နိဒါန်း

ဤဒေသတွင်းအစီရင်ခံစာသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလနှင့်ဇွန်လအကြားတွင် KHRG ကွင်းဆင်းသုတေသနပြုလုပ်သူများမှ ပြုစုထားသောအကြောင်းအရာပေါ်အခြေခံကာ ဆန်းစစ်မှုပြုလုပ်ထားခြင်းဖြစ်ပါသည်။[1]   

၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၌ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသောကိုဗစ်-၁၉ ရောဂါ (COVID-19)[2]  ပိုးတွေ့ရှိမှုကို တင်ပြခဲ့သော်လည်း မြန်မာအစိုးရဖက်မှ တရားဝင်ပိတ်ဆို့ခြင်းကို ဧပြီလအလယ်ပိုင်းအထိ သတ်မှတ်ထားခြင်းမရှိခဲ့ချေ။ ၂၀၂၀ ခုနှစ်၊ မေလအစပိုင်းတွင် ဒေသတွင်းခရီးသွားလာရေးကန့်သတ်မှုများကြောင့် KHRG မှ ဒေသခံခေါင်းဆောင်များနှင့်ရွာသားများကို တယ်လီဖုန်းမှတဆင့်မေးမြန်းမှုပြု၍ သတင်းအချက်အလက်များကို ပြုစုခဲ့ပါသည်။ ထိုအချိန်၌ KHRG ၏လှုပ်ရှားရာဒေသတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုအနည်းငယ်ကိုတင်ပြခဲ့ပြီး ၎င်းက ဤကျေးလက်ဒေသများရှိရောဂါပိုးပျံ့နှံ့မှုကို တားဆီးရာတွင်ဆောင်ရွက်သောအစီအမံများမှာ ထိရောက်မှုအချို့ရှိကြောင်း ဖော်ပြနေပါသည်။

သတင်းအချက်အလက်များအားပြုစုခြင်းမှ အပြောင်းအလဲတစ်ချို့ ထွက်ပေါ်လာပါသည်။ ရောဂါကြိုတင်ကာ ကွယ်ခြင်းအစီအမံများနှင့် သတင်းအချက်အလက်များအားရရှိမှုသည် ခရိုင်ခုနှစ်ခုတွင် သိသိသာသာကွဲပြားမှုများ ရှိနေပါသည်။ ဤကွဲပြားခြားနားမှုများသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များနှင့် မြန်မာအစိုးရတို့ကြား၏ ထိန်းချုပ်မှုနည်းလမ်းများ၊ ရှုပ်ထွေးလှသည့် နိုင်ငံရေးအပြောင်းအလဲများနှင့် ဆက်စပ်မှုရှိနေပါသည်။ တူညီမှုမရှိသော နိုင်ငံရေးလှုပ်ရှားသူများအကြားရှိတင်းမာမှုများကြောင့် ရွာသားများသည် ကြီးမားသောအန္တရာယ်ရှိသည့်အနေအထားတွင်ရှိနေပါသည်။ ထို့ကြောင့် လွတ်လပ်သောနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ရွာသားအားလုံးမှ မိမိကိုယ်ကိုကာကွယ်ရန်အတွက်လိုအပ်သော အရင်းအမြစ်များနှင့် သတင်းအချက်အလက်များအားရရှိကြောင်း သေချာစေရန်ဝန်ဆောင်မှုများပေးဆောင်ရာတွင် ပိုမိုအားကောင်းသည့်အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်ပါသည်။ ကျန်းမာရေးဝန်ထမ်းများနှင့် NGO အနေဖြင့် ဒေသတွင်းသို့ဝင်ရောက်သွားလာနိုင်ရန်မှာလည်း အလွန်အရေးကြီးလှပါသည်။ တည်ငြိမ်မှုမရှိသော အသက်မွေးဝမ်းကျောင်း၏ အခြေအနေများသည် ရွာသားအများစုအား လုံးဝအန္တရာယ်ရှိသောအနေအထားသို့တွန်းပို့နေပြီး ကျန်းမာရေးကပ်ဆိုက်ခြင်းမှာလည်း ဆက်လက်ကြာရှည်စွာ ဖြစ်ပေါ်နေပါသည်။ အကယ်၍ အထောက်အပံ့များအားဆက်လက်ပြင်ဆင်ပေးခြင်းမရှိပါက ဤကဲ့သို့သောအခြေအနေသည် ဒေသတွင်းတင်းမာမှုများကိုပိုမိုမြင့်တတ်လာနိုင်ချေနှင့် တစ်ဦးချင်းစီအားအန္တရာယ် ရှိသောအသက်မွေးဝမ်းကျောင်းဖြေရှင်းခြင်းနှင့် မဟာနည်းဗျူဟာများကိုကျင့်သုံးရန် တွန်းအားပေးနေပါသည်။

အစီရင်ခံစာခြောက်လတာကာလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိနေရာအနှံ့တွင် တပ်မတော်[3] မှ စစ်ကြောင်းများ၊ လက်နက်များနှင့် လက်နက်ကြီးများအား ၎င်းတို့၏စစ်ခန်းများသို့ တင်ပို့ခဲ့ကြပြီး ခိုင်မာသည့်တပ်အင်အားချထားမှုကို ထိန်းသိမ်းခဲ့ကြပါသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ဒေသခံလူထုများမှ မူတြော်(ဖာပွန်) ခရိုင်တွင်း တပ်မတော်ကားလမ်းဆောက်လုပ်ရေးလုပ်ငန်းများကို တားဆီးဆန့်ကျင်မှုများပြုလုပ်သော်ငြားလည်း ၎င်းတို့မှဆက်လက်ဆောက်လုပ်ခဲ့ကြသဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)[4] တို့နှင့် တိုက်ပွဲအ နည်းငယ်ဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲများသည် အရပ်သားများ၏လွတ်လပ်စွာသွားလာခွင့်အပေါ် သက်ရောက်မှုရှိခြင်းနှင့် အချို့ဒေသများတွင် ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်မှုကို ဖြစ်စေပါသည်။ တပ်မတော်မှ ရာနှင့်ချီသော အမြောက်ကျည်ဆံကြီးများအား ကျေးရွာများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သည့်နေရာများသို့ပစ်ခြင်း၊ အရပ်သားများအားသေနတ်ဖြင့်ပစ်ခြင်းနှင့် ရပ်ရွာဒေသသစ်တောများအားမီးရှို့ခြင်းကြောင့် အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးမြေယာများကိုမှီခိုနေရသောအရပ်သားများ၏ မြေယာများပျက်ဆီးကုန်ပါသည်။ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖျက်သိမ်းခံရခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ဤကာလအတောအတွင်း ကိုဗစ်-၁၉ ရောဂါသည် စစ်ဖက်ဆိုင်ရာလှုပ်ရှားမှုကို မည်မျှကျယ်ပျံ့စွာသက်ရောက်မှုရှိနေကြောင်း မရှင်းမလင်းဖြစ်နေသည်။ 

KNLA နှင့်တပ်မတော်တို့မှ မူတြော်ခရိုင်တွင်း မြေမြှုပ်မိုင်းများအားဆက်လက်၍ထောင်ခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)[5]  ကိုချိုးဖောက်နေခြင်းဖြစ်ပါသည်။ KHRG မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလနှင့်ဇွန်လကြား မြေမြှုပ်မိုင်းဖြစ်ရပ် (၄) ခုအားမှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့ထဲမှတစ်ဦးသည်သေဆုံးသွားပြီး အခြားသုံးဦးတို့မှာ ဒဏ်ရာရရှိခဲ့ပါသည်။ မိုင်းဒဏ်ခံရသူများမှ ထိုနေရာဒေသများတွင် မြေမြှုပ်မိုင်းများပြန့်ကျဲနေသည်ကို သိရှိကြသော်လည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ၎င်းတို့၏အသက်ကိုအန္တရာယ်ရှိစေသည့်ကြားကပင် စွန့်၍ ခရီးသွားလာနေကြရပါသည်။ မြန်မာအစိုးရနှင့်သက်ဆိုင်သည့် လက်နက်ကိုင်လှုပ်ရှားသူများ၏ မြေမြှုပ်မိုင်းအသုံးပြုခြင်းကို ဆိုင်းငံ့ထားရန်နှင့် မိုင်းရှင်းလင်းရေးဆောင်ရွက်မှုများတွင် ကျယ်ပျံ့စွာပါဝင်လုပ်ဆောင်ရန်ပျက်ကွက်ခြင်းသည် လာမည့်နှစ်များအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အရပ်သားများအား လက်မခံနိုင်ဖွယ်ရာခြိမ်း ခြောက်မှု ဆက်လက်ဖြစ်ပေါ်စေပါသည်။ 

KHRG မှ အစီရင်ခံစာခြောက်လတာကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု သတင်းအချက်အလက် (၄)ခုကို လည်းလက်ခံရရှိခဲ့ပါသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလေးခုအနက်(၃)ခုသည် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခြင်းနှင့် ကျန်(၁)ခုမှာ ဉာဏ်ရည်မမှီသောအမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခြင်းဖြစ်ပါသည်။ ဤကဲ့သို့သောအမှုအများစုကို ဒေသခံကျေးရွာအာဏာပိုင်များမှဖြေရှင်းပေးခဲ့ကြပြီး ၎င်းတို့သည် ပြစ်မှုတစ်ခုချင်းစီကို ပြစ်မှုဆွဲချက်အပေါ်ဆောင်ရွက်ခြင်းမရှိပဲ ကျေးရွာတွင်း၌သာဖြေရှင်းခဲ့ကြပါသည်။ ယင်းကဲ့သို့သောလုပ်ထုံးလုပ်နည်းများသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ဒေသများတွင် အဖြစ်များလျက်ရှိနေပြီး အသက်ရှင်လွတ်မြောက်သူများအတွက် တရားမျှတမှုနှင့်ပြန် လည်သဟဇတရရှိနိုင်ရန်မှ အတားအဆီးတစ်ခုအဖြစ် အဓိကတည်ရှိနေပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့များမှ တရားဥပဒေအရဆောင်ရွက်ခဲ့သောအမှုများတွင် ၎င်းတို့၏စုံစမ်းစစ်ဆေးမှုများ သည် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် အသက်ရှင်လွတ်မြောက်သူနှင့်ဆွေမျိုးသားချင်းများအပေါ် မျှတမှုမရှိသည့်ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေပါသည်။ အမှုရင်ဆိုင်နေရသောသူများသည် ၎င်းတို့ကိုယ်တိုင်နှင့် သက်သေခံများအတွက် လမ်းစရိတ်ကုန်ကျမှုအားမတတ်နိုင်ကြသဖြင့် တရားစွဲဆိုရာတွင် တက်ကြွသောကဏ္ဍတွင်ပါဝင်နိုင်ရန်မှ ပိတ်ပင်ခံကြရပါသည်။ 

နောက်ဆုံးအနေဖြင့် KHRG မှ အစီရင်ခံစာခြောက်လတာကာလအတွင်း ဒေသအနှံ့ရှိလက်နက်ကိုင်လှုပ်ရှားသူများမှ ချိုးဖောက်မှုအချို့အားကျူးလွန်ခဲ့ကြကြောင်း မှတ်တမ်းပြုစုခဲ့ပါသည်။ ၎င်းချိုးဖောက်ကျူးလွန်မှုများထဲ၌လူသတ်ခြင်း၊ မြန်မာလုံခြုံရေးတပ်ဖွဲ့မှ မြေယာသိမ်းဆည်းခြင်းနှင့်ပိုင်ဆိုင်မှုများဖျက်စီးခြင်း၊ KNLA နှင့် KNU[6]  တို့မှ ကလေးစစ်သား များစုဆောင်းခြင်းအပါအဝင် မတရားသဖြင့်အခွန်ကောက်ခံခြင်းတို့ ပါဝင်ပါသည်။ ထိုနည်းတူ သဘာဝဘေးအန္တရာယ်ကြောင့် ဒူးသထူ (သထုံ)၊ မူတြော်နှင့် ဘိတ်-ထားဝယ် (တနင်္သာရီတိုင်း) ခရိုင်[7] ရှိ အသေးစားလယ်ယာလုပ်ငန်းကို မှီခိုအားထားနေကြရသောလှုမှုအသိုက်အဝန်းများသည် အသက်မွေးဝမ်းကျောင်းအခက်အခဲများ ရင်ဆိုင်နေကြရပါသည်။ 

အပိုင်း (၁)။ ကြီးမားသောအဖြစ်အပျက်များ
         
             က) ကိုဗစ်-၁၉

ဒေသတွင်းအစီရင်ခံစာ၏ ဤအပိုင်းတွင်ပါဝင်သည့်အချက်အလက်များတွင် ကိုဗစ်-၁၉ ရောဂါအတွက် သီးခြားအစီရင်ခံစာတစ်စောင်ထုတ်ဝေမည့် သတင်းအချက်အလက်ကို အကျဉ်းချုပ်ဖော်ပြထားပါသည်။ ရောဂါကပ်ဆိုးကြီး၏သက်ရောက်မှုကြောင့် အချိန်နှင့်တစ်ပြေးညီ လေ့လာအကဲဖြတ်မှုပြုလုပ်ရန်မှာ မဖြစ်နိုင်သေးသဖြင့် KHRG မှ ကိုဗစ်-၁၉ အခြေအနေ၏ နောက် ဆုံးရအချက်အလက်များကို ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ပါသည်။ 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခါစကာလ၌ KHRG မှ သတင်းအချက်အလက်ရယူနိုင်ခွင့်၊ အသိပညာပေးသင်တန်း၊ ကြိုတင်ကာကွယ်ခြင်း၊ အထောက်အပံ့လက်လှမ်းမီနိုင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းအစီအမံထားရှိရန်အတွက် အရင်းအမြစ်များလက်လှမ်းမီနိုင်ခြင်းတို့အား အကြီးအကျယ်အာရုံစိုက်မေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။ KHRG မှ ကိုဗစ်-၁၉ ရောဂါ၏သက်ရောက်မှုများသည် ရောဂါကူးစက်မှုမှဖြစ်ပေါ်လာခြင်း သို့မဟုတ် ရောဂါပြန့်ပွားမူကို ကြိုတင်တားဆီးရာမှဖြစ်ပေါ်လာခြင်း ဟုတ်မဟုတ်ကို စိတ်ဝင်စားလျက်ရှိနေပါသည်။ 

ခရီးသွားလာရေးပိတ်ပင်ခဲ့စဉ်ကတည်းက ဒေသခံအများစုသည် ခရီးထွက်အလုပ်လုပ်ရန် သို့မဟုတ် ၎င်းတို့မြေယာများသို့အလုပ်သွားလုပ်ရန် အခွင့်မရှိသဖြင့် ၎င်းတို့၏အသက်မွေးဝမ်း ကျောင်းအပေါ် ဆိုးကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါသည်။ ကြိုတင်ကာကွယ်ရေးအစီအမံဆောင်ရွက်ခြင်းမှ ကျန်းမားရေးစစ်ဆေးရေးဂိတ်အချို့ဖြိုချခံရခြင်းအပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း(EAOs)များကြား ပဋိပက္ခဖြစ်ပွားခြင်းနှင့်ခြားနားသည့်ပြဌာန်းချက်များကြောင့် အနီးနားရှိရွာများအကြားပဋိပက္ခကိုပါ ဖြစ်စေပါသည်။ မြန်မာအစိုးရ၊ KNU နှင့်အခြား သောသြဇာအာဏာရှိသူများသည် ကိုဗစ်-၁၉ တုန့်ပြန်မှုတွင်ပါဝင်ကြသောကြောင့် ဆက်လက်ဖြစ်ပေါ်နေသောနိုင်ငံရေးတင်းမာမှုများမှ မတူညီသောသတင်းအချက်လက်များ၊ အရင်း အမြစ်များရရှိခြင်းနှင့်အထောက်အပံ့များသည် ရွာသားများအား နည်းလမ်းအမျိုးမျိုးဖြင့် သက်ရောက်မှုဖြစ်စေပါသည်။ 
     

     (၁) သတင်းအချက်အလက်အားလက်ခံရရှိမှု 

ဒေသခံခေါင်းဆောင်များနှင့်ရွာသားများအား တွေ့ဆုံမေးမြန်းမှုများအရ သတင်းအချက်အလက်များအားရယူရာတွင် ခရိုင်အတွင်း၌သော်လည်းကောင်း၊ ခရိုင်တစ်ခုနှင့်တစ်ခုကြားတွင်သော်လည်းကောင်း အမျိုးမျိုးကွဲပြားနေပါသည်။ အဖွဲ့အစည်းအမျိုးမျိုးမှ ဒေသခံများအား သတင်းအချက်အလက်များပါရှိသော လက်ကမ်းစာစောင်များ ပြင်ဆင်ဖြန့်ဝေခြင်းနှင့် ပညာပေးသင်တန်းများအား ပို့ချပေးခဲ့ပါသည်။ ထိုအဖွဲ့အစည်းများမှာ မြန်မာအစိုးရ၊ KNU၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW)၊ ကရင်တိုင်းရင်းသားများကျန်းမာရေးအဖွဲ့အစည်း(KEHOC)၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)နှင့် ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများလည်း ပါဝင်ပါသည်။ မြန်မာအစိုးရနှင့် KNU နှစ်ဖွဲ့စလုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများအား ပညာပေးသင်တန်းများသင်ကြားပို့ချ၍ ၎င်းတို့မှတဆင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာဥက္ကဌများအား ထိုအကြောင်းအရာများကို ပြန်လည်လက်ဆင့်ကမ်းပေးခဲ့ပါသည်။ သို့သော်ငြားလည်း ငွေကြေးအခက်အခဲများကြောင့် ဒေသအတွင်းရှိ နေရာအများအပြားတို့တွင် သင်တန်းများပို့ချနိုင်ခြင်းမရှိခဲ့ပေ။

၂၀၂ဝ ခုနှစ်၊ မေလတွင် ဒူးသထူ (သထုံ)ခရိုင်ရှိ KNU ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးအား တွေ့ဆုံမေးမြန််းချိန်၌ ၎င်းတို့မှ ကျေးရွာအုပ်စုငါးအုပ်စုတွင်သာ အသိပညာပေးသင်တန်းများ ပို့ချပြီးစီးခဲ့သည်ဟု ဆိုခဲ့ပါသည်။ (သို့သော် ဘီးလင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၁၇) အုပ်စုရှိပြီး ဒူးသထူခရိုင်တွင်  ကျေးရွာအုပ်စုပေါင်း (၅၅) အုပ်စုရှိသည်။) ဒေသအတွင်းအသိပညာပေးသင် တန်းများအား တိုက်ရိုက်ပို့ချ၍မရသည့်အချိန်တွင် ၎င်းတို့သည်ရပ်ရွာများအတွင်း သို့သွားရောက်ပြီး အသံချဲ့စက်အားအသုံးပြု၍ အသိပေးနှိုးဆော်မှုများအား ပြုလုပ်ကြသည်။ သို့သော် လည်း ထိုကဲ့သို့သော နည်းလမ်းများကိုအသုံးပြုခြင်းကြောင့် ဝေဖန်မှုအချို့ဖြင့် ကြုံခဲ့ရပါသည်။ ဥပမာအားဖြင့် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊ ကြိုးဝိုင်းဘောနော်နီကျေးရွာတွင် အသံချဲ့စက်အားအသုံးပြု၍ အသိပေးနှိုးဆော်မှုများလုပ်ဆောင်ရာတွင် ရွာသားများမှမည့်သည့်အရာများလုပ်ဆောင်သင့်သည်ကို နားမလည်နိုင်ပဲဖြစ်နေကြပါသည်။ ထို့အပြင် ရွာသားများမှ ကျေးရွာအပြင်သို့ထွက်ပါက အပစ်သတ်ခံရမည်ဟုလည်း အသိပေးကြေညာသွားခဲ့ပါသည်။ တစ်နည်းအားဖြင့် ကျေးရွာများတွင် တိုက်ရိုက်သင်တန်းပို့ချခြင်းသည် ရွာသားများအားမေးခွန်းမေးရန်နှင့် မရှင်းလင်းသည့်အကြောင်းအရာများအတွက် ရှင်းလင်းချက်ပေးရန် အခွင့်ရစေပါသည်။ သို့သော် တစ်ချို့သောကျေးရွာများတွင် အပြင်ဧည့်သည်များဝင်ထွက်သွားလာခြင်းကို ပိတ်ပင်ထားသောကြောင့် ဒေသခံတာဝန်ရှိသူများမှ အသိပညာပေးသင်တန်းများတိုက်ရိုက်ပို့ချပေးရန် အခက်အခဲများရှိနေပါသည်။ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေးတွင် ရှိနေရမည်ဖြစ်သောကြောင့် တစ်ချို့သောရပ်ရွာများတွင်နေထိုင်ကြသော ဒေသခံများသည် အသိပညာပေးသင်တန်းတိုက်ရိုက်ပို့ချပေးမှုကို လက်မခံရန်ဆုံးဖြတ်ခဲ့ကြပါသည်။  အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့်သင်တန်းတွင် လူအုပ်စုများနှင့် သင်ကြားပို့ချရသောကြောင့်ဖြစ်သည်။ 

WHO၊ KDHW နှင့် KEHOC များမှလည်း အသိပညာပေးစာစောင်များ၊ ပိုစတာများနှင့်ဗီးနိုင်းလ်များကို ဒေသအ တွင်းသို့တက်ကြွစွာ ဖြန့်ဝေခဲ့ကြပါသည်။ ဒေသအများစုတွင်နေထိုင်သောရွာသားများမှ လမ်းဘေးတစ်လျှောက်ရှိ သစ်ပင်များပေါ်တွင် အသိပညာပေးပိုစတာများအားကပ်ထားသည်ကို တွေ့ရှိခဲ့ကြကြောင်းတင်ပြခဲ့ပါသည်။ စာစောင်များနှင့် ပိုစတာအများစုတွင် ရုပ်ပုံများပါရှိသော်လည်း တစ်ချို့သောရွာသားများသည် စာမတတ်သောကြောင့် ပိုစတာတွင်ဖော်ပြထားသည့် အကြောင်းအရာများကို ရှင်းလင်းပြည့်စုံစွာနားလည်နိုင်ရန်အတွက် ခက်ခဲပါ သည်။ ဤကဲ့သို့ အဖွဲ့အစည်းအမျိုးမျိုးမှ အသိပညာပေးကဏ္ဍတွင် ပါဝင်လုပ်ဆောင်သော်လည်း အချို့သောရွာသားများမှာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်၍ သတင်းအကြောင်းအရာများအား လက်ခံရရှိခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့မှာ အင်တာနက်၊ လူမှုကွန်ယက်စာမျက်နှာနှင့် အခြားသူများပြောပြသည့်အကြောင်းအရာများကိုသာ အပြည့်အဝမှီခိုအားထားနေရပါသည်။ 

ဒေသခံများမှ သတင်းအကြောင်းအရာများအား မတူညီသည့်အခြေအနေတွင် လက်ခံရရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်၍ နားလည်သိရှိမှုများကွဲလွဲနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းများတွင် ဖော်ပြထားပါသည်။ တစ်ချို့သောရပ်ရွာများရှိ ဒေသခံများမှ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါပိုးသည် သာမှန်တုတ်ကွေးရောဂါနှင့်ခြားနားမှုမရှိဟု ယုံကြည်ထားကြသည်။ နေရာဒေသအများအပြားတွင် ရောဂါပိုးကူးစက်ခံရသူရှိသည်ဟု တင်ပြထားခြင်းမရှိသောကြောင့် ရွာသားများသည် ကိုရိုနာဗိုင်းရပ်(စ်)နှင့်ပတ်သတ်သည့်အခြေအနေကို သိရှိနားလည်ရန် အလွန်ခက်ခဲပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့၏သတင်းမှတ်တမ်းပြုစုသူများမှ  ရွာသားများနှင့် ဒေသခံခေါင်းဆောင်များသည် ကပ်ရောဂါအခြေအနေကို ပိုမိုကောင်းမွန်စွာသိရှိနားလည်ရန်အတွက် သတင်းအကြောင်းအရာများအား ပိုမိုရရှိလိုကြောင်း မှတ်ချက်ချခဲ့ပါသည်။ ရွာသားများသည် ကပ်ရောဂါပိုးနှင့်ကျန်းမာရေးအန္တရာယ်အား နားလည်သိရှိမှုအားနည်းနေခြင်းကြောင့် ၎င်းတို့မှရောဂါကာကွယ်ရေးအစီအမံများအား လိုက်နာစောင့်ထိန်းရန်လုပ်ဆောင်ရာတွင် ခက်ခဲကြကြောင်း အချို့သောဒေသခံခေါင်းဆောင်များမှ တင်ပြခဲ့ပါသည်။ 

