ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ မေလအတွင်း ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်တွင် ဖြစ်ပွားခဲ့သောလက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်များကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ မေလ ၇ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကဲအခြေအစိုက် (စကခ) အမှတ် (၁၂)လက်အောက်ခံတပ်ရင်းဖြစ်သော ခြေမြန် တပ်ရင်း (ခမရ) အမှတ် (၅၄၆) သည် ကရူတူးမြို့နယ်၊ ရွာကလေးကျေးရွာအုပ်စု၊ က---ကျေးရွာအတွင်းသို့ လက်နက် ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် (၅၀)နှစ်အရွယ်ရှိသော ရွာသားတစ်ဦးအား ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် ထွက်ပြေးတိမ်းရှောင်နေရသည့်ရွာသားများ၏နေအိမ်များတွင်ဝင်ရောက်၍ ငွေကြေး အချို့နှင့် ပစ္စည်းဥစ္စာများကို လုယူခိုးခဲ့သည်။ ၂၀၂၃ခုနှစ်၊ မေလ ၂၈ရက်နေ့တွင် SAC တပ်ဖွဲ့များသည် လက်နက်ကြီး များ တဖန်ပစ်ခတ်ပြီး အသက် (၁၅) နှစ်အရွယ်ရှိသော ယောင်္ကျားလေးတစ်ဦးကို ထိမှန်၍ဒဏ်ရာရခဲ့သည်။ SAC မှ ဤသို့လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ရွာသားများအနေဖြင့် လယ်ယာခြံထဲတွင် သွားလာလုပ်ကိုင်ရန် ကြောက်ရွံ့ နေကြသည်။ ရွာသားတော်တော်များများလည်း ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ရွာသားနှစ်ဦးအား ထိ မှန်၍ဒဏ်ရာရရှိခဲ့ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ မေလ ၇ရက်နေ့နှင့် ၂၈ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ရွာကလေးကျေးရွာအုပ်စု၊ က---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဘ---

အ----

အသက်

၅၀ နှစ်

၁၅ နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

-

အလုပ်အကိုင်

လယ်သမား

-

ကိုးကွယ်သည့် ဘာသာ

မိရိုးဖလာနတ်ကိုးကွယ်သူ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

-

-

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ရွာကလေး ကျေးရွာအုပ်စု၊ က---ကျေးရွာ

ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ရွာကလေးကျေးရွာအုပ်စု၊ က--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

စစ်ကွပ်ကဲအခြေအစိုက် (စကခ) အမှတ် (၁၂) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၆)

ကရူတူးမြို့နယ်၊ ကျွန်းကလေးရွာ

အုပ်ခန့်မင်း

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ကရူတူးမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းစုဆောင်းရေး အဖွဲ့အားဆက်သွယ်၍ လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အကြောင်းကို စုံစမ်းခဲ့သည်။ ထို့နောက် KHRG ကွင်းဆင်းလုပ် သားသည် ဤဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက်ကြီးထိမှန်သည့်ရွာသား ဘ---၏ဇနီးဖြစ်သူ နော်စ---နှင့် က---ကျေးရွာ ခေါင်းဆောင်ဖြစ်သူ ဒ---တို့အား အင်တာဗျူးခဲ့ပါသည်။ (KHRG ကွင်းဆင်းလုပ်သားသည် လက်နက်ကြီးထိမှန်သည့် ယောင်္ကျားလေး အ---၏မိခင်ဖြစ်သူ ဖ---ကိုလည်း အင်တာဗျူးခဲ့သည်။)

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ KHRG ကွင်းဆင်းလုပ်သားသည် ဒေသခံရွာသားများနှင့် မြို့နယ်သတင်းစုဆောင်းရေးအဖွဲ့ (KNU) တို့အား ဆက်သွယ်၍ စုံစမ်းမေးမြန်းခဲ့သည်။ (ထို့နောက် KHRG ကွင်းဆင်းလုပ်သားသည် ထိခိုက်နစ်သူများ၏ မိသားစုများနှင့် မျက်မြင်တွေ့ရှိသူများအား အင်တာဗျူး (၃)ခုပြုလုပ်ခဲ့သည်။ ထို့အပြင် KHRG ကွင်းဆင်းလုပ်သားသည် က--- ကျေးရွာသို့သွား၍ ဘ---အား သွားရောက်ကြည့်ရှုခဲ့သည်။)

