ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့မှ ၂၅ရက်နေ့အထိ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်အကြောင်းအရာများကို ဖော်ပြထားပါသည်။ ဤသတင်းတို တွင် လေးကေတပ်စခန်းနှင့် ယိုကလားတပ်စခန်းကြားရှိဒေသအတွင်း လှုပ်ရှားနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအမှတ် (၁၀၁၃) လက်အောက်ခံတပ်ဖွဲ့များတို့မှ ကျူး လွန်ခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ၎င်းတို့၏စစ်လှုပ်ရှားမှုများအကြောင်း ပါဝင်သည်။ SAC နှင့် BGF တပ်ဖွဲ့တို့မှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ခိုးယူလုယက်ခြင်း၊ အရပ်သားပြည်သူများအား အတင်းအဓမ္မပေါ်တာခိုင်းစေခြင်း၊ လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုခြင်းနှင့် အခြားသော ခြိမ်းခြောက်မှုများ ပြုလုပ် ခြင်းစသည့်အရာများ ပါဝင်ပါသည်။ SAC နှင့် BGF တို့မှ ဘီးလင်းမြို့နယ်ရှိ ၎င်းတို့တပ်စခန်းများကြားတွင် စားနပ် ရိက္ခာများ ပို့ဆောင်၍ တပ်ချိန်းအပြောင်းအလဲများ ပြုလုပ်နေစဉ်အတွင်း ထိုကဲ့သို့လူအခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ [1]
SAC နှင့် BGF တို့၏လှုပ်ရှားမှုများ
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့နှင့် ၂၀ရက်နေ့အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့မှ စစ်သားများ (၂၄)ဦးခန့်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့မှ စစ်သားများ (၂၂)ဦးခန့်တို့သည် လေးကေတပ်စခန်းမှ ယိုကလားတပ်စခန်းသို့ ခရီးသွားလာခဲ့သည်။ ထိုသို့ခရီးသွားလာရာတွင် ၎င်းတို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ခွင့်ပြုချက်မရဘဲ KNU ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာခဲ့သည်။ တပ်ရင်းမှူးဗိုလ်လှကြိုင် ဦး ဆောင်သော BGF တပ်ရင်းအမှတ် (၁၀၁၃) လက်အောက်ခံတပ်ဖွဲ့များသည် လေးကေတပ်စခန်းနှင့် ယိုကလား တပ်စခန်းကြားရှိ ဒေသအတွင်း လှုပ်ရှားနေလျှက်ရှိသည်။ SAC တပ်ဖွဲ့များသည် မည်သည့်တပ်ရင်းအမှတ်မှ လာ သည်ကို ဒေသခံရွာသားများက မသိကြပါ။ SAC နှင့် BGF တပ်ဖွဲ့များသည် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ရန်နှင့် ယိုကလား တပ်စခန်းတွင်ရှိသော BGF တပ်ရင်းအမှတ် (၁၀၁၃)မှ တပ်ဖွဲ့များနှင့် လဲလည်လှုပ်ရှားရန် ယိုကလား တပ်စခန်းသို့ သွားခဲ့သည်။ ယိုကလားတပ်စခန်း၏စခန်းမှူးသည် ဗိုလ်ဝစိုးဖြစ်သည်။ ယိုကလားတပ်စခန်းတွင် BGF စစ်သားများ အများစုရှိကြပြီး SAC တပ်သား (နှစ်ဦး သို့မဟုတ် သုံးဦး) အနည်းငယ်သာရှိသည်။ လေးကေတပ်စခန်းမှ ယိုကလားတပ်စခန်းသို့ ခရီးသွားလာရာတွင် SAC နှင့် BGF တပ်ဖွဲ့တို့သည် ကျိုက်ကော်ကဲ့သို့သော မြို့များနှင့် ရွာအများအပြားကို ဖြတ်သန်း၍ သွားလာခဲ့ရသည်။ ထိုရွာများမှာ အ---၊ ဝ---၊ ဟ---နှင့် လ---ရွာများဖြစ်သည်။ SAC နှင့် BGF တပ်ဖွဲ့တို့သည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့ တွင် လေးကေတပ်စခန်းမှ ထွက်ခွာလာခဲ့သည်။
ဒေသခံရွာသားများတင်ပြချက်များအရ ယိုကလားတပ်စခန်းတွင် အခြေစိုက်သော BGF စစ်သားများသည် (၄၅) ရက် တစ်ကြိမ် ပုံမှန်တပ်ချိန်းအပြောင်းအလဲများ ပြုလုပ်လျှက်ရှိသည်။ ထိုသို့တပ်ချိန်းရာတွင် SAC စစ်သားများမှ BGF တပ်ဖွဲ့နှင့်အတူ သွားလာလေ့ရှိသည်။ ၂၀၂၁ခုနှစ်၊ သြဂုတ်လမတိုင်ခင်တွင် SAC နှင့် BGF တပ်ဖွဲ့များသည် ကတိုင်တိ မြို့နှင့် ဘောကျို့လယ်ကျေးရွာမှ ယိုကလားတပ်စခန်းသို့ ဆက်သွယ်သည့် ကားလမ်းမတစ်လျှောက်တွင် ခရီးသွား လာခဲ့သည်။ သို့သော်လည်း သြဂုတ်လမှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) သည် ၎င်းတို့ နယ်မြေတွင် လှုပ်ရှားနေသည့် SAC နှင့် BGF တပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်၍ ထိုကားလမ်းမကို ပိတ်ပင်ခဲ့သည်။ (အဆိုပါကားလမ်းမကို အသုံးမပြုရန် KNLA မှ BGF နှင့် SAC တို့ကို အကြောင်းကြားခဲ့ပြီးဖြစ်သည်။ သို့သော်လည်း BGF နှင့် SAC တို့မှ လိုက်နာခဲ့ခြင်းမရှိပေ။) ထို့ကြောင့် ၂၀၂၁ခုနှစ်၊ သြဂုတ်လမှစ၍ BGF နှင့် SAC တို့သည် လေးကေ တပ်စခန်းမှ ယိုကလားတပ်စခန်းသို့သွားလာရာတွင် ဒေသခံလမ်းကြောင်းကို စတင်အသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ BGF နှင့် SAC တို့သည် တပ်ချိန်းအပြောင်းအလဲများ ပြုလုပ်သည့်အချိန်တိုင်းတွင် ဒေသခံရွာသားများအား ပေါ်တာနှင့် လမ်းပြအဖြစ် အတင်းအဓမ္မခိုင်းစေခြင်း၊ လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုခြင်းများ စသည့်လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကျူးလွန်ခဲ့သည်။
