ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်တွင် ဖြစ် ပွားခဲ့သော UXO ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုကို ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရွာ သားနှစ်ဦးဖြစ်သော စောရ--- (၁၇နှစ်) နှင့်စောဝ--- (၁၆နှစ်) တို့သည် သံလွင်မြစ်သို့ ငါးသွားရှာထွက်ခဲ့သည်။ သူတို့သွား နေစဉ် လမ်းဘေးနားတစ်နေရာတွင် အရာဝတ္တုတစ်ခုကို တွေ့ရှိခဲ့သည်။ အဆိုပါလူငယ်နှစ်ဦးသည် ထိုအရာဝတ္တုမှာ မပေါက်ကွဲသေးသော လက်နက်ကြီးတစ်လုံး (UXO) ဖြစ်ကြောင်း မသိရှိဘဲ ၎င်းကိုကောက်ယူ၍ရိုက်ခွဲကာ ပေါက်ကွဲ သွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် အသက် (၁၆)နှစ်အရွယ်ရှိသော စောဝ---သည် ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားပြီး အသက် (၁၇) နှစ်အရွယ်ရှိသော စောရ---မှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စောရ--- ၏ဘယ်လက်တစ်ဖက်ပြတ်ထွက်သွားပြီး ညာဖက်လက်မှ လက်မ၊ လက်ညှိုးနှင့်လက်ခလယ်တစ်ဝက်ဆုံးရှုံးခဲ့ရသည်။ အခင်းဖြစ်ပွားသည့်နေရာသည် လူသောမြို့နယ်၊ ကော်လူဒမ်းကျေးရွာအုပ်စု၊ ထ--- ကျေးရွာဟောင်းနှင့် ၁.၆ ကီလိုမီတာ ကွာဝေးသည်။ ဤဖြစ်စဉ်ကြောင့် စောရ---နှင့်စောဝ---တို့၏မိသားစုဝင်များသည် ဝမ်းနည်းကြေကွဲစွာခံစားနေရပြီး မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများနှင့်ကြုံတွေ့နေရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(UXO ပေါက်ကွဲမှု) UXO ပေါက်ကွဲခြင်းကြောင့် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ (သူတို့နှစ်ဦးသည် ဆယ်ကျော်သက်အရွယ်ကလေးများဖြစ်သည်။)

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ကော်လူဒမ်းကျေးရွာအုပ်စု၊ ထ--- ကျေးရွာဟောင်း အနီး (ထိုရွာဟောင်းတွင်နေထိုင်ကြသောသောရွာသားများသည် လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။)

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောရ---

စောဝ---

အသက်

၁၇ နှစ်

၁၆ နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

မရှိ

မရှိ

အလုပ်အကိုင်

လယ်ယာ

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

လူသောမြို့နယ်၊ နောယိုထကျေးရွာအုပ် စု၊ ဃ--- ကျေးရွာ

လူသောမြို့နယ်၊ နောယိုထကျေးရွာအုပ်စု၊ အ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

