နိဒါန်း
မြေမြှုပ်မိုင်းအသုံးပြုမှုနှင့် မပေါက်ကွဲသေးသောလက်နက်ခဲယမ်းများ (UXO) သည် မြန်မာပြည်အရှေ့တောင်ပိုင်း တွင် ကျယ်ပြန့်စွာဆက်လက်တည်ရှိနေပါသည်။ ၎င်းတို့သည် ဒေသခံရွာသားများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ် စေပြီး အသက်မွေးဝမ်းကျောင်းပြုရေးနှင့် ခရီးသွားလာလုပ်ကိုင်ရာတွင် အနှောက်အရှက် ဖြစ်စေသည့်အရာလည်း ဖြစ်သည်။ ထို့ပြင် ထိုအရာသည် ပြည်တွင်း၊ပြည်ပဒုက္ခသည်များအတွက် နေရပ်ပြန်လာရန် အဓိကအတားအဆီး တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။
ကမ္ဘာ့ကုလသမဂ္ဂ၏မြန်မာနိုင်ငံသတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့မှ တင်ပြသောအစီရင်ခံစာအရ လွန်ခဲ့ သောဆယ်စုနှစ်များတွင် စစ်ပွဲကာလအတွင်း ကျန်ရှိခဲ့သော ပေါက်ကွဲစေနိုင်သည့် လက်နက်ခဲယမ်းများ သို့မဟုတ် မြေမြှုပ်မိုင်းများသည် တိုင်းနှင့်ပြည်နယ်ဒေသများရှိ မြန်မာအစိုးရသတ်မှတ်ထားသည့်မြို့ နယ်များအားလုံးနီးပါးတွင် ဆက်လက်တည်ရှိနေသေးပါသည်။ သို့သော်လည်း မည်သည့် မြေမြှုပ်မိုင်းရှင်း လင်းရေးအဖွဲ့အစည်း၏စီမံခန့်ခွဲမှု အောက်တွင် မြေမြှုပ်မိုင်းများ ရှင်းလင်းဖယ်ရှားခြင်းမရှိခဲ့ပေ။[1] KHRG ၏ မှတ်တမ်းများအရ ၂၀၂၁ခုနှစ်၊ သြဂုတ်လမှ ၂၀၂၁ခုနှစ်ဇန်နဝါရီလအထိတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား (၅)ဦးသေဆုံး ခဲ့ပြီး (၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြန်မာနိုင်ငံသည် မိုင်းအသုံးပြုမှုတားမြစ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသလို Convention on Cluster Munitions ၏အဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပေ။ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်းရှားမှု အဖွဲ့ (ICBL) ၏လေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျန်ရှိနေသောမြေမြှုပ်မိုင်းများ ထုတ်လုပ်မှုအများဆုံးနိုင်ငံ (၁၂)နိုင်ငံမှ တစ်နိုင်ငံအဖြစ်တည်ရှိနေပြီး မြန်မာနိုင်ငံ၏လုံခြုံရေးတပ်ဖွဲ့များမှ မြေမြှုပ်မိုင်း များအား ယခုအချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်အသုံးပြုနေသော တစ်နိုင်ငံတည်းသာအဖြစ် သတ်မှတ်ခံရ သည်။ ICBL အဖွဲ့သည် ၁၉၉၉ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် တပ်မတော်နှင့်[2] အခြားသောလက်နက်ကိုင်တပ်ဖွဲ့များမှ လူသတ်မိုင်းများအား အသုံးပြုခြင်းနှင့်ပတ်သက်ပြီး နှစ်စဉ်၊ နှစ်တိုင်း အစီရင်ခံမှတ်တမ်းပြုစုခဲ့သည်။[3] ထို့အပြင် KHRG ၏သတင်းမှတ်တမ်းများအရ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်၏အပိုင်း ၅ (က) နှင့် နှစ်ဦးနှစ်ဖက်လိုက်နာရမည့်ကျင့်ဝတ်မှုအောက်တွင်ရှိသော အပိုင်း ၈ (က)တို့တွင်[4] မြေမြှုပ်မိုင်းများအား အသုံးပြု ခြင်းကို တားမြစ်ထားသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)[5] နှင့် တပ်မတော်တို့သည် မြေမြှုပ်မိုင်းသစ်များကို ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။
၂၀၂၀ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရလအထိ KHRG မှ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အနည်းဆုံး မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုဖြစ်စဉ် (၇)ခုအား မှတ်တမ်းပြုစုခဲ့ပြီး ထိုပေါက်ကွဲမှုများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့၍ တစ်ဦးသေဆုံးခဲ့သည်။
(က) မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ
၂၀၂၀ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရလအထိ KHRG မှ မူတြော်ခရိုင် (ဖာပွန်)၊ ဘားအံ၊ ဒူးသထူ (သထုံ) နှင့် ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်များတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် (၅)ခုကို မှတ်တမ်းပြုစုခဲ့သည်။ မြေမြှုပ် မိုင်းပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါရွာသားငါးဦးသည် စားဝတ်နေရေးအတွက် ခရီးသွားလာလုပ်ကိုင်ရာမှ မြေမြှုပ်မိုင်းများအား နင်းမိခဲ့ခြင်းဖြစ်သည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် (၅)ခုအနက် (၄)ခုမှာ KNLA စစ်သားများမှ ထောင်ထားခဲ့သော မြေမြှုပ်မိုင်း များဖြစ်ပြီး KNLA မှ တပ်မတော်၏စစ်လှုပ်ရှားမှုများအား ပြန်လည်တုန့်ပြန်ရန်သော်လည်းကောင်း၊ ရွာသားများနှင့် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းပြုမှုကို ကာကွယ်ပေးရန်အတွက်သော်လည်းကောင်း မြေမြှုပ်မိုင်းများအား အသုံး ပြုခဲ့ခြင်းဟု ဆိုသည်။ မြေမြှုပ်မိုင်းများတည်ရှိမှုကို ရွာသားများအား အကြောင်းကြားအသိပေးခြင်းရှိသော်လည်း မြေမြှုုပ်မိုင်းအန္တရာယ်မှ ရွာသားများအား ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရွာသားများသည် ရွေးချယ်စရာမရှိဘဲ ၎င်းတို့စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ရမည်ဖြစ်သောကြောင့် အရဲစွန့်၍ မြေမြှုပ်မိုင်း တည်ရှိရာနေရာများတွင် သွားလာလုပ်ကိုင်နေရခြင်းဖြစ်သည်။ တပ်မတော်နှင့် KNLA ကြားတွင် လက်နက်၊ အင်အားမညီမျှသည့်အတွက်ကြောင့် KNLA မှ ၎င်းတို့ နယ်မြေကိုကာကွယ်ရန်အတွက် မြေမြှုပ်မိုင်းများကို ဆက်လက်၍အသုံးပြုနေသည့်ပုံပေါ်သည်။ အထူးသဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း တွင်[6] လက်နက်ကိုင်ပဋိပက္ခများ ပို၍မြင့်မား လာသည့်အခြေအနေတွင် KNLA သည် မြေမြှုပ်မိုင်းများကို ပို၍အသုံးပြုရခြင်းဖြစ်သည်။ KNLA သည် စစ်ရေးဗျူဟာအကြောင်းပြချက်အရ ၎င်းတို့ထောင်ထားသည့် မြေမြှုပ်မိုင်းများ၏ တည်နေရာအတိအကျကို ဒေသခံရွာသားများအား ပြောပြထားခြင်းမရှိသည့်အပြင် ထိုမြေမြှုပ် မိုင်းများတည်နေရာကိုလည်း အမှတ်အသားလုပ်ထားခြင်းလည်းမရှိပေ။ မြေမြှုပ်မိုင်း၏သဘောသဘာဝအရ မည်သူမဆို ၎င်းကိုနင်းမိပါက အသက်အန္တရာယ်ရှိနိုင်ပါသည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များတွင် နစ်နာသူများအတွက် လုံလောက်သော ရှေရှည်ကူညီထောက်ပံ့မှုမရှိခြင်း သည် သိသာထင်ရှားသောအရာတစ်ခုဖြစ်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက်တွင် ထိခိုက်နစ်နာသူများနှင့် ၎င်းတို့မိသားစုဝင်များအားလုံးမှ မတူညီသည့်အဖွဲ့များမှ ပံ့ပိုးကူညီပေးသည့် တစ်ချို့သောထောက်ပံ့မှုများကို လက်ခံရ ရှိခဲ့သော်လည်း အများအားဖြင့် ဆေးကုသမှုစရိတ်လောက်သာ ပေးနိုင်ခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဖြစ် ပေါ်လာသောအကျိုးဆက်က ထိခိုက်နစ်နာသူများအား စားဝတ်နေရေး အတွက်လုပ်ကိုင်နိုင်သည့်စွမ်းရည်ကို ထိခိုက် စေသည့်အတွက်ကြောင့် ၎င်းတို့အခက်အခဲကို ဖြေရှင်းပေးရန် ၎င်းတို့သည် ရေရှည်ကူညီထောက်ပံ့မှုများအား မရရှိ ကြပါ။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ၏မိသားစုဝင်များသည် ၎င်းတို့ကို ကျွေးမွေးစောင့်ရှောက်သူ အား ဆုံးရှုံးရသည့်အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်။ ဖြစ်စဉ်တစ်ခုတွင် မြေမြှုပ်မိုင်းထိမှန်သူတစ်ဦး၏ ၁၄နှစ်အရွယ် သားတစ်ဦးသည် ကျောင်းမှထွက်လိုက်ရပြီး သူ၏မိသားစုစားဝတ်နေ ရေးအတွက် အလုပ်လုပ်ကိုင်နေရသည်။ အခြားသောမြေမြှုပ်မိုင်းထိမှန်သူအများစုမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့်အတွက် ထိုကဲ့သို့သော စားဝတ်နေရေးအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရရှိသည့်ဒဏ်ရာများသည် အလုပ်လုပ်ကိုင်ရန်အတွက် အခက်အခဲဖြစ်စေသောကြောင့်ဖြစ်သည်။ ၂၀၁၄ခုနှစ် မှစ၍ အစိုးရဌာနများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) အပါအဝင် လူသား ချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများ (၁၂)ဖွဲ့မှ မြေမြှုပ်မိုင်းကြောင့်ထိခိုက်နစ်နာသူများအတွက် ကူညီထောက်ပံ့မှု များနှင့် ဝန်ဆောင်မှုများရရှိရန် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေလျှက်ရှိသော်လည်း အထူးသဖြင့် မြန်မာပြည်ကျေး လက်နေဒေသများတွင် ထိုသို့သောထောက်ပံ့မှုဆိုင်ရာဝန်ဆောင်မှုများ အားနည်းနေလျှက်ရှိသည်။[7]
(၁) ပထမဖြစ်စဉ်
၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ဘ---ကျေးရွာမှ အသက် ၄၅နှစ်အရွယ် စောအ---သည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ထီးသဒေါထကျေးရွာအုပ်စုရှိ တောတစ်တောတွင် မြေမြှုပ်မိုင်းတစ်လုံးနင်းမိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ ဤမြေမြှုပ်မိုင်းကို ဒီမိုကရေတစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ခွဲထွက် အဖွဲ့မှ ထောင်ထားခဲ့သည်ဟု ဒေသခံများက ဆိုသည်။[8]
စောအ---နှင့်၎င်းမိသားစုသည် မြိုင်ကြီးငူစစ်ပြေးရှောင်စခန်းတွင် နေထိုင်ပါသည်။[9] သို့သော်လည်း စောအ---သည် ၎င်း၏မိသားစုစားဝတ်နေရေးအတွက် ဘ---ရွာသို့ပြန်ပြီး အလုပ်လုပ်ကိုင်နေလေ့ရှိသည်။ ၎င်းမှ သစ်တောထဲတွင် ဝါးကိုခုတ်၍အမဲလိုက်နေစဉ်အတွင်း မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် သူ၏ဘယ်ခြေထောက် လက်မ ပြတ်ထွက်သွားပြီး သူ၏ဘယ်ခြေမျက်စီလည်း ကျိုးသွားခဲ့သည်။ ထို့ပြင် သူ၏ခြေထောက်တွင်လည်း မီးလောင်ထားသော ဒဏ်ရာများ ရရှိခဲ့သည်။ ဆေးကုသမှုခံယူရန်အတွက် စောအ---ကို ဘားအံအထွေထွေဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ မြိုင်ကြီးငူမှ ဆရာတော်တစ်ပါးနှင့် တပ်မတော်အရာရှိများသည် စော---အား စားစရာများနှင့် ဆေးကုသမှုစရိတ်များ ထောက်ပံ့ပေးခဲ့သည်။
ယခုအချိန်တွင် စောအ---နှင့် ၎င်းမိသားစုသည် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ သို့သော်လည်း စောအ---သည် အခြားသောမည်သည့်ငွေကြေးထောက်ပံ့မှုများ မရရှိခဲ့ပါ။
(၂) ဒုတိယဖြစ်စဉ်
၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် စောစ---သည် ဘားအံခရိုင်၊ လုပလဲ့ (လှိုင်းဘွဲ) မြို့နယ်တွင် အမဲလိုက်နေ စဉ်အတွင်း မြေမြှုပ်မိုင်းတစ်လုံးနင်းမိခဲ့သည်။ စောစ---သည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအာဒဲကျေးရွာအုပ်စု၊ ဒ---ရွာတွင် နေထိုင်သောရွာသားတစ်ဦးဖြစ်သည်။ KNLA မှ မြန်မာအစိုးရ၏ရေကာတာဆောက်လုပ်ခြင်းကို တားဆီး ရန်နှင့် မိမိနယ်မြေကာကွယ်ရန်အတွက် ဤမြေမြှုုပ်မိုင်းကို ၂၀၁၉ခုနှစ်တွင် ထောင်ထားခဲ့ခြင်းဖြစ်သည်။ KNLA သည် မြေမြှုပ်မိုင်းများအား ထောင်ထားခြင်းမပြုမှီတွင် ရွာသားများအား အကြောင်းကြားအသိပေးခဲ့ကြောင်း KNLA ကိုယ်စားလှယ်တစ်ဦးမှ KHRG အား ပြောပြခဲ့သည်။
စောစ---သည် မြေမြှုုပ်မိုင်းတည်ရှိမှုကို သိရှိထားပြီးသားဖြစ် သည်။ သူသည် ထိုနေရာတွင် တစ်ခါ ရောက်ဖူးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုမြေမြှုပ်မိုင်းထောင်ထားသည့် နေရာထိ မရောက်ခဲ့ပေ။ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် သူသည် ထိုနေရာထက် ကျော်လွန်၍ အမဲလိုက်ခဲ့ပြီး မြေမြှုပ်မိုင်းနင်းမိခဲ့သည်။ ထို့နောက် စောစ---အား ထိုင်းနိုင်ငံ၊ ချင်းမိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သူ၏ညာခြေထောက်တွင် ဒဏ်ရာများရရှိခဲ့ပြီး သူ၏အချို့သောခြေချောင်းများ လည်း အဖြတ်ခံခဲ့ရသည်။
စောစ---သည် ဆေးကုမှုစရိတ်အတွက်ကုန်ကျသည့် ဘတ် တစ်သိန်းကို ပေးဆောင်ရန်ပိုက်ဆံမရှိပေ။ သို့သော်လည်း KNLA အရာရှိဖြစ်သူ ကေလေးမှ ဆေးကုသမှုစရိတ်အချို့နှင့် ပို့ဆောင်ရေးကုန်ကျငွေအားလုံးကို ပေးဆောင်ခဲ့သည်။ ကျန်ရှိ သောဆေးကုသမှုစရိတ်အားလုံးကို အခြားသူတစ်ဦးမှ ပေးဆောင်ခဲ့သည်။ သို့သော် စောစ---သည် ၎င်းဆေး ကုသမှုစရိတ်အတွက် ကူညီထောက်ပံ့ပေးသူသည် မည်သည့်အဖွဲ့ အစည်းမှ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိခဲ့ရပေ။ စောစ---ဆေးရုံတက်နေစဉ်တွင် ၎င်း၏မိသားစုများကို KNLA အရာရှိ ကေလေးမှ စားစရာအချို့နှင့် ဘတ်တစ် ထောင်ပေးခဲ့သည်။
မည်သို့ဖြစ်စေ KNLA မှ ထိုထက်ပို၍ လျော်ကြေးငွေများ ပေးဆောင်ခြင်းမရှိခဲ့ပေ။ စောစ---မှ ၎င်းသည် မြေ မြှုပ်မိုင်းပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက်ကြောင့် ယခင်က လုပ်ကိုင်နေကျအလုပ်ကို ပြန်လည် လုပ်ကိုင်နိုင်စွမ်းမရှိတော့ကြောင့် KHRG ကွင်းဆင်းလုပ်သားအား ပြောပြခဲ့သည်။ ထို့ကြောင့် စောစ---သည် ၎င်း၏မိသားစုစားဝတ်နေရေးအတွက် ကူညီထောက်ပံ့ရာတွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။
(၃) တတိယဖြစ်စဉ်
