KNU နယ်မြေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး ၆ ဦးဒဏ်ရာရ

Wed, 15 May 2024

   

 

ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ ၂ တောင်ငူခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က KNU တောင်ငူခရိုင် သံတောင်ကြီးမြို့နယ် ကလေ့လို အရှေ့ဖက်ခြမ်းဒေသရှိ ဘဲခလေးခိုကျေးရွာနဲ့ သေ့ခူဒဲကျေးရွာတွေထဲကို စစ်ကောင်စီလေတပ်ကနေ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စစ်ကောင်စီလေတပ်က ဘဲခလေးခိုကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ရာမှာ ကျေးရွာအတွင်းရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သေ့ခူဒဲကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူလူထိခိုက်မှုမရှိခဲ့ပေမယ့် ဘုရားကျောင်းနဲ့ အဆောက်အဦးတွေ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဘဲခလေးခိုကျေးရွာထဲကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီး ၅ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ကလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် KNU တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးတောင်ခြမ်းအုပ်စု ရွာလေးကုန်းကျေးရွာထဲကို မေ ၁၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီ ခလရ ၇၃ တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေ သခံရွာသားတွေမှာ ကြောက်ရွံ့မှုနဲ့ မလုံခြုံမှုတွေ ပိုမိုပြင်းထန်လာစေပြီး ရွာသားတွေမှာလည်း ဘေးကင်းရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိတဲ့အတွက် ပြည်သူလူထုတွေမှာ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ မလုံ ခြုံမှုတွေကို ခံစားနေရပြီး ပြည်သူလူထုအများအပြားဟာ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Related Readings

There is no data.