အခင်းဖြစ်ပွားပြီးနောက် လူသောမြို့နယ်၊ ကော်လူဒမ်းကျေးရွာအုပ်စု၊ ပ--- ကျေးရွာတွင် စားစရာများနှင့်အခြားလိုအပ် သည့်အရာများ သွားဝယ်ယူနေသော ပေကေးကျေးရွာအုပ်စု၊ ဟ--- ကျေးရွာမှ ရွာသားတစ်ဦးသည် ပေါက်ကွဲမှုကြောင့် ထိမှန်ခံရသောကလေးနှစ်ဦးကို တွေ့ရှိခဲ့ပြီး ဤဖြစ်စဉ်နှင့်ပတ်သက်၍ (KHRG သတင်းစုဆောင်းသူတစ်ဦးအား) အကြောင်းကြားခဲ့သည်။ ထို့နောက် KHRG သတင်းစုဆောင်းသူသည် (ဒဏ်ရာရရှိခဲ့သော) စောရ--- မိခင်၏အဒေါ်ဖြစ် သူကို သွားရောက်မေးမြန်းခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် KHRG ရုံးဝန်ထမ်းတစ်ဦးသည် လည်း သတင်းအကြောင်းအရာများပိုမိုသိရှိရန်အတွက် စောရ---၏မိခင်ဖြစ်သူ နော်က---ကို အင်တာဗျူးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာကို ပြောပြသောသူသည် စောရ---မိခင်၏အဒေါ်ဖြစ်သူ နော်စ---ဖြစ်သည်။ နော်စ---သည် ပ--- ကျေးရွာတွင် တာဝန်ယူထမ်းဆောင်ရသော ဒေသခံ KWO (ကရင်အမျိုးသမီးအဖွဲ့အစည်း) ၏ဥက္ကဌတစ်ဦးဖြစ်သည်။ နော်စ---သည် သေဆုံးသွားသော စောရ--- ၏အသုဘအတွက် ကူညီပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သော (သူ၏တူလေးဖြစ်သူ) စောဝ---အား ဆေးရုံသို့ပို့ဆောင်ရန် သယ်ယူပို့ဆောင်ရေးအတွက် လှေတစ်စီးစီစဉ်ပေးခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက် ၍ စောရ--- ၏မိခင် (နော်က---) သည်လည်း မျှဝေပြောပြခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ နောယိုထကျေးရွာအုပ်စုမှ ရွာသား နှစ်ဦးဖြစ်သော စောရ--- (၁၇နှစ်) နှင့်စောဝ--- (၁၆နှစ်) တို့သည် သံလွင်မြစ်သို့ ငါးထွက်ရှာခဲ့သည်။ အဆိုပါရွာသား နှစ်ဦးသည် (ကော်လူဒမ်းကျေးရွာအုပ်စု၊ ပ--- ကျေးရွာမှထွက်ခွာလာခဲ့ပြီး) လမ်းဘေးနားတစ်နေရာတွင် မပေါက်ကွဲ သေးသောလက်နက်ကြီးတစ်လုံးကို တွေ့ရှိခဲ့သည်။ မပေါက်ကွဲသေးသောလက်နက်ကြီးတစ်လုံးကို တွေ့ရှိခဲ့သည့်နေရာ သည် ကော်လူဒမ်းကျေးရွာအုပ်စု၊ ထ--- ကျေးရွာဟောင်းနှင့် ၁.၆ ကီလိုမီတာ ကွာဝေးသည်။ ထိုရွာသားနှစ်ဦးသည် (၎င်းတို့မြင်တွေ့သည့်အရာသည် မည်သည့်အရာမှန်းမသိရှိဘဲ) မပေါက်ကွဲသေးသောလက်နက်ကြီးတစ်လုံးကို ကောက် ယူ၍ ထုခွဲခဲ့သည်။ ထိုလက်နက်ကြီးသည်ပေါက်ကွဲသွားပြီး လက်နက်ကြီးအစအနများသည် ၎င်းတို့အား ထိမှန်ခဲ့သည်။ လက်နက်ကြီးထိမှန်၍ အသက် (၁၆) နှစ်အရွယ်ရှိသော စောဝ---သည် ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အသက် (၁၇) နှစ်အရွယ်ရှိသော စောရ--- မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ (စောရ--- ၏မိသားစုဝင်တစ်ဦးဖြစ်သော နော်စ---၏ ပြောပြချက်အရ) ၎င်းတို့နှစ်ဦးသည် ကလေးများဖြစ်ပြီး လက်နက်ကြီးကျည်ဆံကို တစ်ခါမှမမြင်ဖူးသည့်အတွက် ၎င်းတို့ တွေ့ရှိသည့်အရာသည် UXO တစ်လုံးဖြစ်ပြီးမည်မျှအန္တရာယ်ရှိကြောင်း မသိရှိခဲ့သည့်အတွက်ကြောင့် ဤသို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါရွာသားနှစ်ဦးသည် မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် ပ--- ကျေးရွာတွင် လာရောက်နေထိုင်ပြီး အလုပ် ရှာဖွေခဲ့သည်။ ထ--- ကျေးရွာဟောင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်စခန်းဟောင်းအနီးတွင် တည်ရှိပြီး ပ--- ကျေးရွာနှင့်လည်း သိပ်မဝေးပေ။ ပ--- ကျေးရွာမှ ရွာသားများသည် ပေါက်ကွဲမှုအသံကို ကြားခဲ့ပြီး နောက် အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်သောအခါ စောဝ--- သေဆုံးနေသည်ကို နော်စ---နှင့်အခြားရွာသားများက တွေ့ရှိခဲ့သည်။ စောရ---မှာ သူ၏ဘယ်လက်တစ်ဖက် ပြတ်ထွက်ခဲ့ပြီး ညာဖက်လက်တစ်ဖက်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ (ညာဖက်လက်မှ လက်မ၊ လက်ညှိုးနှင့် လက်ခလယ်တစ်ဝက်ဆုံးရှုံးခဲ့ရသည်။) ထို့အပြင် သူ၏ရင်ဘတ်၊ ခြေထောက်၊ နဖူး၊ ပါး၊ နှာခေါင်းနှင့် ပါးစပ်တစ်ဝိုက်တွင် လည်း ဒဏ်ရာရရှိခဲ့သည်။

