ပဋိပက္ခတွေကြား လိင်အကြမ်းဖက်မှု ပပျောက်ရေး KHRG တိုက်တွန်း

Thu, 20 Jun 2024

   

 

ဇွန်လ (၁၉) ရက်နေ့မှာကျရောက်တဲ့ ပဋိပက္ခတွေကြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့မှာ မြန်မာနိုင်ငံက စစ်ပွဲတွေအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ကျူးလွန်သူတွေကိုအရေးယူဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက CRSV လို့ခေါ်တဲ့ ပဋိပက္ခနဲ့ဆက်စပ်နေတဲ့ လိင်အကြမ်းဖက်မှုတွေ တိုးပွားလာနေကြောင်းလည်း KHRG က ထောက်ပြပါတယ်။ ဖာပွန်ခရိုင်ထဲမှာ ၂၀၂၃ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ ၃၄၀ က တပ်ကြပ်ကြီးတဦးက အသက် (၇) နှစ် အရွယ် မိန်းကလေးငယ်တဦးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ဖြစ်စဥ်ကို ထုတ်ပြန်ချက်ထဲမှာ ဥပမာပေးထားပြီး စစ်တပ်စခန်းတွေ အနီး နေထိုင်နေရတဲ့ မိသားစုတွေ ရင်ဆိုင်နေရတဲ့ အကြောက်တရားနဲ့ မလုံခြုံမှုတွေကို ဖော်ပြထားပါတယ်။

အခြား အလားတူဖြစ်ရပ်တွေနဲ့အတူ အဲဒီအမှုမှာလည်း ကျူးလွန်သူကို အရေးယူနိုင်ခြင်းမရှိဖြစ်နေတာကို ထောက်ပြထားပြီး စစ်တပ်ခေါင်းဆောင်တွေကို တရားဥပဒေအရ အရေးယူနိုင်ရေးနဲ့ အကြမ်းဖက်ခံရသူတွေကို အကူအညီပေးရေး နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ သဝဏ်လွှာထဲမှာလည်း မနှစ်က ကမ္ဘာတဝန်းမှာ တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်ရပ်တွေ ဖြစ်ခဲ့ပေမဲ့ ကျူးလွန်သူတွေဟာ အပြစ်ပေးခံရမှုကနေ ကင်းလွတ်နေဆဲဖြစ်ပြီး ခံရသူတွေသာ သူတို့ ဘဝတလျှောက်လုံး နာလန်ပြန်ထူနိုင်ဖို့ ကြိုးစားနေရကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအကြီးအကဲရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ပွဲနဲ့ ပဋိပက္ခတွေထဲ လိင်အကြမ်းဖက်ခံရသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တာကိုလည်း အလေးပေးဖော်ပြခဲ့ပြီး သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ၊ မျိုးပွားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျယ်ပြန့်တဲ့ ကျန်းမာရေး သက်ရောက်မှုတွေကို မီးမောင်းထိုးပြထားပါတယ်။ ဆေးရုံတွေနဲ့ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ နေရာတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေအပါအဝင် ပဋိပက္ခအတွင်း ထိခိုက်ရသူအားလုံးအတွက် ဘေးကင်းရေးနဲ့ကုသရေးမှာ အရေးပါပြီး ဒါတွေဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေရဲ့ အခြေခံဖြစ်ကြောင်းလည်း ဂူတာရက်စ်က ပြောပါတယ်။ တဘက်မှာလည်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ အကြောက်တရား၊ အဖြစ်ဆိုး အရိပ်မည်းကြီးနဲ့ မလုံခြုံမှုတွေဒဏ် ခံရသလို သတင်းပို့တိုင်ကြားနိုင်ခွင့်မရှိတာ၊ ဆေးကုသနိုင်ဖို့ ကုန်ကျစရိတ်ကြီးမြင့်မှုနဲ့ ဆေးကုသခွင့်မရတာအပြင် လုပ်ငန်းခွင်နဲ့ အသက်မွေးဝမ်းကျောင်းမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ အပါအဝင် စိန်ခေါ်မှုအများအပြားနဲ့ ရင်ဆိုင်နေရကြောင်းလည်း ဖော်ပြထားပါတယ်။

Related Readings

There is no data.