ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလအတွင်း ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်တွင် ဖြစ်ပွားခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလ ၂၄ ရက်နေ့၌ ပေါကလိုးဒေသရှိ ယ--- ကျေးရွာမှ ရွာသားတစ်ဦးသည် ၎င်း၏စိုက်ပျိုးခြံထဲမှာ အလုပ်လုပ်ပြီး နောက် အိမ်သို့ပြန်လာသည့်အချိန်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ပေါက်ကွဲသွားပြီး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ အခြားရွာသား များမှ ဒဏ်ရာရရှိနေသည့်အဆိုပါရွာသားတစ်ဦးကို သွားရောက်ကူညီသည့်အချိန်တွင် အခြားမြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲသွားခဲ့သော်လည်း ရွာသားများ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။ သို့သော်လည်း ဒဏ်ရာရရှိသည့်ရွာသားကို ဆေးရုံသို့ပို့ဆောင်ရန် ပြန်သယ်လာသည့်လမ်းတွင် ပေါကလိုးဒေသ၊ လ--- ကျေးရွာတွင်ရှိသော ကော်သူးလေတပ်မ တော် (KTLA) စစ်သားများက ထိုရွာသားများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ဤပစ်ခတ်မှုတွင် ရွာသားတစ်ဦး၏ခါးကို ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ ဒုတိယအကြိမ်မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ တွင် ဂ--- ရွာသားတစ်ဦးသည် အလုပ်သွားနေသည့်အချိန်၌ လမ်းမှာထောင်ထားသည့်မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိ၍ ပေါက်ကွဲခဲ့သည်။ ၎င်းရွာသားသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယ---ကျေးရွာတွင် ဆေးကုသမှုခံယူခဲ့သည်။ နောက် တစ်နေ့တွင် ထိုနေရာဒေသအတွင်း ရွာသားတစ်ဦး၏နွားတစ်ကောင်သည် မြေမြှုပ်မိုင်းထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ပေါ ကလိုးဒေသ၊ ဆ--- ကျေးရွာမှ ရွာသားတစ်ဦးသည် သူမ၏တောင်ယာမှ အိမ်သို့ပြန်လာသည့်လမ်းဘေးအနီးနားတွင် မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍ ပေါက်ကွဲသွားသည်။ ဤဖြစ်စဉ်တွင် သူမ၏ ဘယ်ခြေထောက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသည်။ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ကစယ်ဒိုမြို့နယ်၊ ပေါကလိုးဒေသရှိ ရွာသူ၊ ရွာသားများသည် ၎င်းတို့၏နေ့စဉ်လုပ်ငန်းများကို သွားလာလုပ်ကိုင်ရာတွင် အဟန့်အတားတစ်ခုဖြစ်စေပါသည်။ မြေ မြှုပ်မိုင်းများကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့များမှ ထောင်ထားခဲ့ကြောင်း ဒေသခံရွာသားများမှ မသိရှိရပေ။ [1]
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ - ပေါကလိုးဒေသ၊ ယ--- ကျေးရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်လေးခု
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် - မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှစ်ခု