ပေါ်တာအဖြစ် အဓမ္မခိုင်းစေခြင်း၊ လူသားဒိုင်းသဖွယ် အသုံးပြုခြင်းနှင့် ဒေသခံများ၏မလုံခြုံမှုများ
(က) လေးကေတပ်စခန်းမှ ယိုကလားတပ်စခန်းသို့
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့တွင် SAC နှင့် BGF တို့သည် စစ်ကားဖြင့် လေးကေမှ ကျိုက်ကော်နှင့် ပရာ ယောသို့ ခရီးသွားလာခဲ့သည်။ SAC နှင့် BGF တို့သည် အ---ရွာတွင်ရောက်ရှိခဲ့ပြီး ရက်အနည်းငယ် နေထိုင်ခဲ့သည်။ ထို့နောက် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့တွင် ဝ---ရွာသို့ ခရီးဆက်နှင်ခဲ့သည်။ ထိုအချိန်အတောအတွင်း SAC နှင့် BGF တို့သည် ၎င်း၏စားနပ်ရိက္ခာများကို ဝ---ရွာသို့ ပို့ဆောင်ပေးရန်အတွက် အ---ရွာမှ ရွာသားများကို အဓမ္မ ခိုင်းစေခဲ့သည်။ ထိုသို့စားနပ်ရိက္ခာပို့ဆောင်ရာတွင် ရွာသားများ၏ထော်လာဂျီ (၅)စီးဖြင့် သယ်ယူပို့ဆောင်ရမည် ဖြစ်ပြီး ရွာသားများကိုလည်း အခကြေးငွေပေးဆောင်ခြင်းမရှိခဲ့ပေ။
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့၌ SAC နှင့် BGF တို့သည် ဝ---ရွာသို့ရောက်ရှိသည့်အချိန်တွင် ၎င်းတို့မှ စားနပ် ရိက္ခာများကို လှေဖြင့်သယ်ယူပို့ဆောင်ပေးရန် ဝ---ကျေးရွာအုပ်စု၏ KNU ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို စေခိုင်းခဲ့ သည်။ ထိုသို့လုပ်ဆောင်ရန်အတွက် KNU ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် လုံခြုံမှုမရှိဟု ခံစားရသည်။ အကြောင်းရင်းမှာ ဒေသခံ KNLA စစ်သားများမှ (KNU ထိန်းချုပ်နယ်မြေတွင် ဖြတ်ကျော်လာသော) SAC နှင့် BGF တို့ကို ပစ်ခတ်တိုက်ခိုက်ရန် အလားအလာရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် အခြားနေရာသို့ထွက်ပြေးတိမ်းရှောင်ရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် SAC နှင့် BGF တို့သည် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး၏ဇနီးကို ဖမ်းဆီး၍ ကျေးရွာသို့ပြန်လာပြီး စားနပ်ရိက္ခာများကို ပို့ဆောင်ပေးရန် ၎င်းအား အကြပ်ကိုင်ခဲ့သည်။ သို့သော်လည်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် ရွာသို့ မပြန်လာခဲ့ပေ။
SAC နှင့် BGF တို့မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ဇနီးအပေါ် ထိခိုက်နာကျင်စေခြင်းများ မပြုလုပ်သော်လည်း ၎င်း၏ဇနီးကို စားနပ်ရိက္ခာများ ပို့ဆောင်ပေးရန် ဖိအားပေးခဲ့သည်။ အကျိုးဆက်အနေဖြင့် SAC နှင့် BGF တို့မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ဇနီးကို လွှတ်ပေးရန်အတွက် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့တွင် ဝ---ကျေးရွာသားများ (၁၀၇)ဦးသည် စားနပ်ရိက္ခာများကို ဟ---ရွာသို့ သယ်ယူပို့ဆောင်ပေးခဲ့သည်။ လ---ရွာအနီးတွင် နေထိုင်သော ရွာသားတစ်ဦးဖြစ်သူ စောဃ---၏ပြောပြချက်အရ ရွာသားများသည် SAC နှင့် BGF တို့၏ စားနပ် ရိက္ခာများကို ခြေလျင်ဖြင့်သာ သယ်ယူပို့ဆောင်ပေးခဲ့သည်။ အကြောင်းမှာ လှေဖြင့်ပို့ဆောင်မည်ဆိုလျှင် အန္တရာယ်ရှိ သောကြောင့်ဖြစ်သည်။ “စားနပ်ရိက္ခာတွေကို လှေနဲ့ပို့မယ်ဆိုရင် သူတို့ရန်သူ (KNLA) တွေက လှေတွေကို ပစ်ခတ် လိမ့်မယ်။ ဒါဆိုရင် လှေတွေလည်း (လှေသမားနဲ့အတူ) မြှုပ်သွားလိမ့်မယ်။ ဒါကြောင့်မို့ ကျေးရွာအုပ်စုမှူးရဲ့မိန်းမက ရွာသားတွေကို ခြေကျင်နဲ့ပဲ စားနပ်ရိက္ခာတွေ ပို့ခိုင်းတယ်။”
ဒေသခံရွာသားများ၏ပြောပြချက်အရ လက်နက်ခဲယမ်းအချို့အပါအဝင် ဆန်အိတ် (၁၀၅) အိတ်နှင့် အခြားသော စားစရာများဖြစ်ကြသည့်ငါးသေတ္တာ၊ နို့ဆီဘူးတို့ကို သယ်ယူပို့ဆောင်ခဲ့ရသည်။ သယ်ဆောင်ရသည့်စားနပ်ရိက္ခာနှင့် အထုပ်အပိုးများပြားခြင်းကြောင့် ရွာသားများ (၁၀၇)ဦးသည် စားစရာများကိုသာ သယ်ယူခဲ့ရသည်။ ဝ---ရွာ မှ ဟ---ရွာသို့ ခြေလျင်ဖြင့် အသွားအပြန်နှစ်ခေါက် သယ်ယူပို့ဆောင်ခဲ့ရသည်။ ဘီးလင်းမြို့နယ်၊ ထီးဖါဒို့ထကျေးရွာအုပ်စု၊ ဟ---ရွာမှ ရွာသားတစ်ဦးမှ ယခုလို ပြောကြားခဲ့သည်။ “ဆန်အိတ်တွေက အရမ်းလေးတဲ့အတွက်ကြောင့် ရွာသားသုံး ယောက်က တစ်အိတ်သယ်ရတယ်။ တစ်ချို့ရွာသားတွေက နှစ်ယောက်တစ်အိတ်သယ်တယ်။ အမျိုးသားတွေက နှစ် ယောက်တစ်အိတ်သယ်တယ်။ အမျိုးသမီးတွေကတော့ သုံးယောက်တစ်အိတ်သယ်တယ်။”
SAC နှင့် BGF တို့သည် ဝ---ကျေးရွာတွင် ရောက်ရှိသည့်အခါတွင် ရွာသားများ၏ဘဲများကို ခိုးယူစားခဲ့သည်။ SAC နှင့် BGF တို့မှ ရွာသားများ၏ဘဲဘယ်နှစ်ကောင်ခိုးယူခဲ့သည်ကို ရွာသားများက မသိရှိကြပါ။