၂၀၂၀ခုနှစ်၊ မေလ ၂၄ရက်နေ့၌ မွန်းလွဲ ၂နာရီခန့်တွင် ယ---ရွာတွင်နေထိုင်သော အသက်၅၇နှစ်အရွယ် ရွာသား တစ်ဦးဖြစ်သူ စောဆ---သည် မူတြော်ခရိုင်၊ ဒွယ်လိုမြို့နယ်၊ ထီးသဘလုထကျေးရွာအုပ်စုရှိ ထွီသီးအာတောထဲတွင် မြေမြှုပ်မိုင်းတစ်လုံးနင်းမိခဲ့သည်။[10] KNLA မှ ဤမြေမြှုပ်မိုင်းကို ၂၀၂၀ခုနှစ်၊ မတ်လ သို့မဟုတ် ဧပြီလတွင် ထောင်ထားခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် NCA ကို ချိုးဖောက်နေခြင်းဖြစ်သည်။
မြေမြှုပ်မိုင်းထောင်ထားခြင်းနှင့်ပတ်သတ်ပြီး ဒေသခံရွာသားများအား အကြောင်းကြားအသိပေးခဲ့မှုများရှိသည်။ သို့သော်လည်း စောဆ---မှ ထိုနေရာဒေသတွင် မြေမြှုပ်မိုင်းမရှိကြောင်း ထင်မြင်ယူဆခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ၎င်းမှ မြေမြှုပ်မိုင်းကိုနင်းမိခဲ့ခြင်းမတိုင်မှီ တစ်ရက်အလိုတွင် ထိုနေရာတစ်ဝိုက်တွင် သက်ကယ်ရွက်များ သွားရောက်ကောက်ယူခဲ့ကြောင်းဖြစ်သည်။ စောဆ---၏သားဖြစ်သူလည်း သူ့ဖခင်အား ထိုနေရာသို့မသွားရန် သတိပေးခဲ့သော်လည်း စောဆ---မှ ထိုနေရာတွင် သွားရန်လိုအပ်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အိမ်ခေါင်မိုးအား ပြုပြင်ဆောက်လုပ်ရန် သက်ကယ်ရွက်များ မလုံလောက်သောကြောင့်ဖြစ်သည်။
စောဆ---သည် ရွာသို့ပြန်လာသည့်လမ်းတွင် မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး သူ၏ ဘယ်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ နောက်ဆုံးတွင် စောဆ---အား ဝါခါ့ဒဲ ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW)[11] ဆေးခန်းသို့ ပို့ဆောင်ခဲ့ သည်။ သူ၏ဒဏ်ရာများ ပြင်းထန်သည့်အတွက်ကြောင့် သူ၏ခြေထောက်အား ဖြတ်ခဲ့ရသည်။
စောဆ---နှင့်၎င်းမိသားစုသည် ယခုအချိန်တွင် စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ အဘယ်ကြောင့်ဆိုသော် စောဆ---သည် ခြေထောက်တစ်ဖက်ဆုံးရှုံးရသည့်အတွက်ကြောင့် ခရီးသွား၍ အလုပ်လုပ် ကိုင်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤမြေမြှုပ်မိုင်းပေါက်ကွဲမှုသည် စောဆ---နှင့်၎င်းမိသားစု စားဝတ်နေရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိစေသည်။ စောဆ---သည် ဆေးကုသမှုစရိတ်အတွက် ပေး ဆောင်ရန်မလိုအပ်ပေ။ သို့သော်လည်း သူသည် နစ်နာကြေးများနှင့် အခြားသောအကူအညီအများ လက်ခံရရှိခြင်း မရှိခဲ့ပေ။
KNLA သည် ကျေးရွာဒေသအနီးတွင် ၎င်းတို့ထောင်ထားသော တစ်ချို့သောမြေမြှုပ်မိုင်းကို ရှင်းလင်းဖယ်ရှားခဲ့ သည်။ သို့သော်လည်း မိမိနယ်မြေကာကွယ်ရန်အတွက် ကျန်ရှိသောမြေမြှုပ်မိုင်းကို ချန်ထားခဲ့သည်။ တစ်ချို့သော မြေမြှုပ်မိုင်းအား ဖယ်ရှားရန်အလွန်ခက်ခဲပါသည်။ ထို့ကြောင့် KNLA မှ ထိုမြေမြှုပ်မိုင်း တည်နေရာများကို အမှတ် အသားပြုလုပ်၍ ရွာသားများအား အသိပေးခဲ့သည်။
(၄) စတုတ္တဖြစ်စဉ်
၂၀၂၀ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ခ---ကျေးရွာတွင်နေထိုင်သော အသက် ၄၈နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဖ---သည် ၎င်း၏၁၄နှစ်ရွယ်သားဖြစ်သူနှင့်အတူ ငါးသွားရှာပြီး နောက် ရွာသို့ပြန်လာသည့် အချိန် မော်ပူပါခို့ဟု တစ်နေရာအရောက်တွင် မြေမြှုပ်မိုင်းနင်းမိခဲ့သည်။ ပေါက်ကွဲမှုကြောင့် စောဖ---၏ခြေ ထောက်တစ်ချောင်း ပြတ်ထွက်သွားခဲ့သည်။ ဒေသခံရွာသားများမှ စောဖ---အား ဆေးကုသမှုရရှိရန်အတွက် ဒေးဖိုးနို့ ကျေးရွာရှိ ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ သို့သော်လည်း စောဖ---ရရှိထားသောဒဏ်ရာမှ သွေးအလွန်ထွက် သောကြောင့် ည (၁၀)နာရီခန့်တွင် သေဆုံးသွားခဲ့သည်။
စောဖ---မှာ မွေးကင်းစကလေးတစ်ဦးအပါအဝင် ၎င်း၏အမျိုးသမီးနှင့် သား၊သမီးရှစ်ဦးရှိသည်။ စောဖ---၏အမျိုး သမီးသည် နောက်ဆုံးကလေတစ်ဦးကို မွေးဖွားပြီးနောက် ကျန်းမာရေးချို့တဲ့လာခဲ့ပြီး သူမ၏သား၊ သမီးများကိုလည်း ပြုစုစောင့်ရှောက်ရန်လိုအပ်လာသည်။ သို့သော်လည်း သူမအလုပ်မလုပ်နိုင်သည့်အတွက် သူမ၏၁၄နှစ်အရွယ် သား အကြီးဆုံးဖြစ်သူသည် (ဖခင်နှင့်အတူ လိုက်ပါသွားသော သားကြီး) ကျောင်းမှထွက်လိုက်ရပြီး မိသားစုစားဝတ်နေ ရေးအတွက် ရုန်းကန်နေခဲ့ရသည်။