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၌ ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ပေါကလိုးဒေသ၊ ယ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ဦးဘ---သည် (အသက်မသိရှိရ) ၎င်းစိုက်ပျိုးခြံမှ အိမ်သို့ပြန်လာသည့်အချိန်တွင် မြေမြှုပ်မိုင်း တစ်လုံးကိုနင်းမိခဲ့သည်။ ထိုမြေမြှုပ်မိုင်းကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က ထောင်ထားခဲ့သည်ကို မသိရှိရပါ။ (ထို မြေမြှုပ်မိုင်းကို စိုက်ပျိုးခြံထဲရှိ လူသွားလမ်းတွင် ထောင်ထားခဲ့ခြင်းဖြစ်သည်။) အဆိုပါရွာသားသည် (ဦးဘ---) သာမှန် အလုပ်သမားတစ်ဦးဖြစ်ပြီး ၎င်းမှာဇနီးတစ်ဦးရှိသည်။ ထိုမြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးဘ---သည် ခြေထောက်တစ် ဖက်ကိုဆုံးရှုံးလိုက်ရသည်။ ခြေထောက်တစ်ဖက်ပြတ်ထွက်သွား၍ ဦးဘ---သည် (စိုက်ပျိုးခြံထဲရှိ ၎င်းတဲအိမ်တွင်ရှိ သော) ဇနီးဖြစ်သူကို အော်ဟစ်လှမ်းခေါ်ခဲ့သည်။ ထို့နောက် ၎င်း၏ဇနီးသည် အခြားရွာသားများကို အကူအညီတောင်းခဲ့ သည်။ အခြားရွာသားများသည် ဦးဘ---ဆီရောက်လာပြီး သူ၏ဒဏ်ရာဆေးထည့်ပြီးနောက် ၎င်းကို (ယ--- ကျေးရွာသို့) ပြန်သယ်ဆောင်လာခဲ့သည်။ ဦးဘ--- အား ပြန်သယ်ဆောင်လာသည့်အချိန်တွင် ၎င်းတို့အနောက်မှာ အခြားမြေမြှုပ်မိုင်း တစ်လုံးပေါက်ကွဲသွားခဲ့ပြန်သည်။ သို့သော်လည်း ဤမြေမြှုပ်မိုင်းပေါက်ကွဲမှုတွင် မည်သူမှထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ ပေ။ ခွေးတစ်ကောင်က သို့မဟုတ် သစ်ကိုင်းတစ်ကိုင်းပြုတ်ကျပြီး ထိုမြေမြှုပ်မိုင်းကိုသွားထိ၍ ပေါက်ကွဲသွားခြင်းဖြစ် သည်ဟု ရွာသားများက ထင်မြင်ခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် ထိုမြေမြှုပ်မိုင်းရှိရာနေရာကို ဖြတ်ကျော်ပြီးမှ ပေါက်ကွဲသွားရခြင်းဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က အဆိုပါမြေမြှုပ်မိုင်းများကို ထောင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က ထောင်ထားခဲ့သည်ကို ရွာသားများမှ မသိရှိရပေ။ အကြောင်းမှာ ထိုဒေသ အတွင်း မတူညီသည့်လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသောကြောင့်ဖြစ်သည်။
အစပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိသည့်ဦးဘ---ကို ကစယ်ဒိုမြို့နယ်နှင့်လယ်ဒိုစိုးမြို့နယ်အကြားရှိ ဝေ့တာအယ် (မေတ္တာ) မြို့တွင်ရှိသော ရ--- ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ (ရ--- ဆေးရုံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စီမံခန့်ခွဲ သောဆေးရုံဖြစ်သည်။) သို့သော် ရ--- ဆေးရုံတွင် ဆေးဝါးကိရိယာများအခက်အခဲရှိသည့်အတွက်ကြောင့် ရွာသား များသည် ကောင်းမွန်သည့်ဆေးကုသမှုရရှိစေရန်အတွက် ဦးဘ---ကို ထားဝယ်မြို့ရှိ (SAC စီမံခန့်ခွဲသော) ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။
