ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော် စစ်ဘေးရှောင်တွေနေရာမှာ omicron ကိုဗစ်ကပ်ရောဂါ ကူးစက်တဲ့လူနာ ၃၀ ကျော် တွေ့ရပြီးတဲ့နောက် လူနာတွေနဲ့ ရောဂါလက္ခဏာပြနေတဲ့ သံသယရှိသူ လူနာတွေကို သီးခြားခွဲထားဖို့ ပြင်ဆင်ဆောင်ရွက်နေကြသလို၊ နေရာထိုင်းခင်းဆေးဝါး အခက်အခဲတွေရှိနေကြောင်း KHRG ကရင်လူအခွင့်ရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမား သတင်းပေးပို့ထားပါတယ်။
မြဝတီခရိုင် လေးကေ့ကော် စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာတွေမှာ လူအစုအဝေးနဲ့ ဖျားနာမှုတွေရှိလာပြီး omicron ကိုဗစ်ကပ်ရောဂါ ကူးစက်တာတွေကိုလည်း ကျန်းမာရေး ဝန်ထမ်းတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ဖေဖော်ဝါရီလ ၂၅ ရက်အထိ လေးကေကော် သူကြီးစစ်ရှောင်စခန်းမှာ ကိုဗစ်လက္ခဏာရှိတဲ့ သူတွေကို ကျန်းမာရေးဝန်ထမ်းတွေက နှာခေါင်းတို့ဖတ်ဆေးစစ်ချက် လုပ်ဆောင်ခဲ့ရာမှာ စစ်ဘေးရှောင် ၆၇၄ ဦးမှာပိုးတွေ့လူနာ ၃၅ ဦး ရှိပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တွေ အနေနဲ့ ရာသီဥတုဒဏ်ကြောင့်လည်း ဖျားနာတာတွေရှိပြီး ကိုဗစ်ကပ်ရောဂါ ကူးစက်မူတွေလည်းရှိကြောင်း KHRG ကရင်လူအခွင့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပြပါတယ်။
" စစ်ဘေးရှောင်ပြေးနေတဲ့ ကာလမှာ ၃ ရက်ဆက်တိုက်နီးပါးလောက် မိုးတွေရွာသွန်းတယ် သူတို့က အမိုးအကာ မလုံလောက်နဲ့ နေရတဲ့ကာလမှာ ရာသီဥတုဒဏ်ကို ခံရတာတွေလည်း ရှိတယ်။ ဖျားနာမူတွေလည်းအများကြီးရှိတယ်။ အိုမီခရွန် ကူးစက်ခံရတဲ့ IDP တွေလည်းရှိတယ်။ ပြီးခဲတဲ့ အပတ်တုန်းက တရက်ထဲကို လူနာက ၇၀- ၈၀ ဝန်းကျင်းလောက်ရှိတယ်။ အဲဒီထဲမှာလူနာက အသက်အရွယ်ကြီးတဲ့သူတွေလည်းပါသလို ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်ပေါ့နော်။"
ကိုဗစ်ပိုး ရှိသူတွေကို သီးခြားခွဲထားဖို့အတွက် နေရာထိုင်ခင်း စီစဉ်ဆောင်ရွက်နေရကြောင်း ကျန်းမာရေး ဝန်ထမ်းတွေ မလုံလောက်မှု၊ ဆေးဝါး မလုံလောက်မှု အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။
" အထူးသဖြင့်က Shelter ပေါ့ တည်ဆောက်နေတဲ့ ကာလမှာပဲ ရှိသေးတယ်။ အခုလို ရောဂါကူးစက်နေတဲ့ ကာလမှာ သီးခြားခွဲထားဖို့ ခက်ခဲနေသေးတယ်။ အခက်အခဲက ကွာရမ်တင်းလုပ်ဖို့ကလည်း အခက်အခဲတွေရှိတယ်။ လက်ရှိမှာ ဆေးဝါး အထောက်အပံ့တွေလည်း အရေးတကြီး လိုအပ်နေတယ်။ အမိုးအကာကလည်း တာလပတ်တွေ လုံလုံလောက်လောက် ရဖို့လိုအပ်နေတာပေါ့နော်။ ကျန်းမာရေး ဝန်ထမ်းလည်း လုံလုံလောက် မရှိဘူးပေါ့နော်။ တဖက်ကလည်း Cross Border Aid ကလည်း အခက်အခဲအများကြီးရှိတယ်။ လူသားချင်း စာနာတဲ့ထောက်ပံ့မှုတွေကလည်း အချိန်မှီ မလုပ်ပေးနိုင်ဘူးပေါ့နော်။ ဒီအပေါ်မှာ အခက်အခဲတွေရှိတယ် လိုအပ်ချက်တွေလည်း အများကြီးရှိတယ်။ တဖက်မှာလည်း တပ်မဟာ(၅) ဘက်မှာလည်း IDP တွေထဲမှာ ဖျားနာတာတွေရှိနေတယ်။ ဆေးဝါး လိုအပ်ချက်တွေ အများကြီး ရှိနေတယ်။"
လေးကေကော်ဒေသ တိုက်ပွဲတွေကြောင့် နေရပ် မပြန်နိုင်သေးပဲ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေက လူထုတွေ အစုလိုက် နေထိုင်နေရတာဟာ စခန်း ၁၀ ခုလောက်ရှိနေပြီး ၊ လူဦးရေကတော့ ၆ ထောင် ဝန်းကျင်လောက်ရှိနေပါတယ်။ အဲဒီနေရာတွေမှာ ကိုဗစ် ကူးစက်မှုတွေဖြစ်နေတာပါ။ လတ်တလောမှာတော့ ကိုဗစ်ကာကွယ်နိုင်ရေး စစ်ဘေးရှောင်တွေကို သီးခြားခွဲထားနိုင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေက နေရာထိုင်ခင်းတွေကို ပြင်ဆင်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်ရှင်။