     (၂) ကြိုတင်ကာကွယ်ခြင်း 

ဒေသခံများမှ သတင်းအချက်အလက်များအားရယူရာတွင် တစ်နေရာနှင့်တစ်နေရာမတူညီသကဲ့သို့ ကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သတ်ပြီး လိုက်နာရမည့်လမ်းညွှန်ချက်များသည်လည်း ခရိုင်အတွင်း၌သော်လည်းကောင်း၊ ခရိုင်တစ်ခုနှင့်တစ်ခုကြားတွင်သော်လည်းကောင်း အမျိုးမျိုးကွဲပြားနေပြန်သည်။ ထို့အပြင် ဒေသခံများမှ အသိပညာပေးသင်တန်းများကို တက်ရောက်ပါက လက်ဆေးခြင်း၊ နှာခေါင်းအုပ် (mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာစေးပါက လက်ဖြင့်နှာခေါင်းအုပ်ပေးခြင်း၊ တစ်ဦးနှင့်တစ်ဦးသတ်မှတ်ထားသည့် အကွာအဝေးတွင်ရှိနေခြင်းအစရှိသည့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာနည်းလမ်းများကိုသာ လိုက်နာကျင့်သုံးဖွယ်ရှိသည်။ အသိပညာပေးသင်တန်းများအား လက်ခံရရှိခြင်းမရှိသည့်ဒေသများတွင် ဒေသခံရွာသားများသာ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာနည်းလမ်းများကို ၎င်းတို့ဘာသာချမှတ်၍ ကျင့်သုံးခဲ့သည်။ ဥပမာအားဖြင့် ဒူးသထူခရိုင်၊ သထူ(သထုံ) မြို့နယ်၊ ကော်လွဲကျေးရွာအုပ်စု၊ ကော်လွဲကျေးရွာရှိရွာသားများသည် ထိုအခြေအနေအားမည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အချင်းချင်းတိုင်ပင်ဆွေးနွေး၍ လက်ဆေးရမည့်နည်းလမ်းကို ကျင့်သုံး၍သော်လည်းကောင်း၊ ရွာအလယ်တွင် သို့မဟုတ် ရွာ၏အနားလေးထောင့်တွင်နေ၍ ဗုဒ္ဓဘာသာ၏ယုံကြည်မှုအရ မကောင်းသည့်အရာများကို ဖယ်ရှားရန်အတွက် ဆုတောင်းပွဲနှင့် တရားနာခြင်းများကိုကျင့်သုံး၍သော် လည်းကောင်း ၎င်းတို့ဘာသာချမှတ်ခဲ့သည်။ သစ်ပင်ပေါ်တွင်ကပ်ထားသည့် ပိုစတာများမှလွဲ၍ မြန်မာအစိုးရနှင့် အဖွဲ့အစည်းများ၏အကူအညီများနှင့် အသိပညာပေးသင်တန်းများကို လက်ခံရရှိမှုမရှိသော မူတြော်ခရိုင်ရှိဒေသတော်တော်များများတွင် နေထိုင်သောဒေသခံရွာသားများသည် မိရိုးဖလာနတ်ကိုးကွယ်သူများဖြစ်စေ၊ ဗုဒ္ဓဘာသာယုံကြည်သူများဖြစ်စေ၊ ခရစ် ယာန်ဘာသာဝင်များဖြစ်စေ ၎င်းတို့၏ယုံကြည်ကိုးကွယ်မှုအရ ဘာသာရေးဆိုင်ရာကျင့်စဉ်များကိုသာကျင့်သုံး၍ ကြိုတင်ကာကွယ်မှုများပြုလုပ်ကြသည်ဟု ၎င်းတို့က တင်ပြခဲ့သည်။ 

KNU နှင့် မြန်မာအစိုးရတို့ထိန်းချုပ်အုပ်ချုပ်သည့်ရောနှောနယ်မြေများတွင် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများအား လိုက်နာကျင့်သုံးရန်အတွက် မည်သို့လုပ်ဆောင်သင့်သည်ကို KNU နှင့်မြန်မာအစိုးရတို့မှ အမိန့်ထုတ်ပြန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒေသအတွင်း မည်သူကအသိပညာပေးများပြုလုပ်ခြင်းနှင့် မည်သူ၏လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်သင့်ခြင်းတို့နှင့်ပတ်သတ်၍ ပြဿနာများရှိခဲ့သည်။ ဥပမာအားဖြင့် ဒူးပလာယာခရိုင်ရှိ အ---ကျေးရွာအုပ်ချုပ်ရေးမှူး၏တင်ပြချက်အရ တစ်ချို့သောကျေးရွာခေါင်းဆောင်များသည် မြန်မာအစိုးရမှချမှတ်ထား သောလမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးရန် ငြင်းဆန်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျေးရွာခေါင်းဆောင်များသည် KNU ၏ စီမံအုပ်ချုပ်မှုစနစ်အောက်တွင် တာဝန်ထမ်းဆောင်ကြရသဖြင့် မြန်မာအစိုးရ၏လမ်းညွှန်မှုများသည် ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ထွက်ဆိုခဲ့ကြသည်။[8] ဒေသအတွင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဲ့သို့သော လွတ်လပ်သည့်အဖွဲ့အစည်းများမှ ထုတ်ပြန်သောသတင်းအချက်အလက်များနှင့် လမ်းညွှန်ချက်များအား ကျယ်ပြန့်စွာဖြန့်ဝေထားခြင်းရှိသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နိုင်ငံရေးနောက်ခံသမိုင်းများသည် ရှုပ်ထွေးမှုများရှိသော်လည်း ခရိုင်ဒေသများအတွင်းရှိဒေသခံများလိုက်နာကျင့်သုံးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ပြန်ထားသော သတင်းအချက်အ လက်များသည် ပိုမိုကောင်းမွန်၍ ထိရောက်မှုရှိသောအကြောင်းအရာအဖြစ်မှတ် ယူ၍ရနိုင်ပါသည်။ 

ချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်း ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် လိုအပ်သောပစ္စည်းများဖြစ်သည့် (ဆပ်ပြာ၊ လက်ဆေးခုံ၊ လက်ဆေးရည်၊ နှာခေါင်းစည်း(Mask)များ၊ အပူချိန်တိုင်းတာသည့်သာမိုမီတာကိရိယာများ) အတွက် ကူညီထောက်ပံ့မှုများရရှိခြင်းသည် ဒေသခံရွာသားများမှ မိမိကိုယ်ကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်အတွက် အရေးကြီးသောအချက်ဖြစ်သည်။ ဆပ်ပြာနှင့်လက်ဆေးရည်များအား လက်ခံရရှိခြင်းသည် ပြဿနာတစ်ရပ်မဟုတ်သော်လည်း ဒေသအတွင်းလုံလောက်သော နှာခေါင်းအုပ်များရရှိနိုင်ခြင်းမရှိပေ။ ဒေသခံများမှ နှာခေါင်းအုပ်များလက်ခံရရှိသော်လည်း တစ်ချို့သောရွာသားများသည် ၎င်းတို့အားအသုံးမပြုကြပေ။ အဘယ်ကြောင့်ဆိုသော် မျက်နှာပေါ်သို့နှာခေါင်းအုပ်တပ်ဆင်ရာတွင် အသက်ရှုရန်ခက်ခဲသောကြောင့်ဖြစ်သည်။ တောအူး (တောင်ငူ)ခရိုင်တွင် ကူးစက်ရောဂါမပျံ့ပွားအောင်ထားရှိသည့်နေရာများ  (quarantine centers) ဆောက်လုပ်ရာတွင် ကူညီပေးရန်နှင့်ဒေသခံရွာသားများအား လိုအပ်သည့်ပစ္စည်းများပြန်လည်ဝေငှပေးရန်အတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် (Consortium of Dutch NGOs)မှ လှူဒါန်းထားသော ကူညီထောက်ပံ့မှုများကို KNU ခရိုင်ခေါင်းဆောင်များမှ လက်ခံရရှိခဲ့သည်။ ဘားအံခရိုင်တွင်လည်း KDHW မှ ရောဂါကူးစက်ပျံ့နှံ့မှုမှကြိုတင်ကာကွယ်ရန်နှင့် လေ့လာစောင့်ကြည့်ထားရန်အတွက် အထူး သဖြင့် စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည့်ပစ္စည်းကိရိယာများဖြစ်သော အပူတိုင်းတာသည့်သာမိုမီတာ၊ လက်ဆေးရည်ဗူးများ၊ နှာခေါင်းအုပ်များ၊ လက်အိတ်များနှင့် ကုလားထိုင်များကို ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ အခြားခရိုင်များတွင်လည်း ထိုသို့သောကျန်းမာရေးစစ်ဆေးရေးဂိတ်များရှိပါသည်။ သို့သော်လည်း ၎င်းတို့မှရရှိသောပစ္စည်းကိရိယာများကို မည်သူကကူညီထောက်ပံ့သည်ကို မသိရှိရပါ။ သို့ရာတွင် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် Alight ၏ (ယခင်ကအမေရိကန် ဒုက္ခသည်များဆိုင်ရာကော်မတီဟုလည်းခေါ်ဆိုသည်) ဖော်ပြချက်အရ ၎င်းတို့သည် ခရိုင်(၇)ခုလုံးတွင် ရောဂါကာကွယ်ထိန်းချုပ်ဂိတ်များ (၄၇)ဂိတ်ကို ကူညီဆောက်လုပ်ပေးရန်အတွက် KDHWနှင့်အတူ အလုပ်တွဲလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။[9]  

     က) ကျန်းမာရေးစစ်ဆေးရေးဂိတ်များ

အစီရင်ခံစာခြောက်လတာကာလအတွင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်စုစုပေါင်း မည်မျှရှိသည် သို့မဟုတ် မည်မျှဆောက်လုပ်ခဲ့သည်ကို ဆုံးဖြတ်ရန်ခက်ခဲပါသည်။ အချို့သောကျန်းမာ ရေးစစ်ဆေးရေးဂိတ်များကို KDHW သို့မဟုတ် မြန်မာအစိုးရတို့မှ အဓိကထားဆောက်လုပ်ခဲ့ကြပြီး အခြားရောဂါစစ်ဆေးရေးဂိတ်များကို သာမန်ပုံစံဖြင့်သာ ဆောက်လုပ်ခဲ့ကြပါသည်။ ထို့နည်းတူ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် မတူညီသောပုံစံများဖြင့် ဆောင်ရွက်နေကြပါသည်။ အချို့ကို ရွာသားများမှအပြည့်အဝဆောင်ရွက်လျက်ရှိပြီး အခြားကျန်းမာရေးစစ်ဆေးရေးဂိတ်များသည် ကျန်းမာရေးလုပ်သားများမှ အပြည့်အဝဆောင်ရွက်ခြင်းနှင့် အချို့ကိုကျန်းမာရေးလုပ်သားများ၊ ရွာသားများနှင့် စစ်သားများပူးပေါင်းဆောင်ရွက်ကြပါသည်။ 

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါ ကျန်းမာရေးစစ်ဆေးကာကွယ်ရေးဂိတ်နှင့်ဆက်နွယ်သည့် စစ်ဖက်ဆိုင်ရာလှုပ်ရှားမှုများ ဖြစ်ပေါ်လာပါသည်။ မြန်မာအစိုးရ၏ခွင့်ပြု ချက်ကိုမရသောကြောင့် တပ်မတော်စစ်သားများသည် စစ်ဆေးရေးဂိတ်အား အမိန့်ပေးဖျက်သိမ်းစေသည့် အစီရင်ခံစာအချို့ရရှိခဲ့ပါသည်။ ဤကဲ့သို့ သောဖြစ်ရပ်များသည် ဒူးသထူ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်နှင့် မူတြော်ခရိုင်တို့တွင် ဖြစ်ပွားခဲ့ပါသည်။ ဒူးသထူခရိုင်တွင်ရှိသော ကျန်းမာရေးစစ်ဆေးရေးဂိတ်အချို့သည် အတင်းအဓမ္မဖြင့် ယာယီပိတ်ပင်ခြင်းခံခဲ့ရပါသည်။ ဒူးသထူခရိုင်တွင်ရှိသော ရောဂါစစ်ဆေးရေးဂိတ်အများအပြားသည် ယာယီပိတ်ပင်ခြင်းခံခဲ့ရပါသည်။ ဤကျန်းမာရေးစစ်ရေး ဂိတ်တစ်ခုချင်းစီသည် KNU ထံမှ ခွင့်ပြုမိန့်ကိုရရှိပြီးမှသာ ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ပါသည်။ သို့သော်လည်း အလွန်အရေးပါသည့် ရွာသားများ၏ကျန်းမာရေးအား လုံခုံမှုရှိကြောင်းသေချာစေရာ၌ တပ်မတော်၏အတင်းအဓမ္မဖြင့် ယာယီပိတ်ပင်မှုများကို တားဆီးခြင်းသည် မြန်မာအစိုးရ၏ခွင့်ပြုချက်လုပ်ထုံးလုပ်နည်းများ ပြီးဆုံးသည်အထိ လုံလောက်မှုရှိမည်မဟုတ်ကြောင်း ရှင်းနေပါသည်။ မူတြော်ခရိုင်နှင့်ခလယ်လွီထူခရိုင်များတွင် တပ်မတော်စစ်သားများမှ ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို အတင်းအဓမ္မဖြိုချခိုင်းခြင်း သို့မဟုတ် ဖျက်စီးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ (အပိုင်း (ခ) တွင်ကြည့်ပါ။)

တပ်မတော်မှ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ၌ ရောဂါစစ်ဆေးမှုပြုလုပ်ခြင်းအား အရပ်သားများနှင့်ကျန်းမာရေး လုပ်သားများသာပြုလုပ်ရန်ဖြစ်ပြီး (တပ်မတော်စစ်သားများမဟုတ်သည့်) စစ်သားများအားမပြုလုပ်ရန်အတွက် တားမြစ်ထားလေ့ရှိပါသည်။ ထိုကဲ့သို့လိုက်နာရန်ပျက်ကွက်မှုကြောင့် တပ်မတော်မှ KNU အား NCA ကိုချိုးဖောက်သည်ဟု ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပြီး ကျန်းမာရေးစစ်ဆေးရေးဂိတ်များကိုပိတ်ပင်ခိုင်းစေသည့်အထိဖြစ်လာခဲ့ပါသည်။ ဒေသတွင်းရှိရွာသားအများစုသည် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာတွင် အနည်းဆုံးစစ်သားအချို့ထားရှိသင့်ကြောင်း ၎င်းတို့၏လိုအပ်ချက်ကို ဖော်ပြထားပါသည်။ စစ်သားအချို့အား ရောဂါစစ်ဆေးရေးဂိတ်များတွင်ထားခြင်းသည် အထူးသဖြင့်စစ်သားများ သို့မဟုတ် အစိုးရအရာ ရှိများမှ ဖြတ်သွားဖြတ်လာခြင်းပြုလုပ်ချိန်တွင် ၎င်းတို့အား ကျန်းမာရေးစစ်ဆေးမှုများကိုလုပ်ဆောင်နိုင်ရန် ဖြစ်ပါသည်။ အချို့သောသူများမှာလည်း အရပ်သားများသာ ကျန်းမာရေးစစ်ဆေးဂိတ်များ၌ ရောဂါစစ်ဆေးမှုပြုလုပ်ပါက လုံခြုံမှုအတွက် စိုးရိမ်စရာအချို့ရှိနေကြောင်း သတိပြုမိပါသည်။ ဘားအံခရိုင်၊ တနေးဆါး(နဘူး)မြို့နယ်တွင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်ရှိလူများ ရောဂါစစ်ဆေးမှုပြု လုပ်ချိန်အတွင်း အန္တရာယ်ပြုခြင်းခံရသည့် ကောလာဟလသတင်း ပျံ့နှံ့သွားပါသည်။ “ကျွန်တော်တို့ကြားတာက တော့ သူတို့တွေတိုက်ခိုက်ခံရမယ်၊ ဒါမှမဟုတ် ဓားနဲ့အသတ်ခံရမယ်တဲ့။”[10] 

     ခ) ခရီးသွားလာခွင့်ပိတ်ပင်ခြင်း

မြန်မာအစိုးရနှင့် KNU တို့မှ ခရီးသွားလာခွင့်ကိုပိတ်ပင်ရန်အမိန့်ထုတ်ပြန်ခဲ့ကြပြီး ၎င်းတို့မှာ ခရိုင်ခုနှစ်ခရိုင်အလိုက် သိသိသာသာကွဲပြားခြားနားမှုများ ရှိနေပါသည်။ ဒူးပလာယာခရိုင်တွင်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှု၌ ရွာသားများ၏သွားလာလှုပ်ရှားနေရာများတွင် ပိတ်ပင်မှုအနည်းငယ်ရှိကြောင်း ဖော်ပြထားပါသည်။ သို့သော်လည်း အခြား ခရိုင်များတွင် ခရီးသွားလာခွင့်ပိတ်ပင်မှုအား အကြီးအကျယ်ချမှတ်ထားခြင်းမရှိသည့်အပြင် ခရီးသွားခွင့်ပြုစာကိုပါ ထုတ်ပေးခဲ့ပါသည်။ ဒူးပယာခရိုင်တွင် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)[11] မှ ရွာသားများခရီးသွား လာရန်ခွင့်ပြုစာအတွက် ငွေကြေးတောင်းခံခဲ့ပါသည်။ ထို့အပြင် အစိုးရအုပ်ချုပ်ဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထုတ်ပေးသော ခရီးသွားခွင့်ပြုစာအား ငြင်းဆိုခဲ့ကြပါသည်။ ရွာသားများမှ စာတစ်စောင်အတွက် (၁,၀၀၀)ကျပ်ပေး ဆောင်ရပြီး ခရီးသွားလာခွင့်တစ်ရက်သာ ရရှိပါသည်။ ယင်းကဲ့သို့သောဆောင်ရွက်မှုတို့အား မြို့နယ်အာဏာပိုင်များ ထံသို့ တင်ပြခဲ့ပြီးသည့်နောက် ထိုသို့ပေးရသည့် ငွေပမာဏသည် (၅၀၀)ကျပ်သို့ လျော့ကျသွားပါသည်။ DKBA မှ ၎င်းတို့ကောက်ခံရရှိသည့်ငွေများအား ရောဂါကာကွယ်တားဆီးရေးနေရာတွင် ကုန်ကျမည့်စရိတ်များအတွက် အသုံးပြုသုံးစွဲသွားမည်ဟု ပြောခဲ့ပါသည်။ (ငွေကြေးများအား ရောဂါကာကွယ်တားဆီးရေးနေရာတွင် အမှန်တကယ်အသုံး ပြုခြင်းသည်မသေချာပေ။)  ခရီး သွားလာခွင့်အားပိတ်ပင်ခြင်းသည့် အတိုင်းအတာတစ်ခုအထိ ရွာသားများအပေါ် အကျိုးသက်ရောက်စေပါသည်။ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းကြောင့် ထိခိုက်မှုအများဆုံးခံနေရသောသူများမှာ နေ့စားအလုပ်သမားများ၊ ကုန်ပစ္စည်းများရောင်းချရန်အတွက် ခရီးသွားလာရန်လိုအပ်သူများနှင့် အိမ်နီးချင်းဒေသတွင် မြေယာရှိသူများဖြစ်ကြပါသည်။ တောအူး၊ မူတြော်နှင့် ဒူးပလာခရိုင်တို့တွင် နေထိုင်ကြသောရွာသားများသည် ၎င်းတို့အများဆုံးကြုံနေရသည့် အသက်မွေးဝမ်းကျောင်းပြဿနာများကို တင်ပြခဲ့ကြပါသည်။ မူတြော်ခရိုင်တွင် နေထိုင်ကြသောရွာသားများသည် အသက်မွေးဝမ်းကျောင်းပြဿနာများနှင့်ရင်ဆိုင်နေကြရသောကြောင့် အချို့သောနေရာဒေသများတွင် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းကို လျော့ချခဲ့ရပါသည်။ ဒူးပလာခရိုင်တွင် နေထိုင်ကြသောရွာသားအချို့သည် နယ်စပ်တွင်နေထိုင်ကြသောကြောင့် စားဝတ်နေရေးစိန်ခေါ်မှုများကို ပိုမိုရင်ဆိုင်နေကြရပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံရှိနယ်စပ်ဖက်ခြမ်းသို့ကူး၍ကုန်ပစ္စည်းများကို ဝယ်ယူကြရသောကြောင့်ဖြစ်ပါသည်။ ဇွန်လတွင် အချို့သောရွာသားများသည် ထိုင်းစစ်သားများ၏ဖမ်းဆီးခြင်းကိုခံရကြပြီး ရုပ်ပိုင်းဆိုင်ရာပြစ်ဒဏ်ပေးခြင်းကိုခံကြရပါသည်။ 

ဒေသခံခေါင်းဆောင်များမှ ခရီးသွားလာမှုများအား တသမတ်တည်းပိတ်ပင်ခြင်းမရှိသောကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာပါသည်။ ၎င်းက ကျေးရွာတစ်ရွာ၌ရှိသောရွာသားများသည် ၎င်းတို့၏လယ်ယာစိုက်ခင်းသို့သွား၍ရပြီး အနီးနားရှိရွာများမှ ၎င်းတို့နည်းတူသွားလာရန်အတွက် ပိတ်ပင်ထားခံရခြင်းဖြစ်သည်။ ထို့ပြင် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းအား မြန်မာအစိုးရနှင့် KNU တို့ကသာ ချမှတ်ထားခြင်းမဟုတ်ပါ။ နေရာဒေသအများအပြား၌ရှိသော ရွာသားများသည်လည်း ၎င်းတို့ကျေးရွာသို့ အပြင်လူများဝင်ထွက်သွားလာခြင်းမပြုလုပ်ရန် မိမိတို့ကိုယ်တိုင် ကျေးရွာရှိဝင်ပေါက်များကို ကာဆီးထားပါသည်။ ၎င်းတို့၏အိမ်နီးချင်းများမှ အခြားကျေးရွာသို့အလုပ်သွားလုပ်ရန် အဆိုပါကျေးရွာသို့ဖြတ်သွားရခြင်း သို့မဟုတ် ကုန်ပစ္စည်းများအား ထိုကျေးရွာ၌သွားရောက်ရောင်းချခြင်းတို့ကြောင့် ကျေးရွာများအကြား ပဋိပက္ခ မကြာခဏဖြစ်ပွားခဲ့ပါသည်။ 

     ဂ) ကူးစက်ရောဂါမပျံ့ပွားအောင် ထိန်းသိမ်းထားခြင်း

KHRG သတင်းမှတ်တမ်းပြုစုသူများ၏ သုံးသပ်ချက်များအရ ဒေသအတွင်းရပ်ရွာအများစုတွင် ရောဂါကူးစက်မှုမပျံ့ ပွားအောင် သီးသန့်ထားသည့်နေရာများတွင် ထားရှိထားပါသည်။ အမှန်စစ်စစ်တွင် KNU မှ ကျေးရွာတိုင်းတွင် ထိုသို့သောနေရာများအား ချမှတ်ပေးရန်လိုအပ်ပါသည်။ သို့သော်လည်း ပြင်ပကအကူအညီများလက်ခံရရှိခြင်းမရှိပါ။ ဆိုလိုသည်မှာ ရောဂါကူးစက်မှုမပျံ့ပွားအောင်ထားရှိသည့်သီးသန့်နေရာများတွင် နေရမည့်လူများအတွက် ၎င်းတို့၏နေရာထိုင်ခင်းနှင့်စားစရာများကို ရွာသားများကအကုန်အကျခံ၍ စီစဉ်ပေးနေရပါသည်။ကူးစက် ရောဂါမပျံ့ပွားအောင်ထားရှိသည့်သီးသန့်နေရာများသည် အထူးသဖြင့် ထိုင်းနိုင်ငံမှပြန်လာသောလူများသာဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းများ များပြားလာသောကြောင့် အခြားသောခရိုင်များနှင့်ဒေသများမှ အထူးသဖြင့် ရန်ကုန်မြို့မှပြန် လာသောသူများသည် သီးသန့်ထားရှိသည့်နေရာများတွင် နေထိုင်ရပါသည်။ ကူးစက်ရောဂါမပျံ့ပွားအောင် လူများ အားသီးသန့်ထိန်းသိမ်းထားခြင်း၏ကြာချိန်သည် တစ်ဒေသနှင့်တစ်ဒေသမတူညီကြသလို ထိန်းသိမ်းခံထားရသောအချိန်လည်း အနည်းဆုံး ၁၄ ရက်မှ ၂၈ ရက်အထိရှိကြပါသည်။ 