 

ဒဏ်ရာပြင်းထန်စွာရရှိနေသော စောရ---၏အခြေအနေကိုမြင်တွေ့ခဲ့သည့် စောရ--- မိခင်၏အဒေါ်ဖြစ်သူ နော်စ---သည် ယခုလိုရှင်းပြသည်။ “(စောရ---) သူသေမယ်လို့ကျွန်မတို့ထင်ခဲ့တယ်။ သူ့ကို ဆေးရုံအချိန်မီပို့နိုင်မယ်လို့ ကျွန်မတို့ မထင်ခဲ့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေချည်းပဲ။ သူ့လက်တစ်ဖက်လည်း ပြတ်သွားတယ်။ အခြားလက် တစ်ဖက်လည်း စုတ်ပြတ်သတ်သွားတယ်။ သူ့ရဲ့ရင်ဘတ်၊ ပေါင်၊ ခြေထောက်နဲ့နဖူးမှာလည်း (လက်နက်ကြီးအစအန) ထိမှန်ခဲ့တယ်။” နော်စ---သည် ဆက်လက်၍ “သူ့ဒဏ်ရာအခြေအနေကိုကြည့်မယ်ဆိုရင် ဒဏ်ရာက တော်တော်ပြင်း ထန်တယ်။ သူအလုပ်ပြန်လုပ်နိုင်မလား၊ မနိုင်ဘူးလားဆိုတာ ကျွန်မတို့မသိနိုင်ဘူး။ သူ့ရဲ့အခြားလက်တစ်ဖက်သာ အဖြတ်မခံရဘူးဆိုရင် သူ့ကိုယ်သူဂရုစိုက်နိုင်မယ်ထင်တယ်။ သူ့ရဲ့လက်နှစ်ဖက်စလုံးသာ ဆုံးရှုံးရမယ်ဆိုရင် သူအနေနဲ့ တော်တော်လေးဒုက္ခရောက်မှာ။ သူ့ကိုယ်သူလည်း ဂရုစိုက်ရတယ်။ သူ့မိသားစုကိုလည်း စောင့်ရှောက်ရတယ်။ ဒါက တကယ့်ပြဿနာပဲ။” ဟုပြောပြသည်။ နော်စ---သည် ပ--- ကျေးရွာတွင်တာဝန်ယူရသော ဒေသခံ KWO ၏ဥက္ကဌ တစ်ဦးဖြစ်သည်။

 

အခင်းဖြစ်ပွားချိန်တွင် ရွာသားများသည် အလွန်တရာစိုးရိမ်ပူပန်မိသည်။ အကြောင်းမှာ ဒဏ်ရာရရှိနေသည့် စောရ---အား အချိန်မီဆေးကုသပေးမည့်သူ တစ်ဦးမှမရှိသောကြောင့်ဖြစ်သည်။ စောရ--- မိခင်၏အဒေါ်ဖြစ်သူ နော်စ---သည် စောရ---ကို အားပေးစကားပြောခဲ့သည်မှာ “မင်းမသေစေရဘူး။ အားတင်းထားပါ။ မင်းအတွက် ဆေးကုသမှုရအောင် လုပ်ပေးမယ်။ သဘောကောင်းတဲ့ကျန်းမာရေးလုပ်သားတွေနဲ့မင်းသူငယ်ချင်းတွေကို ပေးတွေ့မယ်နော်။ အခုတော့ မင်း တစ်ယောက်ဘဲသွားရမယ်။ ဒါပေမဲ့ မနက်ဖြန်ကျရင် မင်းရဲ့မိဘတွေက မင်းဆီကို သွားလည်မယ်။ သူတို့က မင်းဘေး နားမှာရှိနေပြီး အားပေးစကားတွေပြောမယ်။” နော်စ---၏အားပေးစကားကြောင့် စောရ---သည် အားတက်သွားပြီး သူ့ကိုအမြန်ဆေးရုံပို့ပေးရန် လူတွေကိုအကူအညီတောင်းဆိုခဲ့သည်။ သူ့ကိုယ်သူလည်း အသက်ရှင်ရမည်ဟု အားတင်း ထားခဲ့သည်။