(ရွာသားများနှင့်အတူ) SAC နှင့် BGF တို့သည် ဟ---ရွာသို့ မရောက်ခင်တွင် ဒေသခံ KNLA စစ်သားများမှ SAC နှင့် BGF အား နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပထမအကြိမ်တွင် ကရာကိုးနေရာတွင် ဖြစ်ပွားခဲ့ပြီး ဒုတိယ အကြိမ်တွင် ဟ---ရွာအပြင်ဖက်ရှိ တောထဲတွင် ဖြစ်ပွားခဲ့သည်။ သို့ရာတွင် KNLA စစ်သားများသည် ထိုတိုက်ခိုက်မှု နှစ်ကြိမ်စလုံးတွင် သေနတ်တစ်ချက် သို့မဟုတ် နှစ်ချက်သာ ပစ်ခတ်ခဲ့သည်။ ထို့ကြောင့်လည်း မည်သူမှ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ SAC နှင့် BGF စစ်သားများကြားတွင် လိုက်ပါလာသည့် ရွာသားများအားလုံးလည်း ဘေးကင်း လုံခြုံခဲ့သည်။ KNLA သည် KNU နယ်မြေအတွင်းတွင် လှုပ်ရှားနေသည့် SAC နှင့် BGF လုပ်ရပ်များကို တင်းကျပ်စွာ တားမြစ်ထားပြီး KNU ၏တောင်းဆိုမှုများကို လိုက်နာခြင်းမရှိပါက SAC နှင့် BGF တို့ကို တိုက်ခိုက်ရန် အသင့်ရှိ သည်။ ဤပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သတ်၍ ရွာသားတစ်ဦး၏ရှင်းပြချက်အရ KNLA သည် SAC နှင့် BGF တို့အပေါ် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ပေ။ အကြောင်းမှာ SAC နှင့် BGF တို့ကြားတွင် လိုက်ပါလာသည့် ရွာသားများရှိနေခြင်းကြောင့်ဖြစ်သည်။
SAC နှင့် BGF တို့သည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့တွင် ဟ---ရွာသို့ရောက်ရှိခဲ့ပြီး ဟ---ရွာဘုန်းကြီး ကျောင်းတွင် နှစ်ညအိပ်ခဲ့သည်။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းတွင် SAC နှင့် BGF စစ်သားများ သည် နော်ပ---၏ဆိုင်တွင် ဈေးလာဝယ်သည့်အချိန်တွင် KNLA စစ်သားများမှ ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုပစ်ခတ်မှုသည် နော်ပ---၏ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့သည်။ SAC နှင့် BGF စစ်သားများသည် ဆိုင်အနီးတစ်ဝိုက်တွင် သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုတွင် ၎င်းတို့အထဲမှ စစ်သားတစ်ဦး သေဆုံးခဲ့သည်။ (BGF စစ်သား လား၊ SAC စစ်သားလား သေချာစွာ မသိရှိရပါ။) သို့သော်လည်း မည်သည့်ရွာသားမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ပေ။ ထိုပစ်ခတ်မှုအား ပြန်လည်တုန့်ပြန်သည့်အနေဖြင့် SAC နှင့် BGF စစ်သားများသည် ဒေါသတကြီးဖြင့် ရွာထဲသို့ ဝင်ရောက်လာပြီး (KNLA စစ်သားများကို) ရှာဖွေ၍ နော်ပ---၏ဆိုင်ကို ပစ်ခတ်ခဲ့ပြီးနောက် ဆိုင်ကို မီးရှို့ရန် ကြိုးစား ခဲ့သည်။ ဟ---ရွာသားတစ်ဦးဖြစ်သူ နော်စ---၏တင်ပြချက်အရ အမျိုးသမီးကျေးရွာသူကြီးဟောင်းတစ်ဦးသည် ကြောက်ရွံ့မှုမရှိဘဲ SAC နှင့် BGF စစ်သားများကို အော်ဂေါက်ခဲ့သည်။ “ဆိုင်ကို မင်းတို့ရှို့လို့မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ဆိုင်ပိုင်ရှင်ရဲ့အမှားမဟုတ်ဘူး။ ဒါက (အပစ်ခံရတဲ့) မင်းတို့စစ်သားတွေရဲ့အမှားဘဲ။ ဘာကြောင့်ဆို တော့ သူတို့က (ဆိုင်ထဲကိုဝင်လာတဲ့) အချိန်မှာ သေနတ်မယူလာဘူးလေ။ ပြီးတော့ မင်းတို့က (လိမ်လိမ်မာမာ မနေတဲ့) သူတို့ကို ထိန်းချုပ်လို့လည်း မရဘူး။ ငါတို့ရွာကို မီးရှို့ရင် မှားမယ်နော်။ ဘာဖြစ်လို့လဲဆို သူတို့ (KNLA) ဘဲ မင်းတို့စစ်သားတွေကို ပစ်ခဲ့တာ။” နော်စ---မှ ဆက်လက်၍ ဤသို့ပြောခဲ့သည်။ “အကယ်၍ သူမ (ကျေးရွာသူကြီး)က သူ့ကို မအော်ဂေါက်ခဲ့ဘူးဆိုရင် သူတို့ (SAC နှင့် BGF) က ဆိုင်ကို တကယ်မီးရှို့မှာ။ သူတို့က ဆိုင်ကို မီးရှို့မယ်ဆိုရင် တစ်ရွာလုံးကိုလည်း မီးရှို့မှာ။” SAC နှင့် BGF စစ်သားများသည် (ဆိုင်ကို မီးမရှို့ခဲ့သော်လည်း) ဆိုင်တွင်ရှိသော ဖုန်း နှင့် ပိုက်ဆံအပါအဝင် စားစရာများနှင့် ပစ္စည်းများကို သိမ်းယူခဲ့သည်။ ၎င်းတို့မှ ငွေမည်မျှယူခဲ့ကြောင်း ရွာသားများက မသိရှိရပါ။
ကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးနှင့် အမျိုးသားများဖြစ်သည့် ရွာသားအများစုသည် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အမျိုးသားများသည် SAC နှင့် BGF စစ်သားများ ကျူးလွန်သည့်ချိုးဖောက်မှုများကို ရင်ဆိုင်ကြုံတွေ့နိုင်ချေပိုများသည်။ ထို့ကြောင့် ကျေးရွာတွင် ကျန်ရစ်ခဲ့သည့်ရွာ သားအများစုသည် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြသည်။ ဟ---ရွာတွင် နေထိုင်သည့်ရွာ သားတစ်ဦးဖြစ်သူ နော်စ---မှ အမျိုးသားများ ဘာကြောင့်ထွက်ပြေးတိမ်းရှောင်ရသည်ကို ယခုလို ရှင်းပြခဲ့သည်။ “ပုံမှန်အားဖြင့်တော့ အမျိုးသားတွေက (SAC နှင့် BGF တို့ရဲ့) သတ်ဖြတ်တာကို ပိုပြီးခံရတယ်။ (အရင်တုန်းကဆိုရင်) သူတို့က ယောင်္ကျားဖြစ်နေတဲ့ရွာသားတွေကို သေနတ်နဲ့ချိန်ပြီး ဒီလိုပြောတယ်။ ‘ငါတို့အတွက် (KNLA စစ်သား တွေကို) သွားရှာပေးရမယ်။ မင်းတို့က ဒီမှာနေပြီးတော့ (KNLA စစ်သားတွေ) ဘယ်မှာနေလဲဆိုတာ ဘာဖြစ်လို့ မသိတာလဲ။’ တကယ်လို့ ရွာသားတွေက သူတို့ကို သတင်းမပေးနိုင်လို့ဆိုရင် သူတို့က ရွာသားတွေကို သေနတ်နဲ့ ပစ်မယ်။ ဒါပေမဲ့ သူတို့က အမျိုးသမီးတွေကိုတော့ ကြမ်းကြမ်းမလုပ်ဘူး။ အမျိုးသမီးတွေ လမ်းလျှောက်ဖို့ အားအင်မရှိဘူး။ အမျိုးသမီးတွေ ဖျားနာမယ်။ ကလေးငယ်တွေရှိတဲ့အမျိုးသမီးတွေဘဲရှိတယ်ဆိုလို့ရှိရင် သူတို့က အမျိုးသမီး (၁၀)ယောက်မှာဆို ငါးယောက်ကို (ပေါ်တာအဖြစ်) ဖမ်းခေါ်တယ်။ ဒါပေမဲ့လည်း အမျိုးသမီးတွေက သူတို့ရဲ့လုံခြုံရေးအတွက် စိတ်ပူနေရတယ်။ မနေ့ကဆိုရင် သူတို့က အမျိုးသမီးတစ်ဦးကို (ပေါ်တာအဖြစ်လုပ်ပေးဖို့) သူတို့နဲ့အတူတူ လိုက်ခိုင်းပြီး ဖမ်းခေါ်လာခဲ့တယ်။”