ကူးစက်ရောဂါမပျံ့ပွားအောင်သီးသန့်ထိန်းသိမ်းရာတွင် ပြဿနာအနည်းငယ်ရှိပါသည်။ တစ်ချို့သောအခြေအနေတွင် ထိန်းသိမ်းခံရသည့်သူများသည် ထိုသို့သောထိန်းသိမ်းထားခြင်းကို ကြိုက်နှစ်သက်ခြင်း မရှိပေ။ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်တွင် တစ်ချို့သောထိန်းသိမ်းခံရသူများဖြစ်သည့်ရွာသားများ၏ပြောပြ ချက်များအရ “ဒီမှာပြန်လာတာ မင်းတို့အတွက် စိုးရိမ်စရာတွေဖြစ်လို့ရှိရင် ငါတို့ကို ပစ်သတ်လိုက်လေ။”[12] တောအူးခရိုင်တွင် အရက်မူးသောအစိုးရ၏ရဲအရာရှိတစ်ဦးက ထိန်းသိမ်းခံရသည့်အမျိုးသမီးငယ်နှစ်ဦး၏အခန်းထဲတွင် ဝင်ရောက်ခဲ့သည်ဟု ဒေသခံများ၏တင်ပြချက်များလည်းရှိသည်။ ထိုအမျိုးသမီးငယ်များမှ ကျယ်လောင်စွာအော်ဟစ်ခဲ့သောကြောင့် အရက်မူးနေသည့်ရဲအရာရှိအား ၎င်းအခန်းထဲမှ ဖယ်ထုတ်ခဲ့သည်။[13] 

     ၃) အသက်မွေးဝမ်းကျောင်းအထောက်အပံ့

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက် မြန်မာအစိုးရမှ အစိုးရအုပ်ချုပ်နယ်မြေတွင်ရှိသော ကျေးရွာများသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ပဲတို့အား ထောက်ပံ့ပေးခဲ့ပါသည်။ ဤထောက်ပံ့ပစ္စည်းများအား ထိုအချိန်တွင် အကူအညီအထူးလိုအပ်နေသည့် မိသားစုများထံသို့သာ ထောက်ပံ့ပေးခဲ့ပါသည်။ ထိုကဲ့သို့ လိုအပ်မှုများအပေါ် ဆုံးဖြတ်ချက်ချရာတွင် ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်ပိုင်ဆိုင်မှုပေါ်မူတည်၍ အနည်းငယ်ကွဲပြားမှုရှိနေပါသည်။ ဒေသခံခေါင်းဆောင်များသည် အကူအညီလိုအပ်နေသော မိသားစုများ၏စာရင်းများကို တာဝန်ယူစုစည်းပြီး မြန်မာအစိုးရထံသို့ ပို့ပေးခဲ့ပါသည်။ ဒူးသထူမြို့နယ်ရှိ ကျေးရွာအုပ်စုမှူးတစ်ဦးမှ မြန်မာအစိုးရမှ ထောက်ပံ့ပေးသောအစားအစာများသည် (၉)ရက်သာ တာရှည်ခံကြောင်းပြောခဲ့ပါသည်။ အစားအစာထောက်ပံ့မှုများနှင့်ပတ်သက်၍ အချို့သောမိသားစုများသာ အထောက်အပံ့များကို ရရှိကြသောကြောင့် ကျေးရွာအတွင်း တင်းမာမှုများဖြစ်ပေါ်လာပါသည်။ မြန်မာအစိုးရ၏အုပ်ချုပ်နယ်မြေအောက်တွင် မရှိသောခရိုင်များ၌ နေထိုင်ကြသူများသည် အထောက်အပံ့များအား လုံးဝမရရှိကြပါ။ မူတြော်ခရိုင်တွင် မြန်မာအစိုးရ သို့မဟုတ် အခြားအဖွဲ့အစည်းများထံမှ မည်သည့်အထောက်အပံ့ကိုမှ မရရှိကြပါ။ 

ဒူးပလာခရိုင်ရှိ DKBA ဒေသများတွင် အထောက်အပံ့များနှင့်ပတ်သက်၍ ကွဲပြားခြားနားသည့် ကိစ္စရပ်များရှိနေပါသည်။ DKBA မှ ရွာသားများထံသို့ အစားအစာများကို ဝေပေးခဲ့ကြောင်း ရွာသားများမှ တင်ပြခဲ့ပါသည်။ သို့သော်လည်း တစ်ချိန်ထဲတွင် အစားအစာများနှင့်ငွေကြေးများကို မိသားစုများထံမှ တောင်းခံခဲ့ပြီးနောက် အခြားသောမိသားစုထံသို့ ပြန်လည်ဝေမျှပေးခဲ့ပါသည်။ ယင်းကဲ့သို့ပြုလုပ်ခြင်းသည် ရွာသားများအတွက် စိတ်ရှုပ်ထွေးမှုဖြစ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် DKBA မှ ထောက်ပံ့မှုများဝေပေးသင့်သော်လည်း မည်သည့်အတွက်ကြောင့် ၎င်းတို့ထံမှ တောင်းခံကြကြောင်းကို ရွာသားများ နားမလည်ပဲဖြစ်နေကြသောကြောင့်ဖြစ်သည်။

တွေ့ဆုံမေးမြန်းမှုအများစုအား မေလအတွင်း စုစည်းခဲ့ပါသည်။ ထိုအချိန်၌ နေရာဒေသအများအပြားတွင် အသက်မွေးဝမ်းကျောင်းစိန်ခေါ်မှုများလည်း ဖြစ်ပေါ်လာခဲ့ပါသည်။ ဤပြဿ နာများသည် ယခုအချိန်၌ အမှန်တကယ်ဆိုးရွားနေလျက်ရှိနေပြီး မြန်မာအစိုးရမှ ရွာသားများထံသို့ရှေ့ဆက်ထောက်ပံ့မှုများနှင့်ပတ်သက်၍ ဘာမှအသိပေးခြင်း မရှိ သေးပေ။ 

     ၄) ပညာရေးနှင့် ကျန်းမာရေး

ခရီးသွားလာခွင့်နှင့်ပတ်သက်၍ ပိတ်ပင်မှုများပြုလုပ်ချိန်တွင် ကျောင်းအများစုမှာ အတန်းတက်ရောက်သင်ယူမှုအား တစ်နှစ်တာပိတ်လိုက်ပြီးဖြစ်ပါသည်။ သို့ဖြစ်၍ KHRG မှ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်လာသော ပညာရေးနှင့်ပတ်သက်သည့် အကျိုးသက်ရောက်မှုသတင်းအချက်အလက်များကို ဤလက်ရှိအစီရင်ခံစာ၏ ခြောက်လာတာ ကာလအတွင်း လက်ခံရရှိခြင်းမရှိခဲ့ပါ။ 

ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီနိုင်ခြင်းနှင့် ပတ်သက်၍ သတိပြုမိမှုများရှိနေပါသည်။ နေရာဒေသအများအပြားတွင် ဆေးခန်းများမရှိသောကြောင့် ရွာသားများသည် ကျန်းမာ ရေးစောင့်ရှောက်မှုရယူရန်အတွက် ခရီးဝေးနှင်ကြရပါသည်။ အချို့သောဒေသများတွင် နီးစပ်ရာဆေးခန်းများနှင့် ဆေးရုံများသည် ထိုင်းနိုင်ငံနယ်စပ်ဖက်ခြမ်းတွင် တည်ရှိနေပါသည်။ ခရီးသွားလာခွင့်ပိတ်ပင်မှုနှင့်ပတ်သက်၍ ပြဌာန်းချက်များရှိနေသော်လည်း ရွာသားများသည် ဆေးကုသမှုခံယူရန်လိုအပ်ပါက ခရီးသွားလာခွင့်ရရှိနိုင်ကြပါသည်။ အချို့သောဒေသခံဆေးခန်း များတွင် ဆေးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ပစ္စည်းများသည် ကုန်သွားမှုများရှိသည်။ ထို့ ကြောင့် ဝေးလံခေါင်းပါးသောဒေသတွင်နေထိုင်ပြီး ခရီးသွားလာခွင့်ပို၍တင်းကြပ်စွာ ပိတ်ပင်ခံရသောရွာသားများသည် ကျန်းမာရေးပြဿနာများနှင့်ပတ်သက်၍ တင်ပြခြင်းမရှိသေးသော်လည်း ကျန်းမာရေးပြဿနာများအား စတင်ကြုံတွေ့နေရကြပါသည်။ 

     ခ) စစ်ဘက်ဆိုင်ရာတိုးချဲ့လုပ်ဆောင်ခြင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြားတိုက်ပွဲများဖြစ်ပွားခြင်း

ဤခြောက်လတာကာလအတွင်း တပ်မတော်သည် KNU သတ်မှတ်ထားသည့်ခရိုင်များ၏ မြောက်ပိုင်းဒေသများတွင် ၎င်းတို့၏စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုများကို တိုးချဲ့၍သော်လည်း ကောင်း၊ တပ်စခန်းများကို ပို၍ခိုင်မာအောင် ပြုပြင်မွမ်းမံ၍သော်လည်းကောင်း၊ ခံတပ်ငယ်များကို တိုးချဲ့ဆောက်လုပ်၍သော်လည်းကောင်း လုပ်ဆောင်ခဲ့သည်။ ထို့အပြင် KNU အာဏာ ပိုင်များနှင့် ဒေသခံများတားမြစ်ထားသော်လည်း တပ်မတော်သည် ဒေသအတွင်း စစ်သားအင်အားများကို တိုးမြှင့်လုပ်ဆောင်ခြင်း၊ ၎င်းတို့၏ရှေ့တန်းတပ်စခန်းများတွင် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းနှင့် အငြင်းပွားဖွယ်ဖြစ်သော စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုအတွက် လမ်းဆောက်လုပ်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ခဲ့သည်။ ၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၌ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စုတွင် ဒေသခံရွာသားများစိုက်ပျိုးထားသည့် လယ်ယာမြေများကို တပ်မတော်မှ အသေးစားမောင်းသူမဲ့လေယာဉ် (drone) တစ်စီးကိုအသုံးပြု၍ ဓာတ်ပုံရိုက်မှတ်တမ်းယူခဲ့ကြောင်း KNLA စစ်သားတစ်ဦးမှ တွေ့ရှိခဲ့သည်။[14]  ဤလုပ်ရပ်မျိုးကို ကြည့်ခြင်းအားဖြင့် တပ်မတော်သည် KNU ထိန်းချုပ်သည့်နယ်မြေအတွင်း စုံစမ်းထောက်လှမ်းမှုများအား လုပ်ဆောင်နေကြောင်း အဓိပ္ပါယ်သက်ရောက်ပါသည်။ ထိုလုပ်ရပ်သည် NCA စာချုပ်တွင်ပါရှိသည့် အပိုဒ် (၅) (က)ကို ချိုး ဖောက်ရာမြောက်သည်။ ထို့ပြင် တပ်မတော်သည် KNU ထိန်းချုပ်သည့်ဒေသများတွင် အကြိမ်ကြိမ်ဝင်ရောက်၍ လှည့်လည်လှုပ်ရှားနေသည့်အတွက် KNLA စစ်သားများနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ 

၂၀၂ဝ ခုနှစ်၊ မေလတွင် ဘူးသိုမြို့နယ်ရှိ KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦး၏တင်ပြချက်အရ ဤကဲ့သို့ပစ် ခတ်တိုက်ခိုက်မှုများသည် မူတြော်ခရိုင်တွင် အများဆုံးဖြစ်ပွားလေ့ရှိသည်။ တပ်မတော်မှ၎င်းတို့၏စစ်လှုပ်ရှားမှုများကို မူတြော်ခရိုင်တွင်တိုးချဲ့လျက်ရှိသည်။ မေလအတွင်း ဖာပွန်-ကမမောင်းလမ်းမကြီးတစ်လျှောက်တွင် တပ်မတော်နှင့် KNLA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားခဲ့သောကြောင့် မယ်ကလော၊ မယ်ညူ၊ မယ်ကူ၊ မယ်ဂါး၊ ဒေးဝါး၊ ကျော်ပါး၊ မယ်ပရီနှင့် ထီးသဒေါထကျေးရွာအုပ်စုများတွင်နေထိုင်ကြသော ပြည်သူလူထုများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများဖြစ်စေပါသည်။ ယခုအချိန်တွင် အချို့သောဒေသခံရွာသားများသည် ကားလမ်းမကြီးအနီးနားရှိ ၎င်းတို့၏လယ်ယာများတွင် သွားလာလုပ်ကိုင်စိုက်ပျိုးရန်အတွက် ကြောက်ရွံ့နေကြပါသည်။ တစ်ချို့ရွာသားများလည်း ရပ်ရွာအနီးနားတွင် တိုက်ပွဲများဖြစ်ပွားပါက ၎င်းတို့မိသားစုများပုန်းခိုနိုင်ရန်အတွက် ကတုတ်ကျင်းများကို တူးထားပါ သည်။ ဒေသခံများသည် တောထဲတွင် သွားရောက်အိပ်ခဲ့ရသည့်အခြေအနေများလည်းရှိပါသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်စစ်သားများမှ ၎င်းတို့အားဖမ်းဆီး၍ ပေါ်တာအဖြစ်သော်လည်းကောင်း၊ လမ်းပြအဖြစ်သော်လည်းကောင်း ခိုင်းစေခံရမည်ကိုကြောက်ရွံ့နေသောကြောင့်ဖြစ်သည်။[15]  

တောအူးခရိုင်တွင်လည်း တပ်မတော်သည် ၎င်းတို့၏ရှေ့တန်းတပ်စခန်းများတွင် စစ်သားအင်အားများ၊ စားနပ် ရိက္ခာများနှင့် လက်နက်ခဲယမ်းများကို ပို့ဆောင်နေလျက်ရှိသည်။ ထို့ပြင် ၎င်းတို့သည် ရွာသားများပိုင်ဆိုင်သည့် စိုက်ပျိုးခြံများတွင် စစ်ရေးလေ့ကျင့်မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ဇန်နဝါရီလနှင့်ဧပြီလအတွင်း တပ်မတော်သည် ၎င်းတို့အဓိကအခြေစိုက်ရာတောင်ငူမြို့မှ ၎င်းတို့၏ရှေ့တန်းတပ်စခန်းများသို့ ကားကြီး(၁၃၂)စီးကို ပို့ဆောင်ခဲ့သည်။ စားနပ်ရိက္ခာများနှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများကို သယ်ယူပို့ဆောင်ရန်အတွက် တပ်မတော်သည် ဒေသခံရွာသားများအား ကားကြီးများစီစဉ်ပေးရန် မကြာခဏခိုင်းစေခဲ့သည်။ ၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ တွင် စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများသယ်ဆောင်လာသည့်ကားကြီး (၅)စီး၊ လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများနှင့် မြင်း (၁၁၇) ကောင်ကိုသယ်ဆောင်လာသည့် တပ်မတော်စစ်ကားကြီး (၂၅) စီးသည် တောင်ငူ မြို့ရှိစစ်လှုပ်ရှားမှုနယ်မြေဖြစ်သည့် အရှေ့ပိုင်းဘောဂလိသို့ မောင်းနှင်လာခဲ့သည်။ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ခရီးသွားလာခြင်းကန့်သတ်မှုများရှိသော်လည်း တပ်မတော်သည် ဒေသအတွင်း ၎င်းတို့၏စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုအားလုပ်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားသောလမ်းစီမံကိန်းလုပ်ငန််းများကို ပြန်လည်ဆောင်ရွက်နေလျက်ရှိသည်။ ၂၀၂ဝ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် တပ်မတော်သည် နောက်ထပ်မြေတူးကားတစ်စီးနှင့် ဆီတိုင်ကီများ အပြည့်သယ်ဆောင်လာသောကားကြီး (၂)စီးကို တောင်ငူမြို့မှ ဘောဂလိမြို့သို့ ပို့ဆောင်ခဲ့သည်။ ထို့နောက်တွင် ထိုကားကြီးများနှင့် စက်ယန္တရားများကို ရှေ့တန်းတပ်စခန်းသို့ ပို့ဆောင်ခဲ့သည်။[16]

     (၁) မူတြော်ခရိုင်တွင် လုံခြုံရေးအခြေအနေများ ဆိုးရွားလာခြင်း 
     
     (က) နောက်ခံသမိုင်း - တပ်မတော်၏လမ်းဆောက်လုပ်ရေးလုပ်ငန်းများ

KNU နှင့်ဒေသခံများမှတားမြစ်ထားသော်လည်း တပ်မတော်မှ တောအူး၊ ဒူးသထူ၊ ခလယ်လွီထူနှင့် မူတြော်ခရိုင်များတွင်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ဤကဲ့သို့လမ်း ဖောက်လုပ်ခြင်းနှင့် ပတ်သက်သည့်ပြဿနာသည်၂၀၁၈ ခုနှစ်ကစပြီး မြန်မာ့တပ်မတော်နှင့် KNLA တပ်သားများတို့အကြားတွင် တင်းမာမှုများအား အဓိကဖြစ်ပေါ်စေခဲ့သည့်အရာဖြစ်ပြီး လွန်ခဲ့သည့်နှစ်နှစ်ကတိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလမှဇွန်လအတွင်း မူတြော်ခရိုင်တွင် တပ်မတော်မှ ၎င်းတို့၏စစ်သားအင်အားများအားတိုးချဲ့လာခြင်းနှင့် လမ်းဆောက်လုပ်ရေးလုပ်ငန်းများကို ပို၍လုပ်ဆောင်လာခြင်းကြောင့် မူတြော်ခရိုင်ရှိ မြို့နယ်များအားလုံးတွင် လုံခြုံရေးအခြေအနေများ ပို၍ဆိုးရွားလာသည်ကို KHRG မှ သတင်းမှတ်တမ်းပြုစုခဲ့သည်။ 

တပ်မတော်မှ ဤလမ်းဆောက်လုပ်ရေးလုပ်ငန်းသည် ဒေသခံပြည်သူလူထုများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဟု ဆိုသည်။ သို့သော်လည်း ၎င်းလမ်းစီမံကိန်းသည် ကရင်ဒေသများကိုတိုးချဲ့၍ ထိန်းချုပ်နိုင်စေရန်အတွက် တပ်မတော်၏ဗျူဟာတစ်ခုဖြစ်ကြောင်း KNUမှ နားလည်ထားပါသည်။ ထို့ကြောင့် KNU မှ ၎င်းစီမံကိန်းကို ကန့်ကွက်ခြင်းဖြစ်သည်။ မူတြော်ခရိုင် KNLA အရာရှိကြီးတစ်ဦး၏ပြောပြချက်အရ “သူတို့ (တပ်မတော်) တွေဟာ လမ်းဆောက်လုပ်ရေးစတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုအကြောင်းပြပြီး NCA ကို အလွဲ သုံးစားလုပ်ကြတယ်။ ပြီးလို့ရှိရင် တိုင်းရင်းသားဒေသတွေကို သူတို့ထိန်းချုပ်တဲ့နယ်မြေဖြစ်လာဖို့ မြို့သစ်တွေ တည်ဆောက်တယ်။ စစ်သားအင်အားတွေကို တိုးချဲ့ပို့ဆောင်တယ်။ ပြီးရင် သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားကို အလွယ်တကူနဲ့တိုးချဲ့လို့ရတယ်။ ကျွန်တော်တို့ဟာ ဒီလမ်းဆောက်လုပ်ရေးစီမံကိန်းကို ကန့်ကွက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာဒေသခံကရင်ပြည်သူလူထုရဲ့အခွင့်အရေးတွေကို ချိုးဖောက်တာဖြစ်တယ်။” 

ဒေသခံပြည်သူများလည်း ၎င်းလမ်းဆောက်လုပ်ရေးလုပ်ငန်းများကို ကန့်ကွက်ပါသည်။ ဒွယ်လိုးမြို့နယ်တွင်နေ ထိုင်သောပြည်သူတစ်ဦးမှ KHRG အား ဤကဲ့သို့တင်ပြခဲ့သည်။“လမ်းဆောက်လုပ်ရေးစီမံကိန်းဟာ ကျွန်တော်တို့ပြည်သူတွေရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလမ်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ဖို့ သူတို့ (တပ်မတော်) ကို ပြုလုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ဒီလမ်းစီမံကိန်းမဖြစ်မြောက်ဖို့ သူတို့တွေကို ကျွန်တော်တို့ကန့်ကွက်တားဆီးရမယ်။”[17]  လမ်းဆောက်လုပ်ရေးလုပ်ငန်းများကြောင့် ဒေသခံများ၏စိုက်ပျိုးခြံများ ပျက်စီးခဲ့သည်။ ထို့ပြင် တပ်မတော်မှ ၎င်းတို့တပ်စခန်းများသို့ စစ်သားအင်အားများ တိုးမြှင့်လာသောကြောင့် ဒေသခံရွာသားများသည် ၎င်းတို့၏လယ်ယာများတွင် သွားလာလုပ်ကိုင် စိုက်ပျိုးရန် အခက်အခဲများဖြစ်စေပါသည်။ 

၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ခလယ်လွီထူခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်ရှိ ပြည်တွင်းဒုက္ခသည် များနှင့် ဒေသခံရွာသားများဦးရေ (၂၀၀) ကျော်သည် တပ်မတော်၏လမ်းဆောက်လုပ်ရေးစီမံကိန်းအား လယ်ဒိုမြို့ပေါ်တွင် ဆန္ဒပြကန့်ကွက်ခဲ့သည်။ ၎င်းဆန္ဒပြပွဲတွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်အတွက် NCA စာချုပ်အားလေးစားလိုက်နာ၍ ပွင့်လင်းမြင်သာပြီး စနစ်ကျသည့်လုပ်ငန်းစဉ်မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လည်း ၎င်းတို့မှတောင်းဆိုခဲ့သည်။ နောက်တစ်နေ့တွင် လမ်းဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သတ်သည့်ပြဿနာများကို ဆွေးနွေးညှိနှိုင်းရန်အတွက် ခလယ်လွီထူ၊ တောအူးနှင့် မူတြော်ခရိုင်များမှ KNLA ကိုယ်စားလှယ် (၇)ဦးသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မ တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သည်။[18] 

၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၌ ဒေသခံရွာသားများနှင့် ပြည်တွင်းဒုက္ခသည်များသည် မူတြော်ခရိုင်၊ ဘူးသိုမြို့ နယ်ရှိ ဘ---၊ စထ---နှင့် စ--- ကျေးရွာများနှင့် အီးတုထဒုက္ခသည်စခန်းတွင် အလားတူဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။[19] ဒွယ်လိုးမြို့နယ်ရှိ ထီးလော်သီထနှင့် ကွီးတမဒေသများတွင် ဒေသခံများလည်း ဆန္ဒပြပွဲနှစ်ခု ပြုလုပ်ခဲ့သည်။ လူသော မြို့နယ်၊ ဒေးဖိုးနို့ဒေသတွင်လည်း ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲများတွင် ပါဝင်တက်ရောက်သူများသည် လမ်းဆောက်လုပ်ရေးစီမံကိန်းအား အလိုမရှိကြောင်း အကြိမ်ကြိမ်အော်ဟစ်၍ ဆန္ဒပြခဲ့သည်။ ထို့ပြင် ၎င်းတို့သည် တပ်မတော်အားဒေသအတွင်းမှ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့သည်။ ဤဆန္ဒပြပွဲများကို ဒေသခံခေါင်းဆောင်များနှင့် လူကြီးများက ဦးဆောင်ဆောင်ရွက်ခဲ့ပြီး ပါဝင်တက်ရောက်သူဦးရေး စုစုပေါင်း (၃၁၅၀) ကျော်ရှိသည်။[20] 