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ မေလ ၇ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကဲအခြေ အစိုက် (စကခ) အမှတ် (၁၂)လက်အောက်ခံတပ်ရင်းဖြစ်သော တပ်ရင်းမှူးအုပ်ခန့်မင်းမှ ဦးဆောင်သည့် ခြေမြန်တပ် ရင်း (ခမရ) အမှတ် (၅၄၆) သည် (ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ)  ကရူတူးမြို့နယ်၊ ရွာကလေးကျေးရွာအုပ်စု၊ က---ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီး (၈၁ မမ)တစ်လုံးသည် ရွာသားတစ်ဦး၏နေအိမ်အနီးနားတွင် ကျရောက်ပေါက်ကွဲပြီး သူ့အား ထိမှန်၍ သူ၏ညာဖက်ဒူးခေါင်းနှင့်ခြေဖဝါးတွင် ဒဏ်ရာရရှိခဲ့သည်။ ထိုရွာသား၏နာမည်သည် ဘ---ဖြစ်၍ အသက် (၅၀)နှစ်ရှိပြီးဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် ကျေးရွာခေါင်းဆောင်များသည် ဘ---အား (မွန်ပြည်နယ်ရှိ) မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆရာဝန်သည် ဘ---၏ခြေထောက်ထဲတွင် စတီးချောင်းထည့်ပြီး ကုသပေးခဲ့သည်။ ဘ---သည် (ကောင်းစွာ လမ်းမလျှောက်နိုင်သေးသည့် အတွက်ကြောင့်) အိမ်တွင်သာ အနားယူနေရသည်။

 

ဘ---သည် ဒဏ်ရာရပြီး ရက်အနည်းငယ်အကြာတွင် SAC စစ်သားများသည် ဘ---၏မိသားစုကိုဆက်သွယ်၍ သူ၏ ဒဏ်ရာအခြေအနေကို မေးမြန်းစုံစမ်းခဲ့သည်။ ဘ---၏ဒဏ်ရာသည် မည်မျှပြင်းထန်ခဲ့ကြောင်း၊ ဆေးကုသမှုကုန်ကျ စရိတ်ဘယ်လောက်ကုန်ကျခဲ့ကြောင်းအစရှိသဖြင့် SAC မှ သူ၏မိသားစုကို မေးမြန်းခဲ့သည်။ SAC သည် ဘ---၏ ဒဏ်ရာအခြေအနေကို သတင်းမေးမြန်းခဲ့သော်လည်း ၎င်းအတွက် မည်သည့်ကူညီထောက်ပံ့မှုမှ မပေးခဲ့ပေ။ ဘ---၏ မိသားစုသည် ငွေကြေးအခက်အခဲများရှိနေခဲ့ပြီး ဘ---၏ဆေးကုသမှုကုန်ကျစရိတ်အတွက် ၎င်းတို့၏နွားတစ်ကောင်ကို ရောင်းရန်ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်ကာလမှာ ၎င်းတို့၏နွားကိုရောင်း ထွက်ရန် အခက်အခဲများရှိနေသည်။ ထို့ကြောင့် ဘ---၏မိသားစုသည် သူ၏ဆေးကုသမှုကုန်ကျစရိတ်အား ပေးဆောင် ရန်အတွက် အခြားရွာသားတစ်ဦးထံမှ ငွေကြေးအချို့ချေးယူခဲ့ရသည်။ ဤအခြေအနေနှင့်ပတ်သက်၍ (ဘ---၏ဇနီး ဖြစ်သူ) နော်စ---မှ ယခုလိုပြောပြခဲ့သည်။ “ကျွန်မတို့ရဲ့သားသမီးတွေက ကျွန်မတို့ကို ငွေအချို့ပေးခဲ့တယ်။ ဒါပေမဲ့ စားဝတ်နေရေးအတွက် အဲဒီငွေတွေကို ကျွန်မတို့ သုံးလို့ကုန်ပြီးလေ။ အဲဒါကြောင့် ဘ---ရဲ့ဆေးကုသစရိတ်ကိုပေးဖို့ အခြားလူတွေဆီမှာ ငွေချေးယူခဲ့ရတယ်။ ကျွန်မတို့ရဲ့နွားကိုရောင်းပြီးမှဘဲ အကြွေးတွေကိုပြန်ဆပ်မယ်။ လောလော ဆယ်တော့ နွားကိုရောင်းလို့မရသေးဘူး။” ဘ---သည် လယ်သမားတစ်ဦးဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် လယ်ယာလုပ်ပြီး ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း ဘ---သည် လက်နက်ကြီးအစအနများထိမှန်ပြီး ဒဏ်ရာရရှိပြီး နောက်တွင် ယခင်ကဲ့သို့ လမ်းလျှောက်၍မရနိုင်တော့ပါ။ ထို့ကြောင့် သူ၏မိသားစုကိုထောက်ပံ့ရန်အတွက် ယခင်ကဲ့သို့ လယ်ယာလုပ်ငန်းကိုဆက်လက်၍ မလုပ်ကိုင်နိုင်တော့ပါ။ (၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း လက်ခံရရှိသည့်သတင်းအရ) ဘ---၏မိသားစုသည် မည်သည့်လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းထံမှ (၎င်းတို့၏စားဝတ်နေရေးအတွက်) ကူညီ ထောက်ပံ့မှုများ လက်ခံရရှိခြင်းမရှိခဲ့ပေ။

