ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ခလယ်လွီထူ (ညောင်လေး ပင်) ခရိုင်၊ ဆောထိ (ရွှေကျင်)မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း နှင့်လက်နက်ကြီးများပစ်ခတ်ခြင်းအစရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလအတွင်း SAC သည် ကလောသိုးခီးကျေးရွာအုပ်စုရှိ ဇ---ကျေးရွာနှင့် လ---ကျေးရွာအနီးပတ်ဝန်းကျင်နှင့် ထီးခေး လိုကျေးရွာအုပ်စုရှိ ဝ--- ကျေးရွာတွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာ လအတွင်း SAC စစ်သားများသည် သဖီးလူ (ဂွေးကုန်း)ကျေးရွာအုပ်စုနှင့် ကလောသိုးခီးကျေးရွာအုပ်စုတို့ရှိ ကျေးရွာများ အနီးပတ်ဝန်းကျင်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ဖြစ်စဉ်တစ်ခုတွင် ကျေးရွာတစ်ရွာအတွင်း လက်နက်ကြီး (၄)လုံးကျရောက်ပေါက်ကွဲပြီး အသက် (၅၄)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ သူမ၏သား (၇နှစ်)နှင့် သမီး (၁၈နှစ်)တို့အား ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဤကဲ့သို့လေကြောင်းတိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ၏ အိုးအိမ်ပိုင်ဆိုင်မှုများနှင့် လယ်ယာစိုက်ပျိုးခင်းများလည်း ပျက်စီးသွားခဲ့သည်။ ရွာသားများအနေဖြင့် အသက်ဘေး အန္တရာယ်ရှိသည့်အတွက် တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ [1]

 

 

ဆောထိမြို့နယ်တွင် SAC မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် (၅)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့များ နှစ်ဦးနှစ်ဖက်ပစ်ခတ်ကြပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် နာရီအနည်းငယ်အကြာ မနက် (၉း၁၀)မိနစ်တွင် SAC ဂျက်လေယာဉ်နှစ်စီးသည် ဒေသအတွင်း ပျံဝဲ လာပြီးလေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ (ပထမအကြိမ်တွင်) ဂျက်လေယာဉ်တစ်စီးသည် ဆောထိမြို့နယ်၊ ကလော သိုးခီးကျေးရွာအုပ်စု၊ ဇ---ကျေးရွာအနီးတစ်ဝိုက်တွင် ဗုံး (၂)လုံးကြဲခဲ့ပြီးနောက် ဆောထိမြို့နယ်၊ ထီးခေးလိုကျေးရွာ အုပ်စု၊ ဝ---ကျေးရွာအနီးတွင်လည်း ဗုံး(၃)လုံးကြဲချ၍တိုက်ခိုက်ခဲ့သည်။ ဒုတိယဂျက်လေယာဉ်တစ်စီးသည် အော်လီ ဂန်းစက်သေနတ်များဖြင့် ဒေသအတွင်း စုစုပေါင်း(၄)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်။ ဒေသခံရွာသားတစ်ဦး၏ပြောပြ ချက်အရ SAC အနေဖြင့် ထိုနေရာဒေသများတွင် ၎င်းတို့၏ရန်သူများ (တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ) ရှိသည် ဟုယူဆ၍ လေကြောင်းဖြင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့တိုက်ပွဲဖြစ်ပွားခြင်းနှင့် လေကြောင်းတိုက် ခိုက်မှုများကြောင့် ဝ---၊ ဇ---နှင့်လ---ကျေးရွာများတွင်နေထိုင်ကြသော ရွာသားများသည် တောထဲသို့ထွက်ပြေးပုန်း ရှောင်နေခဲ့ရသည်။ ဇ---ကျေးရွာတွင် အိမ်ခြေပေါင်း (၄၉)လုံးရှိပြီး ရွာသားများဦးရေ (၂၀၀) ကျော်ရှိသည်။ လ---ကျေး ရွာတွင် အိမ်ခြေပေါင်း (၂၀)ရှိပြီး လူဦးရေ (၉၁)ဦးရှိသည်။ ဝ---ကျေးရွာရှိ အိမ်ခြေနှင့်လူဦးရေအရေအတွက်များ မည်မျှ ရှိကြောင်းမသိရှိရပါ။ (ခန့်မှန်းချေအားဖြင့် စုစုပေါင်းရွာသားများဦးရေ (၃၀၀) ကျော်သည် တောထဲသို့ ထွက်ပြေး ပုန်းရှောင်ခဲ့သည်။)  

