အမျိုးသမီးတွေအပေါ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ KHRG ထုတ်ပြန်

Sat, 26 Nov 2022

   

စစ်ကောင်စီတပ်ဟာ အမျိုးသမီးတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေ ရှိစေခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကနိုဝင်ဘာလ(၂၅)ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ သဘော ထား ထုတ်ပြန်လိုက်ပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ကတော့ အမျိုးသမီးတွေအပေါ် စစ်ကောင်စီတပ်က ကျုးလွန်နေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ အရေးတကြီးလိုအပ်နေပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အမျိုးသမီးတွေဟာ အမျိုးမျိုးသော ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက တရားလက်လွှတ်သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ကျေးရွာတွေမီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူလုယက်တာ၊ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေသာမက အခြေခံဝန်ဆောင်မှုနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လက်လှမ်းမမှီနိုင်အောင် ပိတ်ဆို့တာတွေ ကျူးလွန်ခဲ့တယ်လို့ KHRG က ဆိုပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ပြည်တွင်းနေရပ် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူဦးရေ (၃၀၀,၀၀၀) အထက်ရှိလာခဲ့ပြီး အမျိုးသမီးအများစုဟာ ကလေးငယ်တွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရကာ ကလေးတွေကို ပြင်ပအကူအညီရယူပြီး ကာကွယ်စောင့်ရှောက်နေရတယ်လို့ KHRG က ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ ထွက်ပြေးတိမ်းရှောင်နေရချိန်မှာ ဆိုးရွားတဲ့အခြေအနေတွေမှာ နေထိုင်ရပြီး သောက်သုံးရေ၊ မိခင်နဲ့ ကလေးကျန်းမာရေးအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ လက်လှမ်းမီနိုင်စွမ်း မရှိကြသေးဘဲ ကျေးရွာတွေထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အခြားတိုက်ခိုက်မှုတွေကို ရင်ဆိုင်ကြရကာ အစားအစာနဲ့ ဆေးဝါးရရှိဖို့ ပိတ်ပင်တားဆီးခြင်း ခံကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပြောဆိုထားတဲ့အရာတွေကို လက်တွေ့ကျကျလုပ်ဆောင်ဖို့၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့၊ စစ်ကောင်စီက ချိုးဖောက်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် အခြားသောအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် ကိုင်တွယ်ဖြေရှင်းမှုစနစ်တစ်ခု တည်ဆောက်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တိုက် တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Related Readings

There is no data.