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့တွင် ဆိုင်ပိုင်ရှင်ဖြစ်သူ နော်ပ---သည် ကျေးရွာသို့ပြန်လာခဲ့သည်။ သို့သော် သူမ၏အမျိုးသားသည် ရွာသို့မပြန်လာခဲ့ပေ။ SAC နှင့် BGF စစ်သားများသည် ကျေးရွာတွင် နေထိုင်ခဲ့စဉ်တွင် ရွာသား များ၏ကြက်နှစ်ကောင်ကို ဖမ်းယူစားခဲ့သည်။ ထို့ပြင် ၎င်းတို့သည် အရက်သောက်မူးကာ အကယ်၍ KNLA မှ ၎င်းတို့ အား ပစ်ခတ်တိုက်ခိုက်မည်ဆိုပါက ကျေးရွာကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ကျေးရွာတွင် ကျန်ရစ်ခဲ့သည့်ရွာ သားများသည် လုံခြုံမှုမရှိဟုခံစားရပြီး SAC နှင့် BGF စစ်သားများမှ လက်နက်ကြီးရမ်းသန်းပစ်ခတ်၍ အခြား သောလူ့အခွင့်အရေးချိုးဖောက်မှုများအား ကျူးလွန်မည်ကို စိုးရိမ်ကြောက်ရွံ့နေကြသည်။ ကျေးရွာတွင် အမျိုးသား များ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက်ကြောင့် ရွာတွင်ကျန်ရစ်သည့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ၎င်းတို့လုံခြုံရေးအတွက် အထူးစိုးရိမ်ကြောင့်ကြနေသည်။ သို့သော်လည်း ၎င်းတို့သည် လုံခြုံသည့်နေရာတွင် တိမ်းရှောင်ရန်မသိသောကြောင့် ကျေးရွာတွင်သာနေ၍ ဖြစ်လာမည့် အန္တရာယ်ကို ရင်ဆိုင်ရ မည်ဖြစ်သည်။ သို့ရာတွင် ကျေးရွာအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်သည့်လုပ်ရပ်များ မရှိခဲ့ပေ။ သို့သော်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သတ်၍ ကြောက်စိတ်များ တည်ရှိနေသည်။ အထူးသဖြင့် လူကြီးသူမများသည် ၎င်းတို့သမီးများအတွက် စိုးရိမ်နေကြသည်။ အကြောင်းမှာ အတိတ်တွင် (ယခင်က စစ်အစိုးရအုပ်ချုပ်မှုအောက်တွင်ရှိသော) မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့သည့်အတွေ့အကြုံများကြောင့် ၎င်းတို့မှာ စိတ်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။ နော်စ---မှ ယခုလို ပြောခဲ့သည်။ “ရွာမှာ နေရတဲ့အချိန်မှာ ကျွန်မတို့စိုးရိမ်နေရတယ်။ အဲဒါကြောင့် (လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့အန္တရာယ်ကြောင့်) ကျွန်မတို့တွေ အရမ်းကြောက်နေရတယ်။ ကျွန်မဘာလုပ်ရမယ်မသိတော့ဘူး။ ကျွန်မ ရွာကနေ ထွက်ပြေးချင်ရင်တောင် ဘယ်မှာ သွားပြေးရမယ်မသိဘူး။…အဲဒါနဲ့ပတ်သတ်ပြီး (လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို) ကျွန်မတို့တွေ အရမ်းဘဲ စိုးရိမ်ကြောက်ရွံ့နေတယ်။ ကျွန်မသမီးကို ပေါ်တာလိုက်သွားဖို့ ခွင့်မ ပြုနိုင်ဘူး။ ကျွန်မကိုယ်တိုင်ဘဲ ပေါ်တာသွားမယ်။”
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်နေ့ မနက်ပိုင်းတွင် BGF စစ်သားများသည် ယိုကလားတပ်စခန်းသို့ ခရီးဆက်ပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းအချို့ကို သယ်ယူပို့ဆောင်ပေးရန်အတွက် ဟ---၊ ဝ---နှင့် ယ---ကျေးရွာများမှ ရွာသားများအား အမိန့်ပေး၍ ခိုင်းစေခဲ့သည်။ အမျိုးသား၊ အမျိုးသမီး၊ ကလေးများ၊ သက်ကြီး သူများနှင့် နေမကောင်းသူများအပါအဝင် (ဟ---ရွာမှ ရွာသား (၁၈၀)ဦးနှင့် လ---ရွာမှ ရွာသား (၁၀၀) ဦး) စုစုပေါင်း ရွာသာများ (၃၀၀)ဦးခန့်သည် BGF စစ်သားများအတွက် ၎င်းတို့၏စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို သယ်ယူပို့ ဆောင်ပေးခဲ့ရသည်။ ပေါ်တာဆွဲခံရသည့်ရွာသားအများစုမှာ အမျိုးသမီးများဖြစ်ပြီး အခြားသောရွာသား (၁၂) ဦးမှာ အသက်မပြည့်သေးသော ကလေးများ (မိန်းကလေးကိုးဦးနှင့် ယောက်ျားလေးသုံးဦး) ဖြစ်သည်။ ပေါ်တာဆွဲခံရသည့် အမျိုးသားဦးရေမှာ အမျိုးသမီးများထက်နည်းသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောအမျိုးသားများသည် ၎င်းတို့ မိသားစုစားဝတ်နေရေးအတွက် အလုပ်များနေပြီး အချို့မှာ အခြားနေရာ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ ပေါ်တာဆွဲခံရသူတစ်ဦးဖြစ်သည့် နော်ရ---က ယခုလိုပြောခဲ့သည်။ “ကျွန်မအမျိုးသားက အိမ်မှာမရှိလို့ ကျွန်မပဲ ပေါ်တာလိုက်သွားရတယ်။ ကျွန်မအိမ်ပြန်ရောက်တော့ ခြေထောက်တွေ အရမ်းနာတယ်။ အဲဒါ အရမ်းနာကျင်တယ်။” ပေါ်တာဆွဲခံရသည့်သားများသည် မနက် (၁၀) နာရီခွဲတွင် ဟ---ရွာမှ စတင်ထွက်ခွာလာပြီး နေပူထဲတွင် (အသွား အပြန် နှစ်နာရီကြာ လမ်းလျှောက်ခဲ့ပြီးနောက်) နေ့လည် (၁၂) နာရီခွဲတွင် ယိုကလားတပ်စခန်းသို့ ရောက်ရှိခဲ့သည်။ လမ်းတလျှောက်တွင် ရွာသားများသည် စားစရာ၊ သောက်စရာရေများ မရရှိခဲ့ပါ။ ပေါ်တာဆွဲခံရသည့်အချိန်တွင် လူအများရှိနေသောကြောင့် ရွာသားများ သယ်ယူရသည့် ပစ္စည်းအမျိုးအစား ဘယ်နှစ်မျိုးရှိသည်ကို တိတိကျကျ မသိရှိခဲ့ရကြောင်း နော်ရ---မှ ဆက်လက်ရှင်းပြခဲ့သည်။ တချို့ရွာသားများက ဆန်နှင့် ငါးသေတ္တာစသည့် စားနပ်ရိက္ခာ များကို သယ်ဆောင်ရပြီး တချို့ရွာသားများကလည်း လက်နက်ကြီးကျည်ဆံစသည့် လက်နက်ခဲယမ်းများကို သယ် ဆောင်ခဲ့ရကြောင်း နော်ရ---မှ သိရှိသလောက်တင်ပြခဲ့သည်။ SAC နှင့် BGF စစ်သားများသည် ယိုကလားတပ်စ ခန်းသို့ သွားရာတွင် လမ်းတစ်လျှောက်တွင် ရွာသားများကြားတွင်နေပြီး လမ်းလျှောက်၍ ခရီးသွားခဲ့သည်။ ဤခရီး တစ်ခေါက်တွင် KNLA မှ BGF စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခြင်းမပြုသောကြောင့် ရွာသားများအနေဖြင့် ၎င်းတို့ရွာသို့ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့သည်။
SAC နှင့် BGF တို့သည် ရွာသားများကို ပေါ်တာအဖြစ်ခိုင်းစေ၍ အသုံးပြုသည်သာမက အ---ရွာမှ ယိုကလားတပ်စ ခန်းသို့ ခရီးသွားလာနေစဉ်အတွင်း ဒေသခံ KNLA မှ ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်မည်ဆိုပါက မိမိကိုယ့်ကိုကာ ကွယ်ရန်အတွက် ရွာသားများကို လူသားဒိုင်းသဖွယ်အဖြစ်လည်း အသုံးပြုခဲ့သည်။ ဘီးလင်းမြို့နယ်၊ ယိုကလား ကျေးရွာအုပ်စု၊ လ---ကျေးရွာတွင် နေထိုင်သော စောဖ--- က ဤသို့ပြောခဲ့သည်။ “KNU တွေက သူတို့ကို (KNU နယ်မြေထဲကို) ဝင်လာခွင့်မပေးဘူး။ အဲဒါကြောင့် သူတို့ (SAC နှင့် BGF) က မိမိကိုယ့်ကို ကာကွယ်ဖို့ ရွာသားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုခဲ့တယ်။”
ရွာသားများသည် SAC နှင့် BGF တို့၏အမိန့်ကို ငြင်းဆိုရန် ကြောက်ရွံ့ခဲ့ရကြောင်း စောဖ---က ဤသို့ ရှင်းပြခဲ့သည်။ “ရွာသားတွေက ဘာမှမပြောရဲဘူး။ ရွာသားတွေက မကျေနပ်လို့တစ်ခုခုပြောရင် သူတို့ဟာ သေနတ်နဲ့ အပစ်ခံရနိုင် တယ်။…ဒါမှမဟုတ်လို့ရှိရင် သူတို့အဖမ်းခံရမယ်။” ထို့အပြင် SAC နှင့် BGF တို့မှ ကျေးရွာတွင်ရှိနေခြင်းသည် (လူ့အခွင့်အရေးချိုးဖောက်မှုများလာပြီး) ရွာသားများ၏လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်ပြီး ဒေသခံ KNLA နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနိုင်ခြေပို၍များသည်။ ရွာသားများသည် SAC နှင့် BGF တို့အတွက် ရိက္ခာများသယ်ယူပို့ဆောင် ပေးရန် လက်ခံသဘောတူရသည့်အကြောင်းရင်းမှာ ရွာသားများမှ SAC နှင့် BGF စစ်သားများသည် ၎င်းတို့ဒေသမှ ထွက်ခွာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း နော်ရ---မှ ယခုလို ရှင်းပြခဲ့သည်။ “ဟုတ်တယ်။ ကျွန်မတို့ ဒီလိုပဲ (ပေါ်တာ အလုပ်ကိုလုပ်ပြီး) သူတို့ကို ထွက်သွားအောင် လုပ်ပေးရတယ်။ ဘာလို့လဲဆိုတော့ သူတို့ရွာမှာနေရင် KNLA စစ်သား တွေက သူတို့ကို ပစ်ခတ်တိုက်ခိုက်လိမ့်မယ်။ အဲဒါကြောင့် ကျွန်မတို့က သူတို့ရိက္ခာတွေကို သယ်ပေးပြီး အခြား နေရာကို ပို့လိုက်ရတယ်။ တကယ်တော့ ကျွန်မတို့အထဲမှာ ဘယ်သူမှ သူတို့အတွက် ရိက္ခာတွေ မသယ်ချင်ကြဘူး။”
ရွာသားများသည် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှာကိုလည်း ကြောက်ရသည်။ အကြောင်းမှာ SAC နှင့် BGF စစ်သားများ သည် အခြားဒေသမှလာသောသူများဖြစ်ကြသည့်အတွက် (ကိုဗစ်ရောဂါကူးစက်ခံရသူများ ဖြစ်နိုင်သောကြောင့်) ဖြစ် သည်။ ထို့အပြင် ပေါ်တာဆွဲခံရသည့် အချို့ရွာသားများသည် ကိုဗစ်ရောဂါလက္ခဏာများကို ခံစားနေရပြီးဖြစ်သည်။ နော်ရ---၏ပြောပြချက်အရ “နှာပိတ်တာကို (အနံ့ပျောက်သလို) ခံစားနေရတဲ့ရွာသားတွေနဲ့ ဖျားနေတဲ့ရွာသားတွေ အများအပြား ပေါ်တာသွားရတယ်။ သူတို့က တုပ်ကွေးရိုးရိုးဖြစ်တာလား ဒါမှမဟုတ် ကိုဗစ်ရောဂါ ကူးစက်ခံရတာ လား ကျွန်မတို့မသိဘူး။ ဥပမာဆိုလို့ရှိရင် အမျိုးသမီးရွာသူတစ်ဦးက (အဖျား ဒါမှမဟုတ် ကိုဗစ် ရောဂါလက္ခဏာ တွေကို သက်သာစေဖို့အတွက်) ညဖက်မှာ ဆေးတစ်လုံးထိုးပြီး နောက်နေ့မနက်မှာတော့ ပေါ်တာသွားပြီး ပစ္စည်း သယ်ရတယ်။… အခုချိန်မှာ ကျွန်မနေတဲ့ရွာမှာဆိုရင် တစ်ရွာလုံး ရောဂါကူးစက်ပျံ့နှံ့နေပြီး။”
(ခ) ယိုကလားတပ်စခန်းမှ လေးကေတပ်စခန်းသို့ ပြန်လာသည့်ခရီးစဉ်
