ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တောအူး (တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို (သံ တောင်ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ နို ဝင်ဘာလ ၁၂ ရက်နေ့ မနက်စောစောတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့သည် ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေးကျေးရွာအုပ်စု၊ အ--- ကျေးရွာထဲသို့ ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်၍ ရွာသားများ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ မထွက်ပြေးဘဲ ရွာတွင်ကျန်ရစ်ခဲ့သည့် ရွာသားအယောက် (၂၀) ကျော်ကို SAC စစ်သားများက ဖမ်းဆီးခဲ့ သည်။ ထိုအထဲမှ ဖမ်းဆီးခံရသည့်ရွာသားသုံးဦးကို SAC စစ်သားများက ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ ထို့နောက် မနက် ကိုးနာရီခန့်တွင် အ--- ကျေးရွာအနီး SAC တပ်ဖွဲ့နှင့် ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွား ခဲ့သည်။ အဆိုပါတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း SAC တပ်သားများသည် လူနေအိမ် (၁၅)လုံးကို မီးရှို့ဖျက်ဆီး၍ ရွာသား များပိုင်ဆိုင်သည့်အရာများကိုလည်း လုယက်ခိုးယူခဲ့သည်။ SAC တပ်သားတစ်ဦးသည် အသက် (၉၀)နှစ်အရွယ်ရှိသော အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်၍ ကျူးလွန်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC စစ်သားများ သည် အ--- ကျေးရွာအတွင်းမှ ထွက်ခွာတော့မည့်အချိန်တွင် ရွာသားနှစ်ဦးကို ဖမ်းဆီးချုပ်နှောင်၍ ၎င်းတို့အတွက် လူသားဒိုင်းနှင့်ပေါ်တာအဖြစ် လုပ်ဆောင်ပေးရန် ခိုင်းစေခဲ့သည်။ [1]

 

လွတ်လပ်ခွင့်အား နှောက်ရှက်ဖျက်ဆီးခြင်းနှင့် ရွာသားများအား ညှဉ်းပမ်းနှိပ်စက်ခြင်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်စောစောတွင် (တပ်ရင်းအမှတ်မသိရသော) နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) တပ်ဖွဲ့သည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေး (ပိတောက်ကုန်း) ကျေးရွာအုပ်စု၊ အ--- ကျေးရွာ တွင်းသို့ ဝင်ရောက်လာခဲ့သည်။ SAC စစ်သားများသည် ရွာထဲဝင်ရောက်လာသည့်အချိန်တွင် သေနတ်များ ပစ်ဖောက် ခဲ့သည်။ အဆိုပါ SAC တပ်ဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေတွင် (မြန်မာပြည်အလယ်ပိုင်း) အခြေစိုက်ပြီး ဤဒေ သအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန်အတွက် ရောက်ရှိလာခဲ့သည်ဖြစ်ကြောင်း ဒေသခံရွာသားများမှ ယူဆ ကြသည်။