 

လက်နက်ကြီးပစ်ခတ်မှုပြီးနောက် (၂၀၂၃ခုနှစ်၊ မေလ ၇ရက်နေ့တွင်) SAC စစ်သားများသည် က--- ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာသားများ၏အိမ်တံခါးကိုဖွင့်၍ အိမ်တွင်းရှိပစ္စည်းများကို ရှာဖွေ၍ခိုးယူခဲ့သည်။ ကျေးရွာခေါင်း ဆောင်တစ်ဦးဖြစ်သူ ဒ--- ၏ပြောပြချက်အရ SAC စစ်သားများသည် မည်သည့်ရွာသားကိုမှ ဖမ်းဆီးခြင်း သို့မဟုတ် ရိုက်နက်ခြင်းများ မပြုလုပ်ခဲ့ပေ။ သို့သော်လည်း ရွာသားများအနေဖြင့် ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့်အချိန်တွင် SAC စစ်သားများသည် ရွာသားများ၏ကြက်များကို ခိုးယူခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဒ---မှ ရှင်းပြခဲ့သည်မှာ “ရွာသားတွေက ထွက်ပြေးပြီးနောက်မှာ စစ်ကောင်စီစစ်သားတွေက အိမ်တွေထဲကိုဝင်လာပြီး ပိုက်ဆံအချို့ကို ယူသွား တယ်။ ရွာသားတွေကထွက်ပြေးတော့ သူတို့ပိုက်ဆံကိုမယူသွားနိုင်ဘူးလေ။ ကျွန်တော့်အိမ်ထဲမှာ သိမ်းထားတဲ့ပိုက်ဆံ (၁,၅၀၀,၀၀၀) ကျပ်ကို စစ်ကောင်စီကယူသွားခဲ့တယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးတွေပစ်တော့ ကျွန်တော် လည်း ပြေးရတယ်လေ။ အဲဒါကြောင့် အိမ်မှာ သိမ်းထားတဲ့ကျွန်တော့်ပိုက်ဆံတွေကို ပြန်ယူလို့မရဲဘူးလေ။ စစ်ကောင်စီ စစ်သားတွေက ကျွန်တော့်အိမ်တံခါးကို ဖျက်ပြီးအိမ်ထဲကိုဝင်လာတယ်။ ပြီးတော့ အိမ်ထဲမှာ မွှေနောက်ပြီး လိုက်ရှာကြ တယ်။ စစ်ကောင်စီစစ်သားတွေက သူတို့တွေ့တဲ့ပစ္စည်းတွေ ယူကြတယ်။ သူတို့က ဟိုအမျိုးသမီးရဲ့အိမ်ထဲကိုလည်း ဝင်ပြီး ဖုန်းတစ်လုံးနဲ့ပိုက်ဆံအိတ်ကို ခိုးယူခဲ့တယ်။ သူမရဲ့ပိုက်ဆံအိတ်ထဲမှာ ငွေဘယ်လောက်ရှိလဲ ကျွန်တော်လည်း မသိဘူး။”      