အဆိုပါရွာသားများသည် ဦးဘ---အား ဆေးရုံသို့ပို့ဆောင်ပြီး ယ---ကျေးရွာသို့ပြန်လာအချိန်တွင် ပေါကလိုးဒေသ၊ လ---ကျေးရွာသို့ရောက်ရှိသည့်အခါ ကော်သူးလေတပ်မတော် (KNTA) စစ်သားများမှ ထိုရွာသားများကို ပစ်မှတ်ထား၍ ပစ် ခတ်ခဲ့သည်။ အကြောင်းမှာ ထိုရွာသားများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ကားကို မောင်းနှင်လာသော ကြောင့်ဖြစ်သည်။ (KTLA စစ်သားများသည် KNU ကားတစ်စီးဖြစ်ကြောင်းသိရှိနေသည်ဟု ရွာသားများက ယူဆကြ သည်။ အဘယ်ကြောင့်ဆိုသော် ကားလိုင်စင်နံပါတ်ပြားကို ၎င်းတို့မှတ်မိနေသောကြောင့်ဖြစ်သည်။ ထိုကားထဲတွင် လိုက်ပါလာသော ခရီးသည်များအားလုံးသည် အရပ်သားပြည်သူများဖြစ်ကြသည်။) ဤပစ်ခတ်တိုက်ခိုက်မှုတွင် အမည် မသိရှိရသည့်ရွာသားတစ်ဦးမှာ သူ၏ခါးတွင် သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။)
ထို့နောက် ရွာသားများသည် ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင်လှုပ်ရှားနေသော KTLA စစ်သားများ၏အန္တရာယ်ပြုမည် ကိုစိုးရိမ်သောကြောင့် KNU ကားကို ဆက်လက်၍မမောင်းရဲတော့ပဲ ပေါကလိုးဒေသ၊ က--- ကျေးရွာတွင် ကားကို ထား ရစ်ခဲ့သည်။ က--- ကျေးရွာသည် KTLA စစ်သားများမှ ရွာသားများကို ပစ်ခတ်ခဲ့သောနေရာနှင့် နှစ်မိုင်ကွာဝေးသည်။ က--- ကျေးရွာတွင် ကားကိုထားရစ်ခဲ့ပြီးနောက် ရွာသားများသည် လိုင်းကားကိုငှားစီး၍ ယ--- ကျေးရွာသို့ပြန်လာခဲ့သည်။ နောက်ပိုင်းတွင် ရွာသားများသည် က--- ကျေးရွာတွင်ထားရစ်ခဲ့သည့် အဆိုပါ KNU ကားကို ပြန်လည်ယူဆောင်လာခဲ့ သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့ -
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၌ ယ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ စောဃ---သည် (အသက် ၄၀) ၎င်း၏စိုက်ပျိုးခြံသို့ သွားသည့်အချိန်တွင် လမ်းတွင်ထောင်ထားသည့်မြေမြှုပ်မိုင်းတစ်လုံးကို မတော်တဆ နင်းမိခဲ့ သည်။ (မြေမြှုပ်မိုင်းနင်းမိသည့်နေရာသည် ယ---ကျေးရွာအပြင်ဖက်အနီးတစ်ဝိုက်တွင်တည်ရှိသည်။) စောဃ---သည် ပြင်းထန်သည့်ဒဏ်ရာများ မရရှိခဲ့သော်လည်း ၎င်းခြေထောက်မှာ ရောင်ရမ်းသွားခဲ့သည်။ စောဃ---သည် ယ--- ကျေးရွာရှိဆေးခန်းသို့သွား၍ ဆေးကုသမှုခံယူခဲ့ပြီး ပြန်လည်ပျောက်ကင်းသွားခဲ့သည်။ ထိုဆေးခန်းသည် ကရင်ကျန်း မာရေးနှင့် လူမှုဖူလုံရေးဌာန (KDHW) မှ စီမံခန့်ခွဲသောဆေးခန်းဖြစ်သည်။ (ထိုမြေမြှုပ်မိုင်းကို မည်သည့်လက်နက်ကိုင် တပ်ဖွဲ့ကထောင်ထားခဲ့ကြောင်း ရွာသားများမှ မသိရှိရပေ။)
အခင်းဖြစ်ပွားပြီးနောက် စောဃ---သည် အိမ်သို့ပြန်လာသည့်အချိန်တွင် ထိုဒေသအတွင်း ထောင်ထားခဲ့သော အခြား မြေမြှုပ်မိုင်းနှစ်လုံးကို တွေ့ရှိခဲ့ပြီး ၎င်းအနေဖြင့် အခြားရွာသားများကို ချက်ချင်းအကြောင်းကြား၍ သတိပေးခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အခြားရွာသားတစ်ဦးသည် ၎င်း၏နွားများကို သွားကျောင်းရန် အတွက် စောဃ---နင်းမိခဲ့သည့်မြေမြှုပ်မိုင်းတည်ရှိရာလမ်းကို