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့တွင် SAC နှင့် BGF တပ်ဖွဲ့များသည် ၎င်းတို့သွားလာခဲ့သည့်လမ်းကို အသုံးပြု၍ ယိုကလားတပ်စခန်းမှ လေးကေတပ်စခန်းသို့ ပြန်လာခဲ့သည်။ ၎င်းတို့ထဲတွင် စုစုပေါင်းတပ်သား (၅၀) ဦးခန့်ရှိသည်။ SAC နှင့် BGF စစ်သားများသည် လ---ရွာမှ ဟ---ရွာသို့ ပြန်လာနေသည့်အချိန်တွင် ဝ---ရွာသား (၃)ဦးနှင့် ဟ---ရွာသား (၅)ဦးကို ဖမ်းဆီး၍ လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုခဲ့သည်။ အဖမ်းခံရသည့်ရွာသား တစ်ချို့တွင် အမျိုး သမီးများပါဝင်သည်။ ဟ---ရွာတွင်နေထိုင်သည့် နော်စ---သည် ဤသို့ရှင်းပြခဲ့သည်။ “သူတို့ (SAC နှင့် BGF) က သူတို့ဘာသာ မပြန်ရဲဘူး။ အဲဒါကြောင့် သူတို့က ရွာသားနှစ်ယောက်၊ သုံးယောက်ကို ဖမ်းခေါပြီးတော့ ရွာသားတွေ ကြားမှာနေပြီး ပြန်လာတာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ချုံခိုပြီးပစ်ခတ်မှာ သူတို့ကြောက်တယ်လေ။ ရွာသားတွေ ကြားမှာနေပြီး ပြန်လာတော့ သူတို့ကို ချုံခိုပစ်ခတ်မယ်ဆိုရင် သူတို့ကို မထိဘဲ ရွာသားတွေကို အရင်ထိမှာလေ။”
ရွာသားရှစ်ဦးနှင့်အတူ SAC နှင့် BGF စစ်သားများသည် ဟ--- ရွာသို့ မရောက်မှီအချိန်တွင် လ---ရွာအပြင်ဖက်ရှိ တောထဲတွင် ဒေသခံ KNLA စစ်သားများမှ SAC နှင့် BGF တို့ကို ချုံခိုတိုက်ခိုက်ခဲ့သည်။ နော်စ---မှ ယခုလို ပြောပြခဲ့ သည်။ “ဒီမှာ (ရွာကနေ) သေနတ်သံကြားရလို့ ကျွန်မတို့လည်း ခြေဦးတည့်ရာထွက်ပြေးခဲ့တယ်။ စောဒ---ပြောတာ က သူလည်း SAC (နှင့် BGF) တို့လက်ကနေ ထွက်ပြေးလာတဲ့အချိန်မှာ မြန်မာစစ်သားတွေနဲ့ ပတ်ပင်တိုးခဲ့တယ်။ ပြီးတော့ (လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြုဖို့) သူ့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ သူပြောပြတယ်။ သူထွက်ပြေးတဲ့အချိန်မှာလည်း သေနတ်ပစ်ခတ်တာတွေ အများကြီးပဲ။ ဒါပေမဲ့ သေနတ်ကျည်ဆံက သူ့ခေါင်းကို ထိတော့မလို့ နည်းနည်းပဲလိုတယ်။” ကံကောင်းစွာဖြင့် ရွာသားများအားလုံး ဘေးကင်းခဲ့သည်။ သို့သော် SAC တပ်ဖွဲ့ ဝင်နှစ်ဦးသည် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် SAC နှင့် BGF တို့သည် ဟ---ရွာအရှေ့ဖက်ခြမ်းမှ ဟ---ရွာဘုန်းကြီး ကျောင်းသို့ ခရီးသွားလာသည့်အချိန်တွင် လူသားဒိုင်းသဖွယ်အဖြစ်အသုံးပြုရန် ၎င်းတို့သွားရာလမ်းတွင် တွေ့သမျှ ရွာသားများကို ဖမ်းဆီးခဲ့သည်။ တိုက်ပွဲများဖြစ်ပွားနေသည့်ကာလတွင် SAC နှင့် BGF တို့သည် ဗုံးခိုကျင်းများတွင် သော်လည်းကောင်း အိမ်အောက်တွင်သော်လည်းကောင်း ပုန်းအောင်းနေသော ရွာသားအချို့ကိုလည်း အတင်းအဓမ္မ ဖမ်းဆီးခဲ့သည်။ SAC စစ်သားများသည် ရွာထဲတွင် သေနတ်ပစ်ခတ်ခဲ့သည်။ SAC အရာရှိစစ်ဗိုလ်များသည် ၎င်းတို့ စစ်သားများအား ရွာထဲတွင်တွေ့သမျှရွာသားများကို သေနတ်ဖြင့်ပစ်ရန် တိုက်တွန်းခဲ့သည်။ နော်စ---မှ ယခုလို ပြော ပြခဲ့သည်။ “သူတို့ (SAC နှင့် BGF) က (ရွာသားတွေကို သူတို့နဲ့အတူလိုက်ဖို့) ခေါ်လို့မရဘူးဆိုရင် သူတို့က (ရွာသား နဲ့ရွာသားနေတဲ့နေရာတွေကို) သေနတ်နဲ့ပစ်ခတ်မှာ။ သူတို့ရဲ့ဗိုလ်မှူးက သူတို့ကိုဒီလိုပြောတယ်။ ‘သူတို့ကို မင်းတို့ ပစ်မယ်ဆိုရင် လေထဲကို မပစ်နဲ့။ ပစ်ရင် သူတို့ကို တည့်တည့်ပဲပစ်။ သူတို့ကို သေအောင်ပစ်။’ ဒီတော့ အမျိုးသမီး ဖြစ်တဲ့--- ရွာသူကြီးနော်ခ---က သူတို့ဆီကိုသွားပြီး သူတို့ကိုဒီလိုပြောတယ်။ ကျွန်မတို့ကို ပစ်သတ်ရင် ဒါဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး။… သူက (SAC တပ်မှူး) ကျွန်မအိမ်နားမှာလာတဲ့အချိန်မှာ ရွာသားတွေက သူတို့ကို (SAC နဲ့ BGF စစ်သား) တွေ့တော့ ပြေးကုန်တယ်။ ပြီးတော့ သူရဲ့ (တပ်မှူး) လက်အောက်ငယ်သား (စစ်သား) တွေက ရွာသား တွေကို မထိအောင်ပစ်တယ်။ အဲဒါကြောင့် သူ (SAC တပ်မှူး) က သူ့လက်အောက်ငယ်သားတွေကို ပြောတယ်။ ‘ပစ်ရင် လေထဲမှာ မပစ်နဲ့။ တည့်တည့်ပစ်။ သူတို့ကိုသေအောင် ပစ်လိုက်။’” နော်စ---၏ပြောပြချက်အရ BGF စစ်သားများသည် SAC စစ်သားနှင့်အတူ ကင်းလှည့်သွားလာပြီး SAC မှ ရွာသားများအပေါ် အကြမ်းဖက်သည့်ပုံစံဖြင့် ပြုမူဆက်ဆံသည်ကို BGF မှ မြင်တွေ့နေရသည်။ သို့သော်လည်း ၎င်းတို့မှာ (SAC စစ်သားများအား) တားဆီး၍မရဘဲ တိတ်ဆိတ်နေရသည်။ အကြောင်းမှာ BGF စစ်သားများသည် SAC ၏အုပ်ချုပ်မှုအောက်တွင်သာ နေထိုင်ရသည်။
SAC နှင့် BGF တို့၏ပြုမူဆက်ဆံပုံသည် ကလေးငယ်များအပါအဝင် ဒေသခံရွာသားများအား ထိတ်လန့်စေခဲ့သည်။ ပေါ်တာဆွဲခံရသည့်နော်စ---မှ သူမ၏ခံစားချက်ကို ပြောပြခဲ့သည်။ “ဒီခံစားချက်ကို ကျွန်မဘယ်လို ပြောရမလဲ မသိ ဘူး။ ကျွန်မတို့ အခုအရမ်းကြောက်နေတယ်။ ကြောက်လွန်းလို့ချီးပါထွက်တယ်။” အခြားရွာသားတစ်ဦးဖြစ်သူ ယောချာကလည်း ယခုလိုပြောပြခဲ့သည်။ “SAC စစ်သားတွေက နော်ဘ---ကို သူတို့နဲ့အတူ လိုက်သွားဖို့ ခေါ်တော့ သူ့ရဲ့ထမိန်အောက်မှာ ချီးတွေ ထွက်လာတယ်။ အဲဒါကြောင့် SAC စစ်သားတွေက သူ့ကိုပြောတယ်။ 'မင်းပြန်လို့ရပြီး။ ငါ (မင်းရဲ့ချီးနံ့ကို) မခံနိုင်တော့ဘူး။’”