     (ခ) တပ်မတော်နှင့် KNLA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား 

KHRG မှ သတင်းမှတ်တမ်းပြုစုသူတစ်ဦး၏တင်ပြချက်အရ ၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလမှဇွန်လအထိ မူတြော်ခရိုင်၊ လူသောမြို့နယ်တွင် တပ်မတော်နှင့် KNLA တို့အကြား တိုက်ပွဲငယ်များအနည်းဆုံး (၂၀၇) ကြိမ် ဖြစ်ပွားခဲ့သည်။[21] များသောအားဖြင့် ၎င်းတိုက်ပွဲများသည် လမ်းဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် KNU ထိန်းချုပ်နယ်မြေဒေသတွင် တပ်မတော်စစ်သားများမှ ကျုးကျော်ဝင်ရောက်လာခြင်းကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တပ်မတော်ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၇၀၈)မှ တပ်ရင်းမှူးသည် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူဒေသတွင် KNLA ထောင်ထားသော ယာဉ်ကိုဖျက်စီးသည့် မြေမြှုပ်မိုင်းတစ်လုံးအားရှင်းလင်းရာမှ ပေါက်ကွဲသွား၍ သေဆုံးခဲ့သည်။[22]  

တိုက်ပွဲများဖြစ်ပွားသည့်အပြင် မြန်မာအစိုးရစစ်တပ်မှ အရပ်သားပြည်သူများနေထိုင်ရာဒေသတွင်လည်း လက်နက်ကြီးများပစ်ခတ်မှုများ မကြာခဏရှိခဲ့သည်။ ဤကဲ့သို့လုပ်ရပ်မျိုးသည် ဒေသခံရွာသားများအား အလွန်ဆိုး ရွားသည့်အခြေအနေသို့တွန်းပို့စေပြီး အချို့သောရွာသားများမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ မူတြော် ဒေသဖွံ့ဖြိုး ရေးကောင်မတီ၏သတင်းထုတ်ပြန်ချက်အရ ၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မူတြော်ခရိုင်တွင် ပစ်ခတ်တိုက်ခိုက် မှုများကြောင့် အသက် (၅)နှစ်အောက် ကလေးများ (၄၁၇)ဦးအပါအဝင် ဒေသခံရွာသားများ (၂၁၃၇) ဦးသည် ၎င်းတို့၏နေရပ်ဒေသမှ ရွှေ့ပြောင်းခဲ့ရသည်။[23] ထိုပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူများသည် များသောအားဖြင့် လုံလောက်သောစားစရာများ၊ အဝတ်အစားများ၊ ဆေးဝါးများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို ၎င်းတို့နှင့်အတူ ယူဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့သည် ကျန်းမာရေးဝန်ဆောင်မှုများအား လက်လှမ်းမီနိုင်ခြင်းမရှိသည့်အပြင် တစ်ခြားသောအခက်အခဲများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။[24]  

၂၀၂ဝ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လည် (၁)နာရီခန့်တွင် ရွာသားများ အသုဘပြုလုပ်နေသည့်နေရာကို ခမရ အမှတ် (၄၀၈)မှ တပ်မတော်စစ်သားများမှ ဝင်ရောက်ပစ်ခတ်မှုကြောင့် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ အ---ရွာသား (၂)ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထိုနေ့ရက်မတိုင်မီတွင် တပ်မတော် ခမရ (၄၀၈) နှင့် KNLA တပ်ရင်းအမှတ် (၁၀၂) လက်အောက်ခံ တပ်ခွဲအမှတ် (၃)တို့ကြားတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ဒဏ်ရာရရှိခဲ့သော ရွာသား (၂)ဦးကို ဆေးရုံသို့ပို့ဆောင်ရမည်ဖြစ်သော်လည်း ၎င်းတို့မှာ မည်သည့်လျော်ကြေးငွေမှ လက်ခံရရှိခြင်းမရှိခဲ့ပေ။[25] ဒဏ်ရာရရှိခဲ့သည့် ရွာသားတစ်ဦး၏ပြောပြချက်အရ “သူတို့ ကျွန်တော်တို့ကို လာပစ်သွားတာ ကျွန်တော့်မျက်လုံးနဲ့မြင်တယ်။ သူတို့က ကရင်တွေကို သိပ်သဘောမကျဘူးလို့ ကျွန်တော်ထင် တယ်။ ဒါကြောင့်မို့လို့ သူတို့ရွာသားတွေကို လာပစ်ခတ်သွားတာ။”[26] တပ်မတော်မှ ကျေးရွာတွေကိုလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း ၎င်းမှထပ်မံတင်ပြခဲ့သည်။ ထိုနေ့တစ်ရက်တည်းတွင် တပ်မတော်စစ်သားနှစ်ဦးမှ အခြားရွာသားတစ်ဦးကို သုံးနာရီကြာ စစ်ဆေးမေးမြန်း၍ နှိပ်စက်ခဲ့သည်။[27]

KHRG မှ လက်ခံရရှိသောသတင်းအချက်အလက်များအရ ဤခြောက်လတာကာလအတွင်း တပ်မတော်မှ လူသောမြို့နယ်ရှိ ဒေသခံရွာသားများပိုင်ဆိုင်သည့်လယ်ယာမြေပေါ်တွင် အနည်းဆုံးလက်နက်ကြီး (၅၆၉) လုံး ပစ်ခတ်ခဲ့သည်။[28] ပစ်ခတ်တိုုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စုစုပေါင်းရွာသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။[29]  ၂၀၂ဝခုနှစ်၊ ဇွန်လ ၂ရက်နေ့တွင် တပ်မတော် ခမရ (၄၀၅)သည် KNLA စစ်သားများနှင့် ပစ်ခတ်တိုက်ခိုက်နေစဉ်အတွင်း မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စုရှိရွာတစ်ရွာကို လက်နက်ကြီးတစ် လုံးပစ်ခတ်ခဲ့သဖြင့် ရွာသားနှင့်သူ၏သမီးတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဒဏ်ရာရရှိခဲ့သော ထိုသားအဖနှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရန် အခြားသူများထံတွင် ငွေ (၃၀၀၀၀) ကျပ် ချေးယူခဲ့သည်။ သို့သော်လည်း ထိုသားအဖနှစ်ဦးမှာ ချေးယူခဲ့သောငွေအား ပြန်လည်ပေးဆောင်ရန် မတတ်နိုင်ကြပေ။ တပ်မတော် သည် ၎င်းတို့ပြုလုပ်ခဲ့သည့်အရာအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခဲ့သည့်အပြင် ထိခိုက်နစ်နာသူများအတွက် မည်သည့်လျော်ကြေးငွေမျှလည်း ပေးဆောင်ခြင်းမရှိခဲ့ပေ။[30]  

ဒဏ်ရာရရှိခဲ့သော အဖေဖြစ်သူသည် ဤဖြစ်ပွားမှုနှင့်ပတ်သတ်၍ KHRG ၏ သတင်းမှတ်တမ်းပြုစုသူတစ်ဦးကို ဤကဲ့သို့ ပြန်လည်ပြောပြခဲ့သည်။ “အိမ်ထဲမှာဘဲ ကျွန်တော်ဒဏ်ရာရရှိခဲ့တာ။ ဟိုမှာ ခင်ဗျားမြင်တဲ့အတိုင်းဘဲ။ သစ်သားနဲ့လုပ်ထားတဲ့နံရံတွေကလည်း လက်နက်ကြီးကျည်ဆံကြောင့် ပျက်စီးသွားပြီ။ ဟိုမှာ အပေါက်တွေအများ ကြီးဘဲ။ ဟိုမှာတွေ့လား။ လက်နက်ကြီးကျည်ဆံတွေကြောင့် ကျွန််တော့်ခြင်ထောင်လည်း ပျက်စီးသွားတယ်။”  ဒေသ အတွင်း တပ်မတော်စစ်သားများ များပြားလာခြင်းသည် ၎င်း၏လုံခြုံရေးအတွက် စိုးရိမ်ရကြောင်းလည်း တင်ပြခဲ့ သည်။ “အရပ်သားပြည်သူတွေဟာ ခရီးသွားလာရမှာ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ တပ်မတော်လည်း သူတို့ရဲ့ စစ်သားတွေကို အမြဲတမ်းပို့တယ်။ တပ်မတော်စစ်သားတွေကလည်း တစ်ယောက်ပြီးတစ်ယောက် အမြဲတမ်းပြောင်း လဲပြီး သွားလာလှုပ်ရှားတယ်။ သူတို့ဟာ အချို့အမျိုးသမီးတွေကိုလည်း သူတို့ရဲ့တပ်စခန်းတွေဆီကို ရေတွေသွားပို့ ခိုင်းကြတယ်။”[31]  

လေးဖိုးထကျေးရွာအုပ်စုရှိ အမျိုးသမီးတစ်ဦးမှ အလားတူစိုးရိမ်မှုများကိုလည်း တင်ပြခဲ့သည်။ “ကျွန်မတို့တွေဟာ ကြောက်ရွံ့မှုတွေနဲ့အသက်ရှင်နေရတယ်။ ကျွန်မ မပျော်ဘူး။ ဘာလုပ်ရမှာလည်း ကျွန်မ မသိဘူး။ စိုးရိမ်စရာတွေ အများကြီးရှိတယ်။ ကျွန်မမှာ ဘာမှမရှိတော့ဘူး။ ဒီနှစ်မှာ လယ်ယာစပါးတွေ အများကြီးမရဘူး။ ဒီလိုသာတိုက်ပွဲ တွေဆက်ဖြစ်နေရင် ကျွန်မအလုပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး။”  မြန်မာအစိုးရစစ်တပ်ကိုလည်း သူမက ကြောက်ရွံ့ နေကြောင်း KHRGအား ပြောပြခဲ့သည်။ “ဘယ်အချိန်မှာဖြစ်ဖြစ် ကျွန်မတစ်ခုခုကို လုပ်တော့မယ်ဆိုရင် တပ်မတော် စစ်သားတွေကို ကြောက်နေရတယ်။ သူတို့တွေ ကျွန်မတို့ကို တစ်ခုခုလုပ်သွားမှာကို ကြောက်နေတာ။”[32]

     (ဂ) တပ်မတော်မှ ဒေသခံလယ်ယာမြေများနှင့် အများပိုင်သစ်တောများကို ဖျက်စီးခြင်း 

ဤခြောက်လာတာကာလအတွင်း တပ်မတော်သည် မူတြော်ခရိုင်၊ လူသောမြို့နယ်ရှိ သစ်တောအများအပြားကို မီးရှို့ ခဲ့ခြင်းကြောင့် ဒေသခံရွာသားများသည် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းအတွက် မှီခိုနေရသည့် သစ်တောကြိုးဝိုင်း များ၊ စိုက်ပျိုးခြံများနှင့် လယ်ယာမြေများ ပျက်စီးခဲ့သည်။ တပ်မတော်၏ရည်ရွယ်ချက်သည် ၎င်းတို့၏လမ်းဆောက် လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်နှင့် ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်အတွက် သစ်တော အနားတစ်ဝိုက်ရှိ နေရာများကို ရှင်းလင်းရန် သစ်ပင်ချုံနွယ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မီးရှို့ ထားသော တစ်ချို့နေရာများတွင် မီးလောင်မှုကြီးအား ဖြစ်ပေါ်စေခဲ့သည်။ 

၂၀၂ဝခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ရက်နေ့တွင် ကဘောတူတပ်စခန်းတွင် အခြေစိုက်သော ခမရ အမှတ်(၁၂၄)မှ တပ်မ တော်စစ်သားများသည် သော့ခွဲ့ရွာနှင့် မောလောရွာအနီးနားတွင်ရှိသော သစ်တောများကို မီးရှို့ခဲ့သည်။ ထိုသို့ မီးရှို့ခဲ့ခြင်းကြောင့် ဒေသခံရွာသားများပိုင်ဆိုင်သော လယ်ယာမြေ (၂၀)ကွက် (ခန့်မှန်းခြေအားဖြင့် ၁၀ ဧက) သည် ပျက်စီးသွားခဲ့သည်။[33] ၂၀၂ဝခုနှစ်၊ မတ်လ ၂ဝရက်နေ့တွင် ခေါပူကျေးရွာအုပ်စုတွင် အခြေစိုက်သော တပ်မတော် စစ်သားများသည် သစ်တောများကို မီးရှို့ခဲ့ခြင်းကြောင့် ဟီပိုဒဲနှင့် တေးမူဒဲကျေးရွာအုပ်စုများတွင် နေထိုင်ကြသော ရွာသားများပိုင်ဆိုင်သည့် လယ်ယာမြေ (၁၃)ကွက်အား ပျက်စီးစေခဲ့သည်။[34] 

မတ်လ၊ ၂၃ရက်နေ့တွင် ယယ်မူပလောကျေးရွာအုပ်စု၊ လောဝေါ်ဒဲကျေးရွာသားများ ပိုင်ဆိုင်သော မြေယာ (၇)ကွက် သည် မီးလောင်၍ပျက်စီးခဲ့သည်။ စောမူပလောနှင့် လယ်မူပလောကျေးရွာအုပ်စုများရှိ ယေခို့လို့ကျိုးနှင့်ဘလော ခို့ရွာသားများ ပိုင်ဆိုင်သော မြေယာကွက်များ (အရေအတွက်မသိ) လည်း မီးလောင်ပျက်စီးခဲ့သည်။ မတ်လ ၂၆ရက်နေ့တွင် လယ်မူပလောကျေးရွာအုပ်စုဒေသတွင် ခမရ အမှတ်(၃၀)မှ တပ်မတော်စစ်သားများ သစ်တောအား မီးရှို့ခဲ့ခြင်းကြောင့် ဒေသခံရွာသားများ၏မြေယာ (၅၅) ကွက် (ခန့်မှန်းခြေ ၁၆၅ ဧက) သည်လည်း မီးလောင် ပျက်စီးခဲ့သည်။[35] 

ဧပြီလ ၃ရက်နေ့တွင် စောမူပလောကျေးရွာအုပ်စုရှိ ထီးလီးခရွာသားများပိုင်ဆိုင်သည့်မြေယာ(၅)ကွက်နှင့် ထီးလော်သေခီးရွာသားတစ်ဦး၏မြေယာတစ်ကွက်လည်း မီးလောင်ပျက်စီးခဲ့သည်။ ထိုနေ့တွင် စောမူပလောကျေးရွာ အုပ်စုရှိ ပလောဝေါ်ဒေသတွင်နေထိုင်သောအိမ်ထောင်စု (၂၅)စုများသည် မီးလောင်မှု၏ရန်မှလွတ်မြောက်ရန် အတွက် ဘောခီးဒေသသို့ရွှေ့ပြောင်းခဲ့ရသည်။[36] ၂၀၂ဝခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ၉ရက်နေ့ကြားတွင် တပ်မတော်မှ သစ်တော အားမီးရှို့ခဲ့ခြင်းကြောင့် ခေးပူကျေးရွာအုပ်စုရှိ ရွာသားများပိုင်ဆိုင်သော ဒညင်းသီးခြံတစ်ခြံနှင့်ဖာလာ စိုက်ခင်းခြံ (၈)ခြံ မီးလောင်ပျက်စီးခဲ့သည်။ မီးလောင်မှုကြီးကြောင့် အများပိုင်တမေခီးကော်သစ်တော၏ထက်ဝက် ကျော်ပျက်စီး သွားခဲ့ပြီး ခေးပူကော်၊ ကောတဒဲကော်နှင့် သေသူးခီးကော်သစ်တောများ၏သုံးပုံတစ်ပုံသည်လည်း မီးလောင်ပျက်စီးခဲ့သည်။[37]

ကေအဲန်ယူ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန (DOI) ၏ဖော်ပြထားချက်အရ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ လူသောမြို့နယ်တွင် တပ်မတော်မှ သစ်တောများအားမီးရှို့ခဲ့ခြင်းကြောင့် ဒေသခံများ၏မြေယာ (၅၄၄၃.၄၂) ဧကနှင့် လယ်ယာမြေ (၁၂၃) ကွက်သည် ပျက်စီးခဲ့သည်။[38] ဤကဲ့သို့လုပ်ရပ်မျိုးသည် NCA စာချုပ်တွင် ဖော်ပြထားသော အပိုဒ် (၅)၊ (က)ကို ချိုးဖောက်ရာမြောက်သည်။ ၎င်းအပိုဒ် (၅)၊ (က)တွင် အရပ်သားများ၏ပိုင်ဆိုင်မှုများအား ဖျက်ဆီးသည့်လုပ်ရပ်များကို တားမြစ်ထားသည်။ သစ်တောတစ်ခုလုံးကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်းသည် NCA စာချုပ်တွင် ဖော်ပြထားသော အပိုဒ် (၉)၊ (တ)ကိုလည်း ချိုးဖောက်ရာမြောက်သည်။ ၎င်းအပိုဒ် (၉)၊ (တ)တွင် အပစ်ခတ်ရပ်စဲသည့်ဒေသများတွင် နေထိုင်သော အရပ်သားများ၏လုံခြုံရေးကို ကာကွယ်စောင့် ရှောက်ရမည်ဟု ဖော်ပြထားပါသည်။ 

     ၂) တပ်မတော်မှ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဆောက်လုပ်ထားသော ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များကို ဖျက်ဆီးခြင်း 

ဤခြောက်လတာကာလအတွင်း KNUဝန်ထမ်းများမှဦးဆောင်နေသည့် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား ဖျက်စီး ခံခဲ့ရသည့်အကြောင်းအရာများကို KHRGမှမှတ်တမ်းပြုစုခဲ့ပါသည်။ ၂၀၂ဝခုနှစ်၊ မေလ ၆ရက်နေ့ မနက်ပိုင်း (၁၁) နာရီတွင် စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၁၀)မှ တပ်မတော်စစ်သားများသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ခေါကလားကျေးရွာရှိ KNDF[39] ဆောက်လုပ်ထားသော ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်တစ်ခုကို ဖျက်ဆီးခဲ့သည်။ ၎င်းတပ်မတော်စစ်သားများ သည် ဒုတပ်ရင်းမှူးအေးမင်းထွန််းနှင့် တပ်ခွဲမှူးဖိုးမင်းကျော်တို့မှဦးဆောင်သည့်စစ်သားများဖြစ်သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်ကို ၂၀၂ဝခုနှစ်၊ ဧပြီလ၏အစဦးတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂ဝခုနှစ်၊ မေလ ၆ရက်နေ့တွင် ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ ဝါ့သို့ခို့ကျေးရွာတွင် KNPF ဆောက်လုပ် ထားသော အခြားကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်ကို စကခ အမှတ် (၈) လက်အောက်ခံ ခမရ (၄၀၅)မှ တပ်မ တော်များမီးရှို့ဖျက်ဆီးခဲ့သည်။ ထိုနေ့တွင်မူ ဒွယ်လိုးမြို့နယ်၊ ထီးလော်သေထကျေးရွာအုပ်စု၊ နှစ်ဆယ့်တစ်မိုင်လမ်း တွင် KNLA တပ်သားများမှ ခမရ (၄၀၅) တပ်မတော်စစ်သားများကိုပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

ဒွယ်လိုးမြို့နယ်တွင် ဤဖြစ်ပွားမှုဖြစ်စဉ်နှစ်ခုကြောင့် KNLAနှင့်တပ်မတော်တို့အကြားတွင်ရှိသည့် တင်းမာမှုများ မြှင့်တက်လာခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများအကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၂ဝခုနှစ်၊ မေလ ရရက်နေ့ ညနေပိုင်း (၃)နာရီဝန်းကျင်တွင် ကူးဆိပ်တပ်စခန်းအနီးနားတွင် တပ်မတော် ခမရ (၄၁၀) နှင့် KNLA တပ်ရင်း (၁၀၂) လက်အောက်ခံ တပ်ခွဲ (၁)တို့ကြားတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ၂၀၂ဝခုနှစ်၊ မေလ ၈ရက်နေ့ တောင်သုံး လုံးဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ မေလ ၁၁ရက်နေ့ မောလို့ကလိုး ဒေသ (မြန်မာဘာသာအားဖြင့် ရေပူ) တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ ၂၀၂ဝခုနှစ်၊ မေလ ၁၆ရက်နေ့တွင်လည်း တပ်မတော် ခမရ (၄၁၀) နှင့် KNLA တပ်ရင်း (၁၀၂) လက်အောက်ခံတပ်ခွဲ (၃)တို့ကြားတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မေလ ၁၈ရက်နေ့ မနက်ပိုင်း (၈)နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ 

တပ်မတော်နှင့်KNLA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဖာပွန်တွင်အခြေစိုက်သော တပ်မတော်နည်းဗျူဟာ (နဗဟ) သည် မေလ ၈ရက်နေ့မှစပြီး ဖာပွန်-ကမမောင်းကားမကြီးတစ်လျှောက်တွင် ညနေ (၆)နာရီမှ မနက် (၆)နာရီ အထိ ညမထွက်ရအမိန့်ကိုထုတ်ပြန်ခဲ့သည်။  ခလရ (၁၉)၊ ခမရ (၃၄၁)၊ ခမရ (၄၃၄)၊ ခမရ (၃၄၀)နှင့် နည်းဗျူဟာ(နဗဟ)အပါအဝင် ဒေသအတွင်းရှိတပ်မတော်တပ်ရင်းများအားလုံးသည် ဖာပွန်မြို့နှင့်ဝေမုံကျေးရွာတို့ အကြားရှိ လမ်းတစ်လျှောက်တွင်အခြေစိုက်သည့် ၎င်းတို့၏တပ်ရင်းများရှေ့တွင် စစ်ဆေးရေးဂိတ်များချမှတ်ခဲ့သည်။ KNLAမှလည်း ဖာပွန်-ကမမောင်းလမ်းတစ်လျှောက်တွင် အရေးကြီးသည့်ကိစ္စမှလွဲ၍ တနင်္လာနေ့နှင့်သောကြာနေ့တွင်သာ သွားလာခွင့်ရမည်ဟူသောအမိန့်ကို ထုတ်ပြန်ခဲ့သည်။[40] 

၂၀၂ဝခုနှစ်၊ ဇွန်လ ၂ရက်နေ့တွင် ခလယ်လွီထူခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်၊ ကလိန်း-ချောင်းဝလမ်းလေးခွ တွင်ရှိသော KNUကိုဗစ်-၁၉ ရောဂါစစ်ဆေးဂိတ်တစ်ခုကိုလည်း ခမရ (၂၀)မှ တပ်မတော်စစ်သားများမှ ဖြိုဖျက် ဖျက်စီးခဲ့သည်။ ၎င်းကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်ကိုဖွင့်လှစ်ပြီးနောက်ပိုင်း ထိုဂိတ်တွင်တာဝန်ထမ်းဆောင်နေ သောKNUဝန်ထမ်းများသည် နေ့လည်စာစားရန်အပြင်ထွက်၍ မကြာမီတွင် တပ်မတော်မှလာရောက်ဖျက်စီးခဲ့ခြင်း ဖြစ်သည်။ ထိုတပ်မတော်စစ်သားများသည် စခန်းမှူးထင်မောင်နှင့် ထောက်လှမ်းရေးမှူး ရေမွန်တို့၏လက်အောက် ငယ်သားများဖြစ်သည်။[41]  

တပ်မတော်မှ ဤကဲ့သို့ ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်များကိုဖျက်စီးခြင်းသည် NCA စာချုပ်တွင်ပါရှိသော အပိုဒ် (၅)၊ (က)နှင့် (ခ)ကို ချိုးဖောက်ရာ၏မြောက်ပါသည်။ ထိုအပိုဒ် (၅)၊ (က)နှင့် (ခ)တွင် အကြမ်းဖက်တိုက်ခိုက်မှု များနှင့် တစ်ဖက်နှင့်တစ်ဖက်ရန်မူပြီးစော်ကားမှုဖြစ်စေသည့် သွယ်ဝိုက်(သို့မဟုတ်)တိုက်ရိုက်လုပ်ရပ်များကို တားမြစ် ထားပါသည်။ ထို့ပြင် NCA စာချုပ်၏အပိုဒ် (၅)၊ (ဈ)ကိုလည်း ချိုးဖောက်ရာရောက်ပါသည်။ ထိုအပိုဒ် (၅)၊ (ဈ)တွင် အများပြည်သူနှင့်သက်ဆိုင်သော ကျန်းမာရေးအထောက်အကူပစ္စည်းများအား တားမြစ်ခြင်းမပြုလုပ်ရဟူ၍ ဖော်ပြ ထားပါသည်။ 