အသုံးပြု၍သွားလာခဲ့သည်။ ထိုသို့နွားကျောင်းနေစဉ် အတွင်း အဆိုပါရွာသား၏နွားတစ်ကောင်သည် မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍ ၎င်း၏ခြေထောက်တစ်ဖက်ပြတ်ထွက် သွားခဲ့သည်။ ထိုရွာသားမှာမူ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပေ။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ - ပေါကလိုးဒေသ၊ ဆ--- ကျေးရွာအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ကစယ်ဒိုမြို့နယ်၊ ပေါကလိုးဒေသ၊ ဆ--- ကျေးရွာမှ ရွာသားတစ်ဦးသည် (အမည် နှင့်အသက်မသိရှိရ) သူမ၏တောင်ယာတွင်ဟင်းသီးဟင်းရွက်များခူးယူပြီး အိမ်သို့ပြန်လာသည့်လမ်းဘေးနားတွင် (ဆ---ကျေးရွာအနီး) မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိ၍ပေါက်ကွဲသွားခဲ့သည်။ (ထိုမြေမြှုပ်မိုင်းကို မည်သည့်လက်နက်ကိုင်တပ် ဖွဲ့မှ ထောင်ထားခဲ့ကြောင်း မသိရှိရပါ။) ထိုမြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါရွာသား၏ဘယ်ဖက်ခြေထောက်ပြတ် ထွက်သွားခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် အခြားရွာသားများသည် သူမကိုကူညီသယ်ဆောင်၍ ဆေးကုသမှုရရှိစေရန် ထားဝယ်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ (ထိုဆေးရုံသည် SAC စီမံခန့်ခွဲသောဆေးရုံဖြစ်သည်။)
နိဂုံးချုပ်
ပေါကလိုးဒေသရှိ ဒ---၊ ဆ---၊ ဟ---၊ ယ---၊ တ---၊ ဇ---နှင့် သ--- ကျေးရွာများတွင် နေထိုင်ကြသော ရွာသားများသည် ဒေသအတွင်း မြေမြှုပ်မိုင်းတည်ရှိနေမှုကြောင့် လုံခြုံရေးအန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ရွာသားများ အနေဖြင့် မြေမြှုပ်မိုင်းတည်ရှိသောနေရာများကို သွားလာခြင်းမပြုရန် ၎င်းတို့၏မိတ်ဆွေသူငယ်ချင်းများက အကြောင်း ကြား၍သတိပေးမှုများရှိခဲ့သည်။ မြေမြှုပ်မိုင်းတည်ရှိသည့်နေရာသို့ မဖြစ်မနေသွားရမည်ဆိုပါက ရွာသားများအနေဖြင့် လုံခြုံစိတ်ချသည့်လမ်းကိုသာ အသုံးပြု၍ သွားလာသင့်သည်။ (ဤအခြေအနေတွင် ရွာသားများအချင်းချင်း မိမိတို့သိရှိ ထားသည့်ဗဟုသုတနှင့်အချက်အလက်များအပေါ်တွင်အခြေခံ၍ ပြောဆိုသတိပေးခြင်းသာဖြစ်သည်။) အမှန်တကယ် လက်တွေ့တွင်မူ လုံခြုံစိတ်ချရသည့်လမ်းများဟုဆိုရာတွင် မြေမြှုပ်မိုင်းအမှတ်အသားများ တွေ့ရှိရခြင်းမရှိပေ။)
မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ရွာသူ၊ရွာသားများသည် ၎င်းတို့၏စားဝတ်နေရေးအတွက် နေ့စဉ်ဓူဝလုပ်ငန်းများကို သွား လာလုပ်ကိုင်ရာတွင် အဟန့်အတားတစ်ခုဖြစ်စေပါသည်။ ထို့အပြင် ပေါကလိုးဒေသအတွင်း ကော်သူးလေတပ်မတော် (KTLA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့မှ စစ်ရေးလှုပ်ရှားမှုများ ပို၍လုပ်ဆောင်လာခြင်း ကြောင့် ဒေသခံရွာသားများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲ၊ စိန်ခေါ်မှုများ ဖြစ်စေပါသည်။
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။