ဆောထိမြို့နယ်တွင် SAC စစ်သားများမှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဒုတပ်ရင်းမှူးအောင်ဘိုဘို ဦးဆောင်သော SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၅၁)သည် လ---ကျေးရွာအနီးတစ်ဝိုက်တွင် (၆၀ မမ) လက်နက်ကြီး (၆)လုံးပစ်ခတ် ခဲ့ပြီးနောက် ဒေသခံရွာသားများသည် တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ခမရ (၃၅၁) သည် လယ်ထောသို တပ်စခန်းတွင် အခြေစိုက်သည်။ ထိုဒေသအတွင်း (KNLA နှင့် SAC) စစ်သားများတည်ရှိနေမှုကြောင့် ဒေသခံရွာသား များသည် ၎င်းတို့ကျေးရွာသို့ ပြန်လာနေထိုင်နိုင်ခြင်း မရှိသေးပေ။ (တိုက်ပွဲဖြစ်ပွားခြင်းကြောင့်) လ---ကျေးရွာရှိ မူလတန်းကျောင်းကိုလည်း ပိတ်ပင်ခဲ့ရသည်။ ဤကျောင်းကို ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှ ဖွင့်လှစ် ထားခြင်းဖြစ်သည်။ ရွာသားအများစုသည် လယ်သမားများ၊ ဝါးခုတ်သမားများနှင့် ကျဘမ်းအလုပ်သမားများဖြစ်ကြ သည်။ ဤသို့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ရွာသားများသည် အေးချမ်းစွာ အလုပ်လုပ်ကိုင်၍မရသဖြင့် စားဝတ်နေရေး အတွက် အခက်အခဲများရှိနေပါသည်။ (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း) ယခုအချိန်သည် နွေရာသီဖြစ်သဖြင့် ရွာသား များသည် တောထဲတွင် ထွက်ပြေးပုန်းရှောင်နေစဉ်အတွင်း သစ်ပင်များအောက်တွင် အမိုးအကာလုပ်၍နေထိုင်ရသည်။ အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုအမျိုးသမီးများအပါအဝင် ရွာသားများသည် ကျန်းမာရေးပြဿနာ များနှင့် ကြုံတွေ့နေရပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆေးကုသမှုများရရှိရန် အခက်အခဲများရှိနေပါသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ ညအချိန် (၁၁း၁၉)မိနစ်ဝန်းကျင်၌ ညောင်လေးပင်မြို့ရှိတပ်စခန်းတွင် အခြေစိုက် သော SAC ခမရ (၂၀)သည် သဖီးလူ (ဂွေးကုန်း)ကျေးရွာအုပ်စုရှိ စ---ကျေးရွာဒေသအတွင်းသို့ (၁၂၀ မမ) လက်နက် ကြီး (၈)လုံးခန့် ပစ်ခတ်ခဲ့သည်။ စ---ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုအောက်တွင်ရှိ သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီး (၃)လုံးသည် စ---ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် (၃) လုံးနှင့် အိမ်တွင်းရှိပစ္စည်းပိုင်ဆိုင်မှုများ ပျက်စီးခဲ့သည်။ ထိုအိမ်ပိုင်ရှင်များ၏အမည်များမှာ ဦးဆ---၊ ဦးဂ---နှင့်မန---နှင့် ဦးဗ---နှင့်နော်က---တို့ဖြစ်ကြသည်။ ပျက်စီးသွားသည့်ရွာသားများ၏ပိုင်ဆိုင်မှုများသည် ရေစုပ်စက်တစ်လုံး၊ ဆိုင်ကယ် တစ်စီးနှင့် ပရိဘောဂပစ္စည်းများဖြစ်သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲရာတွင် မန---၊ သူမ၏သားတစ်ဦးနှင့်သမီးတစ်ဦးတို့အား ထိမှန်၍ ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်။ ဦဂ---နှင့်မန---တို့မိသားစုတွင် သားသမီး (၆)ဦးရှိသည်။ သို့သော်လည်း လက်နက်ကြီးကျရောက် ပေါက်ကွဲချိန်တွင် အိမ်ထဲတွင် ၎င်းတို့နှင့်အတူ သားတစ်ဦးနှင့်သမီးတစ်ဦးဘဲရှိနေခဲ့သည်။ လက်နက်ကြီးများသည် ၎င်းတို့အိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲပြီး ၎င်းတို့မိသားဝင်သုံးဦးကို ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ အသက် (၁၈)နှစ် အရွယ်သမီးဖြစ်သူ မဥ---သည် သူမ၏ဘယ်ဖက်ဝမ်းဗိုက်တွင် လက်နက်ကြီးအစထိမှန်၍ ဒဏ်ရာရခဲ့ပြီး အသက်စိုးရိမ်ရ သည့်အခြေအနေတွင်ရှိနေသည်။ အသက်(၇)နှစ်အရွယ် သားဖြစ်သူမောင်ရ---သည် သူ၏ဦးခေါင်းအနောက်တွင် လက် နက်ကြီးအစထိမှန်ပြီး ဒဏ်ရာရခဲ့သည်။ အသက်(၅၄)နှစ်အရွယ် မိခင်ဖြစ်သူမန---လည်း သူမ၏ပေါင်တွင် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။