အ--- ကျေးရွာတွင်းသို့ SAC တပ်သားများဝင်ရောက်လာသည်ကို သိရှိရပြီးနောက် ရွာသူ၊ ရွာသားများသည် အထူးသဖြင့် အမျိုးသားဖြစ်သော ရွာသားများသည် (ဖမ်းဆီးခံရ၍ အကြမ်းဖက်ခံရမည်ကို ကြောက်ရွံ့သောကြောင့်) ရွာမှ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ တစ်ချို့ရွာသူ၊ ရွာသားများလည်း မထွက်ပြေးဘဲ ရွာတွင် ကျန်ရစ်နေခဲ့သည်။ SAC စစ်သားများသည် မထွက်ပြေးဘဲ ကျန်ရစ်ခဲ့သည့်ရွာသားအယောက် (၂၀) ကျော်ကို ၎င်းတို့အိမ်သို့သွားရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံ ရသည့်ရွာသားအများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ SAC စစ်သားများ ဖမ်းဆီးမိသောရွာသားများကို ကျေးရွာ အတွင်း လမ်းမအနီးနားရှိ တစ်နေရာတွင်ထားရှိပြီး ထိန်းသိမ်းချုပ်နှောင်ခဲ့သည်။ ထို့နောက် SAC စစ်သားများသည် အဆိုပါရွာသားများကို လက်ခေါင်းပေါ်တင်၍ မြေကြီးပေါ်တွင် မှောက်လျက်နေခိုင်းခဲ့သည်။ ထိုအချိန်တွင် ရွာသားသုံး ဦးသည် ခေါင်းကိုမော့၍ SAC စစ်သားများကို ကြည့်မိလိုက်သည်။ SAC စစ်သားတစ်ဦးမှ ထိုရွာသားသုံးဦးကို 'မင်းဘာ ကြည့်တာလဲ။ ဘာဖြစ်ချင်တာလဲ။' ဟု ကြိမ်းဝါးပြောဆိုခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ထိုရွာသားသုံးဦး၏ ခေါင်းကို ခြေထောက်ဖြင့် ကန်ကြောက်၍ ၎င်းတို့စစ်ဘွတ်ဖိနပ်ဖြင့် ရွာသားများ၏လည်ပင်းကို တက်နင်းခဲ့သည်။ (၂၀၂၄ ခုနှစ်၊ မတ်လအတွင်း KHRG မှ လက်ခံရရှိသောသတင်းအရ ခေါင်းအကန်ခံရသည့်ရွာသားတစ်ဦးသည် ဒဏ်ရာ ရရှိပြီး ထိုအချိန်ထိ နာကျင်မှုကို ခံစားနေရသေးသည်။) ရွာသားတစ်ဦး၏ပြောပြချက်အရ SAC စစ်သားများသည် ရွာထဲ ကိုဝင်လာပြီး ရွာသားများကို ဤကဲ့သို့ပြုမူဆက်ဆံရသည့်အကြောင်းမှာ ၎င်းတို့အနေဖြင့် ရွာထဲတွင် ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) အဖွဲ့ဝင်များနေထိုင်ကြသည်ဟု ထင်မြင်ယူဆသောကြောင့်ဖြစ်သည်။

ပစ္စည်းဥစ္စာများ လုယက်ခိုးယူခြင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်) မနက်ကိုးနာရီခန့်တွင် အ--- ကျေးရွာအနီးရှိ (ရွာသားများ၏လယ်ယာစိုက်ပျိုးခြံအနား လမ်းမပေါ်တွင်) SAC တပ်ဖွဲ့နှင့်ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ (အဆိုပါလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့သည် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များဖြစ်သည်။) ထိုတိုက်ပွဲသည် (၁၅) မိနစ် ကြာမြင့်ခဲ့သည်။

ထိုအချိန်တွင် (တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း) SAC စစ်သားများသည် (အ--- ကျေးရွာထဲရှိ) လူနေအိမ် (၁၅)လုံးနှင့်နွား တင်းကုတ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ရွာသားများအိမ်မှ တန်ဖိုးရှိသောအရာများအားလုံးနှင့်ဈေးဆိုင် တစ်ဆိုင်မှ စားစရာများနှင့်မုန့်ထုပ်များကို လုယက်ခိုးယူခဲ့သည်။ SAC စစ်သားများသည် ရွာသားတစ်ဦးပိုင်ဆိုင်သည့် နွားတစ်ကောင်ကိုလည်း ပစ်ခတ်၍ ထိုနွားသည် မသေဘဲ ဒဏ်ရာရရှိခဲ့သည်။ ရွာသားများသည် အလုပ်ကြိုးစားလုပ်၍ တည်ဆောက်ထားသောနေအိမ်များနှင့်သစ်လုံး၊ ငွေကြေး၊ အဝတ်အစားနှင့်မီးဖိုချောင်အသုံးအဆောင်များ အပါအဝင် ၎င်းတို့ရှာဖွေထားသော ပိုင်ဆိုင်မှုများအား ဆုံးရှုံးသွားသည့်အပြင် ၎င်းတို့သားသမီးများ၏အနာဂတ်နှင့်စားဝတ်နေရေး အတွက် စီစဉ်ပေးထားသောအရာများလည်း ပျက်စီးဆုံးရှုံးခဲ့သည်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှု

အဆိုပါတိုက်ပွဲနှင့်လူနေအိမ်မီးရှို့မှုများ ဖြစ်ပွားနေစဉ်အတွင်း SAC စစ်သားတစ်ဦးသည် အ---ကျေးရွာတွင် နေထိုင်သော အသက် (၉၀)နှစ်အရွယ်ရှိသည့်အမျိုးသမီးတစ်ဦး၏အိမ်ထဲတွင် သူမအားနှိပ်စက်၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့ သည်။ (ဤဖြစ်စဉ်နှင့်ပတ်သက်၍ အကြောင်းအရာအသေးစိတ်ကို KHRG မှ ထုတ်ဝေသော မှုခင်းဖော်ပြသည့်မှတ် တမ်းလွှာတွင် ဖတ်ရှုနိုင်ပါသည်။)[2] ထိုအမျိုးသမီး၏နာမည်သည် ဒေါ်ဘ--- ဖြစ်သည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားနေစဉ် အတွင်း ဒေါ်ဘ---၏သမီးတစ်ဦး (အသက် ၅၀ နှစ်ကျော်)၊ မြေးနှစ်ဦး (အသက် ၄၀ နှစ်ကျော်) နှင့် (အသက်မသိရှိရ သော) အခြားအမျိုးသမီးတစ်ဦးသည် အိမ်အောက်တွင် ပုန်းနေခဲ့သည်။

အဆိုပါလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်သည် အခြား SAC စစ်သားများမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေါ်ဘ--- သည် အသက်ကြီးပြီးဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် မထွက်ပြေးနိုင်ဘဲ အိမ်တွင်ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။

ရွာသားများအား ပေါ်တာအဖြစ် အဓမ္မခိုင်းစေခြင်းနှင့် လူသားဒိုင်းအဖြစ်အသုံးပြုခြင်း

SAC စစ်သားများသည် လူနေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ဖမ်းဆီးထားသည့်ရွာသားအများစုကို လွှတ်ပေးခဲ့ပြီး ရွာမှ ထွက်ခွာခဲ့သည်။ သို့သော်လည်း အသက်ငယ်ရွယ်သော ရွာသားနှစ်ဦးကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့သည် အဆိုပါရွာသားနှစ်ဦးကို ပေါ်တာအဖြစ်လုပ်ပေးရန်ခိုင်းစေပြီး လူသားဒိုင်းအဖြစ်လည်း အသုံးပြုခဲ့သည်။ SAC စစ်သားများသည် လူနေအိမ်များနှင့်ဈေးဆိုင်မှ ၎င်းတို့လုယက်ခိုးယူထားသော ပစ္စည်းဥစ္စာများကို သယ်ဆောင် ပေးရန် ထိုရွာသားနှစ်ဦးအား ခိုင်းစေခဲ့သည်။ ထို့အပြင် ခရီးတစ်လျှောက်တွင် SAC စစ်သားများသည် ထိုရွာသား နှစ်ဦးကို ၎င်းတို့၏အရှေ့တွင်ထား၍ လမ်းလျှောက်ခိုင်းစေခဲ့သည်။ ထိုသို့ခရီးသွားနေစဉ်တွင် SAC စစ်သားများသည် ထိုရွာသားနှစ်ဦးကို ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်နှိပ်စက်၍ လူမဆန်စွာ ပြုမူဆက်ဆံခဲ့သည်။ ၎င်းတို့သည် ထိုရွာသား နှစ်ဦးကို ဘွတ်ဖိနစ်ဖြင့်ကန်ကြောက်ပြီး မျက်နှာကိုလည်း ထိုးနက်ခဲ့သည်။ အ--- ကျေးရွာနှင့်အလွန်ဝေးသော တစ်နေ ရာအရောက်တွင် SAC စစ်သားသည် ထိုရွာသားနှစ်ဦးကို လွှတ်ပေးခဲ့သည်။ (ဒေသခံရွာသားများပြောပြသော အကြောင်းအရာများအရ) ပေါ်တာအဖြစ်ခိုင်းစေခံရသည့်ရွာသားတစ်ဦးသည် SAC စစ်သားများမှ ၎င်းအား ထိုးနက်နှိပ် စက်၍ မျက်နှာမှာဒဏ်ရာများရရှိခဲ့ပြီး ၎င်း၏ခါးမှာလည်း နာကျင်မှုကို ပြင်းထန်စွာခံစားရသည်။ အဆိုပါရွာသားနှစ်ဦး သည် မည်သည့်ကူညီထောက်ပံ့မှုနှင့်ဆေးဝါးကုသမှုများ မရရှိခဲ့ပါ။ 

Wed, 23 Oct 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ မတ်လနှင့်မေလအတွင်း ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား  ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်