တပ်မတော်၏စစ်လှုပ်ရှားမှုများ တိုးမြင့်လာသည့်အတွက်ကြောင့် KNLA အထူးတပ်ဖွဲ့မှ မိမိနယ်မြေကို ကာကွယ်ရ မည့်ရည်ရွယ်ချက်ဖြင့် ဒေသအတွင်း မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်းဖြစ်သည်။ ထို့အတူ မြေမြှုုပ်မိုင်းများအား အသုံးပြုရခြင်းသည် ဒေသခံရွာသားများနှင့် ၎င်းတို့အသက်မွေးဝမ်းကျောင်းပြုရေးကို ကာကွယ်ပေးရန်အတွက် လည်းဖြစ်သည်။ KNLA သည် မြေမြှုပ်မိုင်းများတည်ရှိမှုအကြောင်းကို ဒေသခံရွာသားများအား အသိပေးခဲ့သည်။ စောဖ---လည်း ထိုအသိပေးခြင်းကို ကောင်းစွာ သိရှိထားသည်။ သို့သော်လည်း မြေမြှုပ်မိုင်းသည် စောဖ---အား မကာကွယ်နိုင်ခဲ့ပါ။ ဆိုလိုသည်မှာ KNLA မှ မြေမြှုပ်မိုင်း၏တည်နေရာအတိအကျကို ရွာသားများအား ပြောပြခဲ့ခြင်း မရှိသောကြောင့်ဖြစ်သည်။
(၅) ပဉ္စမမြောက်ဖြစ်စဉ်
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့၌ မနက် (၈)နာရီခန့်တွင် ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ တာမော်ဒေါကျေး ရွာအုပ်စု၊ င---ကျေးရွာတွင်နေထိုင်သော အသက်၁၂နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးဖြစ်သူ စောထ---သည် အခြားသော အသက်ကြီးသည့်ရွာသားများနှင့်အတူ င---ရွာအနီးရှိတောထဲတွင် သစ်ခေါက်များ သွားရောက်ကောက်ယူနေ စဉ်အတွင်း မြေမြှုုပ်မိုင်းနင်းမိခဲ့သည်။ ပေါက်ကွဲမှုကြောင့် ၎င်း၏ဘယ်ခြေဖဖိုးပြတ် ထွက်သွားပြီး ၎င်း၏ညာပေါင် တွင်လည်း ဒဏ်ရာများရရှိခဲ့သည်။
ဆေးကုသမှုခံယူရန်အတွက် စောထ---အား ကရင်အမျိုးသားအစည်းအရုံး (KNU)[12] ဒူးသထူခရိုင်ရုံးရှိ KDHW ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ စောထ---သည် ဆေးခန်းတွင် သုံးပတ်ကြာဆေးကုသမှုခံယူပြီး နောက် ၎င်းရွာသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ စောထ---သည် ဆေးကုသမှုကုန်ကျစရိတ်ကို ပေးဆောင်ရန် မလိုပေ။ ၎င်းသည် အခြားသောရွာသားများ၊ မြို့နယ်အာဏာပိုင်များနှင့် ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) တို့ထံမှ ထောက်ပံ့ငွေ စုစုပေါင်း ၃၅၀၀၀၀ ကျပ်လက်ခံရရှိခဲ့သည်။ ယခုအချိန်တွင် စောထ---၏ဒဏ်ရာများ သည် အပြည့်အဝပျောက် ကင်းသွားပြီးဖြစ်သည်။
စောထ---နင်းမိခဲ့သော မြေမြှုပ်မိုင်းကို KNLA တပ်မဟာ (၁) တပ်ရင်းအမှတ် (၂) သို့မဟုတ် ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO)[13] မှ ထောင်ထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် ဒေသအတွင်း တပ်မတော်၏စစ်လှုပ်ရှားမှုများ တိုးမြင့်လာခြင်းကြောင့် ပြန်လည်တု့န်ပြန်ရန်အတွက် KNLA မှ တောထဲတွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့သည်ကို ဒေသခံရွာသားများအား အသိပေးအကြောင်းကြားခဲ့သည်။ ထို့အပြင် KNLA စစ်သားများမှ ဇန်နဝါရီလ ၇ရက်နေ့ ညနေပိုင်းတွင် တစ်ကြိမ်နှင့် ဇန်နဝါရီလ ၈ရက်နေ့ မနက်ပိုင်းတွင် တစ်ကြိမ် ရွာသားများအား သတိပေးခဲ့ပြန်သည်။
(က) UXO ပေါက်ကွဲမှုဖြစ်စဉ်များ
၂၀၂၀ခုနှစ်၊ ဇူလှိုင်လမှ စက်တင်ဘာလအထိ KHRG မှ မူတြော်ခရိုင်နှင့် ဘားအံခရိုင်တို့တွင် အနည်းဆုံး UXO ပေါက်ကွဲမှုဖြစ်စဉ်နှစ်ခုကို မှတ်တမ်းပြုစုခဲ့သည်။ ပထမဖြစ်စဉ်တွင် အထူးသဖြင့် မိုင်းအန္တရာယ်အ သိပညာပေး အခြေခံသင်တန်းကို မတက်ခဲ့ရသော ကလေးများ အန္တရာယ်မည်မျှရှိကြောင်း မီးမောင်းထိုးပြထားပါသည်။ အဘယ် ကြောင့်ဆိုသော် ယခုအချိန်တွင် ကလေးများသည် ကျောင်းမတက်ရသည့်အတွက်ကြောင့် ကျေးရွာအနီးတစ်ဝိုက်တွင် သွားလာကစားရာတွင် စစ်ပွဲအတွင်းကျန်ရစ်ခဲ့သော မပေါက်ကွဲသေး သောလက်နက်ခဲယမ်း (UXO) များကို တွေ့ရှိပါက အန္တရာယ်ရှိနိုင်ပါသည်။ UNICEF ၏အစီရင်ခံစာဖော်ပြ ချက်အရ ၂၀၂၀ခုနှစ်တွင် မြေမြှုပ်မိုင်း၊ UXO ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော လူဦးရေ (၃၆)ရာ ခိုင်နှုန်းမှာ ကလေးများဖြစ်ကြသည်။[14] ဒုတိယဖြစ်စဉ် တွင် တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် UXO များ ပို၍များပြားလာ၍ အရပ်သားများအား အန္တရာယ်ရှိသည့်အခြေအနေသို့ တွန်းပို့စေပြီး ၎င်းတို့၏အသက် မွေး ဝမ်းကျောင်းပြုရေးကို ထိခိုက်စေသည့်အကြောင်းများကို ဖော်ပြထားပါသည်။
(၁) ပထမဖြစ်စဉ်
၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် ကလေးများ (၄)ဦးသည် ဘားအံခရိုင်၊ တနေးဆါးမြို့နယ်၊ သီးဝါပူကျေးရွာအုပ်စု၊ သီးဝါပူကျေးရွာတွင် UXO ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုနေ့တွင် ဒေသခံကျောင်းသားဖြစ်သူ စောည---သည် အခြားကလေးသုံးဦးနှင့်အတူ ၎င်းတို့နွားများ မြက်စား ရန်အတွက် လယ်ကွင်းထဲသို့ ခေါ်ဆောင်သွားပြီး လယ်ကွင်းပြင်တွင် ဆော့ကစားနေခဲ့သည်။ သူတို့တစ်ဦးမှ အနီးနား တွင်ရှိသော UXO တစ်လုံးအား တွေ့ရှိ၍ ကောက်ယူလိုက်ပြီး စောည---အား ပေးဆော့ခဲ့သည်။ စောည---မှ ထို UXO တစ်လုံးကိုယူပြီး ကျောက်ခဲဖြင့်ထု၍ ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ကလေးများ (၄)ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အများအားဖြင့် ၎င်းတို့၏ခေါင်း၊ ခြေထောက်နှင့် ရင်ဘတ်တွင် ဒဏ်ရာရရှိခဲ့ သည်။ စောည---မှာမူ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး သူ၏ ညာဖက်လက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည်။
၎င်းတို့လေးဦးစလုံးကို မြဝတီဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ စောည---မှာ ဒဏ်ရာအပြင်းအထန်ရရှိသည့်အတွက် ကြောင့် ၎င်းအား ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံသို့ ထပ်မံပို့ ဆောင်ခဲ့သည်။ စောည---၏လက်ဖျံကနေစပြီး ဖြတ်ခဲ့ရ သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းအဖွဲ့ (ICRC) မှ ထိုကလေးလေးဦး၏ဆေးကုသမှု စရိတ် အားလုံးကို ကူညီထောက်ပံ့ပေးခဲ့သည်။
ယခင်က သီးဝါပူရွာမှ အရွယ်ရောက်ရှိသည့် ရွာသားများ သည် မိုင်းအန္တရာယ်အသိပညာပေးသင်တန်းကိုတက်ရောက် ခဲ့ဖူးသည်။ ကျောင်းနံရံတွင်လည်း မိုင်းနှင့်ပတ်သက်သည့် အသိပညာပေးပိုစတာများလည်း ထားရှိထားပါသည်။ သို့သော်လည်း ထိုကလေး (၄)ဦးမှ ထိုကဲ့သို့သော UXO မျိုးကို တစ်ခါမှတွေ့ရှိဖူးခြင်းမရှိဟု ရွာသားများအား ပြောပြခဲ့သည်။ (ဥပမာ - ပိုစတာတွင်သော်လည်းကောင်း၊ စစ်သားများ ကိုင်ဆောင်ထားသော လက်နက်ခဲ ယမ်းနှင့် မတူကြောင်းကို ဆိုလိုခြင်းဖြစ်သည်။) ၎င်းတို့မှ ဤ UXO တစ်လုံးသည် ထီးခေါက်ရုံး နှင့်တူသည့်ဟု ထပ်မံရှင်းပြခဲ့ သည်။
(၂) ဒုတိယဖြစ်စဉ်
၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့ မွန်းလွဲ ၁း၃၀မိနစ်တွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မဲကလောကျေး ရွာအုပ်စု၊ န---ကျေးရွာတွင်နေထိုင်သော အသက်၄၀နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဝ---သည် ဇ---ကျေးရွာအနီးရှိ ၎င်း၏တောင်ယာတွင် မြက်ရိတ်စက်ဖြင့် မြက်ပင်၊ ချုံပင်ခုတ်ထွင်းရှင်းလင်းရာမှ လက်ပစ်ဗုံးတစ်လုံးကိုထိမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ၎င်းလက်ပစ်ဗုံးသည် ၂၀၂၀ခုနှစ်၊ မေလ ၇ရက် နေ့တွင် တပ်မတော်စစ်သားများနှင့် KNLA တို့တိုက်ပွဲဖြစ်ပွားချိန်တွင် တပ်မတော်မှ ပစ်ခတ်လိုက်ပြီး မပေါက်ကွဲပဲ ကျန်ရစ်ခဲ့သော လက်ပစ်ဗုံးတစ်လုံးဖြစ်သည်။ ပေါက်ကွဲမှုကြောင့် စောဝ---၏ညဖက်လက်မှ လက်ချောင်းနှစ်ချောင်း အဖြတ်ခံခဲ့ရသည်။ ထို့ပြင် ၎င်း၏လက်၊ ခြေထောက်နှင့်နံရုံးဘေးဖက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုနေ့တွင်ပင် ၎င်းအား ဖာပွန်ဆေးရုံသို့ ပို့ဆောင်ခဲ့ သည်။
စောဝ---သည် ဆေးကုသမှုစရိတ်ကို ပေးဆောင်ခဲ့ရသည်။ သို့သော်လည်း (ဇ---ရွာမှ) တစ်ချို့ သောရွာသားများသည် ၎င်းအား ငွေကြေးအနည်းငယ် ကူညီထောက်ပံ့ပေးခဲ့သည်။ မြန်မာအစိုးရလူမှုကယ်ဆယ်ရေးအသင်းနှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)တို့မှလည်း စောဝ---အား ငွေကျပ် ၅၀၀၀၀ စီ ထောက်ပံ့ပေးခဲ့သည်။ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့တွင် စောဝ--- ဆေးရုံမှ ဆင်းနိုင်ခဲ့သည်။ သို့သော်လည်း ၎င်း၏ ဒဏ်ရာများ အပြည့်အဝပျောက်ကင်းခြင်းမရှိခဲ့ပေ။ စောဝ---သည် နောက်ထပ်ဆေးကုသမှုခံယူရန်အတွက် တစ်ပတ်တစ်ခါ ဆေးရုံသို့ သွားပြခဲ့ရသည်။
စောဝ---သည် မိုင်းအန္တရာယ်အသိပညာပေးသင်တန်းကို တစ်ကြိမ်မျှ မတက်ရောက်ခဲ့ဖူးပါ။ လက်ပစ်ဗုံး ပေါက်ကွဲမှု ကြောင့် စောဝ---ဒဏ်ရာရရှိပြီးနောက်တွင် ၎င်းမှ ၂၀၂၀ခုနှစ် အတွင်း မြေပဲစိုက်ခင်းခြံတွင် အလုပ်မလုပ်နိုင်ခဲ့ကြောင်း ပြောပြခဲ့သည်။ ထိုအခင်းဖြစ်ပွားပြီးနောက်တွင် ဒေသခံရွာ သားများသည် ၎င်းတို့၏လယ်ယာခြံထဲသို့ သွားလာ လုပ်ကိုင်ရန် ကြောက်ရွံ့ခဲ့ကြသည်။
နိဂုံး
အထက်တွင်ဖော်ပြထားသည့်အတိုင်း မြေမြှုပ်မိုင်းနှင့် UXO တည်ရှိမှုသည် ဒေသခံရွာသားများအတွက် မလိုလား အပ်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်စေပြီး ရွာသားများမှ အသက်မွေးဝမ်းကျောင်းအတွက် သွားလာလုပ်ကိုင်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ NCA အဖွဲ့ဝင်တပ်ဖွဲ့များသည် (NCA ၏အခန်း၅တွင်ဖော်ပြထားသော) “ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်မှုနှင့်အညီ” နှစ်ဖက်တပ်များ ခင်းကျင်းထားသော မိုင်းများကို ရှင်းလင်းဖယ်ရှားရမည် ဖြစ်သည်။ သို့သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စစ်မှန်သော ငြိမ်းချမ်းရေးတိုးတက်မှုကို မပြုလုပ်နိုင်သော ကြောင့် မိုင်းရှင်းလင်းရေးသဘောတူညီမှုများကို လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ပေ။
အလားတူစွာ ၂၀၁၅ခုနှစ်ကတည်းက တပ်မတော်နှင့် KNLA တို့ကြားတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ သောကြောင့် မြေမြှုပ်မိုင်းများနှင့် UXO များ ပို၍များပြားလာပြီး အသုံးပြုလာခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဤအခြေအနေသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ပို၍ဆိုးရွားလာပြီး စစ်အစိုးရတပ်ဖွဲ့နှင့် KNLA တို့ကြား တိုက်ပွဲများ ပို၍ပြင်းထန်လာခဲ့သည်။ ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက တပ်မတော်မှ အရပ်သားဒေသများတွင် ဆက်လက်၍ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒေသအတွင်း မပေါက်ကွဲသေးသောလက်နက်ခဲယမ်းများ ပို၍များပြားလာပါသည်။ ထို့အတူ KNLA နှင့် တပ်မတော်ကြား လက်နက်အင်အားမမျှသောကြောင့် KNLA မှ မြေမြှုပ်မိုင်းများကို ပို၍ အသုံးပြုလာနိုင်ဖွယ်ရှိသည်။
ထို့ကြောင့် အလှူရှင်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ကျေးလက်နေဒေသများရှိ ရွာသားများကို မိုင်းအန္တရာယ်အသိပညာပေးသင်တန်းများနှင့် ဝန်ဆောင်မှုများ ပို၍ပို့ချပေးနိုင်ရန်အတွက် ဒေသခံအဖွဲ့အစည်းများကို ကူညီထောက်မပေးရန် လိုအပ်လာပြီး အထူးသဖြင့် ဝေးခေါင်လှသည့်ဒေသ များရှိ ကလေးသူငယ်များအပါအဝင် ရွာသားများမှ မြေမြှုပ်မိုင်းနှင့် UXO များနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် သေချာစွာ ဆောင် ရွက်ရမည်ဖြစ်သည်။ ပထမအဆင့်တွင် ဒေသခံလူမှုအဖွဲ့ အစည်းများ၏အကူအညီဖြင့် မိုင်းရှိသည့်နေရာဒေသများကို မြေပုံနှင့်တကွ မှတ်သားထားပေးနိုင်ရန်အတွက် လိုအပ်သည့်ကူညီထောက်ပံံ့မှုများကို ပေးသင့်ပါသည်။ ထို့အတူ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းမှလည်း မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာသူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ရေရှည်ကူညီထောက်ပံံ့မှုနှင့် ဝန်ဆောင်မှုပေးနေသော ဒေသခံအဖွဲ့အစည်းများနှင့် အတူတကွ လက်တွဲ၍ လုပ်ဆောင်ရပါမည်။ ထို့ပြင် မြေမြှုပ်မိုင်းနှင့် UXO တည်ရှိမှုကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်စေသော လူမှုအသိုင်းအဝန်းများကိုလည်း ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
Footnotes:
[1] မြန်မာနိုင်ငံသတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့မှ ၂၀၂၀ခုနှစ်တွင် ထုတ်ဝေသော Townships with suspected Landmine/ERW Contamination (1999-2020) and Landmine/ERW Casualties in Myanmar (2019) တွင် ကြည့်ပါ။
[2] တပ်မတော်သည် မြန်မာစစ်တပ်ကို ရည်ညွှန်းထားပါသည်။
[3] အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုအဖွဲ့မှ ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေသော Landmine Monitor 2020 တွင် ကြည့်ပါ။