 

၂၀၂၃ခုနှစ်၊ မေလ ၂၈ရက်နေ့ ည (၈)နာရီခန့်တွင် SAC စကခ (၁၂)လက်အောက်ခံတပ်ရင်းဖြစ်သော ခမရ (၅၄၆)သည် က---ရွာအတွင်းသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် လူနေအိမ်တစ်လုံးပေါ်သို့ ကျ ရောက်ပေါက်ကွဲပြီး အသက် (၁၅)နှစ်အရွယ်ရှိသော ယောင်္ကျားလေးတစ်ဦးအား ထိမှန်၍ သူ၏ပါးတစ်ဖက်တွင် ဒဏ်ရာ ရရှိခဲ့သည်။ ထိုယောင်္ကျားလေးကို နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ၎င်း၏ဆေးကုသမှုစရိတ်သည် ငွေကျပ် (၅၆,၀၀၀) ကုန်ကျခဲ့သည်။ ထို့အပြင် ထိုယောင်္ကျားလေးအနေဖြင့် ဆေးခန်းသို့သွားပြီး သူ၏ဒဏ်ရာကို ပြန်လည်စစ် ဆေးရန် တစ်ခါသွားပြတိုင်း ငွေကျပ်တစ်သောင်းခန့် ပေးဆောင်ခဲ့ရသည်။ အဆိုပါယောင်္ကျားလေး၏မိသားစုဝင် များသည် ကျဘမ်းအလုပ်ကိုသာ လုပ်ကိုင်သည့်အတွက် နွေရာသီကာလတွင် အလုပ်တစ်ခုကိုရှာဖွေရန် ခက်ခဲလှသည်။ ထို့ကြောင့် သူ၏မိသားစုဝင်များအနေဖြင့် ငွေကြေးဆိုင်ရာအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ တစ်ချို့ရွာသားများ သည် ထိုယောင်္ကျားလေး၏မိသားစုကို ငွေကြေးအချို့ထောက်ပံ့၍ ကူညီပေးခဲ့သည်။ (၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း လက်ခံရရှိသည့်သတင်းအရ ထိုယောင်္ကျားလေး၏မိသားစုသည် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုထံမှ ကူညီထောက်ပံ့မှု ရရှိခဲ့သည်။)

 

(ဒေသခံရွာသားများ၏တင်ပြချက်များအရ) SAC စစ်သားများအနေဖြင့် (ဒေသအတွင်း လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များရှိနေသည်ဟု) သတင်းရရှိပါက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ လက်နက်ကြီးများ ပစ်ခတ်လေ့ရှိကြသည်။ ဤကဲ့သို့လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် တစ်ချို့သောရွာသားများသည် ၎င်းတို့လယ်ယာလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ရန် ကြောက်ရွံ့နေကြသည်။ တစ်ချို့သောရွာသားများသည်လည်း အခြားနေရာဒေသများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။ တစ်ချို့လည်း (နီးစပ်ရာကျေးရွာပတ်ဝန်းကျင်တွင်ရှိသော) ၎င်းတို့၏ဆွေမျိုးသားချင်းများ၏အိမ်သို့ သွား၍ ပုန်းရှောင်နေရသည်။  

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများကို လိုအပ်သလိုအသုံးပြု၍ ရေးသားဖြန့်ဝေရန်အတွက် ကျေးရွာခေါင်းဆောင်ဖြစ်သူ ဒ---၊ နော်စ--- (စောဘ---၏ဇနီး)နှင့် ဖ--- (အ---၏မိခင်)တို့မှ KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Thu, 20 Jun 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇွန်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်