နော်စ---မှ သက်ကြီးရွယ်အိုများသည်လည်း ပေါ်တာဆွဲခံရကြောင်း KHRG သို့ တင်ပြခဲ့သည်။ “အသက်ကြီးတဲ့ရွာ သားတစ်ယောက် စောဥ---က ကျွန်မကိုပြောပြတာက SAC နဲ့ BGF ကလည်း သူ့ကို သူတို့နဲ့အတူ လိုက်ခိုင်းဖို့ အမိန့် ပေးတယ်။ ကျွန်မက သူ့ကိုမေးတယ်။ 'သူတို့ (SAC နဲ့ BGF) က မင်းကိုဘာလုပ်ခဲ့လဲ။ သူတို့ မင်းကို ဘယ်လိုလုပ် လွှတ်ပေးခဲ့တာလဲ။’ သူကတော့ ကျွန်မကို ပြန်ဖြေတယ်။ ‘ငါဘာမှမလုပ်ဘူး။ သူတို့နဲ့ လိုက်သွားတာ ငါအရမ်း ပင်ပန်းတယ်။ အဲဒါကြောင့် ငါလမ်းလျှောက်တာကို ရပ်လိုက်ပြီး ပါးစပ်ကနေ အသက်ရှူထုတ်ရတယ်။ လမ်းဘေး တစ်နေရာမှာ ငါအနားယူပြီး SAC နဲ့ BGF စစ်သားတွေက ငါ့ကို တစ်ယောက်ပြီးတစ်ယောက် ကျော်သွားခဲ့တယ်။ သူတို့အားလုံးက ငါ့ကိုကျော်သွားနောက်မှာတော့ ငါလည်း အိမ်ကို ပြန်လာနိုင်ခဲ့တယ်။’ သူက အသက် (၇၀) ကျော်နေ ပြီဆိုတော့ လမ်းကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ သူတို့ (SAC နဲ့ BGF) က ကျွန်မကိုလည်း သူတို့နောက်ကို လိုက်ဖို့ ခေါ်တယ်။ သူတို့က ကျွန်မကို သူတို့နဲ့ လမ်းတစ်ဝက်လောက်လိုက်သွားရင် အဆင်ပြေတယ် လို့ပြောတယ်။”
နော်စ---၏ပြောပြပုံအရ SAC နှင့် BGF တပ်ဖွဲ့များ၏အပြုအမူလုပ်ရပ်သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်သားများထက် ပို၍ဆိုးရွားသည်။ နော်စ---မှ SAC နှင့် BGF တို့၏ရက်စက်ကြမ်း ကြုတ်မှုအကြောင်းကို ဤသို့ ပြောပြခဲ့သည်။ “အာဏာသိမ်းပြီးနောက်မှာ ကျွန်မတို့တွေ အမြဲတမ်း ကြောက်နေရ တယ်။… သူတို့က ရွာကို မီးရှို့မှာ ဒါမှမဟုတ် လူတွေကို (အရပ်သား) သတ်မှာ အရမ်းစိုးရိမ်နေရတယ်။ KNLA စစ်သားတစ်ဦးဦးက သူတို့ကို ပစ်ခတ်ရင် သူတို့က ကျွန်မတို့ကို လာသတ်မှာ။ အခု ရွာထဲကိုဝင်လာတဲ့မြန်မာစစ်သား တွေက အရင်တုန်းက (NCA မတိုင်ခင်) ရွာထဲကိုဝင်လာတဲ့ မြန်မာစစ်သားတွေနဲ့ မတူတော့ဘူး။ သူတို့က ခွေးရူးတွေ နဲ့တူတယ်။… သူတို့က တွေ့တဲ့အရာအားလုံးကို လိုက်ကိုက်မှာ။… သူတို့ဟာ သေချာလေ့ကျင့်ထားတဲ့ စစ်သားတွေနဲ့ မတူဘူး။ သူတို့က ရွာထဲကို ဝင်လာပြီးဆိုရင် သေနတ်တွေ အလကားရသလိုဘဲ သေနတ်တွေကို ရမ်းသန်းပစ် ဖောက်ကြတယ်။”
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် SAC နှင့် BGF တပ်ဖွဲ့တို့သည် (လေးကေတပ်စခန်းသို့ ဆက်လက်၍မသွားတော့ဘဲ) ဟ---ရွာရှိဘုန်းကြီးကျောင်းတွင် ယာယီစခန်းချ၍ နေထိုင်ခဲ့ သည်။ ထို့ကြောင့် ဟ---ရွာသားများသည် ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြနေရသည်။ ထို့အပြင် SAC နှင့် BGF တို့သည် ဝ---ကျေးရွာမှတစ်ဆင့် အ---ကျေးရွာနှင့် လေကေတပ်စခန်းသို့ ပြန်လာရန်အတွက် ဟ---ရွာသား များအား လူသားဒိုင်းသဖွယ်အဖြစ် အသုံးပြု၍ အဓမ္မစေခိုင်းမည်ကို ကြောက်ရွံ့ နေကြသည်။
အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲများ
ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိရွာသားများသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးက တည်းက SAC နှင့် BGF အာဏာပိုင်များမှ ခရီးသွားလာခွင့်ကို ပိတ်ပင်ကန့်သတ်ထားသည့်အခြေအနေကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း KHRG သို့ တင်ပြခဲ့သည်။ ထို့ကြောင့် ဒေသခံရွာသားများသည် ကျိုက်ကော်မြို့ကဲ့သို့ မြို့တွင်း နှင့် ၎င်းတို့ကျေးရွာပြင်ပတွင် စားနပ်ရိက္ခာများ ဝယ်ယူရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ဟ---ရွာနှင့် ကျိုက်ကော်မြို့ကြားရှိဒေသအတွင်း SAC နှင့် BGF တပ်စခန်းများ အခြေစိုက်သည်။ ထိုတပ်စခန်းများသည် ကားလမ်းမတစ်လျှောက်တွင်ရှိသော ပနွဲကလား၊ ဝေးရော်နှင့် လေးကေရွာများတွင် တည်ရှိနေသည်။ SAC နှင့် BGF တို့သည် ရွာသားများအား ၎င်းတို့၏တပ်စခန်းများကို ဖြတ်သန်းသွားလာခွင့် မပြုပေ။ SAC နှင့် BGF စစ်သားများမှ ၎င်းတို့တပ်စခန်းရှေ့တွင် ကားနှင့်ဆိုင်ကယ်ဖြင့် ဖြတ်သန်းမောင်းနှင်လာသော မည်သည့်ရွာသားမဆို သေနတ်ဖြင့် ပစ်ခတ်မည်ဖြစ်သည်။ ထို့ကြောင့် ရွာသားများသည် စားနပ်ရိက္ခာများ ဝယ်ယူရန်အတွက် မြို့သို့သွားရန် ကြောက်နေ ကြသည်။ ဘီးလင်းမြို့နယ်၊ ထီးဖါဒို့ထကျေးရွာအုပ်စု၊ ဟ---ကျေးရွာတွင်နေထိုင်သော နော်စ---မှ ဤသို့ ရှင်းပြခဲ့ သည်။ “ပုံမှန်ဆိုရင် ကျွန်မတို့က ကျိုက်ကော်မြို့ကိုသွားပြီး စားစရာသွားဝယ်တယ်။ အခုတော့ (SAC) စစ်ဆေးရေး ဂိတ်တွေက လမ်းကိုပိတ်လိုက်ပြီး။ အဲဒါကြောင့် ကျွန်မတို့လည်း ဘယ်ကိုမှ သွားလို့မရတော့ဘူး။ ဆိုင်ရှိတဲ့သူတွေ လည်း မြို့ကိုသွားပြီး ပစ္စည်းဝယ်လို့လည်း မရတော့ဘူး။ လမ်းတွေက နေရာတော်တော်များများမှာ ပိတ်ထားတယ်။ အဲဒါကြောင့် ကျွန်မတို့ဘယ်ကိုမှ သွားမရဘူး။ ကျွန်မတို့တွ ပနွဲကလားတပ်စခန်းရှေ့ကို ဆိုင်ကယ်နဲ့ဖြတ်ပြီး မောင်း သွားရင် (SAC စစ်သားတွေက) ကျွန်မတို့ကို သေနတ်နဲ့ပစ်လိမ့်မယ်။ ကျွန်မတို့က ခြေကျင်နဲ့လည်း သွားမရဲဘူး။ အဲဒါကြောင့် ကျွန်မတို့က ဒီလိုဘဲနေရတယ်။ ရွာမှာရှိတဲ့ဆိုင်တွေမှာလည်း ဝယ်ရမဲ့စားစရာတွေ ကုန်တော့မယ်။ စားစရာတွေကုန်သွားရင်တော့ ကျွန်မတို့တွေ ငတ်သေတော့မှာဘဲ။ ကျွန်မတို့ကို ကူညီနိုင်ရင် အမြန်ဆုံးကူညီပေးပါ။ ဒီလက်နက်ကိုင်ပဋိပက္ခကိုလည်း အမြန်ဆုံး ပြီးစေချင်ပြီး။”
ရွာသားများသည် စစ်သားများနှင့်၎င်းတို့၏လုပ်ရပ်များကို ကြောက်ရွံ့နေရသောကြောင့် ရွာသားများ၏လုံခြုံရေးနှင့် စားဝတ်နေရေးကို ထိခိုက်စေကြောင့် နော်စ---မှ ဤကဲ့သို့ ပြောပြခဲ့သည်။ “အခုချိန်မှာတော့ ကျွန်မတို့ဆီမှာ မနှစ်က သီးနှံထွက်ကနေ စုဆောင်းထားတဲ့ ဆန်နဲ့ဆီရှိသေးတယ်။ ဒါပေမဲ့ နောက်နှစ်ဆိုရင် ဆီနဲ့ဆန်လည်း ကျန်တော့မှာ မဟုတ်တော့ဘူး။ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေတုန်းဘဲ။ ကျွန်မတို့ကို ဘယ်သူမှ မကူညီနိုင်ဘူးဆိုလို့ရှိရင် ကျွန်မ တို့အားလုံး သေလိမ့်မယ်။…ကျွန်မတို့က (လယ်ထဲမှာ) အလုပ်သွားလုပ်လို့လဲ မရတော့ဘူး။ ဘာဖြစ်လို့ဆိုတော့ ကျွန်မတို့ဘယ်မှလည်း သွားလို့မရလို့ဘဲ။ အထူးသဖြင့် (ဆယ်ကျော်သက်အပါအဝင်) သန်မာတဲ့အမျိုးသားတွေလည်း (ကြောက်နေရလို့) ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြပြီး။ အခု ဒီရာသီက နှမ်းစိုက်ပျိုးရေးအတွက် တောင်ယာရှင်း ရမဲ့ရာသီပဲ။ ဒါပေမဲ့ လူတွေက တောင်ယာမှာ သွားလို့လည်းမရဲဘူး။ ရွာသားတွေက သူတို့ရဲ့ဗုံးခိုကျင်းမှာပုန်းနေပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်။ တိုက်ပွဲသံကြားရင် အားလုံးပြေးမယ်။ သူတို့ (BGF နှင့် SAC) က တွေ့တဲ့ လူကို ဖမ်းမယ်။… အဲဒါကြောင့်လည်း ကျွန်မတို့ရွာသားတွေ ဘယ်မှာမှ သွားလာမရဲဘူး။ ကျွန်မအရမ်းကြောက်တယ်။ အဲဒီအကြောက်တရားကို ကျွန်မထိန်းလို့မရဘူး။ ကျွန်မတကယ်ဘဲထွက်ပြေးချင်တယ်။ ဒါပေမဲ့ ဘယ်မှာသွားပြေးရ မလဲ မသိဘူး။ မင်းဆီကို ငါသွားပြေးလို့ရမလား (KHRG သတင်းစုဆောင်းသူရဲ့နေထိုင်တဲ့ရွာ)။”
တောင်းဆိုမှုများနှင့် အကြံပေးချက်များ
ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဒေသခံရွာသားများသည် ၎င်းတို့၏အသံများကို နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့မှ သိရှိကြားနိုင်စေလိုကြောင်း ၎င်းတို့ဆန္ဒများကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတ ကာ လူ့အခွင့်အရေးဥပဒေ၏အကာအကွယ်အောက်တွင် အရပ်သားပြည်သူများအားလုံး အသက်ရှင်နေထိုင်သည့် အခွင့်အရေးရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဒေသခံရွာသားများသည် ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းစေရန်၊ ၎င်းတို့အတွက် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာသွားလာခွင့်ကို အပြည့်အဝခံစားရမည့်အခွင့်အရေး ရရှိရန်နှင့် BGF နှင့် SAC တို့မှ ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှုများကို ကြောက်ရွံ့ခြင်းမှ ကင်းဝေးရန်အ တွက် ၎င်းတို့စိတ်ဆန္ဒများကို ထုတ်ဖော်ခဲ့သည်။ ဘီးလင်းမြို့နယ်၊ ယိုကလားကျေးရွာအုပ်စု၊ လ---ကျေးရွာတွင် နေထိုင်သော စောဒ---သည် ဤကဲ့သို့ ထုတ်ဖော်ပြောခဲ့သည်။ “ဥပဒေကရှိတယ်။ ဒါပေမဲ့ အဲဒီဥပဒေတွေက ကျွန်တော်တို့ကို (ကာကွယ်ဖို့)အတွက် မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့နဲ့ ကျွန်တော်တို့သားသမီးတွေအတွက် လုံခြုံရေးနဲ့ပတ်သတ်ပြီး အမြဲတမ်းစိုးရိမ်နေရတယ်။…ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်တစ်ခုတော့ပြောချင် တယ်။ အဲဒါက ဥပဒေဆိုတာ ပြည်သူတွေကာကွယ်ဖို့အတွက်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အခုတော့ ဥပဒေက ပြည်သူ တွေကို ကာကွယ်ဖို့အတွက် မဟုတ်ဘူး။ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ဥပဒေမရှိတော့ဘူးဆိုကထဲက အခုချိန် မှာ ကျွန်တော့်တို့တွေ အချင်းချင်းပြန်ကြောက်နေရတယ်။… ဒါတွေက ကမ္ဘာ့ကုလသမဂ္ဂက ကြားသိဖို့အတွက် အရေး ကြီးတဲ့အရာတွေဖြစ်တယ်။”
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ သြဂုတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။