     ဂ) မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ရပ်များ 

မြေမြှုပ်မိုင်းအန္တရာယ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းတစ်လျှောက်တွင် ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ မြေမြှုပ်မိုင်းသည် ရွာသားများကိုခြိမ်းခြောက်စေပြီး ၎င်းတို့၏အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် တားဆီးနေသည့်အရာဖြစ်သည်။ NCA စာချုပ်၏အပိုဒ် (၅)၊ (က)နှင့် နှစ်ဦးနှစ် ဖက်လိုက်နာရမည့်စစ်ဘက်ဆိုင်ရာကျင့်ဝတ်များတွင်ပါရှိသော အပိုဒ် (၈)၊ (က)တို့တွင် မြေမြှုပ်မိုင်းများအသုံးပြုခြင်း အားတားမြစ်ထားသော်လည်း KNLAနှင့်တပ်မတော်တို့နှစ်ဦးစလုံးသည် မြေမြှုပ်မိုင်းအသစ်များကို ဆက်လက်အသုံး ပြုနေဆဲဖြစ်သည်။ 

၂၀၂ဝခုနှစ်၊ မေလအတွင်း တပ်မတော် ခလရ (၁၉)၊ ခမရ (၄၃၄)၊ ခမရ (၃၄၁)နှင့် ခမရ (၃၄၀)တို့မှ မြေမြှုပ် မိုင်းအသစ်များအား ထောင်ထားနိုင်ခြေရှိသည့်သတင်းအကြောင်းအရာများကို KHRGမှ လက်ခံရရှိခဲ့သည်။ ၎င်းတပ် ရင်းများသည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စုရှိ ဖာပွန်-ကမ မောင်းကားလမ်းတစ်လျှောက် ကြားတွင်ရှိသည့် ဝေးမုံ-တံခွန်တိုင်ကားလမ်းတစ်လျှောက်တွင် အခြေစိုက်နေသည့်တပ်ရင်းများဖြစ်သည်။ ၂၀၂ဝခု နှစ်၊ မေလ ၂ရရက်နေ့တွင် ခမရ (၄၃၄)မှ ဗိုလ်မှူးအောင်ပြည့်ဖြိုးသည် တပ်မတော်အခြေစိုက်နေထိုင်ရာနေရာများ ၏အရှေ့တစ်လျှောက်တွင် မေလ၊ ၂၈ရက်နေ့မှ ၃ဝရက်နေ့အထိ ရွာသားများအား ၎င်းတို့၏ကျွဲနွားတိရိစ္ဆာန်များကို ဖြတ်သန်းသွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဗိုလ်မှူးအောင်ပြည့်ဖြိုးသည် ရွာသားများအား အနာ ဂတ်တွင် သတ်မှတ်ထားသည့်နေရာများတွင်သာ နေထိုင်ရန်ပြောဆိုခဲ့သည်။ တပ်မတော်မှ ထိုနေရာများတွင် မြေမြှုပ် မိုင်းများထောင်ထားနေသည်ဟု ဒေသခံရွာသားများမှသံသယဝင်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ချို့သော လမ်းပေါ်တွင် ရည်ရွယ်ချက်ရှိရှိသစ်ရွက်များဖြင့်ဖုံးအုပ်ထားသောကြောင့်ဖြစ်ပါသည်။ အ---ကျေးရွာ၌ နေထိုင်ကြသောရွာသားများ တပ်မတော်၏ ပို၍လှည့်လည်သွားခြင်း နှင့် ဒေသတွင်းမြေမြှုပ်မိုင်းများထောင်ခြင်းတို့ကြောင့် ၎င်းတို့၏လယ်ယာသို့သွားရန် ယခုတွင် ကြောက်ရွံ့နေကြပါသည်။ 

၂၀၂ဝခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း KHRG မှ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်(၄)ခုနှင့်ပတ်သတ်သည့်သတင်း အကြောင်းအရာများကို လက်ခံရရှိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရွာသား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာသေဆုံးသွားခဲ့ပါသည်။ ဖြစ်စဉ်(၄)အခုအနက်သုံးခုမှာ KNLA စစ်သားများမှထောင်ထားသော မြေမြှုပ်မိုင်း များဖြစ်ပြီး အချို့သောမြေမြှုပ်မိုင်းများမှာ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလမှဇွန်လအတွင်း ထောင်ထားခဲ့သည့်မိုင်းများဖြစ် သည်။ မြေမြှုပ်မိုင်းများအားထောင်ထားခြင်းသည် NCA စာချုပ်ကိုချိုးဖောက်ရာမြောက်သည်။ ၎င်းဖြစ်စဉ် (၃)ခုစလုံး တွင် မြေမြှုပ်မိုင်းများမည်သည့်နေရာတွင်ရှိသည်ကို ရွာသားများအားအသိပေးအကြောင်းကြားခြင်းများ ရှိခဲ့သည်။ သို့သော် ၎င်းတို့အားအသိပေးသော်လည်း မြေမြှုပ်မိုင်းပေါက်ကွဲမှုအား ကာကွယ်တားဆီးနိုင်ခဲ့ခြင်းမရှိပေ။ ရွာသား များသည် အန္တရာယ်ရှိသည်ကိုသိရှိထားသော်လည်း ၎င်းတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ဆောင် ရန်အတွက် မြေမြှုပ်မိုင်းများရှိသည့်နေရာများတွင် အသက်စွန့်စား၍သွားလာလုပ်ကိုင်ခဲ့ရခြင်းဖြစ်သည်။ လက်နက် ကိုင်တပ်ဖွဲ့များသည် ၎င်းတို့ထောင်ထားသည့်မြေမြှုပ်မိုင်းများကို အမှတ်အသားပြုလုပ်ခဲ့ခြင်းနှင့် မြေမြှုပ်မိုင်းထောင် ထားသည့်နေရာအတိအကျကို ပြောပြထားခြင်းမရှိသောထို့လုပ်ရပ်များသည် ဒေသခံရွာသားများအား အန္တရာယ်ရှိ သည့်အခြေအနေသို့ တွန်းပို့စေပါသည်။ 

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များတွင် လုံလောက်သောနစ်နာကြေး၊ လျော်ကြေးများရရှိမှုမရှိခြင်းသည် မီးမောင်းထိုး ပြရမည့်ကိစ္စရပ်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် ထိခိုုက်နစ်နာသူများသည် ဆေးကုသမှုကုန်ကျစရိတ်ကိုသာရရှိခဲ့ သော်လည်း နစ်နာသူများနှင့်၎င်းတို့၏မိသားစုဝင်များအတွက် ရေရှည်တည်တံ့သည့်ထောက်ပံ့မှုများဆောင်ရွက် ပေးသည့်အစီအစဉ်များ ပျက်ကွက်နေပါသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် မိသားစုတစ်စုတွင် အိမ်ထောင်ဦးစီး တစ်ဦးဆုံးရှုံးရခြင်းသည် ၎င်း၏မိသားစုဝင်များအား အခက်အခဲစိန်ခေါ်မှုများစွာနှင့်အတူ ကျန်ရစ်ခဲ့စေပါသည်။ ထို့ကြောင့် ၎င်းတို့၏ဆုံးရှုံးမှုများအတွက် ပြန်လည်ကူညီဖေးမပေးရန်နှင့် ၎င်းတို့၏ကလေးများသည် မိသားစုစားဝတ် နေရေးအတွက် ကျောင်းထွက်ပြီးအလုပ်လုပ်ပေးရသည့် အခြေအနေမျိုးမှလွတ်မြောက်ရန်အတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို စီစဉ်ပေးရမည်ဖြစ်သည်။ အခြားသောထိခိုက်နစ်နာသူများမှာလည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့ခြင်းကြောင့် ရေရှည်တွင် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား လုပ်ကိုင်နိုင်စွမ်းအပေါ်အကျိုး သက်ရောက်စေသည့်အတွက် ၎င်းတို့ကိုလည်း လိုအပ်သည့်ကူညီထောက်ပံ့မှုများကို စီစဉ်ပေးသင့်ပါသည်။ 

     ၁) ဖြစ်စဉ် - ၁

၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ဟ---ရွာသားဖြစ်သော အသက် (၄၅)နှစ်အရွယ် စောဂ---သည် မူတြော် ခရိုင်၊ ဘူးသိုမြို့နယ်၊ ထီးသဒေါ့ထာ့ကျေးရွာအုပ်စုရှိ တောထဲတစ်နေရာတွင် မြေမြှုပ်မိုင်းတစ်လုံးတက်နင်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။[42] KHRGမှ သတင်းမှတ်တမ်းပြုစုသူ တစ်ဦး၏တင်ပြချက်အရ ၎င်းမြေမြှုပ်မိုင်းသည် DKBA (ခွဲထွက်)အဖွဲ့မှ ထောင်ထားခဲ့သည်ဟု ယူဆရပါသည်။[43] 

၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် စောဂ---၏ရွာအနီးတွင် တပ်မတော်နှင့် KNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်းနှင့်မိသားစုဝင်များ မြိုင်ကြီးငူပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDP) စခန်းတွင်[44] ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဒေသအတွင်းအခြေအနေပြန်ကောင်းလာသဖြင့် စောဂ---သည် ၎င်း၏မိသားစု စားဝတ်နေရေးအတွက် ဟ---ရွာသို့ ပြန်လာလုပ်ကိုင်ခဲ့သည်။ အမဲလိုက်ရန် တောထဲသွား၍ ဝါးခုတ်နေစဉ်အတွင်း မထင်မှတ်၍ မြေမြှုပ်မိုင်းနင်မိခဲ့သည်။ စောဂ---၏ဘယ်ဖက်ခြေထောက်အားထိမိ၍ ၎င်း၏ခြေမပြုတ်ထွက်သွားပြီး ဘယ်ဖက်ခြေချင်းဝတ် ကွဲထွက်ခဲ့သည်။ ၎င်း၏ပေါင်နှစ်ဖက်စလုံးမှ ခြေထောက်အောက်ခြေအထိ အနည်းငယ်မီးလောင်ခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲပြီး နောက် ကျေးရွာလူကြီးများက ၎င်းအား မြိုင်ကြီးငူဆေးရုံသို့ပို့ဆောင်ခဲ့သည်။ 

စောဂ---၏ဒဏ်ရာသည် အရမ်းပြင်းထန်သည့်အတွက် ဒေသခံဘုန်းကြီးတစ်ပါးနှင့် မြိုင်ကြီးငူဒေသတာဝန်ရှိသူ များက ၎င်းအား ဆေးကုသမှုခံယူရန် ဘားအံဆေးရုံသို့ပို့ဆောင်ခဲ့ပြန်သည်။ စောဂ---မှ ဆေးရုံတွင် နေထိုင်နေစဉ် တပ်မတော်အရာရှိများနှင့်ဘုန််းကြီးတစ်ပါးမှ ၎င်းအားလာရောက်ကြည့်ရှုပြီး အစားအစာနှင့်ဆေးကုသမှုကုန်ကျ စရိတ်များကို ကူညီထောက်ပံ့ခဲ့သည်ဟု KHRGအား ပြောခဲ့ပါသည်။ မြေမြှုပ်မိုင်းဒဏ်ရာများကြောင့် စောဂ---နှင့် ၎င်း၏မိသားစုဝင်များသည် ယခုအချိန်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာအခက်ခဲများအား ရင်ဆိုင်ကြုံတွေ့နေ ရသော်လည်း ၎င်းသည် အခြားသောမည်သည့်ငွေထောက်ပံ့မှုမျှ လက်ခံရရှိခြင်းမရှိပေ။ 

     ၂) ဖြစ်စဉ် -၂ 

၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် စောလ---သည် ဘားအံခရိုင်၊ လူပလယ် (လှိုင်းဘွဲ) မြို့နယ်အတွင်း တောထွက်၍ အမဲလိုက်ချိန်တွင် မြေမြှုပ်မိုင်းတက်နင်းမိခဲ့သည်။[45] စောလ---သည် ဘူးသိုမြို့နယ်၊ ဘုအားဒဲ ကျေးရွာ အုပ်စု၊ (ခ---ဒေသ) ဆ---ရွာတွင် နေထိုင်သောရွာသားတစ်ဦးဖြစ်သည်။ တပ်ရင်းမှူးကေးလေးလက်အောက်ခံဖြစ်သော KNLA စစ်သားများက ၎င်းမြေမြှုပ်မိုင်းကို ထောင်ထားခဲ့ပါသည်။ KNLA စစ်သားများသည် မြေမြှုပ်မိုင်း များအားထောင်ထားခြင်းမလုပ်မှီတွင် ၎င်းတို့သည်ဒေသခံရွာသားများအား အသိပေးအကြောင်းကြားခဲ့ကြောင်း KNLA ကိုယ်စားလှယ်တစ်ဦးမှ KHRG သတင်းစုဆောင်းသူကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဟတ်ကြီးရေကာတာ ဆောက်လုပ်ရေးစီမံကိန်းကိုတားဆီးရန်နှင့် မိမိကိုယ်ကိုခုခံကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် KNLA မှ မြေမြှုပ်မိုင်းများ ကိုထောင်ထားခဲ့ခြင်းဖြစ်သည်။ 

စောလ---သည် မြေမြှုပ်မိုင်းထောင်ထားသည့်နေရာတစ်ဝိုက်ကို သိရှိထားပါသည်။ သူသည် ထိုနေရာတစ်ဝိုက်သို့ တစ်ကြိမ်သွားရောက်ခဲ့ပြီးဖြစ်သည်။ သို့သော် မြေမြှုပ်မိုင်းထောင်ထားသည့်နေရာကို မရောက်ရှိခဲ့ပေ။ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် က---ရွာမှ ကျောင်းဆရာတစ်ဦးနှင့်အတူအရဲစွန့်ကာ ထိုနေရာကိုကျော်လွန်သွားခဲ့ပါသည်။ မြေမြှုပ်မိုင်းထိမှန်ပြီးနောက်တွင် ၎င်းအားချင်းမိုင်းဆေးရုံသို့ ချက်ချင်းပင်ပို့ဆောင်ခဲ့သည်။ သူ၏ဘယ်ခြေဖမိုးတွင် ဒဏ်ရာ များရရှိခဲ့ပြီး ခြေချောင်းများအဖြတ်ခံခဲ့ရပါသည်။  

စောလ---သည် ဆေးကုသမှုစရိတ်ကုန်ကျငွေ ဘတ်တစ်သိန်းကျော်ကို ပေးဆောင်ရန်မတတ်နိုင်ပေ။ သို့သော်တပ် ရင်းမှူးကေးလေးမှ ခရီးသွားလာသည့်ကုန်ကျစရိတ်များအပါအဝင် ဆေးကုသမှုကုန်ကျငွေတစ်ချို့ကို ပေးဆောင် ခဲ့သည်။ ကျန်ရှိသည့်ဆေးကုသမှုကုန်ကျငွေများကို တစ်စုံတစ်ယောက်က ပေးဆောင်ခဲ့ပါသည်။ သို့သော် မည်သည့် အဖွဲ့အစည်း (သို့) မည်သူမည်ဝါကပေးဆောင်ခဲ့သည်ကို စောလ---လည်းမသိရှိခဲ့ပေ။ စောလ---မှ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း တပ်ရင်းမှူးကေးလေးမှ ၎င်း၏မိသားစုကို ဘတ်ငွေတစ်ထောင်နှင့်စားစရာအချို့ ထောက်ပံ့ခဲ့ပါသည်။ ထိုထောက်ပံ့မှုမျိုးမှလွဲ၍ KNLAဖက်မှ မည်သည့်လျော်ကြေးငွေ ပေးဆောင်ခဲ့ခြင်းမရှိခဲ့ပေ။ စောလ---ရရှိခဲ့သည့်ဒဏ်ရာများကြောင့် ၎င်းမျှော်လင့်ထားသည့်အတိုင်း အလုပ်များမလုပ်နိုင်တော့ကြောင်း KHRG သတင်းမှတ်တမ်းပြုစုသူကိုတင်ပြခဲ့သည်။ ထို့ကြောင့် ၎င်း၏မိသားစုသည် စားဝတ်နေရေးအခက်ခဲစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ 

     ၃) ဖြစ်စဉ် - ၃ 

၂၀၂ဝခုနှစ်၊ မေလ ၂၄ရက်နေ့ နေ့လည် (၂)နာရီခန့်တွင် န---ရွာသားတစ်ဦးဖြစ်သည့် အသက် (၅၇)နှစ်အရွယ် စောမ---သည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထာကျေးရွာအုပ်စုရှိ ထွီသီးအဲတောထဲတွင် မြေမြှုပ်မိုင်း တစ်လုံးကို တက်နင်းမိခဲ့သည်။[46]   ၎င်းမြေမြှုပ်မိုင်းကို ၂၀၂ဝခုနှစ်၊ မတ်လ သို့မဟုတ် ဧပြီလတွင် KNLA စစ်သားများ မှထောင်ထားခဲ့ခြင်းဖြစ်သည်။ ဤအခင်းဖြစ်ပွားခဲ့သည့်နေရာသည် KNLA တပ်ရင်းအမှတ် (၁၀၂)လက်အောက် ခံတွင်ရှိသော တပ်ခွဲ (၃) ထိန်းချုပ်သည့်နယ်မြေဖြစ်သည်။ 

ထိုနေရာတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများထောင်ထားကြောင်း ဖ---ရွာတွင်နေထိုင်သောရွာသားများအား အသိ ပေးအကြောင်းကြားထားပြီးဖြစ်သည်။ သို့သော် အခင်းမဖြစ်ပွားမီတစ်ရက်အလိုတွင် စောမ---သည် သက်ကယ် ရွက်များကို သွားကောက်ယူရမည်ဖြစ်သဖြင့် ထိုနေရာတွင်မြေမြှုပ်မိုင်းရှိမည်မဟုတ်ဟု ထင်မြင်ယူဆခဲ့ခြင်းဖြစ် သည်။ စောမ---၏သားဖြစ်သူမှ သူအားထိုနေရာတွင်မသွားရန် သတိပေးခဲ့သော်လည်း ၎င်း၏အိမ်ခေါင်မိုးကိုမိုးရန် အတွက် သက်ကယ်ရွက်များအလုံအလောက်မရှိသောကြောင့် သွားရန်လိုအပ်ခဲ့ပါသည်။ 

စောမ---သည် ၎င်း၏အမျိုးသမီးနှင့်အတူ သက်ကယ်ရွက်များသွားကောက်ယူပြီး ရွာသို့ပြန်လာချိန်တွင် မြေမြှုပ်မိုင်း တက်နင်းမိခဲ့သည်။ မြေမြှုပ်မိုင်းထိမှန်ခြင်းကြောင့် သူ၏ဘယ်ဖက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပါသည်။ သူ၏အမျိုး သမီးသည် အကူအညီတောင်းရန် ရွာသို့အမြန်ပြန်ပြေးခဲ့ပါသည်။ စောမ---ကို ဒေသခံကျန်းမာရေးလုပ်သားတစ်ဦး နှင့် အချို့ရွာသားများကကူညီခဲ့ပြီး ၎င်းအား ဝါခဒဲဒေသတွင်ရှိသည့် KNU ဆေးပေးခန်းသို့ပို့ဆောင်ခဲ့ပါသည်။ ဒဏ်ရာသည်အရမ်းပြင်းထန်သည့်အတွက် ၎င်း၏ဘယ်ခြေထောက်ကို ဖြတ်ပစ်ခဲ့ရပါသည်။ 

စောမ---မှာ ကလေး (၄) ယောက်အပါအဝင် မိသားစုဝင်ခြောက်ဦးရှိပါသည်။ သူ၏ကလေး (၄)ဦးအနက် နှစ်ဦး မှာ အိမ်ထောင်ကျပြီးဖြစ်ပါသည်။ ယခုအချိန်တွင် စောမ---နှင့် ၎င်း၏မိသားစုဝင်များသည် စားဝတ်နေရေးအခက်အခဲ များနှင့်ရင်ဆိုင်နေရပါသည်။ အဘယ်ကြောင့်ဆိုသော် စောမ---သည် ဘယ်ဖက်ခြေထောက်အဖြတ်ခံရသည့်အ တွက် အလုပ်တွင်သွားလာလုပ်ကိုင်နိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် ဤကဲ့သို့အခင်းဖြစ်ပွားခြင်းသည် ၎င်းတို့၏ စားဝတ်နေရေးဖူလုံမှုအား လုပ်ကိုင်နိုင်စွမ်းအပေါ် ရေရှည်တွင်သက်ရောက်မှုများရှိနေပါသည်။ စောမ---သည် ၎င်း၏ ဆေးကုသမှုကုန်ကျစရိတ်များကို ပေးဆောင်ရန်မလိုသော်လည်း ၎င်းအနေဖြင့် လျော်ကြေးငွေနှင့်အခြားလိုအပ် သည့်ထောက်ပံ့မှုများ လက်ခံရရှိခြင်းမရှိခဲ့ပေ။ 

ထို့နောက် KNLA စစ်သားများသည် ကျေးရွာများအနီးတစ်ဝိုက်တွင် ၎င်းတို့ထောင်ထားခဲ့သည်မြေမြှုပ်မိုင်းများ အချို့ကို ပြန်လည်ရှင်းထုတ်ခဲ့သည်။ သို့သော် မိမိကိုယ်ကိုကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် တစ်ချို့သော မြေမြှုပ်မိုင်းများကို ရှင်းထုတ်ခဲ့ခြင်း မရှိခဲ့ပေ။ အချို့သော မြေမြှုပ်မိုင်းများကို ရှင်းလင်းရန် အလွန်တရာခက်ခဲလှ ပါသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုမြေမြှုပ်မိုင်းရှိသည့်နေရာများကို အမှတ်အသားပြုလုပ်၍ ရွာသားများအား အသိပေးအကြောင်းကြားခဲ့ပါသည်။

     ၄) ဖြစ်စဉ် - ၄ 

၂၀၂ဝခုနှစ်၊ ဇွန်လ ၂၂ရက်နေ့တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ရ---ရွာသားတစ်ဦးဖြစ်သူ အသက် (၄၈)နှစ် အရွယ် စောဇ---သည် ပူးပယ်ခိုဒေသတွင် KNLA စစ်သားများထောင်ထားသော မြေမြှုပ်မိုင်းတစ်လုံးကိုတက်နင်းမိ ခဲ့သည်။ ၎င်းမြေမြှုပ်မိုင်းတည်ရှိသည့်နေရာသည် တပ်မတော်တပ်စခန်းနှင့်အလွန်နီးကပ်ပါသည်။[47]  

ထိုဒေသတွင် တပ်မတော်စစ်လှုပ်ရှားမှုများ များပြားလာခြင်းကြောင့် KNLA အထူးတပ်ဖွဲ့မှ မိမိကိုယ်ကိုကာကွယ် သည့်ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ ရွာသားများနှင့်၎င်းတို့၏အသက်မွေးဝမ်းကျောင်းပြုမှုများကို ကာကွယ် ရန်ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း မြေမြှုပ်မိုင်းများကိုထောင်ထားခဲ့ခြင်းဖြစ်သည်။ KNLA မှလည်း ထိုဒေသ တွင်မြေမြှုပ်မိုင်းများထောင်ထားခဲ့သည်ကို ဒေသခံများအားအသိပေးအကြောင်းကြားခဲ့ပါသည်။ စောဇ---သည်လည်း ထိုကိစ္စကို ကောင်းစွာနားလည်သဘောပေါက်ထားပါသည်။ 