 

ထိုနေရာဒေသအနီးနားတွင် ဆေးရုံလည်းမရှိသလို ကျန်းမာရေးလုပ်သားများလည်း မရှိသည့်အတွက်ကြောင့် ရွာသား များသည် စောရ--- ကို အတတ်နိုင်ဆုံး ခ--- ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သည်။ ခ---ဆေးရုံသည် ကရင်ပြည်နယ်မြောက် ပိုင်း၊ မူတြော်ခရိုင်ရှိ သံလွင်မြစ်ကမ်းနားတွင်တည်ရှိသည်။) စောရ--- ၏အဒေါ်နှင့်အခြားရွာသားများသည် ညနေငါး နာရီဝန်းကျင်တွင် စောရ--- အား ဆေးရုံသို့ပို့ဆောင်ရန် လှေတစ်စီးစီစဉ်ပေးခဲ့သည်။ ရွာသားတစ်ဦးဖြစ်သည့်စောသ---နှင့်လှေသမားတစ်ဦးတို့သည် စောရ--- ကို လှေဖြင့် ခ--- ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ဆေးရုံသို့ရောက်ရန် သုံးနာရီကျော် ကြာသည်။ စောရ--- သည် ခ--- ဆေးရုံတွင် တစ်ညဆေးကုသမှုခံယူခဲ့သည်။ လမ်းခရီးစရိတ်အတွက် လှေသမားက ဆီသုံးပုလင်းဖိုး ထိုင်းဘတ်ငွေ (၂၇၀)နှင့် ပို့ဆောင်ခအတွက် ထိုင်းဘတ်ငွေ (၃၅၀၀) တောင်းခဲ့သည်။

 

စောရ---ကို ဆေးကုသပေးရန်အတွက်လိုအပ်သည့်ဆေးဝါးပစ္စည်းများ လုံလောက်စွာမရှိသည့်အတွက်ကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ခ---ဆေးရုံမှ ကျန်းမာရေးလုပ်သားများသည် စောရ--- အား ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင် ပြည်နယ်ရှိ လ--- ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် စောရ--- ကို ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ပြည်နယ် ရှိ န--- ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြန်သည်။ စောရ--- အနေဖြင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေစဉ် အစပိုင်း တွင် သူ့အား ကြည့်ရှုစောင့်ရှောက်ပေးရန် မည်သူမှမရှိခဲ့ပေ။ ထို့ကြောင့် လ--- ဆေးရုံမှ ကျန်းမာရေးလုပ်သားများသည် သူ့အ တွက် လူနာစောင့်တစ်ဦး ငှားရမ်းပေးခဲ့ပြီး တစ်နေ့လျှင် ဘတ် (၂၀၀) ပေးရသည်။ စောရ--- ၏မိခင်သည် ခ---ဆေးရုံသို့ ရောက်ရှိရန် နှစ်ရက်ကြာမြင့်ခဲ့သည်။ သို့သော် သူ၏သားကို န--- ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီးဟု သိရှိခဲ့ရ သည်။ နောက်ဆုံးမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် စောရ--- ၏မိခင်သည် န--- ဆေးရုံသို့ ရောက်ရှိခဲ့သည်။ န--- ဆေးရုံတွင် သူ၏သားကို သူကိုယ်တိုင်ပြုစုစောင့်ရှောက်ခဲ့ပြီး သူ့သားကိုကြည့်ရှုခဲ့သောလူနာစောင့်ကို ဘတ် (၃၀၀၀) ပေးခဲ့သည်။

 