[4] တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA)ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အများအပြား ပါဝင်မှု မရှိသော အငြင်းပွားဖွယ်ရာဖြစ်စေသည့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်ပိုင်း ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ ရက်နေ့တွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့အနက် KNU အပါအဝင် ၈ဖွဲ့သာ ဖိတ်ကြားခံရသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်မှ ပြဌာန်းထားသော လေးစားလိုက်နာရမည့် ကတိကဝတ်များကို လက်မှတ်ရေးထိုးသည့်အဖွဲ့အစည်းများက ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ကျင့်သုံးရပါသည်။ မြန်မာအစိုးရ၏ ဖိအားပေးမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နောက်ထပ် ၂ဖွဲ့မှလည်း အဆိုပါ (NCA) စာချုပ်အား ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။
[5] ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
[6] ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်ပြီး ဒီမိုကရေစီနည်းလမ်း ကျကျ ရွေးကောက်တင်မြောက်ထားသည့်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ အရေးပေါ်အခြေအနေအရ တိုင်းပြည်ကို တစ်နှစ်အုပ်ချုပ်စေရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အစိုးရအာဏာကို လွှဲပြောင်းပေးခဲ့သည်ဟု စစ်တပ်မှကြေညာထုတ်ပြန်ခဲ့သည်။
[7] အပြည်ပြည်ဆိုင်ရာ မြေမြှုုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုအဖွဲ့မှ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော Landmine & Cluster Munition Monitor: Myanmar_Burma တွင် ကြည့်ပါ။
[8] ၁၉၉၄ ခုနှစ်တွင် DKBA ဒီမိုကရက်တစ်တိုးတက်သောဗုဒ္ဓဘာသာ ကရင်တပ်မတော်သည် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်မှ ဘာသာရေးယူဆမှုနှင့်ပတ်သက်ပြီး ခွဲထွက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် DKBA တပ်ဖွဲ့အများစုသည် နယ်ခြားစောင့်တပ်အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။ သို့သော် အဖွဲ့တစ်ဖွဲ့မှာ ထိုသို့လုပ်ဆောင်ရန်ငြင်းဆိုပြီး ၂၀၁၂ ခုနှစ်တွင် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA အကျိုးပြု) အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် DKBA(ခွဲထွက်အဖွဲ့)သည် အဆိုပါ DKBA (အကျိုးပြု) မှ ခွဲထွက်ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ဖာပွန်ခရိုင်နှင့် ဘားအံခရိုင်ဒေသများ တွင်လှုပ်ရှားလျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါ။
[9] KHRG မှ ၂၀၁၉ခုနှစ်၊ မေလတွင် ထုတ်ဝေသော “အိမ်ပြန်ချိန်ကို တမ်းတရင်း ငြိမ်းချမ်းမှုကို မျှော်လင့်ခြင်း - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နှစ်ရှည်ကြာနေရပ်စွန့်ခွာရခြင်း” တွင် ကြည့်ပါ။
[10] ဤသတင်းအချက်အလက်ကို KHRG မှ ၂၀၂၀ခုနှစ်၊ မေလတွင် လက်ခံရရှိပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထား ခြင်းဖြစ်သည်။
[11] ကော်သူးလေကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကျန်းမာရေးဝန်ကြီးဌာနဖြစ်ပါသည်။
[12] KNU သည် ကရင်လူမျိုး၏ အဓိကနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းအား ၁၉၄၇ ခုနှစ်တွင် အစပြုပြီး မြန်မာအစိုးရနှင့် ၁၉၄၉ ခုနှစ်တွင်စ၍ သဘောထားကွဲလွဲခဲ့ပြီး ပဋိပက္ခဖြစ်ခဲ့ပါသည်။ KNU ၏အာဏာသည် မြန်မာပြည်အရှေ့ တောင်ပိုင်းဒေသတစ်ဝိုက်တွင် ကျယ်ပြန့်စွာအုပ်ချုပ်နိုင်ပြီး ဒီမိုကရေတစ်ဖယ်ဒရယ်စနစ်အား တည်ထောင်ဖို့ ၁၉၇၆ ခုနှစ်တွင် စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အား ရေးထိုးခဲ့သော်လည်း အစိုးရနှင့် ဆက်ဆံရေး တင်းမာနေဆဲဖြစ်သည်။
[13] ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၎င်းသည် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) ၏ရှေ့ပြေးအဖွဲ့ဖြစ်သည်။
[14] UNICEF မှ ၂၀၂၁ခုနှစ်တွင် ထုတ်ဝေသော Myanmar Landmine/ERW Incidents Information Factsheet (January-December 2020) တွင် ကြည့်ပါ။