အခင်းဖြစ်ပွားခဲ့သည့်နေ့တွင် စောဇ---သည် အသက်(၁၄)နှစ်အရွယ်ရှိသော ၎င်း၏သားဖြစ်သူနှင့်အတူ ပွယ်လို ကလိုး(ယွန်းစလင်း)မြစ်သို့ ငါးဖမ်းရန်ထွက်ခွာခဲ့သည်။ စောဇ---သည် ရွာသို့ပြန်လာသည့်အချိန်နေ့လည်တစ်နာ ရီခန့်၌ လမ်းတွင်မြေမြှုပ်မိုင်းတက်နင်းခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ခြေထောက်တစ်ချောင်းပြတ် သွားခဲ့ပါသည်။ သူ၏သားဖြစ်သူလည်း အကူအညီတောင်းရန်ရွာသို့အမြန်ပြေးသွားခဲ့သည်။ ရွာသားများသည် စောဇ---အား ဆေးကုသမှုခံယူရန်အတွက် ဒေ့ပူနို့ကျေးရွာရှိ ဆေးပေးခန်းသို့ပို့ဆောင်ခဲ့သည်။ ထိခိုက်ဒဏ်ရာများပြင်းထန်၍ သွေးများအလွန်ထွက်သောကြောင့် နောက်ဆုံး၌ စောဇ---သည် ည (၁၀)နာရီခန့်တွင် သေဆုံးခဲ့သည်။  

စောဇ---မှာ အသက် (၃၀)အရွယ် ဇနီးတစ်ဦးနှင့် မွေးကင်းစကလေးတစ်ဦးအပါအဝင် စုစုပေါင်းသားသမီး(၈)ဦး ရှိပါသည်။ စောဇ---၏အမျိုးသမီးသည် နောက်ဆုံးကိုယ်ဝန်လွယ်၍ မီးဖွားပြီးသည့်နောက်တွင် ကျန်းမာရေးပြဿနာ များနှင့်ကြုံခဲ့ရပြီး သူမ၏သားသမီးများကိုလည်း ကျွေးမွေးစောင့်ရှောက်ရပါသည်။ သူမသည် အလုပ်ကောင်းစွာ မလုပ်နိုင်သည့်အတွက် အခင်းဖြစ်ပွားချိန်တွင် ဖခင်နှင့်အတူလိုက်ပါခဲ့သော အသက် (၁၄)နှစ်အရွယ် အကြီးဆုံးသား ဖြစ်သူသည် ကျောင်းထွက်ခဲ့ရပြီး ၎င်း၏မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ရပါသည်

     ဃ) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

ဤခြောက်လတာအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလေးခုအား KHRGမှမှတ်တမ်းတင်ရေးသားခဲ့သည်။ ဤအမှု များထဲမှသုံးခုသည် ကလေးများအားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပြီး အခြားတစ်ခုမှာ ဉာဏ်ရည်မမှီသော အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်သည်။

ဤအမှုများထဲမှ သုံးမှုအား ဒေသခံကျေးရွာတာဝန်ရှိသူများမှ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ပြစ်မှုကျူးလွန်သူများအား တရားစွဲဆိုမှုမရှိပဲ နစ်နာမှုခံစားရသူများအား ၁၀၀၀၀၀ ကျပ်မှ ၁၅၀၀၀၀ ဘတ်အထိ လျော်ကြေးအဖြစ်ပေးရကြသည်။ ဤလုပ်ထုံးလုပ်နည်းများသည် မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်ဒေသများရှိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ကိုယ်တွယ်ဖြေရှင်းရာတွင် အများအားဖြင့်အသုံးပြုကြ သည်။ ဤကဲ့သို့ဒေသခံယန္တရားများဖြစ်သော အမျိုးသားလွမ်းမိုးမှုရိုးရာအား ယုံကြည်အားထားခြင်းသည် ထိခိုက်နစ် နာသူများမှ တရားမျှတမှုနှင့်လျော်ကြေးရရှိမှုများ လက်လှမ်းမီနိုင်ရန်အတွက် အဟန့်အတားတစ်ခုအဖြစ်တည်ရှိနေ သေးသည်။ ဒေသခံတရားမျှတမှုပံ့ပိုးပေးသူများမှ အငြင်းပွားမှုပြေငြိမ်းရန်ကိုင်တွယ်ဖြေရှင်းခြင်းအား မကြာခဏ ရွေးချယ်လုပ်ဆောင်ခြင်းသည် ကျေးရွာ သို့မဟုတ် ဒေသခံလူထု၏စည်းလုံးမှုဂုဏ်အား ထိန်းသိမ်းစေလိုခြင်းကြောင့် ဖြစ်သည်။ တစ်ချို့မှာ ထိခိုက်နစ်နာသူများနှင့် ၎င်းတို့၏မိသားစုများမှအမှုအား တရားဥပဒေဆိုင်ရာတာဝန်ရှိသူများ ထံသို့တင်ပြရန် စိတ်ပျက်အားလျှော့မှုဖြစ်စေသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဖြစ်ပေါ်သည့်အချိန်တိုင်း ဥပဒေအရဆောင်ရွက်နေမှုများတွင် တရားခံများအပေါ် တရားစွဲဆိုမှုသည် ပွင့်လင်းမြင်သာမှုနည်းပါးပြီး ထိခိုက်ခံစားရသူအား ဗဟိုအဖြစ်ထား၍ ကိုင်တွယ်ဆောင်ရွက်ရန် ပျက်ကွက်နေကြပါသည်။ အထူးသဖြင့် ပြစ်မှုကျူးလွန်သောသူများသည် လုံခြုံရေးတပ်ဖွဲ့များဖြစ်နေကြသောကြောင့်ဖြစ်သည်။

     (၁) ကလေးများအားအဓမ္မပြုကျင့်မှုနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

မြန်မာပြည်အရှေ့တောင်ပိုင်းရှိကလေးများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများတွင် အားနည်းနေသူများဖြစ်ပြီး အထူးသဖြင့် ပြစ်မှုကျူးလွန်သူများ၏လက်ခုပ်ထဲ၌ ကပ်လျက်ရှိနေချိန်တွင်ဖြစ်သည်။ KHRG မှ အသက် ၇ နှစ် အရွယ်ရှိသောကလေးယောကျ်ားလေးတစ်ဦးအား ဆယ်ကျော်သက်အရွယ်ဒေသခံတစ်ဦးမှ ဤခြောက်လတာ အတွင်း အဓမ္မပြုကျင့်ခဲ့ခြင်းအား မှတ်တမ်းပြုစုခဲ့ပါသည်။ ထိခိုက်ခံစားရသူ၏မိသားစုများမှ လျော်ကြေးအဖြင့် ၁၀၀၀၀၀ ကျပ်[ဒေါ်လာ ၇၅.၀၄]အား သဘောတူလက်ခံခဲ့ပြီးသည့်နောက် ဤမှုခင်းအတွက် ကျေးရွာအာဏာ ပိုင်များမှ ဖြေရှင်းခဲ့သည်။ ထိခိုက်ခံစားရသူ၏မိဘအား ကတိပေးခဲ့ပါသဖြင့် ဤမှုခင်းနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်အား ဤအစီရင်ခံစာတွင် ထုတ်ဖော်ပြခြင်းမရှိပါ။ သို့သော် ကျေးရွာခေါင်းဆောင်များမှ မှုခင်းအား ကျေးရွာအဆင့်၌သာဖြေရှင်းရန် ဖိအားပေးမှုနှင့် ဥပဒေဆိုင်ရာအသိပညာ အားနည်းနေခြင်းသည် မိဘများအား ဥပဒေအတိုင်းတင်ကြားရန် တားဆီးသောအဓိကအကြောင်းရင်းများဖြစ်နေပါသည်။

ဤအစီရင်ခံစာတွင် သုံးသပ်သောမှုခင်းနှစ်ခုမှ အာဏာရှိပြစ်မှုကျူးလွန်သူများ၊ နာမည်အရအဆင့်မြင့်လူမှုရေး အဆင့်အတန်းတွင်ရှိသော နိုင်ငံခြားကြီးကြပ်ရေးမှူးနှင့် နယ်ခြားစောင့်တပ် (BGF)စစ်သားတစ်ဦး ပါဝင်ကြသည်။ ပထမတစ်ခုတွင် ချမ်းသာကြွယ်ဝသောသူများမှ နောက်ဆုတ်စေခြင်းဖြင့် ကျေးရွာတာဝန်ရှိသူများမှ ပြစ်မှုကျူးလွန်သူများအား မည်ကဲ့သို့သက်ညှာနိုင်သည်ကိုဖော်ပြပြီး ထိခိုက်ခံစားသူများနှင့် ၎င်းတို့၏မိသားစုများအား ခြိမ်းခြောက် သောအနေဖြင့် လျော်ကြေးလက်ခံရန် အတင်းအဓမ္မခိုင်းစေသည်အထိ ပြုလုပ်ခဲ့သည်။ ဤအရာများသည် ဆင်းရဲ၍ ဝေးလံသောဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ဆက်လက်တရားစွဲဆိုမှုမှရပ်တန့်စေပြီး တိုင်ကြား တင်ပြမှုတွင် အဟန့်အတားဖြစ်စေသည်။

     က) မူတြော်ခရိုင်တွင် BGF စစ်သားတစ်ဦးမှ ကလေးအားအဓမ္မပြုကျင့်မှုကျူးလွန်ခြင်း၊ ၂၀၂၀ ခုနှစ် ဇွန်လ

ဤကလေးအဓမ္မပြုကျင့်မှုသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ အ---ရွာ၌ ဟ---ဘုန်းကြီး ကျောင်းတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။[48]  ခံစားရသူမှာ အသက် ၁၃ နှစ်အရွယ်ရှိ သီလရှင်ဖြစ်သော ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထကျေးရွာအုပ်စု၊ ခ---ရွာတွင်နေထိုင်သော နော်ဘ---ဖြစ်သည်။ ပြစ်မှုကျူးလွန်သူမှာ အ---ရွာရှိ အသက် ၂၃ နှစ်အရွယ်ရှိသော BGF စစ်သားမှဲ့ကြီးဖြစ်သည်။ သူသည် ဘောကျိုးထ တံတားအနီးရှိစခန်းတွင် အခြေချပြီး သူ၏တပ်မှူးမှာ တပ်စုမှူးဗိုလ်မဲစီဖြစ်သည်။ မှဲ့ကြီးသည် တပ်ရင်းအမှတ် (၁၀၁၃)၊ တပ်ခွဲအမှတ် (၁) အဖွဲ့သားတစ်ဦးဖြစ်သည်။

မှုခင်းဖြစ်ပွားသောနေ့၌ ညနေ ၆ နာရီအချိန်တွင် နော်ဘ---မှ  ဘုန်းကြီးကျောင်းတွင် တစ်ဦးသာနေထိုင်နေစဉ် မှဲ့ကြီးမှ သူမအားအပြင်သို့အတင်းဆွဲခေါ်ခဲ့သည်။ အရွယ်ရောက်သောသီလရှင်တစ်ဦးမှ ထိုဖြစ်ပွားမှုကိုမျက်မြင် တွေ့ကာ ကျောင်းထိုင်ဘုန်းကြီးသို့တင်ပြရာမှ ထိုဘုန်းကြီးမှ ဒေသခံရွာသားနှစ်ဦးအား နော်ဘ---ကို ရှာဖွေရန် လျင်မြန်စွာတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှ ဘုန်းကြီးကျောင်းတွင်ရှာဖွေပြီး သူမ၏နာမည်အားခေါ်ဆိုရာမှ မှဲ့ကြီးသည် ထွက်ပြေးခဲ့သည်။ သူမကိုတွေ့ရှိသောအချိန်တွင် မှဲ့ကြီးမှ ထိုသီလရှင်ကလေးမအား အဓမ္မပြု ကျင့်ပြီးပြီဖြစ်၍ ဒဏ်ရာများနှင့်ကျန်စေခဲ့သည်။ သူအားမှုခင်းဖြစ်စဉ်တွင် ဆေးဝါးသုံးစွဲသည်ဟု တင်ပြခံရသည်။

BGF တပ်စုမှူး ဗိုလ်မဲစီမှ နော်ဘ---အား ဖာပွန်ဆေးရုံသို့ပို့ရန် ၅၀၀၀၀ ကျပ် [ဒေါ်လာ ၃၇.၅၂] ပေးခဲ့သည်။ ခံစားရသူ၏ ဆေးဖိုးနှင့်အစားအစာဖိုးများအတွက် လျော်ကြေးပေးမှုမရှိခဲ့၍ ထိုအခများအား ပြစ်မှု ကျူးလွန်သူ၏ မိခင်မှ ပေးခဲ့ခြင်းဖြစ်သည်။ ထိုနေ့ညနေမှာပဲ နော်ဘ---အား ဆေးရုံသို့ပို့ဆောင်ခဲ့၍ ဇွန်လ ၁၆ ရက်နေ့တွင် ဆေးရုံ ဆင်းခဲ့ရသည်။ သူမ၏မိခင်ပြောဆိုချက်အရ သူမသည် အဓမ္မပြုကျင့်မှုကြောင့် လိင်အင်္ဂါဒဏ်ရာများနှင့် ကျန်ခဲ့သည်။

ဇွန်လ ၁၁ ရက်နေ့တွင် BGF စစ်သားများမှ မှဲ့ကြီးအားဖမ်းဆီးခဲ့ပြီး မြန်မာရဲတပ်ဖွဲ့သို့ ပို့ဆောင်လွှဲပြောင်းခဲ့သည်။ ယခုမှာ ပြစ်မှုကျူးလွန်သူအား ဖာပွန်ဗဟိုရဲစခန်းတွင် ချုပ်နှောင်ထားသည်။ မြန်မာရဲတပ်ဖွဲ့မှ မှုခင်းဖြစ်ပွားမှုနှင့် သက်သေကြားနာမှုအား စုံစမ်းစစ်ဆေးရန်အတွက် ရွာသို့နှစ်ခေါက်ပြန်လာခဲ့သည်။ သို့သော် တရားစွဲဆိုမှု တွင်ပါဝင် သောဝါရင့်ဘုန်းကြီးတစ်ဦးမှ စုံစမ်းစစ်ဆေးမှုနှေးကွေးသည်ဟု KHRGသို့ပြောပြခဲ့သည်။ ဘုန်းကြီးမှ ခံစားရသူ၏ မိခင်နှင့်ရဲစခန်းသို့ ငါးကြိမ်တိုင်သွားခဲ့သော်လည်း ၎င်းတို့အား မျက်မြင်သက်သေများကို ထပ်မံယူဆောင်လာရန် ပြောခဲ့သည်။ ဘုန်းကြီး၊ ခံစားရသူ၏မိခင်နှင့် အခြားသောမျက်မြင်သက်သေများအတွက် သွားလာမှုစရိတ်များ မတတ်နိုင်တော့သဖြင့် ထိုစုံစမ်းစစ်ဆေးမှုအတွက်ပါဝင်ရန် ရဲစခန်းသို့သွားလာမှုကို ရပ်ဆိုင်းခဲ့ကြရသည်။

     ၂) ဉာဏ်ရည်မမှီသောအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

ဤမှုခင်းသည် မတ်လ ၁၉ရက်နေ့၌ ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ)မြို့နယ်၊ လေးပူကျေးရွာအုပ်စု၊ ကိုပဟီး ရွာတွင် ဖြစ်ပွားခဲ့သည်။[49] အနီးရွာတွင်ဖြစ်သောသဲခွေးလေးရွာမှ နေထိုင်သောဗမာလူမျိုးရွှေရင်ကျော်သည် အသက် ၂၅ နှစ်အရွယ်ရှိ ဉာဏ်ရည်မမှီသောအမျိုးသမီးတစ်ဦးအား သူမလယ်ယာမှပြန်လာသောအချိန်တွင် အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည်။ သူမမှ လွတ်မြောက်နိုင်ခဲ့ပြီး ထိုဖြစ်ပျက်မှုအား သူမမိသားစုထံသို့ ပြောပြခဲ့သည်။ မိခင်ဖြစ်သူမှ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ထံသို့ ဤအမှုကိုတင်ပြခဲ့သည်။ ထိုနေ့ညနေ၌ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။ ရွှေရင်းကျော်သည် အသက် ၄၀ နှစ်ရှိပြီး လတ်တစ်လောအချိန်တွင် သဲခွေးလေးကျေးရွာသို့ သူ၏အမျိုးသမီးနှင့် ကလေးများနှင့်အတူ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူမှ ခံစားရသူ၏ ဦးလေးဖြစ်သူ နှင့်သိကြပြီး သူမကိုလည်း ယခင်က တွေ့မြင်ဖူးခဲ့ပါသည်။

မတ်လ ၂၁ ရက်နေ့တွင် ဤအမှုအား သဲခွေးလေး၏ကျေးရွာ တာဝန်ရှိသူများထံသို့ လွှဲပြောင်းလိုက်သည်။ ရွှေ ရင်ကျော်မှ သူ၏ကြိုးပမ်းအဓမ္မပြုကျင့်မှုအား ဝန်ခံခဲ့၍ နော်ဝ---မှ ၁၀၀၀၀၀၀ ကျပ်အား လျော်ကြေးအဖြစ်တောင်းဆိုခဲ့သည်။ သို့သော် သူမှ ပေးရန်ငွေမရှိကြောင်းနှင့် ထိုအစားထောင်ထဲ သို့မဟုတ် သေဒဏ်အား လက်ခံမည်ဟုပြောခဲ့သည်။ သူ၏ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်သောမိန်းမများ၏ မျက်နှာသာ ပေးခြင်းဖြင့် လျော်ကြေးအား ၆၀၀၀၀၀ ကျပ်သို့ လျှော့ချပေးခဲ့သည်။ လျော်ကြေး၏တစ်ဝက်မှာ ရွှေရင်ကျော်၏ယခုအလုပ်ရှင်ဖြစ်သူ ခံစားရသူ၏ဦးလေးမှ ပေးခဲ့သည်။ ကျန်သောတစ်ဝက်အား ပြစ်မှုကျူးလွန်သူမှ အလုပ်လုပ်ဖူးခဲ့သော အခြားရွာသားတစ်ဦးမှ ပေးခဲ့သည်။ ကျေးရွာတာဝန်ရှိသူများလည်း သူအား ပိုင်ကျုံမြို့နယ်မှ နှင်ထုတ်ခဲ့ပြီး ထပ်မံပြန်လာပါက တာဝန်ရှိသူများမှ တာဝန်ယူလုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့သည်။ ထိုနောက် ပိုင်းတွင် ရွှေရင်ကျော်မှ သူ၏မိသားစုနှင့်အတူ ရွာမှထွက်ခွာသွားခဲ့သည်။

နော်ဝ---၏မိသားစုများမှ ဤအမှုအား ဒေသခံတာဝန်ရှိသူများ၏ကိုင်တွယ်ဖြေရှင်းပေးမှုနှင့် မကျေနပ်ကြပါ။ သို့သော် ဤအမှုအား တရားရုံးသို့ ဆက်လက်မယူဆောင်ချင်သောအကြောင်းရင်းမှာ လျော်ကြေးအတွက် ပေးခဲ့သောသူများ မှ ပြစ်မှုကျူးလွန်သူ၏လုပ်ရပ်အား ထပ်မံတာဝန်ယူရမည်ကို စိုးရိမ်ကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ဒေသခံ တာဝန်ရှိသူများမှလည်း ဤအမှုအား တရားရုံးသို့ ယူဆောင်သွားသော်လည်း အကျိုးမဲ့မည်ဖြစ်ကြောင်းပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြစ်မှုကျူးလွန်သူမှ လျော်ကြေးပေးရန် မတတ်နိုင်သောကြောင့်ဖြစ်သည်။ တရားရုံး၏ကိုင် တွယ်ဖြေရှင်းမှုသည် ကုန်ကျစရိတ်များ၍ အချိန်ကြာသောကြောင့် ခံစားရသူမှ ၎င်းရရှိရမည့် လျော်ကြေးများလည်း ဆုံးရှုံးရမည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။ နော်ဝ---မှ ယခုအချိန်တွင် တစ်ဦးတည်းသွားလာရမည်ကို ကြောက် ရွံ့ပြီး သူမ၏မိတ်ဆွေများနှင့် အိမ်နီးချင်းများအား ယခင်ကဲ့သို့ဆက်ဆံရမည်ကို လွန်စွာရှက်သည်။ သူမ၏မိသားစု မှလည်း သူမ၏လုံခြုံရေးအတွက်စိုးရိမ်သောကြောင့် လယ်ယာထဲသို့သွားစဉ် သူမနှင့်အတူ သွားမည့်အဖော်ကိုလည်း အမြဲစီစဉ်ပေးသည်။

      အပိုင်း (၂)။ မြန်မာအရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေ အား ခြုံငုံ၍ကြည့်ခြင်း
       
         က) အစိုးရလုံခြုံရေးတပ်ဖွဲ့နှင့် ဝန်ထမ်းများမှ ချိုးဖောက်ကျူးလွန်များ

ဤခြောက်လတာကာလအတွင်း အစိုးရ၏လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများမှ ရွာသားများ၏ လူ့အခွင့် အရေးဆိုင်ရာချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ အထိ တပ်မတော်စစ်သားများမှ သတ်ဖြတ်မှုနှစ်ခုနှင့် ပစ္စည်းဥစ္စာဖျက်စီးမှုတစ်ခုအား KHRG မှ မှတ်တမ်းပြုစုခဲ့သည်။ မကွေးထားဝယ်ခရိုင်တွင် ရွာသားများမှ ဒေသခံကျောင်း၏အရှေ့တွင် ကရင်အလံထူထောင်ရန် မြန်မာစစ်တပ်မှ တားမြစ်ခဲ့ပြီး ခလယ်လွီထူခရိုင်တွင် KNU မှ NCA အကြောင်းအရာနှင့်သက်ဆိုင်သော ပညာပေးအခမ်းအနားအား နှောင့်ယှက်ခဲ့သည်။ ထို့အပြင် ဘားအံခရိုင်တွင် ဒေသခံရွာသားတစ်ဦး၏ မြေယာအား BGF နှင့် မြန်မာအစိုးရ၏ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိမ်းယူခဲ့သည်။

     (၁) မူတြော်ခရိုင်တွင် တပ်မတော်စစ်သားများမှ ကျူးလွန်သော သတ်ဖြတ်မှုများ

၂၀၂၀ ခုနှစ်၊ မတ်လ ၅ရက်နေ့တွင် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၃၈)မှ တပ်မတော်စစ်သားများသည် KNU သစ်တောစောင့်ရှောက်သည့် အမှုထမ်းနှစ်ဦးအား ဆိုင်ကယ်နှင့်သွားလာစဉ် ပစ်ခတ်ခဲ့သည်။[50] ထိုအမှုထမ်းနှစ်ဦး ထဲမှ တစ်ဦးဖြစ်သော စောမော်အေးသန်းသည် သူ၏ဝမ်းဗိုက်တွင် သေနတ်ပစ်ဒဏ်ရာတစ်ချက်နှင့် သူ၏ဘယ်ဘက် ခြေထောက်တွင် သုံးချက်ဒဏ်ရာရရှိခဲ့သည်။ သူ၏ဒဏ်ရာကြီးလေးမှုကြောင့် မူတြော်ခရိုင်ရှိ KNU ခရိုင်ရုံးသို့ ပို့ ဆောင်စဉ်တွင် သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားသောနေ့တွင် တပ်မတော်စစ်သားများမှ ၎င်းတို့၏စခန်းအပြင် ကိုက် ၂၀၀ [၁၈၃ မီတာ] အကွာတွင် မတ်တတ်ရပ်နေခဲ့သည်။ ၎င်းတို့မှ သစ်တောစောင့်ရှောက်သည့်အမှုထမ်းနှစ်ဦးအား ယမ်းတောင့် ၂၀ ခန့်ပစ်ခဲ့သည်။ ထိုသစ်တောစောင့်ရှောက်သည့်အမှုထမ်းနှစ်ဦးမှ ဦးစွာပစ်ခတ်၍ တပ်မတော်စစ် တပ်က ထိုကဲ့သို့ပြန်လည်ပစ်ခတ်ခြင်းသည် မိမိကိုယ်ကိုကာကွယ်ရန်အဖြစ်သာဖြစ်သည်ဟု တပ်မတော်မှ ဖြေရှင်း စွပ်စွဲခဲ့သည်။ သို့သော် KNU မှ ထိုရှင်းပြချက်အား ငြင်းဆိုခဲ့သည်။[51] 

၂၀၂ဝခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၀)မှ တပ်မတော်စစ်သားများသည် လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စုရှိ ရွာသားအဖွဲ့နှစ်ဖွဲ့အား ပစ်ခတ်ခဲ့သည်။ ထိုစစ်သားများမှ လမ်းတစ် လျှောက်တွင် ရိက္ခာတင်သွင်းမှုယာဉ်တန်းအား ကာကွယ်ရန်အတွက် စောင့်ကြည့်ရေးတာဝန်ကျစဉ်ဖြစ်သည်။ ဒေသ ခံရွာသားများ ဒေသအတွင်းသွားလာစဉ် ၎င်းတို့၏ လုံခြုံမှုအတွက် KNLA စစ်သားများမှ လိုက်လံပို့ဆောင်ပေး နေကျဖြစ်သည်။ မနက် ၆ နာရီ ၁၀ မိနစ်အချိန်တွင် ခလရ အမှတ် (၃၀)မှ စစ်သားများမှ ရွာသားများ၏ပထမအဖွဲ့ အား ပစ်ခတ်ခဲ့သည်။ သို့သော် ရွာသားများမှ ထိခိုက်ဒဏ်ရာမရရှိပဲ လွတ်မြောက်နိုင်ခဲ့သည်။ ညနေ ၆ နာရီ ၅၀ မိနစ် အချိန်တွင် ရွာသားအဖွဲ့နောက်တစ်ဖွဲ့အား တပ်မတော်စစ်သားများမှ ထပ်မံပစ်ခတ်ရာမှ ဒေသခံလူထုခေါင်းဆောင် ဖြစ်သော စောသက်မီးအား သေဆုံးသွားသည်။ KNLA စစ်သားများနှင့် ရွာသားများမှ ၎င်း၏ ရုပ်အလောင်းအား သွားရောက်ရယူရန် အလွန်ကြောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်စစ်သားများသည် ထိုဒေသတွင် ဆက်လက်လှုပ်ရှားနေသေးသောကြောင့်ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် KNLA စစ်သားများမှ ၎င်း၏ရုပ်အလောင်းအားမတွေ့ရှိတော့၍ တပ်မတော်မှ မြှုပ်နှံလိုက်ပြီဟုထင်ကြသည်။ စောသက်မီးမှ သူ၏အမျိုး သမီးနှင့် ကလေးငါးဦးအား ကျန်ရစ်စေသည်။

ဤဖြစ်ပျက်မှုနှစ်ခုလုံး၌ NCA ၏ အပိုဒ် (၅) (က)နှင့် အပိုဒ် (၈) (က)တွင် ဖော်ပြထားသော လက်မှတ်ရေး ထိုးသော အဖွဲ့များမှ အပစ်အခတ်ရပ်စဲသောဒေသများတွင် လက်နက်ဖြင့်တိုက်ခိုက်မှုအား မလုပ်ရဟူသော ကတိကဝတ်အား ချိုးဖောက်ရာရောက်သည်။ ဖြစ်ပျက်မှု ဒုတိယတစ်ခုမှာ NCA အပိုဒ် ၉ (ခ) နှင့် အပိုဒ် ၇ (ခ) တွင်ဖော်ပြထားသော လက်မှတ်ရေးထိုးထားသောအဖွဲ့များမှ အပစ်အပစ်ခတ်ရပ်စဲသောဒေသအတွင်း လူထုများကိုသတ်ဖြတ်ခြင်းမှ တားမြစ်ထားသော ကတိကဝတ်အား ချိုးဖောက်ရာရောက်သည်။ 

     (၂) မူတြော်ခရိုင်တွင် တပ်မတော်မှ ပိုင်ဆိုင်မှုများဖျက်စီးခြင်း

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တပ်မတော်၏ ခလရ အမှတ် (၁၉) နှင့် ခမရ အမှတ် (၃၄၀)၊ အမှတ် (၃၄၁) နှင့် အမှတ် (၄၃၄)များသည် ၎င်းတို့၏ ခဲယမ်းမီးကျောက်၊ မြေမြှုပ်မိုင်းများနှင့် ယမ်းမှုန့်ဟောင်းများအား မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောခီးကျေးရွာအုပ်စု၊ ယ---ရှိ ဒေသခံတစ်ဦးမှ ပိုင်ဆိုင်သောလယ်ယာတစ်ခု တွင် ဖျက်စီးခဲ့သည်။[52] ဤတပ်များသည် ဗျူဟာမှူး အောင်ခိုင်ချို၏ဦးဆောင်မှုအောက်တွင် နေထိုင်ကြသည်။

ထိုစစ်သားများမှ ခဲယမ်းမီးကျောက်များ ဖေါက်ခွဲရန် ၎င်းတို့၏တူးခဲ့သောအပေါက်များအား ပြန်လည်မဖြည့်ပေးခဲ့ပါ။ ထို့ကြောင့် ထိုရွာသားမှ နွားများနှင့်ကျွဲများကဲ့သို့သောတိရိစ္ဆာန်များသည် ထိုအပေါက်များကြောင့် သေဆုံးပြီးဒဏ်ရာ ရရှိမည်နှင့် မိုးရာသီတွင် သူ၏မြေ၌ ရေကန်များဖြစ်လာမည်ကို စိုးရိမ်နေရသည်။ ဤဖြစ်ပျက်မှုသည် NCA ၏ အပိုဒ် ၅(က)ဖြစ်သော လက်မှတ်ရေးထိုးထားသောအဖွဲ့များမှ ပစ္စည်းဥစ္စာဖျက်စီးခြင်းအား လုပ်ဆောင်ရန်တားမြစ်ထား သောအချက်အား ချိုးဖောက်ရာရောက်သည်။

     (၃) မကွေးထားဝယ်ခရိုင်တွင် ရွာသားများ ဒေသခံကျောင်းရှေ့တွင် ကရင်အလံစိုက်ထူရန် တပ်မတော်မှတားမြစ်ခြင်း

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ခလရ အမှတ် (၂၆၅) တပ်မတော်စစ်သားများမှ ဒေသခံရွာသားများနှင့် ကျောင်းတွင်ရှိသောဝန်ထမ်းများအား ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီ[တနင်္သာရီ]မြို့နယ်၊တ---ရွာရှိ ဒေသခံ မြန်မာအစိုးရကျောင်းရှေ့တွင် ကရင်အလံစိုက်ထူမှုကို တားမြစ်ခဲ့သည်။ ရွာသားများမှ ပြင်ဆင်ထားသောအလံတိုင် နှင့်အုတ်ခုံကိုလည်း စစ်သားများမှ ဒေသခံလူထုဆီကခွင့်ပြုမှုမရှိပဲ ဖျက်စီးခဲ့သည်။[53] 

တပ်မတော်မှ ထိုကျောင်းသည် ကရင်အလံစိုက်ထူရန် သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ခွင့်ပြုချက်မရရှိပါဟု ငြင်းဆို ခဲ့သည်။ ၎င်းတို့မှလည်း ဤကဲ့သို့ ဖြစ်ရပ်ဖြစ်ပေါ်လာမှုအား မလိုလားသည်ကို ယခုကဲ့သို့ ရှင်းလင်းစွာပြောပြခဲ့သည်။ "သူတို့ [တပ်မတော်စစ်သားများ] က [ကျောင်းအုပ်နှင့် ရွာသားအား] ပြန်ဖြေတယ်။ 'အစိုးရကျောင်းမှာ ကရင် အလံမရှိရဘူး။ ကျောင်းမှာအင်္ဂလိပ်စာသင်လို့ အင်္ဂလိပ် [အမေရိကန်၊ ဗြိတိသျှ]တွေရဲ့အလံကို စိုက်ထူမလား၊' သူတို့ကထပ်ပြောတယ်၊ 'တပ်မတော်တပ်က ရွာထဲမှာနေနေလို့ ခွင့်မပြုနိုင်ဘူး [သူတို့နေတဲ့နေရာတွေမှာ ကရင် အလံမစိုက်စေချင်ပါ]။ အဲ့ဒါကြောင့် ငါတို့ခွင့်မပြုနိုင်ဘူး။" ဟုပြောဆိုခဲ့သည်။

ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ဤအခြေအနေနှင့်ပတ်သက်၍ ၎င်း၏ဒေါသကို ယခုလိုဖော်ပြခဲ့သည်။ "[…] အဲ့ဒီလိုမျိုး ကရင်အလံကို ဆွဲမချသင့်ဘူး။ ဒေသခံတွေနဲ့ စကားပြောပြီး အလံကိုပြန်ဆွဲချဖို့ တောင်းဆိုသင့်တယ်။" ဒေသခံဆရာမတစ်ဦးမှလည်း သူမမှ တပ်မတော်ဆန့်ကျင်သော်လည်း အလံအားစိုက်ထူဖို့ ဆုံးဖြတ်ခဲ့သည်ဟု KHRGထံသို့ ယခုကဲ့သို့ပြောပြခဲ့သည်။ "ကျွန်မ အဲဒီအတွက် အရမ်းစိတ်မကောင်းဘူး။ ဒါပေမယ့် ကျွန်မနောက်တစ် ခါထပ်ကြိုးစားဖို့ စိတ်အားထက်သန်သေးတယ်။ ကျောင်းမှာ ကျွန်မတို့ရဲ့ကရင်အလံထူနိုင်အောင် ကျွန်မကြိုးစား မယ်။ နောက်တစ်ခါမှ ဖြစ်မလာရင် နောက်ထပ်တစ်ခါ ကြိုးစားမယ်။ အဲ့ဒီလိုဖြစ်လာဖို့အတွက် ကျွန်မတစ်ခါပြီးတစ်ခါ ကြိုးစားမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံရွာသွားတွေ အရမ်းစိတ်ပျက်ကြတယ်။"

     (၄) ခလယ်လွီထူခရိုင်တွင် NCA နှင့်ပတ်သက်၍ KNU မှ ကျင်းပသောပညာပေးမှုအခမ်းအနားအားတပ်မတော်မှ တားမြစ်ခဲ့ခြင်း 

၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ဆောထိ(ရွှေကျင်) မြို့နယ်မှ KNU ကော်မတီခေါင်းဆောင်များသည် NCAနှင့် လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်သောပညာပေးမှုအား လုပ်ဆောင်ရန် ခလယ်လွီထူခရိုင်၊ ဆောထိ မြို့နယ်၊ အောပလားကျေးရွာအုပ်စု၊ အောပလားကျေးရွာသို့သွားရောက်ခဲ့ကြသည်။[54] သို့သော် တပ်ရင်းမှူးသာဝင်း ထွန်းဦးဆောင်သော ခမရ အမှတ် (၁၂၄) မှတပ်မတော်စစ်သားများသည် ရွာသို့ဝင်လာခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ဤကိစ္စအား အသိပေးမှုမရှိကြောင်းပြောဆိုကာ အစည်း အဝေးအားရပ်တန့်ခဲ့ကြသည်။ ဤဖြစ်ပျက်မှုသည် အစည်းအဝေးတွင်လာရောက်ပါဝင်သော ရွာသားများအတွက် စိုးရိမ်မှုဖြစ်စေပြီး NCA အားယုံကြည်ရန် အဟန့်အတားဖြစ်စေခဲ့သည်။ ၎င်းတို့မှလည်း တပ်မတော်မှ ဤကဲ့သို့သော အစည်းအဝေးပွဲများအား မရပ်တန့်သင့်သည်ဟု ထင်ကြသည်။

     (၅) ဘားအံခရိုင်တွင် BGF နှင့် မြန်မာအစိုးရများမှ မြေယာသိမ်းဆည်းမှု

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာအစိုးရ၏ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန [DALMS]မှ BGF တပ်နယ်အမှတ် (၂) စစ်သားများနှင့်ပူးပေါင်းကာ ဘားအံခရိုင်၊ တနေးဆါး မြို့နယ်၊ ယောကုပ် ကျေးရွာ အုပ်စု၊ ဗ---နှင့် ဝ---ရွာများတွင်ရှိသော ဒေသခံတစ်ဦး၏ မြေဧကပေါင်း ၇၀၀ အားသိမ်းဆည်းခဲ့သည်။[55] ဤမြေယာသိမ်းဆည်း မှုအား BGF တပ်နယ်မှူးဗိုလ်ကြာအေးနှင့် BGF ဗိုလ်မှူးဖူးထကလား၏ အာဏာမှုအောက်တွင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

သိမ်းဆည်းခံရသောထိုမြေယာတစ်ချို့သည် လူထုပိုင်စားကျက်မြေများဖြစ်ကြသည်။ ကျန်သောမြေယာများမှာ ဒေသခံများ၏ပိုင်ဆိုင်သောမြေများဖြစ်ပြီး အချို့သောမြေကွက်များမှာ စိုက်ပျိုးရေးအတွက်အသုံးပြုခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းခဲ့သောမြေယာများအား လက်ရှိတွင်ရှင်းလင်းခဲ့ပြီး စက်ယန္တရားများဖြစ်သောဘူဒိုဇာမြေညှိစက်များဖြင့် ညှိခဲ့၍ တိုင်များဖြင့်ဘောင်ခတ်ထားသည်။ ဒေသခံရွာသားများမှ DALMS နှင့် BGF မှ ထိုမြေယာများနှင့်မည်သည့် အရာအား လုပ်ဆောင်မည်ကိုမသိရှိကြသော်လည်း ဤအမှုနှင့်ပတ်သက်၍ ရွာသားများမှထိုသူတို့နှင့် ရင်ဆိုင်ရ မည်ကို လွန်စွာကြောက်ရွံ့နေကြသည်။ ၎င်းတို့သည် ဤအမှုအား တနေးဆါးမြို့နယ်ရှိ KNU တာဝန်ရှိသူများထံသို့ တိုင်ကြားခဲ့ပြီး ၎င်းတို့တို့မှတဆင့် KNU ခရိုင် တာဝန်ရှိသူများထံသို့လွှဲပြောင်းခဲ့သည်။ 

BGF များသည် တပ်မတော်၏တပ်ခွဲဝင်များဖြစ်သောကြောင့် ဤအမှုတွင် ၎င်းတို့၏ပါဝင်မှုသည် NCA ၏ အပိုဒ် ၉ (စ) နှင့် ကတိကဝတ်အချက် အပိုဒ် ၇ (စ) တို့အား ချိုးဖောက်ရာရောက်သည်။ ဤအပိုဒ် နှစ်ခုလုံးမှ လက်မှတ်ထိုး ထားသောအဖွဲ့များမှ လူထုများ၏မြေယာအားသိမ်းဆည်းခြင်းမှ တားမြစ်ထားသည်။

     ခ) KNU နှင့် KNLA အဖွဲ့ဝင်များမှ ချိုးဖောက်ကျူးလွန်မှုများ 

ဤခြောက်လတာကာလအတွင်း မူတြော်နှင့် ဘားအံခရိုင်များတွင် KNU နှင့် KNLA အဖွဲ့ဝင်များမှ ၎င်းတို့မှ ကိုယ်တိုင် ချထားသော စည်းကမ်းချက်ဖြစ်သော ကလေးစစ်သားစုဆောင်းမှုနှင့် မတရားအခွန်ကောက်ခံမှုအား ချိုးဖောက်ခဲ့ ခြင်းကို KHRG မှ မှတ်တမ်းပြုစုခဲ့သည်။ 

     (၁) မူတြော်ခရိုင်တွင် KNLA မှ ကလေးစစ်သားစုဆောင်းမှု

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီအတွင်း မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်တွင် KNLA မှ ကလေးငါးဦးအား စစ်သားစုဆောင်း ခဲ့ခြင်းကို KHRG မှမှတ်တမ်းပြုစုခဲ့ပါသည်။ KHRGသတင်းမှတ်တမ်းပြုစုသူတစ်ဦး၏ပြောပြချက်အရ KNLA တပ်မ ဟာ(၅) တပ်ရင်းအမှတ် (၁၀၂)၏ဗိုလ်မှူးဖြစ်သော ဒုဗိုလ်မှူးကြီးစောထူးကစောမှ ၎င်း၏တာဝန် အောက်တွင်ရှိသော ကျေးရွာများတွင် သက်ငယ်များအား KNLAတွင် တာဝန်ထမ်းဆောင်မှုအားဖြစ်မြောက်အောင်ဆောင်ရွက်ပေးရန် မယ်ညူအုပ်စုအုပ်ချုပ်ရေးမှူးထံသို့တောင်းဆိုမှုပြုခဲ့သည်။ ထိုကျေးရွာအုပ်စုမှူးမှ ကျေးရွာအုပ်စုရှိ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းခဲ့သည်။[56] 

နောက်ဆုံး၌ မယ်ညူအုပ်စုတွင် အသက် ၁၄ နှစ်မှ ၁၇ နှစ်အရွယ်ရှိကလေးငယ်ငါးဦးတို့သည် စစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရသည်။ သူမှ စစ်သားအသစ်အဖြစ်စုဆောင်းခံရသော ကလေးများ၏အသက်အား မစစ်ဆေးမေး မြန်းရသည်နှင့်ဖြစ်ဟန်တူပြီး KNLA မှလည်း ဤကဲ့သို့သောလုပ်ဆောင်မှုအား အစပိုင်းတွင် မလုပ်ခဲ့ကြပါ။ ထိုက လေးများထဲမှ သုံးဦးတို့သည် KNLA တပ်ရင်းအမှတ် (၁၀၂) တွင် ပူးပေါင်းပါဝင်ခဲ့ပြီး အခြားနှစ်ဦးမှာ ကျေးရွာ အုပ်စု၏အစောင့်စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဦး၏မိခင်မှ ကျောင်းအပ်ခဲ့သောက လေးများအား ကျောင်းဆက်လက်တက်ရန်ခွင့်မပြုခဲ့ကြကြောင်း ယခုကဲ့သို့ရှင်းပြခဲ့သည်။ "ကျွန်မက ကျွန်မသားကို ကျောင်းဆက်တက်စေချင်ပေမယ့် သူတို့ [KNLA]က ခွင့်မပြုဘူး။ သူတို့က ကျွန်မသားကိုအတင်းပဲ ခေါ်သွားခဲ့ တယ်။"

KHRG မှဤအဖြစ်အပျက်အား ဤအမှုနှင့်ပတ်သက်၍ ဆောင်ရွက်စေခဲ့သော KNLA တပ်မဟာ ၅ မှတပ်ရင်း အမှတ် (၁၀၂)၏ ဗိုလ်မှူးဖြစ်သူထံသို့ တင်ပြခဲ့သည်။ စစ်သားအဖြစ်ပါဝင်ဆောင်ရွက်သောကလေးသုံးဦးအား ကျောင်းပြန် တက်ခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း မိဘဖြစ်သူများမှ၎င်းတို့၏ကလေးများကျောင်းပြီးလျှင် KNLAတွင် အမှုထမ်းဆောင်ရ မည်ဟူသော သဘောတူညီမှုအား လက်မှတ်ရေးထိုးခဲ့ရပါသည်။ အခြားသောကလေးနှစ်ဦးသည် ကျောင်းထွက် လိုက်ပြီးဖြစ်သောကြောင့် အမှုထမ်းခြင်းမှ ထွက်ခွာခွင့်မပြုပါ။ ၎င်းတို့မှသုံးနှစ်တာဝန်ထမ်းဆောင်ရန် သတ်မှတ်ခဲ့ သည်။

ကလေးများအား စစ်သားအဖြစ်စုဆောင်းခြင်းသည် NCA ၏ အပိုဒ် ၉ (ဎ) နှင့် ၎င်း၏ အပိုဒ် ၇ (ဎ)ပါ ကတိက ဝတ်အားချိုးဖောက်ရာရောက်သည်။ ထိုမှလည်း KNLA စစ်ဥပဒေနှင့်စည်းကမ်းချက်များကို ဆန့်ကျင်ရာရောက်ပြီး ၂၀၁၃ ခုနှစ်၊ ဇူလှိုင်လ ၂၁ ရက်နေ့တွင် KNU မှ လက်မှတ်ရေးထိုးခဲ့သော လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေ သောဒေသများတွင် ကလေးသူငယ်များအားကာကွယ်စောင့်ရှောက်ရေးကတိစာချုပ်အား ဆန့်ကျင်နေပါသည်။[57] 

     ၂) ဘားအံခရိုင်တွင် KNU အရာရှိတစ်ဦးမှ တရားလက်လွတ်အခွန်ကောက်မှု

၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် တာကရယ်မြို့နယ်ရုံးမှူး စောချားနာမှ တောင်ပေါ်တွင်ကျွဲနွားတိရိစ္ဆာန် ထိန်းသိမ်းထားသော တိရိစ္ဆာန်ပိုင်ရှင်များအား အစည်းအဝေးခေါ်ခဲ့သည်။ [58] သူမှ ထိုတိရိစ္ဆာန်များသည် ဒေသခံပတ် ဝန်းကျင်အားဖျက်စီးကြောင်း ပြောဆိုကာကျွဲ သို့မဟုတ် နွားတစ်ကောင်လျှင် အခွန်အတွက် ၁၀၀၀ ကျပ် [ဒေါ်လာ ၀.၇၅] တောင်းဆိုခဲ့သည်။ ကျွဲနွားပိုင်ရှင်များမှ ထိုငွေများကို မည်ကဲ့သို့အသုံးပြုမည်ကိုမေးမြန်းချိန်တွင် စောချားနာမှ ဒေသခံ KNLA စစ်သားများအတွက် ကွမ်းနှင့် ဆေးလိပ်များဝယ်ပေးမည်ဟု ပြန်ဖြေဆိုခဲ့သည်။ အချို့သောရွာသား များမှ ဤအခွန်ကိုပေးဆောင်ရန်ငြင်းဆိုခဲ့ကြပြီး ဤကဲ့သို့အခွန်တောင်းခံမှုအားလုပ်ဆောင်ရန် KNU ထံမှခွင့်ပြုချက် ယူခဲ့ပြီလားဟု သူ့အားမေးမြန်းခဲ့သည်။ အခြားသောရွာသားများသည် ဤအခြေအနေကိုနားမလည်သောကြောင့် သူတောင်းဆိုသော ငွေအားပေးခဲ့သော်လည်း ၎င်းတို့၏နာမည်များအား ရုံးမှူးမှ မှတ်ထားခြင်းမရှိခဲ့ပါ။

ဤဖြစ်ပျက်မှုသည် NCA ၏ ကတိကဝတ် အပိုဒ် ၇ (ဃ) ဖြစ်သော 'မည်သည့်ငွေကြေးများအား ပြည်သူလူထုထံမှ တောင်းဆိုမှုမပြုလုပ်ရ' အားချိုးဖောက်ရာရောက်သည်။ သို့သော် ဤအစီရင်ခံစာ ရေးသားချိန်အထိ စောချားနာအား အပြစ်ပေးတာဝန်ယူခြင်း မရှိခဲ့ပါ။

     ဂ) အသက်မွေးဝမ်းကျောင်း

COVID-19 ကြောင့် အသက်မွေးဝမ်းကျောင်းအားအကျိုးသက်ရောက်စေမှုမှအပ မူတြော်နှင့်  ဘိတ်-ထားဝယ်ခရိုင် တို့မှ အချို့ဒေသများတွင် ရွာသားများမှ ၎င်းတို့၏လယ်ယာများသည် ဆိုးဝါးသောရာသီဥတုကြောင့်နှင့် တိရိစ္ဆာန် ရိုင်းနှင့်အခြားသတ္တဝါများကြောင့် ပျက်စီးဆုံးရှုံးရသောအခက်အခဲများနှင့်ကြုံတွေ့ရသည်ကို ဤခြောက်လတာ ကာလအတွင်း KHRGမှ မှတ်တမ်းပြုစုခဲ့သည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိရွာသားအများစုသည် စိုက်ပျိုးရေးလုပ် ငန်းကို အကြီးအကျယ်အမှီသဟဲပြုနေသောကြောင့် စိုက်ပျိုးသီးနှံများရိတ်သိမ်းချိန်တွင် ပျက်စီးမှုများဖြစ်ပေါ်နေခြင်း မှာ ၎င်းတို့၏အသက်မွေးဝမ်းကျောင်းအတွက်အခက်အခဲများကြုံတွေ့စေပြီး အထူးသဖြင့် အစိုးရ သို့မဟုတ် လှူဒါန်း သောအဖွဲ့အစည်းများ၏ ကူညီပ့ံပိုးပေးမှု မရရှိချိန်တွင် ပိုမိုခက်ခဲပါသည်။

     မူတြော်ခရိုင် 

၂၀၁၉ ခုနှစ် သီးနှံများရိတ်သိမ်းချိန်တွင် လူသောမြို့နယ်မှ ဒေသခံများသည် တပ်မတော်မှ မီးရှို့ခြင်း၊ မိုးခေါင်ခြင်းနှင့် ကြွက်များကြောင့်စပါးများပျက်စီး၍ ဆန်များလုံလောက်စွာမရိတ်သိမ်းနိုင်ကြပါ။ ထို့ကြောင့် ဒေသခံရွာသားများမှ ၎င်းတို့၏မိသားစုအတွက် လုံလောက်သောအစားအစာရရှိရန် အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေပြီး[59] အချို့မှာ ရွေးချယ်မှုမရှိ၍ ၎င်းတို့၏ လယ်ယာများအား ထားခဲ့ကာ နေ့စားအဖြစ် အလုပ်လုပ် နေရသည်။ သံလွင်ငြိမ်းချမ်းရေးဥယာဉ် ဒေသများရှိ ရွာသားများသည် ဤခြောက်လတာကာလမှာ ၎င်းတို့၏ စပါးအား ထိုမြေပြန့်ပေါ်တွင် စိုက်ပျိုး၍မရသောအကြောင်းရင်းမှာ မိုးခေါင်မှုကြောင့် တောင်ပေါ်ရှိ ၎င်းတို့၏စပါးများ ခြောက်သွေ့နေသောကြောင့်ဖြစ်သည်။ လုံလောက်သော ပံ့ပိုးမှုမရရှိပါက လာမည့်အနာဂတ်တွင် ၎င်းတို့၏အသက် မွေးဝမ်းကျောင်းဆိုင်ရာခက်ခဲမှုများ ပိုမိုရင်ဆိုင်ရပြီး အစားအစာမလုံလောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။[60] 

ဘူးသိုမြို့နယ်ရှိ ကျေးရွာအုပ်စုများမှလည်း ဤကဲ့သို့တူညီသောအခက်အခဲအား တင်ပြခဲ့သည်။ မိုးခေါင်ခြင်းနှင့် ကြွက်များဝင်ရောက်မှုကြောင့် စပါး ၃၀၀ တင်းခန့် ရိတ်သိမ်းနေကျဖြစ်သော လယ်သမားများသည် ၂၀၁၉ ခုနှစ်အတွင်း စပါး ၉၀ တင်းသာရိတ်သိမ်းနိုင်ခဲ့ကြသည်။ အချို့သော တောင်ပေါ်လယ်သမားများမှ အစပိုင်းတွင် စိုက်ပျိုးထားခဲ့သော ၎င်းတို့၏ စပါးအတင်းများလောက်သာရိတ်သိမ်းနိုင်ခဲ့ပြီး အခြားမှာမူ စပါးလုံးဝမရိတ်သိမ်းနိုင်ခဲ့ပါ။ ဒေသခံရွာသားများ၏တင်ပြချက်အရ ၎င်းတို့မှရရှိခဲ့သောဝင်ငွေများအားလုံးကို အစားအစာဝယ်ယူရန်အတွက် သုံးနေရသောကြောင့် ၂၀၂၀ ခုနှစ်တွင် KNU ၏အခွန်အကောက်များအားပေးနိုင်မည်မဟုတ်ပါ။ KNU အခွန်ဌာနမှ လည်း သဘာဝဘေးအန္တရာယ်ကြောင့် အသက်မွေးဝမ်းကျောင်းနှင့်ရင်ဆိုင်ရသောဒေသခံများအတွက် အခွန်ပေး ဆောင်မှုမှလွတ်ငြိမ်းခွင့်ရရန်အတွက် ထည့်သွင်းစဉ်းစားသင့်သည်။ ၎င်းတို့မှ အခွန်ပေးဆောင်မှု ဆက်လက်တောင်း ဆိုခြင်းသည် ခက်ခဲမှုနှင့်ရွာသားများအတွက် ထိခိုက်နစ်နာမှုအား ဆက်လက်ဖြစ်ပေါ်စေမည်ဖြစ်သည်။[61] 

     မြိတ်ထားဝယ်ခရိုင် 

တနောသရီမြို့နယ်တွင် အပူလွန်ကဲမှုကြောင့် ကွမ်းခင်းနှင့် စပါးများအားပျက်စီးသွားခဲ့သည်။ ထို့ကြောင့် တကယ်၊ မှိုတော၊ မာနိုရို၊ အနယ်စေးကူးနှင့် ပဝါဒေသတို့တွင်ရှိသော ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်းအခက် အခဲများဖြစ်ပေါ်ခဲ့ပါသည်။ ဤဒေသအများစုတွင်လည်း တောမီးလောင်မှုအားထပ်မံကြုံတွေ့နေရပြီး ပျက်စီးမှုအရေ အတွက်အပြည့်အဝအား မသိရှိရသေးပါ။[62] 

     ဒူးသထူခရိုင် 

ဘီးလင်းမြို့နယ်ရှိ ဒေသခံရွာသားအများစုသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျပန်းအလုပ်များလုပ်ကိုင်ကြသည်။ ၂၀၂၀ ခုနှစ်တွင် မိုးခေါင်မှုကြောင့်စပါးများပျက်စီးသွား၍ ၎င်းတို့၏အသက်မွေးဝမ်းကျောင်းအတွက် လုံလောက်သော စပါးအား မရိတ်သိမ်းနိုင်ကြပါ။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအခက်အခဲများအား ကျော်လွှားနိုင်ရန် ဒေသခံ တာဝန်ရှိသူများ သို့မဟုတ် မြန်မာအစိုးရထံမှ မည်သည့်အကူအညီများကိုမရရှိခဲ့ပါ။[63] 

     ဃ) မူတြော်ခရိုင်တွင် ရေကာတာဆောက်လုပ်ရေးအားဆန့်ကျင်ဆန္ဒပြခြင်း 

၂၀၂၀ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ဘားအံနှင့်မူတြော်ခရိုင်ရှိ ရွာသား ၁၆၇၂ ဦးသည် ဒေသအတွင်းရေကာ တာဆောက်လုပ်ရေးအား ဆန့်ကျင်ဆန္ဒပြရန်အတွက် အတူတကွရောက်ရှိလာခဲ့ကြသည်။ ဤပွဲအား KNLA တပ်မ ဟာ ၅၊ တပ်ရင်း အမှတ် (၁၀၂)၊ တပ်ခွဲ အမှတ် (၃)၏ တပ်ခွဲမှူး စောဆာယိုမူးမှ ဒေသခံများနှင့်ပူးပေါင်းကာ စီစဉ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ဤဆန္ဒပြပွဲကို သံလွင်မြစ်ကမ်းနံဘေး၌ ပြုလုပ်ခဲ့ပြီး မနက် ၇ နာရီမှ ၁၀ နာရီ ဝန်းကျင်အထိ ဘူးသိုမြို့နယ်ရှိ အဆိုပြုဆောက်လုပ်မည့်ခဲ့သော ဟတ်ကြီးရေတမံအနီးတွင်ဖြစ်ပါသည်။[64]  ထိုပွဲမှ ဗုဒ္ဓနှင့်ခရစ်ယာန်ဆုတောင်းပွဲများ ပါဝင်ပြီး ရွာသားများမှမြစ်ထဲတွင်ရှိသောဖောင်များပေါ်တွင် အမှတ်သားသင်္ကေတများပို့ဆောင်မှုများနှင့် အဆုံးသတ် ခဲ့သည်။ ဆန္ဒပြပွဲအားတက်ရောက်လာသောရွာသားများမှ တောင်းဆိုမှုလေးခုအား ဖော်ထုတ်ခဲ့သည်။

     ၁။ သံလွင်မြစ်အား လွတ်လပ်စွာစီးဆင်းခွင့်ပြုပါ။
     ၂။ ခေးဒိုခို ရေကာဆောက်လုပ်မှုအား မလိုလားပါ။
     ၃။ ဌာနေကရင်တိုင်းရင်းသား၏ နယ်မြေများတွင် ရေကာတာဆောက်လုပ်မှုအား မလိုလားပါ။
     ၄။ တိုင်းရင်းသားလူနည်းစုနယ်မြေများတွင် ရေကာတာဆောက်လုပ်မှုအား မလိုလားပါ။

Tue, 08 Sep 2020

Footnotes: 

[1] ဤအစီရင်ခံစာသည်  ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလနှင့်ဇွန်လအတွင်း  ကွင်းထဲမှရရှိထားသောအကြောင်းအရာများအပေါ်အခြေခံပြီး သတင်း အချက်အလက်များအား ခြုံငုံသုံးသပ်ထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒေသခံများမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား  ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ််ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

[2] ကိုဗစ်-၁၉ (COVID-19) ရောဂါသည် ကူးစက်တက်သောရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်စူးရှသောအသက်ရှုလမ်းကြောင်း‌‌‌‌ဆိုင်ရာရောဂါ coronavirus 2 (SARS-CoV-2) ကြောင့် ဖြစ်သောရောဂါ ဖြစ်ပါသည်။ ဤရောဂါကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌စတင်တွေ့ ရှိခဲ့ပြီး ဆက်လက်၍ဖြစ်ပွားနေသောကပ်ရောဂါကြီးဖြစ်ပါသည်။ နောက်ထပ်အချက်အလက် များအတွက် WHO, “Coronavirus disease (COVID-19) pandemic” တွင်ကြည့်ပါ။ ‌‌‌ြေကာင်း

[3] တပ်မတော်သည် မြန်မာစစ်တပ်ကို ရည်ညွှန်းထားခြင်းဖြစ်သည်။

[4] ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

[5] တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများအပြား ပါဝင်မှုမရှိသော အငြင်းပွားဖွယ်ရာဖြစ်စေသည့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်ပိုင်း ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ ရက်နေ့တွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့အနက် KNU အပါအဝင်၈ဖွဲ့သာ ဖိတ်ကြားခံရသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်မှ ပြဌာန်းထားသော လေးစားလိုက်နာရမည့်ကတိကဝတ်များကို လက်မှတ်ရေးထိုး သည့်အဖွဲ့အစည်းများက ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင်စတင်ကျင့်သုံးရပါသည်။  မြန်မာအစိုးရ၏ဖိအားပေးမှုကြောင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ နောက်ထပ် ၂ဖွဲ့မှလည်း အဆိုပါ (NCA) စာချုပ်အား ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။

[6] KNU သည် ကရင်လူမျိုး၏ အဓိကနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းအား ၁၉၄၇ ခုနှစ်တွင် အစပြုပြီး မြန်မာအစိုးရနှင့် ၁၉၄၉ ခုနှစ်တွင်စ၍ သဘောထားကွဲလွဲခဲ့ကြ၍ ပဋိပက္ခဖြစ်ခဲ့ပါသည်။ KNU၏အာဏာသည် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတစ်ဝိုက်တွင် ကျယ်ပြန့်စွာအုပ်ချုပ် နိုင်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်စနစ်အားတည်ထောင်ရန် ၁၉၇၆ ခုနှစ်တွင်စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အား ရေးထိုးခဲ့သော်လည်း အစိုးရနှင့်ဆက်ဆံရေး တင်းမာနေဆဲဖြစ်သည်။

[7] မြန်မာဘာသာဝေါဟာရဖြင့် အသုံးပြုသောခရိုင်အမည်များအား ကွင်းထဲ၌ရေးသားဖော်ပြထားသော်လည်း မြန်မာအစိုးရအုပ်ချုပ်ရေးအပိုင်း တွင် အသုံးပြုသည့်အမည်များနှင့်ကိုက်ညီမှုမရှိပေ။

[8] ဤသတင်းအကြောင်းအရာကို နို့တကောမြို့နယ်မှ ၂၀၂ဝ ခုနှစ်၊ ဇွန်လတွင်လက်ခံရရှိခဲ့ပြီး မထုတ်ဝေရသေးသောအစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[9] ၂၀၂၀ ခုနှစ်တွင် Alight မှထုတ်ဝေထားသော "Stopping the Spread of Coronavirus in Southeast Asia" တွင်ကြည့်ပါ။

[10] ဤသတင်းအကြောင်းအရာကို တနေးဆါးမြို့နယ်မှ ၂၀၂ဝခုနှစ်၊ မေလတွင်လက်ခံရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[11] DKBA ခွဲထွက်အဖွဲ့သည် တပ်မတော်နယ်ခြားစောင့်တပ်အဖြစ်(BGF) အသွင်ပြောင်းခဲ့ပြီး၊ အချို့သည်လည်း KNLA တွင် ကျန်ရှိနေခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် DKBA သည် ၎င်း၏ ဘာသာရေးကြီးစိုးမှု ကင်းစေရန် ၎င်း၏နာမည်ဖြစ်သော "ဗုဒ္ဓဘာသာ" အား "အကျိုးပြု" အဖြစ်ပြောင်းခဲ့သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အား အစိုးရနှင့်ရေးထိုးခဲ့သည်။

[12] ဤသတင်းအကြောင်းအရာကို ဘီးလင်းမြို့နယ်မှ ၂၀၂ဝခုနှစ်၊ မေလတွင် လက်ခံရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက် နုတ်ထားခြင်းဖြစ်ပါသည်။

[13] ဤသတင်းအကြောင်းအရာကို ဒေ့ါဖာခို့မြို့နယ်မှ ၂၀၂ဝခုနှစ်၊ သြဂုတ်လတွင် လက်ခံရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ ‌

[14] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဇူလှိုင်လတွင် လက်ခံရရှိခဲ့ပြီး လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[15] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ မေလတွင် လက်ခံရရှိခဲ့ပြီး ဘူးသိုမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ် ထားခြင်းဖြစ်ပါသည်။

[16] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဩဂုတ်လတွင် လက်ခံရရှိခဲ့ပြီး ထောတထူမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[17] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဖေဖေါ်ဝါရီလတွင် လက်ခံရရှိခဲ့ပြီး ဒွယ်လိုးမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[18] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဖေဖေါ်ဝါရီလတွင် လက်ခံရရှိခဲ့ပြီး လယ်ဒိုမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[19] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ မတ်လနှင့် ဖေဖေါ်ဝါရီလတွင် လက်ခံရရှိခဲ့ပြီး ဘူးသိုနှင့်ဒွယ်လိုးမြို့နယ်မှ မထုတ်ဝေရ သေးသော အစီရင်ခံစာများမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[20] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဖေဖေါ်ဝါရီလနှင့်မတ်လတွင် လက်ခံရရှိခဲ့ပြီး ဒွယ်လိုးနှင့်ဘူးသိုမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာများမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ 

[21] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဇူလှိုင်လတွင် လက်ခံရရှိခဲ့ပြီး လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[22] ဧရာဝတီသတင်းဌာန (၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ)၊ "KNU Denies Targeting Myanmar Military Officer Killed in Mine Blast"။

[23] Frontier Myanmar (၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ)၊ "Karen ceasefire frays under Tatmadaw road-building push"

[24] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဖေဖေါ်ဝါရီလတွင် လက်ခံရရှိခဲ့ပြီး လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာများမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[25] ကရင်လူ့အခွင့်အရေးအဖွဲ့ (၂၀၂၀ ခုနှစ်၊ မတ်လ)၊ "မူတြော်ခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဒွယ်လိုးမြို့နယ်တွင် တပ်မတော်စစ်သား များမှ ရွာသားနှစ်ဦးအားသေနတ်ဖြင့်ပစ်ခတ်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ"။

[26] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလ နှင့်ဧပြီလတွင် လက်ခံရရှိခဲ့ပြီး ဒွယ်လိုးမြို့နယ်မှ မထုတ်ဝေရ သေးသောအစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[27] ကရင်လူ့အခွင့်အရေးအဖွဲ့ (၂၀၂၀ ခုနှစ်၊ မတ်လ)၊ "မူတြော်ခရိုင် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ: ဒွယ်လိုးမြို့နယ်တွင် တပ်မတော်စစ်သားများမှ ရွာသားတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်နှိပ်စက်မှု၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ"။

[28] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဇူလှိုင်လတွင် လက်ခံရရှိခဲ့ပြီး မူတြော်ခရိုင်၊ လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[29] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ဧပြီလနှင့်ဇူလှိုင်လတွင်လက်ခံရရှိခဲ့ပြီး လူသောနှင့်ဒွယ်လိုးမြို့နယ်မှ မထုတ်ဝေရ သေးသောအစီရင်ခံစာများမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[30] ကရင်လူ့အခွင့်အရေးအဖွဲ့ (၂၀၂၀ ခုနှစ်၊ ဇူလှိုင်လ)၊ "မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ : ဒွယ်လိုးမြို့နယ်တွင် တပ်မတော် လက်နက်ကြီးပစ်ခတ်ရာမှ ရွာသားတစ်ဦးနှင့် ၎င်း၏သမီးအား ဒဏ်ရာရရှိခြင်း၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ"။

[31] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဇွန်လတွင် လက်ခံရရှိခဲ့ပြီး ဒွယ်လိုးမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[32] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဖေဖေါ်ဝါရီလတွင် လက်ခံရရှိခဲ့ပြီး ဒွယ်လိုးမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[33] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ မတ်လတွင် လက်ခံရရှိခဲ့ပြီး လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[34] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဇူလှိုင်လတွင် လက်ခံရရှိခဲ့ပြီး လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[35] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ မတ်လတွင် လက်ခံရရှိခဲ့ပြီး မူတြော်ခရိုင်၊ လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[36] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ မတ်လတွင် လက်ခံရရှိခဲ့ပြီး မူတြော်ခရိုင်၊ လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[37] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဇူလှိုင်လတွင် လက်ခံရရှိခဲ့ပြီး မူတြော်ခရိုင်၊ လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ 

[38] Thoolei News – KNU - ပြန်ကြားရေးဌာန (၂၀၂၀ ခုနှစ်၊ ဇွန်လ)၊ "၂၀၂ဝခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂ဝခုနှစ် ဇွန်လ ၃ ရက်နေ့အထိ မူတြော်ခရိုင်,တပ်မဟာ ၅ အတွင်း မြန်မာ့တပ်မတော်၏ လှုပ်ရှားမှု အခြေအနေ"။

[39] ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)သည် KNU၏ဥပဒေအတိုင်း ဆောင်ရွက်သောဌာနတစ်ခုဖြစ်သည်။ ၎င်းမှ ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

[40] ကရင်လူ့အခွင့်အရေးအဖွဲ့ (၂၀၂၀ ခုနှစ်၊ ဇွန်လ)၊ "မူတြော်ခရိုင် ဒေသတွင်းအစီရင်ခံစာ : ဒွယ်လိုးမြို့နယ်တွင် တပ်မတော်မှ KNPF ချမှတ်ထားသည့် ကိုဗစ်-(၁၉) ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဖျက်စီးခြင်းကြောင့် တပ်မတော်နှင့် KNLA အကြား ပစ်ခတ်မှုများဖြစ်ပွား (၂၀၂၀ ခုနှစ်၊ မေလ)"။

[41] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဇွန်လတွင် လက်ခံရရှိခဲ့ပြီး ဆောထိမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[42] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ မတ်လတွင် လက်ခံရရှိခဲ့ပြီး ဘူးသိုမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[43] ၁၉၉၄ ခုနှစ်တွင် DKBA ဒီမိုကရက်တစ်တိုးတက်သောဗုဒ္ဓဘာသာ ကရင်တပ်မတော်သည် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်မှ ဘာသာရေးယူဆမှုနှင့်ပတ်သက်ပြီး  ခွဲထွက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် DKBA တပ်ဖွဲ့အများစုသည် နယ်ခြားစောင့်တပ်အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။  သို့သော် အဖွဲ့တစ်ဖွဲ့မှာ ထိုသို့လုပ်ဆောင်ရန်ငြင်းဆိုပြီး  ၂၀၁၂ ခုနှစ်တွင်  ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA အကျိုးပြု) အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်  DKBA(ခွဲထွက်အဖွဲ့)သည် အဆိုပါ DKBA (အကျိုးပြု) မှ ခွဲထွက်ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ဖာပွန်ခရိုင်နှင့်  ဘားအံခရိုင်ဒေသများ တွင်လှုပ်ရှားလျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါ။

[44] ကရင်လူ့အခွင့်အရေးအဖွဲ့ (၂၀၁၉ ခုနှစ်၊ မေလ)၊ "အိမ်ပြန်ချိန်ကို တမ်းတရင်း ငြိမ်းချမ်းမှုကို မျှော်လင့်ခြင်း : မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နှစ်ရှည်ကြာနေရပ်စွန့်ခွာရခြင်း"။

[45] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ မေလတွင် လက်ခံရရှိခဲ့ပြီး ဘူးသိုမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ် ထားခြင်းဖြစ်ပါသည်။

[46] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ မေလတွင် လက်ခံရရှိခဲ့ပြီး ဘူးသိုမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[47] ဤသတင်းအကြောင်းအရာကို ၂၀၂ဝခုနှစ်၊ ဇူလှိုင်လတွင် လက်ခံရရှိခဲ့ပြီး မူတြော်ခရိုင်၊ လူသောမြို့နယ်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[48] KHRG (၂၀၂၀ ခုနှစ်၊ ဇူလှိုင်လ)၊ "မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဒွယ်လိုးမြို့နယ်ရှိ BGF စစ်သားတစ်ဦးမှ သက်ငယ်ကလေး တစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့ခြင်း (၂၀၂၀ ခုနှစ်၊ ဇွန်လ)" တွင်ကြည့်ပါ။

[49] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ မေလတွင် လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် တာကရယ်နှင့် တနေးဆါး မြို့နယ်အစီရင်ခံစာများမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ 

[50] KHRG (၂၀၂၀ ခုနှစ်၊ ဧပြီလ)၊ "၂၀၂၀ ခုနှစ်၊ မတ်လတွင် မူတြော်ခရိုင်ရှိ ကရင်ရပ်ရွာခေါင်းဆောင်တစ်ဦးနှင့် ကရင်အမျိုးသားအစည်းအရုံး သစ်တောဝန်ထမ်းတစ်ဦးတို့အား တပ်မတော်စစ်သားများမှ ပစ်သတ်" တွင်ကြည့်ပါ။

[51] ကရင်သတင်းဌာနမှ ၂၀၂၀ ခုနှစ် မတ်လတွင်ထုတ်သော "သစ်တောဌာန လုပ်သားတစ်ဦး တပ်မတော်၏ပစ်ခတ်ခြင်းခံခဲ့ ရ ဟု KNU ပြော" တွင်ကြည့်ပါ။

[52] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် ဒွယ်လိုးမြို့နယ် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ 

[53] KHRG (၂၀၂၀ ခုနှစ်၊ ဇွန်လ) “Mergui-Tavoy District Interviews: Tatmadaw soldiers prevented Karen villagers from displaying their ethnic flag in front of their local school in Ta Naw Th’Ree Township, January 2020” တွင်ကြည့်ပါ။

[54] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် ဆောထိမြို့နယ်အစီရင် ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ 

[55] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ မေလတွင် လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် တနေးဆါးမြို့နယ် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ 

[56] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် ဘူးသိုနှင့်ဒွယ်လိုးမြို့နယ် အစီရင်ခံစာများမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ 

[57] ဂျီနီဗာခေါမှ ၂၀၁၃ ခုနှစ် ဇူလှိုင်လတွင် ထုတ်ဝေသော "The KNU/KNLA commits to the protection of children and the prohibition of conflict-related sexual and gender-based violence" တွင်ကြည့်ပါ။

[58] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ မေလတွင်လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် တာကရယ်မြို့နယ် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ 

[59] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ မတ်လတွင်လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် လူသောမြို့နယ် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[60] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ ဇူလှိုင်လတွင် လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် တာကရယ်မြို့နယ် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[61] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် ဒွယ်လိုးမြို့နယ် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[62] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် တနောသရီမြို့နယ် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[63] ဤသတင်းအချက်အလက်များအား ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် လက်ခံရရှိသော ထုတ်ဝေခြင်းမပြုလုပ်ရသေးသည့် ဘီးလင်းမြို့နယ် အစီရင်ခံစာမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

[64] KHRG နှင့် KESAN (၂၀၁၈ ခုနှစ် ဇွန်လ)တွင် ထုတ်ဝေသော "ရေကာတာသည် ဖွံ့ဖြိုးရေးလော၊ ပျက်စီးရေးလော : မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ရွာသားများအပေါ် ဖြစ်ပေါ်လာသော ဆိုးကျိုးသက် ရောက်မှုများ" တွင်ကြည့်ပါ။

Related Readings