစ်ကောင်စီဂျက် လေယာဥ်တစ်စီးသည် အဃ--- ကျေးရွာတွင် ပေါင် (၅၀၀) ဗုံးနှစ်လုံး ပစ်ချ၍ ဘုန်းကြီးကျောင်းနှင့်လူနေအိမ်ငါးလုံးပျက်စီးပြီး ဆရာတော် နှစ်ပါးလည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ပုံတွင် ဗုံးပေါက်ကွဲမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်း ပျက်စီးသွားသောအခြေအနေကို ဖော်ပြ ထားသည်။ (ဓာတ်ပုံ- KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ အီဟယ်ရွာကြီးအုပ်စု၊ အသ--- ကျေးရွာအနီး နော်န--- ၏ ရာဘာခြံထဲတွင် ရိုက်ယူခဲ့သည်။ ပုံတွင် စစ်ကောင်စီဂျက်လေယာဥ်တစ်စီးမှ ပေါင် (၅၀၀) ဗုံးနှစ်လုံးပစ်ချ၍ ရာဘာခြံထဲတွင် ကျရောက်ပေါက် ကွဲပြီး ရောဘာပင်များပျက်စီးသွားသောအခြေအနေကို ဖော်ပြထားသည်။ (ဓာတ်ပုံ- KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ မဲကနကျေးရွာအုပ်စု၊ အလ--- ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲ တွင် ရိုက်ယူခဲ့သည်။ ပုံတွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စီးမှ ဟော်ဝှစ်စာ (၁၂၂) မမ ဖြင့် လာရောက်ကြဲချခဲ့ပြီး အလ--- ကျေးရွာဘုန်းကြီး ကျောင်း၏ ပြတင်းပေါက်မှန်အား ဗုံးစထိ၍အနည်းငယ်ပျက်စီးသွားသောအခြေအနေကို ဖော်ပြထားသည်။ (ဓာတ်ပုံ - KHRG)
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇွန်လနှင့်စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံ (၂) ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤဒေသတွင်းနောက်ဆုံးရ အခြေအနေတင်ပြချက်ကို မြေပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၂) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ် မှာ 25-249-S1 နှင့် 25-263-S1 တို့ဖြစ်သည်။