အခင်းဖြစ်ပွားပြီးနာရီပိုင်းအကြာတွင် KNU ဖွဲ့စည်းတည်ဆောက်ထားသော ကရင်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ သည် ဒဏ်ရာရရှိသည့်ထိုမိသားဝင်(၃)ဦးကို ကူညီပေးရန်ရောက်ရှိလာခဲ့သည်။ ဒဏ်ရာရရှိသည့်ထိုမိသားဝင်(၃)ဦးသည် အင်းဗလာကျေးရွာအုပ်စု၊ ထ---ကျေးရွာတွင်တည်ရှိသော KNU ဆေးပေးခန်းရှိ အရေးပေါ်လူနာအခန်းထဲတွင် ဆေးကု သမှုရရှိခဲ့သည်။ ထို့နောက် မန---၏ဒဏ်ရာသည်အလွန်ပြင်းထန်သည့်အတွက်ကြောင့် တိုင်းရင်းသားအဖွဲ့အစည်းနှင့် ဒေသခံတာဝန်ရှိသူများက သူမအား ထိုင်းနယ်စပ်ရှိ ဆေးရုံတစ်လုံးသို့ပို့ဆောင်၍ ဆေးကုမှုခံယူစေခဲ့သည်။ SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည့်ရွာသားများ၏မိသားစုသည် သာမန်အရပ်သား လက်လုပ်လက်စား သမားများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့မိသားစုသည် ငွေကြေးအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ မိသားစုဝင် (၃)ဦးမှာ ဤသို့ဒဏ်ရာရရှိခဲ့သည့်အတွက်ကြောင့် ၎င်းတို့မိသားစုသည် များစွာစိတ်ထိခိုက်မှုခံစားနေရပြီး အခက်အခဲ များနှင့်ကြုံတွေ့နေရသည်။ ယခုအချိန်တွင် မန---နှင့်သူမ၏သားဖြစ်သူ မောင်ရ---တို့သည် ထ---ကျေးရွာရှိ ဆေးပေး ခန်းတွင် (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း) ဆေးကုသမှုခံယူနေဆဲဖြစ်သည်။ 

(၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်) SAC စစ်သားများသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရည်ရွယ်ချက် ရှိရှိ မကြာခဏပစ်ခတ်လေ့ရှိသည်။ ဒေသခံရွာသားများ၏ပြောပြချက်အရ SAC စစ်သားများအနေဖြင့် စ---ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များသည် သွားလာလှုပ်ရှားမှုများရှိသည်ဟုယူဆ၍ ကျေးရွာဒေသအတွင်း လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ SAC မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် ခြင်းကြောင့် ရွာသားများသည် ထိတ်လန့်ကြောက်ရွံ့နေကြသည်။ စ---ကျေးရွာတွင် အိမ်ထောင်စု (၁၀၀)ဝန်းကျင်ရှိပြီး အိမ်ထောင်စုတစ်ဝက်ခန့်သည် နီးစပ်ရာကျေးရွာများနှင့် မြို့များသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ ပိန်းဇလုပ်မြို့ရှိ (ပဲခူးတိုင်းအတွင်း) တပ်စ ခန်းများတွင် အခြေစိုက်သော SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၆၃)သည် လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီး(၄)လုံးသည် ဆောထိမြို့နယ်၊ သဖီးလူကျေးရွာအုပ်စုရှိ မ--- ကျေးရွာအတွင်းသို့ ကျ ရောက်ပေါက်ကွဲခဲ့သည်။ ထို့နောက် ခလယ်လွီထူခရိုင်ရှိ အခြားတပ်စခန်းတွင် အခြေစိုက်သော ခမရ (၂၀)မှ SAC စစ်သားများသည်လည်း သဖီးလူကျေးရွာအုပ်စု၊ စ---ကျေးရွာအတွင်းသို့ လက်နက်ကြီး(၇)လုံးပစ်ခတ်ခဲ့ပြီး ကျရောက် ပေါက်ကွဲခဲ့သည်။

မ---ကျေးရွာတွင် လက်နက်ကြီး(၄)လုံး ကျရောက်ပေါက်ကွဲပြီး စောအ---နှင့်နော်ယ---တို့၏အိမ်နှင့် စောသ---နှင့် နော်ဖ --- တို့၏အိမ်ကို ထိမှန်ပျက်စီးခဲ့သည်။ (၂၀၂၃ ခုနှစ်) ဇူလှိုင်လမတိုင်မှီတွင် ယခင်က မ---ကျေးရွာအတွင်း လက်နက် ကြီးများ တစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း ထိမှန်ပျက်စီးသွားသည့်အိမ်၏ပိုင်ရှင်တစ်ဦးမှ ပြောပြ၍ သိရှိခဲ့ရသည်။ ကံကောင်း စွာဖြင့် မည်သည့်ရွာသားမှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပေ။ လက်နက်ကြီး (၄)လုံးအနက် (၂)လုံးသည် ဒ---ကျေးရွာ စာသင်ကျောင်းအရှေ့တွင်ရှိသော လမ်းမပေါ်သို့ကျရောက်ပေါက်ကွဲပြီး ကျောင်း၏ရေတိုင်ကီတစ်လုံးကို ထိမှန်ပျက်စီး ခဲ့သည်။ (တစ်ခြားလက်နက်ကြီးတစ်လုံးသည်) ရွာသားတစ်ဦးဖြစ်သူစောဃ---၏နေအိမ်ဘေးနားတွင်ရှိသော လယ်ယာ ထဲတွင် ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးအစသည် ၎င်း၏အိမ်နံရံကို ထိမှန်၍ပျက်စီးခဲ့သည်။

ဤဒေသအတွင်း (မ---နှင့်စ---ကျေးရွာများတွင်) SAC မှ လက်နက်ကြီးများ မကြာခဏပစ်ခတ်သောကြောင့် ရွာသား အများစုသည် ၎င်းတို့၏အိမ်ထဲတွင် မအိပ်ရဲကြတော့ပေ။ ၎င်းတို့သည် ဆွေမျိုးသားချင်းများရှိသည့် အခြားရွာများသို့ သွားအိပ်နေရသည်။ တစ်ချို့ရွာသားများလည်း လက်နက်ကြီးများမထိအောင် ၎င်းတို့၏လယ်ယာတဲများတွင် သွားအိပ် နေရသည်။ အရပ်သားပြည်သူများအနေဖြင့် ၎င်းတို့၏နေအိမ်များအား လက်နက်ကြီးများထိမှန်၍ ဒဏ်ရာရရှိသွားမည် ကို အလွန်တရာမှ စိုးရိမ်ကြောက်ရွံ့နေကြသည်။

Fri, 28 Jun 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုစုထားပါသည်။ ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစ ကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်