(စောရ--- ၏မိခင်ဖြစ်သူ) နော်က--- ၏ပြောပြချက်အရ သူ၏သားသည် န--- ဆေးရုံတွင် ကိုးရက်ကြာ ဆေးကုသမှု ခံယူခဲ့သည်။ ကျန်းမာရေးလုပ်သားများသည် စောရ--- အား ဆေးကုသပေးနေစဉ် စောရ--- မှာ မျက်လုံးနီရဲပြီး နာနေ သည်ကို သတိပြုမိခဲ့သည်။ (၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင် ကြားသိရှိရသည့်သတင်းအရ) စောရ--- မျက်လုံး နာသည့် အခြေအနေသည် ပြန်လည်သက်သာလာပြီးဖြစ်သည်။ သူ၏လက်တွင်ရရှိသော ဒဏ်ရာများလည်း ပြန်လည် ပျောက်ကင်းလာပြီးဖြစ်သည်။ သို့သော်လည်း လာမည့်နှစ်ပတ်အတွင်း ဆေးစစ်ရန်အတွက် န--- ဆေးရုံသို့သွားပြရန် လိုသည်။ နော်က--- မှ သူ၏သားကျန်းမာရေးအခြေအနေတိုးတက်လာသည်ကို မြင်တွေ့ခဲ့ပြီး သူ၏ခံစားချက်ကို ယခုလိုပြောပြခဲ့သည်။ “အခုကျွန်မရဲ့သားအခြေအနေက တစ်ဖြေးဖြေးနဲ့ပြန်ကောင်းလာတာတွေ့ရတော့ အရမ်းပျော် တယ်။”

 

စောရ--- တွင် မိသားစုဝင်သုံးဦးရှိသည်။ ထိုသုံးဦးမှာ သူ၏ဖခင်၊ မိခင်နှင့်ညီလေးတို့ဖြစ်ကြသည်။ ညီလေးဖြစ်သူမှာ အသက် (၁၄)နှစ်ရှိပြီး ခြောက်တန်းကျောင်းသားတစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူမှာ မောပန်းလွယ်သော ဝေဒနာကို ခံစား နေရပြီး အချိန်ပြည့်အလုပ်မလုပ်နိုင်ပေ။ မိခင်ဖြစ်သူမှာ လူသောမြို့နယ်၊ နောယိုထကျေးရွာအုပ်စု၊ အ--- ကျေးရွာတွင် သာသနာပြုဆရာမတစ်ဦးအနေဖြင့် လုပ်ကိုင်နေလျက်ရှိသည်။ ဤဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် စောရ--- ၏မိသားစုမှာ စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရသည်။ အကြောင်းမှာ စောရ--- သည် သူ၏မိသားစုပိုင်ဆိုင်သည့် လယ်ယာတွင် တစ်ယောက်တည်းလုပ်ကိုင်နေရသောသူတစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။ စောရ--- သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့်အချိန်တွင် အသက် (၁၄) နှစ်အရွယ်ရှိသော သူ၏ညီလေးသည် မိသားစုစားဝတ်နေရေးအ တွက် နှစ်ပတ်ကြာအောင် လယ်ယာတွင် အလုပ်လုပ်ခဲ့ရသည်။

 

အခင်းဖြစ်ပွားသည့်နေ့တွင်ပင် ပ--- ကျေးရွာသားများ စုပေါင်း၍ စောဝ--- ၏ရုပ်အလောင်းကို မြှုပ်နှံပေးခဲ့သည်။ (ရွာသား များသည် စောဝ--- ၏မိခင်ကိုအကြောင်းကြားပြီး သူ့သားအသုဘအတွက် လာကြည့်ခဲ့သည်။) စောဝ--- သေ ဆုံးပြီးနောက် သူ၏မိခင်မှာ သမီးခြောက်ဦး၊သားနှစ်ဦးနှင့်အတူကျန်ရစ်ခဲ့ပြီး မိသားစုစားဝတ်နေရေးအတွက် အခက်အခဲ များကြုံတွေ့နေရသည်။ စောဝ--- ၏ဖခင်သည် လွန်ခဲ့သည့်နှစ် (၂၀၂၃ ခုနှစ်) က ရောဂါဖြင့် ဆုံးပါးသွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စောဝ---သည် ဖခင်တာဝန်ကိုယူ၍ မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ပေးခဲ့သည်။ သားဖြစ်သူ တစ်ဦးသေဆုံးသွားသည့်အတွက် စောဝ--- ၏မိခင်သည် ကျန်ရစ်သော သားသမီးများကို စောင့်ရှောက်ရာတွင် အခက် အခဲများရှိနေပါသည်။

