ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လအတွင်း ဒူးသထူ (သထုံ)ခရိုင်၊ ဘားအံမြို့နယ်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၁၇ရက်နေ့တွင် နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအမှတ် (၁၀၁၄)လက်အောက်ခံ တပ်ခွဲအမှတ် (၂)မှ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးရွာ အုပ်စု၊ ဘ---၊ စ---နှင့် တ---ကျေးရွာတို့တွင်နေထိုင်သည့်ရွာသားများဆီမှ သစ်လုံးတိုင်များကို အတင်းအဓမ္မ ကောက် ခံခဲ့သည်။ ထို့နောက် ၎င်းကျေးရွာသုံးရွာမှ ရွာသားများသည် သစ်လုံးတိုင်များကို ခုတ်ဖြတ်ရပြီး ဘားအံမြို့နယ်၊ ဘူးပရာကျေးရွာအုပ်စုရှိ BGF တပ်စခန်းဖြစ်သည့် ခလယ်ဃဲ (ညောင်ကုန်း)တပ်စခန်းသို့ ပို့ဆောင်ခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သစ်လုံးတိုင်များကို ညောင်ကုန်းတပ်စခန်းသို့ ပို့ဆောင်ရန်အတွက် BGF စစ်သားများမှ ထိုရွာ သားများအား အဓမ္မစေခိုင်းခဲ့သည်မှာ အနည်းဆုံး လေးကြိမ်ရှိခဲ့ပြီးဖြစ်သည်။ ယခင်က BGF စစ်သားများမှ သစ်လုံးတိုင် များကို ကောက်ခံခဲ့သည်မှာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၂၂ခုနှစ်၊ မတ်လ ၃ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၁၇ရက်နေ့တွင် တစ်ကြိမ် ရှိခဲ့ပြီးဖြစ်သည်။[1]

 

 

BGF မှ သစ်လုံးတိုင်များ အဓမ္မကောက်ခံခြင်း

၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၁၇ရက်နေ့တွင် နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအမှတ် (၁၀၁၄)လက်အောက်ခံ တပ်ခွဲအမှတ် (၂)မှ ဒူးသထူ(သထုံ)ခရိုင်၊ ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးရွာအုပ်စု၊ ဘ---၊ စ---နှင့် တ---ကျေးရွာတို့တွင် နေထိုင် သည့်ရွာသားများဆီမှ သစ်လုံးတိုင်များကို အတင်းအဓမ္မကောက်ခံခဲ့သည်။ ထို့နောက် ၎င်းကျေးရွာသုံးရွာမှ ရွာသားများ သည် သစ်လုံးတိုင်များကို ခုတ်ဖြတ်ရပြီး ဘားအံမြို့နယ်၊ ဘူးပရာကျေးရွာအုပ်စုရှိ BGF တပ်စခန်းဖြစ်သည့် ခလယ်ဃဲ (ညောင်ကုန်း)တပ်စခန်းသို့ သယ်ယူပို့ဆောင်ခဲ့ရသည်။ သစ်လုံးများကို ခုတ်ဖြတ်ရန်အတွက် ထိုရွာသုံးရွာမှ ရွာသားများ အား အဓမ္မစေခိုင်းသူမှာ BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် စောဖားကနူဖြစ်သည်။ ၎င်း၏ရာထူးကို မသိရှိရပေ။ စောဖားကနူ၏ဇာတိသည် တော်သလေးခိုရွာဖြစ်ပြီး ညောင်ကုန်းတပ်စခန်းတွင် တာဝန်ထမ်းဆောင်ရပါသည်။ ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လ ၇ရက်နေ့ နေ့လည် (၁)နာရီခန့် တွင် စောဖားကနူသည် ဘ---၊ စ---နှင့်တ---ကျေးရွာသုံးရွာ၏ တစ်လသူကြီးဆီသို့ ဖုန်းဖြင့်ဆယ်သွယ်၍ ၎င်းရွာသားများအနေဖြင့် လုံးပတ်နှစ်ထွာနှင့်အထက် အရှည်ခြောက်တောင် ခန့်ရှိသော သစ်လုံးတိုင်များကို ဖြတ်ယူရမည်ဖြစ်ပြီး ထိုသစ်လုံးများကို BGF တပ်စခန်းသို့ လာပို့ပေးရန် စေခိုင်းခဲ့ သည်။

၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၁၈ရက်နေ့တွင် ထိုကျေးရွာသုံးရွာရှိ ရွာသားများသည် ကားကိုငှားယူပြီး ၎င်းတို့ခုတ်ဖြတ် ထားသောသစ်လုံးတိုင်များကို  BGF ညောင်ကုန်းတပ်စခန်းသို့ပို့ဆောင်ပေးခဲ့သည်။ ဘ---ကျေးရွာတွင် အိမ်ခြေပေါင်း (၁၁၃)လုံးနှင့် လူဦးရေ (၇၀၁)ဦးရှိသည်။ စ---ကျေးရွာတွင် အိမ်ခြေပေါင်း (၄၇)လုံးနှင့် လူဦးရေ (၃၃၆) ဦးရှိသည်။ တ---ကျေးရွာတွင် အိမ်ခြေပေါင်း (၇၂)လုံးနှင့် လူဦးရေ (၅၂၇)ဦးရှိသည်။ ၎င်းကျေးရွာသုံးရွာရှိ စုစုပေါင်းအိမ်ခြေများသည် (၂၃၂)အိမ်ရှိပြီး တစ်အိမ်လျှင် သစ်လုံးတစ်တိုင်စီ ညောင်ကုန်းတပ်စခန်းသို့ လာပို့ပေးခဲ့ရသည်။

BGF တပ်ရင်းအမှတ် (၁၀၁၄) ၏တပ်ရင်းမှူးသည် ဗိုလ်မောင်ချစ်ဦးဖြစ်သည်။ သို့သော်လည်း ၎င်းသည် ညောင်ကုန်း တပ်စခန်းတွင် အခြေစိုက်နေထိုင်ခြင်းမရှိပေ။ BGF တပ်ရင်းအမှတ် (၁၀၁၄) လက်အောက်ခံ တပ်ခွဲအမှတ် (၂) တပ်ခွဲ မှူးအဖြစ် တာဝန်ယူရသော စောတင်ဝင်းသည် ညောင်ကုန်းတပ်စခန်းကိုလည်း စီမံခန့်ခွဲသူဖြစ်သည်။ တပ်ခွဲမှူး စောတင်ဝင်း၏တာဝန်ပေးခြင်းခံရသော စောဖားကနူအပါအဝင် စောမိုးဟိန်းတို့နှစ်ဦးသည် ညောင်ကုန်းတပ်စခန်းတွင် အခြေစိုက်သည်။ စောမိုးဟိန်းသည် BGF အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်း၏ရာထူးကို မသိရှိရပေ။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စောဖားကနူနှင့်စောမိုးဟိန်းတို့သည် ညောင်ကုန်းတပ်စခန်းအနီးတစ်ဝိုက်တွင် နေထိုင် ကြသော ရွာသားများဆီမှ သစ်လုံးတိုင်များ ကောက်ခံခဲ့သည်မှာ အနည်းဆုံး လေးကြိမ်ရှိခဲ့ပြီးဖြစ်သည်။ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် ကျုံခနကျေးရွာအုပ်စု၊ ဝ---နှင့်က---ကျေးရွာတို့ရှိ ရွာသားများသည် သစ်လုံးတိုင်များကို ကားနှစ်စီးဖြင့်တင်ဆောင်၍ ညောင်ကုန်းတပ်စခန်းသို့ ပို့ဆောင်ခဲ့ရသည်။ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ဟ---ကျေးရွာမှ (အိမ်ခြေစုစုပေါင်း မသိရှိရ) တစ်အိမ်လျှင် လုံးပတ်နှစ်ထွာ၊ အရှည် (၅)တောင် သို့မဟုတ် (၆)တောင် ခန့်ရှိသော သစ်လုံးတိုင် (၃)တိုင်စီ ညောင်ကုန်းတပ်စခန်းသို့ပို့ဆောင်ခဲ့ရသည်။ ၂၀၂၂ခုနှစ်၊ မတ်လ ၃ရက်နေ့တွင် ဟ---နှင့်ဝ---ကျေးရွာတို့မှ ရွာသားများသည် လုံးပတ်သုံးထွာ၊ အရှည်ငါးတောင် သို့မဟုတ် ခြောက်တောင်ခန့်ရှိသော သစ်လုံးတိုင်များကို ညောင်ကုန်းတပ်စခန်းသို့ ပို့ဆောင်ခဲ့ရသည်။ ညောင်ကုန်းတပ်စခန်းတွင် အခြေစိုက်သည့် BGF စစ်သားများသည် လုပ်အားခနှင့် တန်ရာတန်ကြေးပေးဆောင်ခြင်းမရှိဘဲ ၎င်းတို့အတွက်အလုပ်လုပ်ပေးရန် ရွာသား များအား အဓမ္မခိုင်းစေခဲ့သည်။

Mon, 01 May 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်