ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှ စက်တင်ဘာလအတွင်း ဘိတ်ထားဝယ်ခရိုင်ရှိ က စယ်ဒိုမြို့နယ်၊ လယ်ဒိုစိုးမြို့နယ်နှင့်လယ်မူလားမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြ ထားသည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့၌ ပုလောတပ်စခန်းတွင် တပ်စွဲထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၀) နှင့် (၂၈၅) တို့သည် ကစယ်ဒိုမြို့နယ်၊ ကလဲမူထီဒေသ၊ က--- ကျေးရွာတွင်ရှိသော ကုမ္ပဏီလုပ်ငန်းနေရာတစ်ခုထဲကို စစ်ကြောင်းထိုးလာခဲ့သည်။ ယခင်က ဤကုမ္ပဏီလုပ်ငန်းနေရာ ကို စွန့်ပစ်ထားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့က အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထိုဒေသအတွင်း SAC တပ်ဖွဲ့များသည် စစ်ကြောင်းထိုးလာ၍ ဖ--- ကျေးရွာသို့ရောက်လာသည့်အခါတွင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များနှင့်ထိပ်တိုက်တွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း SAC တပ်ဖွဲ့သည် လက်နက်ကြီးများပစ်ခတ် ၍ ဖ--- ရွာမှ အသက် (၂၄)နှစ်အရွယ်ရွာသားတစ်ဦးအား ထိမှန်သေဆုံးခဲ့သည်။ ထိုနေ့တွင်လည်း SAC စစ်သားများသည် ကျေးရွာသို့ နောက်တဖန်ပြန်ဝင်လာပြီး အသက် (၄၇)နှစ်အရွယ် ရွာသားတစ်ဦးအား ပစ်သတ်ခဲ့သည်။ သြဂုတ်လ ၅ ရက်နေ့၌ SAC စစ်သားများသည် ကလဲမူထီဒေသ၊ က--- ကျေးရွာသို့သွားရောက်၍ ရွာသားများအား ပစ်ခတ်၍ အသက် (၄၀)အရွယ် ရွာသားတစ်ဦး ထိမှန်သေဆုံးသွားပြီး အသက် (၁၃) နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ သည်။ အဆိုပါသေနတ်ထိမှန်သည့်ရွာသားနှစ်ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သား များအတွက် ဆန်အိတ်များသယ်ဆောင်လာသည့်အချိန်တွင် SAC စစ်သားများမှ ၎င်းတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့၌ ထားဝယ်မြို့တွင်အခြေစိုက်သော ခလရ (၁၀၄) နှင့် (၂၆၇)တို့မှ SAC စစ်သားများသည် တပ်ချိန်းပြောင်းလဲရန်အတွက် ဝေတာအယ်မြို့သို့ ခရီးသွားခဲ့သည်။ ခရီးလမ်းတစ်လျှောက်တွင် SAC စစ်သားများသည် ရွာသား (၁၂) ဦးကို ဖမ်းဆီး၍ ၎င်းတို့လက်နက်ခဲယမ်းများကို အဓမ္မသယ်ဆောင်ခိုင်းသည့်အပြင် လမ်းပြအဖြစ်လည်းအသုံးပြုခဲ့သည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် SAC စစ်သားများသည် ကမိုသွေးဒေသရှိ တ--- ကျေးရွာမှ အသက် (၄၅) နှစ်အရွယ် ရွာသားတစ်ဦးကို ဖမ်းစီး၍ ၎င်းတို့နောက်ကိုလိုက်ပြီး လက်နက်ခဲယမ်းများ သယ်ဆောင်ရန် အဓမ္မခိုင်းစေခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ခလရ (၂၈၅) မှ SAC စစ်သားများသည် နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ရန် ပုလောဒေသရှိ ဂ--- ကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။ ၎င်းတို့စစ်ကြောင်း ထိုးလာသည့်လမ်းတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ထိပ်တိုက်ရင်ဆိုင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ ထို့နောက် SAC စစ်သားများသည် ပုလောဒေသတွင်းရှိ လူနေအိမ် (၁၁၃) လုံးမနည်း မီးရှို့ဖျက်ဆီးခဲ့သည်။ စ---ကျေးရွာရှိ လူနေအိမ်များကိုမီးရှို့ခဲ့သည့်ဖြစ်စဉ်တွင် အသက် (၅၀) အရွယ်ရွာသားတစ်ဦးသည် မီးလောင်နေသည့် အိမ်ထဲတွင် သေဆုံးနေကြောင်း ရွာသားအချို့က ရှိခဲ့သည်။ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် ကာလအတွင်း SAC စစ်သားများသည် ရွာသားများကိုလည်း ဖမ်းစီး၍ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့သည်။ SAC စစ်သားများသည် ကျေးရွာများတွင် သွားလာလှုပ်ရှား၍ လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေသောကြောင့် ရွာသားအများစုသည် ထွက်ပြေးတိမ်းရှောင် နေရပြီး အိမ်ပြန်မရဲဘဲရှိနေသည်။ [1]
ကစယ်ဒိုမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုနှင့်စစ်ရေးလှုပ်ရှားမှုကြောင့် ရွာသားသုံးဦးသေဆုံး
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့၌ ပုလောတပ်စခန်းတွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၀) နှင့် (၂၈၅) တို့သည် ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ကလဲမူထီဒေသ၊ က--- ကျေးရွာတွင်ရှိသော ပြည်ဖြိုးထွန်းကုမ္ပဏီပိုင်ဆိုင်သောဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ခရီးသွားလာခဲ့သည်။ (ယခင်က) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းကိုစွန့်ပစ်၍ က--- ကျေးရွာမှထွက်ခွာပေးရန် ၎င်းကုမ္ပဏီကို အမိန့်ပေးခဲ့သည်။
ပြည်ဖြိုးထွန်းကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မောင်လှသန်းပိုင်ဆိုင်သော စီးပွားရေးကုမ္ပဏီတစ်ခုဖြစ် သည်။ ၎င်းကုမ္ပဏီသည် ရော်ဘာပင်နှင့်အခြားစိုက်ပျိုးပင်များကို စိုက်ပျိုး၍စီးပွားရေးအတွက် လုပ်ကိုင်ကြသည်။ ပစ် ခတ်ရပ်စဲရေးမတိုင်မီ လွန်ခဲ့သည့် ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ကုမ္ပဏီအစုရှယ်ယာလုပ်ငန်းရှင်များသည် မြန်မာစစ် တပ်နှင့်ပူးပေါင်း၍ လုပ်ကိုင်ခဲ့သည်။ သို့ဖြစ်၍ မြန်မာစစ်တပ်သည် အချို့ရွာသားများ၏မြေယာများကို သိမ်းယူခဲ့သည်။ သို့သော် ရွာသားများကို လျော်ကြေးငွေအနည်းငယ်သာ ပေးဆောင်ခဲ့သည်။ တစ်ချို့ရွာသားများလည်း ၎င်းတို့မြေယာကို ရောင်းခဲ့ကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ ညနေ (၃)နာရီနှင့် (၄) နာရီကြားတွင် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA) တပ်ရင်းအမှတ် (၁၂) သည် အခြားဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး ကလဲမူထီဒေသရှိ ဖ--- ကျေးရွာသို့ ရောက်ရှိလာသော SAC တပ်ဖွဲ့များကို ချုံခိုတိုက်ခိုက်၍ နှစ်ဦးနှစ်ဖက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ကျေးရွာထဲတွင် တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် SAC သည် ကျေးရွာဖက်သို့ လက်နက်ကြီးတစ်လုံး ပစ်ခတ်၍ အသက် (၂၄) နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ လ--- အား ထိမှန်သေဆုံးခဲ့သည်။ လ--- သည် လူလွတ် တစ်ဦးဖြစ်ပြီး ဆိုင်ကယ်ပြင်သည့်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူဖြစ်သည်။ ထို့နောက် မြန်မာစစ်တပ်မှ စစ်သားအချို့သည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့်အတွက် ၎င်းတို့တပ်ဖွဲ့သည် ကျေးရွာမှ ပြန်ဆုတ်လာခဲ့သည်။ နောက်တစ်မနက် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ မနက် (၇) နာရီနှင့် (၈)နာရီကြားတွင် မြန်မာစစ်တပ်မှ စစ်သား များသည် ဖ--- ကျေးရွာသို့ နောက်တစ်ဖန် ချီတက်လာခဲ့သည်။ ဖ--- ရွာသို့ရောက်ရှိသည့်အခါတွင် ၎င်းတို့သည် (မြန်မာ စစ်တပ်) အသက် (၄၇) နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ ဦးဘ--- အား ပစ်သတ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် မြန်မာစစ်တပ်မှ စစ်သားများသည် ပြည်ဖြိုးထွန်းကုမ္ပဏီဆောက်လုပ်ရေးလုပ် ငန်းခွင်ရှိသော က--- ကျေးရွာသို့ ခရီးဆက်ထွက်ခဲ့သည်။ SAC စစ်သားများသည် က--- ရွာသို့ ရောက်ရှိသောအခါ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်ထိပ်တိုက်ရင်ဆိုင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ မြန်မာစစ်တပ်မှ စစ်သားများသည် ပြည်ဖြိုးထွန်း ကုမ္ပဏီဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်တပ်စွဲ၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့အထိ နေထိုင်ခဲ့သည်။
ထိုနေ့တွင် (၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက် မနက်ပိုင်း) ရွာသားနှစ်ဦးသည် KNLA တပ်ရင်း (၁၂) အတွက် ဆန်အိတ်များ သယ်ယူပို့ဆောင်နေစဉ် က--- ကျေးရွာရှိ ကုမ္ပဏီရော်ဘာခြံအနီး လမ်းမပေါ်တွင် မြန်မာစစ်တပ်မှ စစ်သားများနှင့်ပက် ပင်တိုးခဲ့သည်။ ထို့နောက် မြန်မာစစ်သားများက ၎င်းတို့အား သေနတ်ဖြင့်ပစ်ခတ်၍ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ရှိခဲ့သည်။ သေဆုံးသွားသည့်ရွာသားတစ်ဦးသည် အသက် (၄၀)ရှိပြီး သူ၏နာမည်မှာ စောအ---ဟုခေါ်သည်။ စောအ--- သည် ကလဲမူထီဒေသရှိ န--- ကျေးရွာတွင်နေထိုင်ပါသည်။ သူ့မှာ မိသားစုဝင်ခြောက်ဦးရှိသည်။ ဒဏ်ရာရရှိသည့် သူသည် အသက် (၁၃)နှစ်သာရှိပြီး သူ၏နာမည်ကို စောစ---ဟုခေါ်သည်။ စောစ---၏ဘယ်ခြေထောက်တွင် ကျည်ဆံထိ မှန်၍ ဒဏ်ရာရှိသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သူသည် က---ရွာတွင် နေထိုင်ပါသည်။ သူ၏မိသားစုတွင် မောင်နှမချင်း (၆)ဦးရှိပြီး သူသည် လေးယောက်မြောက်သောသားတစ်ဦးဖြစ်သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင် မြန်မာစစ်သားများသည် ဖ--- ကျေးရွာသို့ ပြန်သွားခဲ့သည်။ နေ့လယ် (၁၂) နာရီတွင် ရွာသားများသည် KNLA တပ်ရင်း (၁၂)နှင့် PDF စစ်သားများနှင့်အတူ မြန်မာစစ်တပ်မှ ပစ်သတ်ခဲ့သော ရွာသားတစ်ဦး၏အလောင်းကို သွားရောက်ကောက်ယူ၍ ၎င်းအား မြေမြှုပ်ပေးခဲ့သည်။ နေ့လယ် (၁)နာရီတွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ပြည်ဖြိုးထွန်းကုမ္ပဏီအဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့သည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း က--- နှင့်ဖ--- ကျေးရွာများမှ ရွာသားအိမ်များနှင့်စိုက်ပျိုးခြံများ ပျက်စီးခဲ့ရသည်။ သြဂုတ် လ ၁ရက်နေ့မှ ၆ရက်နေ့အထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရသောရွာသားများသည် ကလဲမူထီဒေသရှိ ဈ---၊ ဖ---၊ က---၊ ယ---၊ ဟ---၊ န---နှင့် သ--- ကျေးရွာများတွင် နေထိုင်ကြသောရွာသားများဖြစ်ကြသည်။ ရုတ်တရက်တိုက်ပွဲဖြစ်ပွားသော ကြောင့် တစ်ချို့ရွာသားများသည် ထွက်ပြေးရသည့်အချိန်တွင် ဘာတစ်ခုမှ ယူဆောင်သွားနိုင်ခြင်းမရှိခဲ့ပေ။ တစ်ချို့ရွာ သားများသည် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ၎င်းတို့ကျေးရွာနှင့်ဝေးသော အခြားကျေးရွာများသို့ ထွက်ပြေးပုန်းရှောင် ခဲ့သည်။ တစ်ချို့ရွာသားများသည် ကျေးရွာအနီးရှိ မြစ်ချောင်းကမ်းနံဘေးနား ၎င်းတို့၏စိုက်ပျိုးခြံထဲသို့ ထွက်ပြေးခဲ့ သည်။ ဤနေ့အထိ (၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၂ရက်) ရွာသားများသည် ၎င်းတို့ရပ်ရွာဒေသသို့ ပြန်လာမရဲဘဲရှိနေသည်။ အကြောင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ (ထို့အပြင် ကျေးရွာထဲတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများ၏အန္တရာယ်ရှိနေကြောင်း ရွာသားများက ခံစားရသည်။ မြေမြှုပ်မိုင်းများကို SAC နှင့် KNLA တပ် ဖွဲ့များက ထောင်ထားလိမ့်မည်ဟု ရွာသားများက ယူဆကြသည်။)
လယ်ဒိုစိုးနှင့်ကစယ်ဒိုမြို့နယ်များတွင် SAC မှ ရွာသားများအား ပေါ်တာနှင့်လမ်းပြအဖြစ်လုပ်ဆောင်ရန် အဓမ္မခိုင်းစေခြင်း
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ထားဝယ်မြို့တွင်အခြေစိုက်သည့် ခလရ (၁၀၄)နှင့် (၂၆၇)တို့မှ SAC စစ်သားဦး ရေ (၁၀၀) သည် တပ်ချိန်းရန်အတွက် ဝေတာအယ် (မေတ္တာ)မြို့သို့ ချီတက်လာခဲ့သည်။ ဝေတာအယ်မြို့သည် ကစယ်ဒိုမြို့နယ်နှင့်လယ်ဒိုစိုးမြို့နယ်နှစ်ခု နယ်နမိတ်ချင်းထိစပ်နေသော ဝေတာအယ်ဒေသတွင် တည်ရှိသည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့တွင် အဆိုပါမြန်မာစစ်သားများသည် ကစယ်ဒိုမြို့နယ်၊ ဖောခိုဒေသ၊ အအ--- ကျေးရွာတွင် ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ထိုရွာတွင် စခန်းချ၍တစ်ညအိပ်စက်ခဲ့သည်။ မြန်မာစစ်သားများသည် ကျေးရွာရှိ ရွာသားများပိုင်ဆိုင်သော တိရိစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စိုက်ပျိုးပင်များကို ဖျက်ဆီးခြင်းနှင့် လူနေအိမ်များကို ဝင်ရောက်မွှေနှောက်ခြင်းများပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် မြန်မာစစ်သားများသည် ဝေတာအယ်မြို့သို့ ခရီးဆက်ခဲ့သည်။ လမ်းတစ် လျှောက်တွင် ၎င်းတို့တွေ့ရှိသည့်ရွာသားတစ်ချို့ကို ဖမ်းဆီး၍ လက်နက်ခဲယမ်းများသယ်ဆောင်ပေးရန် အဓမ္မခိုင်းစေခဲ့ သည်။ စုစုပေါင်းရွာသား (၁၂) ဦးဖမ်းစီးခံခဲ့ရသည်။ ထိုအထဲတွင် ဖမ်းစီးခံရသောရွာသား (၇) ဦးသည် ကစယ်ဒိုမြို့နယ်၊ ဖောခိုဒေသရှိ မ--- ကျေးရွာမှ ရွာသားများဖြစ်ကြသည်။ အခြားသုံးဦးမှာ လယ်ဒိုစိုးမြို့နယ်၊ ကမိုသွေးဒေသရှိ ဝ--- ကျေး ရွာမှ ရွာသားများဖြစ်ကြသည်။ ကျန်ရှိသောနှစ်ဦးမှာ ကမိုသွေးဒေသရှိ ခ--- ကျေးရွာမှ ရွာသားများဖြစ်ကြသည်။ ၎င်းတို့ သည် ကမိုသွေးဒေသ၊ ပ--- ကျေးရွာရှိ ပ--- ရဲစခန်းသို့ရောက်ရှိပြီးနောက်တွင် မြန်မာစစ်သားများသည် မ---နှင့်ဝ--- ကျေးရွာများမှ ရွာသားများကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း ခ--- ကျေးရွာမှ ရွာသားနှစ်ဦးကို ပြန်လွှတ်ပေး ခြင်းရှိ၊ မရှိ KHRG အနေဖြင့်မသိခဲ့ရပါ။ (KHRG သတင်းစုဆောင်းသူသည် ခ--- ကျေးရွာသို့ မသွားရောက်နိုင်သဖြင့် ဖြစ်စဉ်အသေးစိတ်ကို မှတ်တမ်းပြုစုနိုင်ခြင်းမရှိခဲ့ပေ။)
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် မြန်မာစစ်သားများသည် ဝေတာအယ်မြို့သို့ ခရီးဆက်ခဲ့ပြန်သည်။ (၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့) မနက် (၇)နာရီတွင် မြန်မာစစ်သားများသည် ကမိုသွေးဒေသ၊ ရ--- ကျေးရွာ သို့မရောက်ရှိမီ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ (သြဂုတ်လ ၁၂ ရက်နေ့) မနက် (၉)နာရီတွင် ရ--- ကျေးရွာမှာ မြန်မာစစ်သားများနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်။ နေ့လယ် (၂)နာရီနှင့် (၃)နာရီကြားတွင် ကမိုသွေးဒေသ၊ ထ--- ကျေးရွာရှိ ထ--- ဘုန်းကြီးကျောင်းမှာ မြန်မာစစ်သားများနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြန်သည်။ (ယခင်ကမြန်မာစစ်သားများသည် ဘုန်းကြီးကျောင်းဝင်းတွင်တပ်စွဲ၍ ဘုန်းကြီးများ အပါအဝင် ရွာသားများအားလုံး ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။) နောက်ဆုံးမှာ ညနေ (၄)နာရီနှင့် (၅) နာရီကြားတွင် မြန်မာစစ်သားများသည် ဝေတာအယ်မြို့သို့ရောက်ရှိလာခဲ့သည်။ ထိုမြို့သို့ရောက်ရှိလာသည့်အချိန်တွင်လည်း မြန်မာစစ်သားများနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲထပ်မံဖြစ်ပွား ခဲ့ပြန်သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် ဝေတယ်အယ်မြို့ရှိ စစ်ကွပ်ကဲအခြေစိုက်တပ်စခန်းတွင် ရောက်ရှိနေသော မြန်မာစစ်သားများသည် ထားဝယ်မြို့သို့ ပြန်သွားသည့်အချိန်မှာ KNLA ပူးပေါင်းတပ်ဖွဲ့များက ကစယ်ဒိုမြို့နယ်၊ ဖောခိုဒေသရှိ ဃ--- ကျေးရွာတွင် ၎င်းတို့အား ချုံခိုတိုက်ခိုက်ခဲ့ပြန်သည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၌ မြန်မာ စစ်သားများသည် ပ---ရဲစခန်းတွင် ရောက်ရှိသွားပြီးနောက် ၎င်းတို့တပ်စွဲရာ ထားဝယ်မြို့သို့ ဆက်လက်ပြန်သွားခဲ့ သည်။ မြန်မာစစ်သားများသည် ကမိုသွေးဒေသ၊ တ--- ကျေးရွာသို့ ရောက်ရှိလာပြီး KNLA စစ်သားများက ၎င်းတို့အား ထပ်မံ ချုံခိုတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ စစ်သားများသည် တ--- ကျေးရွာတွင် နေထိုင်သော အသက် (၄၅) နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဒ---ကို ဖမ်းစီး၍ ၎င်းတို့နောက်လိုက်ပြီး လက်နက်ခဲ ယမ်းများသယ်ဆောင်ရန် အဓမ္မခိုင်းစေခဲ့သည်။ ထို့နောက် မြန်မာစစ်သားများသည် ခရီးဆက်ခဲ့သည်။ ကစယ်ဒိုမြို့နယ်၊ ဖောခိုဒေသ၊ မ--- ကျေးရွာသို့ရောက်ရှိသောအခါ KNLA တပ်ရင်း (၁၂)၊ (၂၇)၊ ကော်သူးလေ တပ်မတော် (KTLA) နှင့် အခြားဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက မြန်မာစစ်သားများအားတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ ကျေးရွာအနားတွင် တိုက်ပွဲဖြစ်ပွားနေစဉ် တစ်ချို့ရွာသားများပိုင်ဆိုင်သောလယ်ယာမြေများ ထိမှန်ပျက်စီးခဲ့သည်။
ဤဖြစ်စဉ်နှင့်ပတ်သက် စောဒ--- က ယခုလိုပြောပြသည်။ “တောထဲကိုရောက်တော့ မြန်မာစစ်သားတွေက ကျွန်တော့် ကိုဖမ်းလိုက်တယ်။ ပြီးတော့ ကျွန်တော်က PDF အဖွဲ့ဝင်လားဆိုပြီး စစ်ဆေးမေးမြန်းတယ်။ သူတို့ကိုလိမ်ရင် ကျွန်တော့် ခေါင်းကိုရိုက်ခွဲပစ်မယ်လို့သူတို့ခြိမ်းခြောက်တယ်။ ကျွန်တော်က PDF အဖွဲ့ဝင်တစ်ဦးမဟုတ်ကြောင်း သူတို့ကို ရှင်းပြ တယ်။ မြန်မာစစ်သားတွေက ကျွန်တော့်ခေါင်းကို သေနတ်နဲ့ရွယ်ပြီးခြိမ်းခြောက်သေးတယ်။ အဲဒီညမှာ ကရင်လူမျိုး ဖြစ်တဲ့မြန်မာစစ်သားတစ်ဦးက ကျွန်တော့်ဆီကိုလာပြီး မမခေါက်ဆွဲ (၅)ထုပ်နဲ့ မီးခြစ်တစ်လုံးပေးသွားတယ်။ ပြီးတော့ ကျွန်တော့်ကိုသူပြောတယ်။ ‘ပြေးတော့။ မင်းမပြေးဘူးဆိုရင် နောက်ဆက်တွဲပြဿနာက မလွယ်ဘူး’တဲ့။ အဲဒါနဲ့ ကျွန်တော်လည်း အဲဒီနေရာကနေ ထွက်ပြေးခဲ့တယ်။” နောက်ဆုံးတွင် စောဒ--- သည် မြန်မာစစ်သားလက်မှ ထွက်ပြေး လွတ်မြောက်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာစစ်သားများသည် (SAC အုပ်ချုပ်မှုအောက်တွင်ရှိသော) ထားဝယ်မြို့ နယ်၊ ပကရီဒေသ၊ အဘ--- ကျေးရွာတွင်တည်ရှိသော အဘ--- ရဲစခန်းတွင် ရောက်ရှိလာခဲ့သည်။
မြန်မာစစ်သားများမှ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ရက်နေ့ကစပြီး သြဂုတ်လ ၂၀ ရက်နေ့အထိ ဒေသအတွင်း ခရီးသွားလာ နေစဉ်အတွင်း ကစယ်ဒိုမြို့နယ်၊ ဖောခိုဒေသရှိ မ--- နှင့်ဃ--- ကျေးရွာများ၊ ကမိုသွေးဒေသရှိ ရ---၊ ထ---၊ တ--- ကျေး ရွာများတွင်နေထိုင်ကြသော ရွာသားများသည် ၎င်းတို့ရွာများကို စွန့်ခွာ၍ အခြားရွာများသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ တစ်ချို့ရွာများတွင် တိုက်ပွဲဖြစ်ပွားပြီး မြန်မာစစ်သားများထွက်ခွာသွားပြီးနောက် တစ်ချို့ရွာသားများသည် ၎င်းတို့ရွာသို့ ပြန်လာခဲ့သည်။
လယ်မူလားမြို့နယ်တွင် SAC စစ်သားများမှ ရွာသားတစ်ဦးအားသတ်ဖြတ်၍ လူနေအိမ်များအားမီးရှို့ခြင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ခလရ (၂၈၅) မှ SAC စစ်သားများ (၁၀၀) ခန့်သည် ကျေးရွာတွင်း နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ရန် ဘိတ်ထားခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောဒေသ၊ ဂ--- ကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့ သည်။ (နယ်မြေရှင်းလင်းရေးဆိုသည်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များကိုရှင်းလင်း၍ ကျေးရွာများကို ထိန်း ချုပ်ရန်ဖြစ်သည်။) SAC စစ်သားများသည် ပုလောဒေသရှိ ကဟ--- ကျေးရွာသို့ရောက်ရှိသောအခါ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်းအမှတ် (၇)၊ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့်ရင်ဆိုင်ရပြီး တိုက်ပွဲဖြစ်ပွားခဲ့ သည်။ ထို့နောက် SAC စစ်သားများသည် လူနေအိမ် (၉) လုံး ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကဟ--- ကျေးရွာတွင်ကျန်ရှိနေသေးသော SAC စစ်သားများသည် ပုလောဒေသရှိ ကဧ--- ကျေးရွာသို့သွား ၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်။ ကဧ--- ကျေးရွာတွင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များဖြစ်သော KNDO၊ KNLA နှင့် PDF စစ်သားများနှင့်ရင်ဆိုင်ရပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ ထို့နောက် SAC စစ်သားများသည် ရွာသားအိမ်တစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် SAC စစ်သားများသည် ဂ--- ကျေးရွာသို့ရောက်ရှိပြီးနောက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော KNDO၊ KNLA နှင့် PDF စစ်သားများနှင့်ရင်ဆိုင်ရပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ ထို့နောက် SAC စစ်သားများသည် အရပ်သားအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် နေ့တွင် SAC စစ်သားများသည် ပုလောဒေသရှိ စ--- ကျေးရွာသို့သွား၍ စ--- ရွာသားများပိုင်ဆိုင်သော လူနေအိမ်အလုံး (၄၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြန်သည်။ (အကြောင်းမှာ ယခင်နေ့က လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက SAC စစ်သားများအား ချုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။) ပဒိုနော်ဒဆ---၏ပြောပြချက်အရ SAC စစ်သားများသည် စ--- ကျေးရွာကိုမီးရှို့ဖျက်ဆီးနေသည့်အချိန်တွင် ရွာသားတစ်ဦးသည်လည်း မီးလောင်ခံရပြီး မီးပုံထဲတွင်သေဆုံးသွားခဲ့သည်။ ပဒိုနော်ဒဆ---သည် IDP များကို စောင့်ရှောက်ကြည့်ရှုသူတစ်ဦး ဖြစ်သည်။ (ဒေသခံကရင်အမျိုးသားအစည်းအရုံး - KNU အာဏာပိုင်များသည် ထိုဒေသအတွင်း စစ်ပြေးရှောင်ရွာသား များကို ကူညီထောက်ပံ့မှုပေးနေကြောင်း သိရှိရသည်။)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် SAC စစ်သားများသည် ခလရ (၂၈၅) တပ်စခန်းသို့ ပြန်လာခဲ့သည်။ ထို့ နောက် စ--- ကျေးရွာမှ ရွာသားများသည် KNDO ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မီးလောင်ပျာကြသွားသည့်နေရာတွင် သေဆုံးနေသောရွာသားတစ်ဦး၏အလောင်းကို တွေ့ရှိခဲ့သည်။ SAC စစ်သားများသည် ရွာသားများအိပ်ပျော်နေသည့် ညသန်းခေါင်အချိန်တွင် စ--- ကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသည့်ရွာသားသည် အသက် (၅၀) ဝန်းကျင် ရှိပြီး နေမကောင်းဖြစ်နေသည်ဟု ရွာသားများက တင်ပြခဲ့သည်။ SAC စစ်သားများသည် ထိုရွာသားတစ်ဦးကို ဖမ်းစီး၍ ရည်ရွယ်ချက်ရှိရှိမီးရှို့သတ်ဖြတ်ခဲ့သည်လား သို့မဟုတ် သူနေမကောင်း၍ မပြေးနိုင်တော့သည့်အတွက် မီးပုံထဲတွင် ပါသွားပြီးသေဆုံးခဲ့သည်လား အတည်ပြု၍ မရသေးပါ။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် (ရက်အတိအကျမသိရှိရ) SAC စစ်သားများသည် ပုလောဒေသအတွင်း သွားလာလှုပ် ရှားပြီး လူနေအိမ်အလုံး (၆၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဒေသတွင်း နယ်မြေရှင်းလင်းမှုလုပ်ဆောင်ခြင်းကြောင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော KNDO၊ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက SAC စစ်သားများအား ပစ်ခတ်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ကြောင့် SAC စစ်သားများသည် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ရွာသားများကိုလည်း ဖမ်းစီးစစ်ဆေး၍ ခြိမ်းခြောက်ရိုက်နက်ခဲ့သည်။ ယခုလက်ရှိအချိန်တွင် KNU အာဏာပိုင် များက လုံခြုံရေးအခြေအနေကြောင့် တစ်ချို့စစ်ပြေးရှောင်ရွာသားများကို ၎င်းတို့ရွာသို့ပြန်လာခွင့်မပေးရဲသေးပါ။
(SAC စစ်လှုပ်ရှားမှုလုပ်ဆောင်နေစဉ်အတွင်း) အဖမ်းခံရသောရွာသားများသည် မည်သည့်နေရာတွင်ရောက်ရှိနေ ကြောင်း၊ ဘာတွေဆက်ဖြစ်သွားကြောင်း ယခုအချိန်ထိ သတင်းအစအနမရရှိခဲ့ပါ။ ဒေသခံအာဏာပိုင်တစ်ဦးဖြစ်ပြီး ရွာ သားများကိုကူညီပေးနေသော ပဒိုနော်ဒဆ---က ပုလောဒေသတွင် အဖမ်းခံရသည့်ရွာသားများသည် ဘယ်မှာရောက်ရှိ နေကြောင်း သို့မဟုတ် ရွာသားဘယ်နှစ်ဦးအဖမ်းခံရကြောင်း သူမအနေဖြင့်လည်း မသိရှိရသည့်အခြေအနေကို KHRG အား ပြောပြခဲ့သည်။ မသိရှိရသည့်အကြောင်းမှာ ရွာသားများသည် အလွန်ကြောက်လန့်ပြီး တစ်ချို့လည်း တောတောင် ထဲသို့ ထွက်ပြေးခဲ့သည်။ တစ်ချို့လည်း အနီးပတ်ဝန်းကျင်တွင်ရှိ သောကျေးရွာများသို့ ထွက်ပြေးခဲ့သည်။ တစ်ချို့လည်း အခြားမြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ တစ်ချို့လည်း ထားဝယ်မြို့သို့သွားရောက်နေထိုင်ခဲ့သည်။ ဤအခြေအ နေကြောင့် KHRG သတင်းစုဆောင်းသူအနေဖြင့် SAC စစ်သားများမှ ရွာသားဘယ်နှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း မှတ်တမ်း ပြုစု၍မရနိုင်ခဲ့ခြင်းဖြစ်သည်။
SAC စစ်သားများအနေဖြင့် ဒေသတွင်းသွားလာလှုပ်ရှား၍ လူ့အခွင့်အရေးချိုးဖောက်မှုများကျုးလွန်နေခြင်းကြောင့် တစ်ချို့စစ်ပြေးရှောင်ရွာသားများသည် ၎င်းတို့အိမ်သို့ အမြန်ပြန်ကာ အခြေအနေစောင့်ကြည့်ခဲ့ကြသည်။ သို့သော်လည်း တစ်ချို့ရွာသားများသည် ၎င်းတို့ရွာသို့ပြန်လာရန် ကြောက်ရွံ့ကြသည့်အခြေအနေလည်းရှိသည်။ စစ်ပြေးရှောင်ရသည့် အချိန်တွင် ရွာသားများသည် အစာရေစာ၊ အဝတ်အစားနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လုံလောက်စွာမရရှိခြင်း အစရှိသော အခက်အခဲစိန်ခေါ်မှုများနှင့်ကြုံတွေ့ရသည်။ လယ်မူလားမြို့နယ်၊ ပုလောဒေသအတွင်း စစ်ပြေးရှောင် ရွာသားများကို စောင့်ရှောက်ကြည့်ရှုသော ဒေသခံအာဏာပိုင်တစ်ဦးဖြစ်သူ ပဒိုနော်ဒဆ---က ရွာသားများသည် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (CIDKP) မှပေးသောကူညီထောက်ပံ့မှုကလွဲပြီး တစ်ခြားကူညီ ထောက်ပံ့မှုများမရရှိကြောင်း တင်ပြခဲ့သည်။ ရရှိခဲ့သောအကူအညီများလည်း စစ်ပြေးရှောင်၏လိုအပ်ချက်အတွက် လုံလောက်မှုမရှိကြောင်းလည်း ရှင်းပြခဲ့သည်။ ဆက်လက်၍ ပဒိုနော်ဒဆ---က ရွာသားတော်တော်များများသည် မြေမြှုပ်မိုင်းအန္တရာယ်များ၊ တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကိုစိုးရိမ်ကြောက်လန့်၍ လုံခြုံမှုမရှိသောကြောင့် ၎င်းတို့ကျေး ရွာသို့မပြန်ရဲဘဲရှိနေကြောင်း ရှင်းပြခဲ့သည်။ တစ်ချို့ရွာသားလည်း အိမ်မီးရှို့ခံရ၍ အိမ်ဆုံးရှုံးသွားသည့်အတွက် ပြန်စရာ အိမ်မရှိကြောင်း တင်ပြခဲ့သည်။
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)မှ လေ့ကျင့်သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်းရေးသားထားသောအချက်အလက်များသည် KHRG မှရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေသတွင်း သတင်းတိုသည် လက်ခံရရှိသောမြေပြင်အစီရင်ခံစာ (၃) ခုအပေါ်အခြေခံ၍ရေးသားပြုစုထားပါသည်။ ထိုအစီရင်ခံစာ၏စာအမှတ်မှာ 24-441-D1 ၊ 24-334-D1 နှင့် 24-364-D1 တို့ဖြစ်သည်။