 

အဆိုပါကလေးနှစ်ဦးမှ မပေါက်ကွဲသေးသောလက်နက်ကြီးတစ်လုံးကိုတွေ့ရှိခဲ့သည့်နေရာသည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသည့်နေရာဒေသဖြစ်သည်။ ဤလက်နက်ကြီးတစ်လုံးကို မည်သည့်လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း မသိ ရှိရပေ။ အကြောင်းမှာ ပဋိပက္ခအတွင်း ထိုနေရာဒေသတွင်လှုပ်ရှားနေသော လက်နက်ကိုင်တပ်ဖွဲ့အများအပြား ရှိနေ သောကြောင့်ဖြစ်သည်။ UXO ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာဒေသသည် ယခင်က မြေမြှုပ်မိုင်းပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားခဲ့သောနေရာဒေသလည်းဖြစ်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အများစုမှာ သစ်ပင်လှဲကျပြီး မြေမြှုပ်မိုင်းကိုထိမှန်ခြင်းကြောင့်ဖြစ်သည်။ တခါတရံတွင်လည်း တိရစ္ဆာန်များက မြေမြှုပ်မိုင်းတက်နင်းမိပြီး ပေါက်ကွဲ သည့်ဖြစ်စဉ်လည်းရှိသည်။ UXO တည်ရှိနေမှုကြောင့် ရွာသားများသည် ရွာအပြင်သို့ထွက်ပြီး ၎င်းတို့၏လယ်ယာခြံ ထဲတွင် သွားရောက်လုပ်ကိုင်ရန်ကြောက်ရွံ့နေသည့်အတွက် အခက်အခဲများနှင့်ကြုံတွေ့နေရသည်။ ပ--- ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ UXO များကို ရှင်းလင်းပေးရန်အတွက် မည်သည့်အဖွဲ့အစည်းများ သို့မဟုတ် လူသားချင်းစာနာထောက် ထားမှုအဖွဲ့များမရှိပါ။ ထို့အပြင် ဒေသခံရွာသားများလည်း UXO အန္တရာယ်အသိပညာပေးသင်တန်းများကို တစ်ခါမှ မတက်ရောက်ဖူးကြပါ။

 

UXO တည်ရှိနေမှုကြောင့် စောရ--- မိခင်၏အဒေါ်ဖြစ်သူ နော်စ---မှ ယခုလိုရှင်းပြသည်။ “UXO တည်ရှိနေတဲ့အခြေအ နေနဲ့ပတ်သက်ပြီး ရွာသားတွေအနေနဲ့ ဘာမှလုပ်မရဘူး။ တစ်ခုပဲလုပ်နိုင်တာကတော့ ပိုပြီးသတိထားရမယ်။ အန္တရာယ် ရှိတဲ့နေရာတွေကို မသွားမိအောင်ရှောင်တယ်။ အဲလိုနေရာကိုသွားလို့မရဘူးလေ။ ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ့်ကိုယ်ကို ကာကွယ်ရတယ်။ တစ်ခြားနည်းလမ်းတော့ မရှိဘူး။”

 

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် KHRG လက်ခံရရှိသည့်သတင်းအရ စောရ--- နှင့်စောဝ--- တို့၏မိသားစုဝင် များသည် ထိုင်းနိုင်ငံရှိ အစိုးရအဖွဲ့မဟုတ်သော နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတစ်ခုမှ ပေး သောကူညီထောက်ပံ့မှုကို လက်ခံရရှိခဲ့သည်။ ထိုကူညီထောက်ပံ့မှုသည် ဆေးဝါးကုသမှုစရိတ်နှင့် ကျန်ရစ်သူမိသားစု အတွက် ထောက်ပံ့ကြေးများဖြစ်သည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

စောရ--- ၏မိသားစုဝင်နှင့်ဆွေမျိုးသားချင်းများသည် အနာဂတ်တွင် UXO အန္တရာယ်များ လျော့ကျလာစေရန် ရည်ရွယ် ချက်ဖြင့် ဤသတင်းအချက်အလက်များကို KHRG အား ရေးသားဖြန့်ဝေခွင့်ပေးခဲ့သည်။

Mon, 30 Sep 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings